ဖတ်စေလိုသည့် ကဏ္ဍများ

6.19.2010

ညဘက်မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့်မွေးနေ့ပွဲ


၁၉ ဇွန် ၊ မဲဆောက်။ 
နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ပွဲကို ကမ္ဘာတဝှမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပပြုလုပ်ခဲ့ကြရာတွင် မဲဆောက်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူ အချို့က ညဘက်တွင် မဲဆောက်မြို့လယ်ရှိ စားသောက်ဆိုင်တခုတွင် ပြုလုပ်ခဲ့ကြရာ မြန်မာများ သာမက နိုင်ငံခြားသားများပါ တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။ 
မဲဆောက်မြို့လယ်ရှိ AIYA စားသောက်ဆိုင်တွင် ယနေ့ည ၈ နာရီက ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ၏ နောက်ထပ် ထူးခြားချက်မှာ မည်သည့်အဖွဲ့အစည်းကမှ ဦးစီးကျင်းပခဲ့ခြင်း မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူများက မိမိတို့ ကိုယ်ပိုင်ငွေကြေးများဖြင့် စုစည်းကောက်ခံပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ 
ထိုမွေးနေ့ပွဲ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်အား လေးစားသူ စာနာစိတ်ရှိ မည်သူမဆို တက်ရောက်ရန် ဖိတ်ကြား ထားသဖြင့် အနီးပါတ်ဝန်းကျင်မှ စိတ်ပါဝင်စားသူ နိုင်ငံခြားသားများ အများ အပြား ပါဝင်တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခဲ့ကြပါသည်။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် အေဘီအက်စ်ဒီအက်ဖ် အဖွဲဝင်ဟောင်း ကိုမြတ်သူမှ ဆောင်ရွက် ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ကျော်နိုင်၊ ဂျပန်နိုင်ငံသူ ဒေါက်တာအိုင်ယာ ၊ ဂျာမန်နိုင်ငံသား မစ္စတာ မားကတ်စ်တို့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်ပြီး မိမိတို့ သိရှိသမျှ အမှတ်တရ စကားများနှင့် မွေးနေ့ဆုတောင်း စကားများကို ပြောကြား ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မန်ဒဲလား ရေးခဲ့သည့် စာသားများကို သံစဉ်ထည့်ပြီး  အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်း ကိုဝင်းချိုမှ ဂီတာဖြင့် တီးခတ် သီဆိုခဲ့ရာ တက်ရောက်သူ ပရိတ်သတ်များမှ တခဲနက် အားပေးခဲ့ကြပါသည်။ ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ်လူငယ်များက ကမ္ဘာမကြေ ဘူး သီချင်းကို သံပြိုင်သီဆိုခြင်း၊ ဖယောင်းတိုင်များထွန်းညှိကာ ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ ဆုတောင်း သီချင်းကို အခမ်းအနားတက်ရောက်လာသူများ အားလုံးက သီဆိုခြင်းများ ပြုလုပ်ပြီး  FREE FREE DAW AUNG SAN SU KYI ဟု သုံးကြိမ်သံပြိုင် ကြွေးကြော်ခဲ့ကြပါသည်။ 
ထို့နောက် မျိုးဆက်သစ် ကယန်းအမျိုးသမီးငယ်များက ကယန်းရိုးရာ အကဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဖြစ်စဉ် ဗီဒီယို အခွေကို ပြသပေးခဲ့ကာ အခမ်းအနား တက်ရောက်လာသူ များက ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးသီချင်းများ သီဆိုပေးကြပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့ပါသည်။ 
ယခု အခမ်းအနားကို ဦးဆောင်ဆောင်ရွက်ခဲ့ကြသူ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရား တရားစွဲဆိုမှုကို ကန်ကွက်သည့် အနေဖြင့် မနှစ်က မဲဆောက်-မြန်မာ ချစ်ကြည်ရေး တံတားရှေ့နှင့် ယူအန်ရုံးရှေ့တို့တွင် ဆန္ဒပြပွဲနှင့် ဆုတောင်းပွဲများကို  ပြုလုပ်ခဲ့ကြသော ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ (CAC Burma) http://www.cacburma.blogspot.com နှင့် ပူးးပေါင်းလှုပ်ရှားမှု ကော်မတီ (JAC ) တို့၏ ဦးဆောင်လှုပ်ရှားသူများ အများစုပါဝင်ခဲ့ကြသော်လည်း၊ မည်သည့် အဖွဲ့အစည်း၏ အမည်ကိုမှ အသုံးမပြုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူအားလုံး ပါဝင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟု အခမ်း အနား ဖြစ်မြောက်ရေးကို ဦးဆောင်ပါဝင် စီစဉ်ခဲ့သူ တဦးကပြောပါသည်။ ယခုကဲ့သို့ ညဘက်မွေးနေ့ပွဲ ပြုလုပ်သည့် အစီအစဉ်ကို မနှစ်ကလည်း ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မနှစ်ကထက် လူဦးရေ နှစ်ဆခန့် ပိုများပြားစွာ ပူးပေါင်းပါဝင်လာကြသည်ဟု ဆိုပါသည်။

ဘန်ကောက်မြို့ အနီး ထုံဘူရီရှိ မြန်မာနှင့်လော ရွှေ့ပြောင်းအလုပ်သမား ၁၅၄ဦးဖမ်းဆီးပြီ

ဇွန် ၁၉
ဒေလီနယူးသတင်းစာ
ထိုင်းဘာသာပြန် (ကိုတီး=ရခိုင့် တံခွန်ဂျာနယ်)
ဘန်ကောက်မြို့ အနီး ထုံဘူရီ နယ်မြေအမှတ်(၈)အတွင်းရှိ မြန်မာနှင့် လော နိုင်ငံသား ၁၅၄ဦးတို့အား ယမန်နေ့ ညနေက ဖမ်းဆီးလိုက်ကြောင်း သတင်းစာတွင်ရေးသားထားသည်။
ပြီးခဲ့သည့် ၁၆ရက်နေ့က တရားမ၀င်ရွေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးရန် ကော်မတီဖွဲ့မည်ဟု ထိုင်းဒုဝန်ကြီးချုပ်က လွှတ်တော်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာပြီးနောက် ယမန်နေ့က စတင် ဖမ်းဆီးခြင်းဖြစ်သည်။ အဆိုပါဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးလုပ်ကိုင်သည့် ထိုင်းလူမျိုး၎ဦးလည်း သီးခြားပါဝင်သည်။ (စုစုပေါင်းဖမ်ဆီးမိသူ ၁၅၈ ဦး)

အမှတ်(၈)နယ်မြေရဲစခန်းက မြို့နယ်တရားရုံးသို့ သွားရောက်ပြီး ဖမ်းဆီမိန့် (၀ရမ်း)၁၄စောင် ကိုထုတ်ယူခဲ့ သည်။ အဆိုပါဖမ်းဆီးမိန့်တွင်၊ မူးယစ်ဆေး၊ လက်နက်နှင့် တရားမ၀င် အလုပ်သမားများ ဖမ်းဆီးရေးတို့ပါ ပါဝင်သည်။

ယခုကဲ့သို့  ထိုင်းအစိုးရက စီမံကိန်းချပြီး ဖမ်းဆီးလာခြင်းအား ထိုင်းအခြေစိုက် နိုင်ငံတကာအလုပ်သမား အဖွဲ့ အစည်းများ အင်ဂျီအိုများက ထိုင်းအစိုးရအား ဖမ်းဆီးခြင်းအား သက်ညှာစွာ စဉ်စားပေးပါရန် တောင်း ဆိုထားကြောင်း သိရှိရသည်။

ပြည်ပရောက် အမျိုးသားကျောင်းသားအဖွဲ့ ဒေါ်စုမွေးနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ

 Photobucket
ဇွန် ၁၉

ဘန်ကောက်မြို့အခြေစိုက် ပြည်ပရောက် အမျိုးသားကျောင်းသားအဖွဲ့ ONSOB က ဦးဆောင်၍ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅နှစ်မြောက် မွေးနေ့ မင်္ဂလာ အား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူများသို့ ပန်ကြားချက်တစ်စောင်အား ကျင်းပသည့်အဖွဲ့ က ထုတ်ပြန်ခဲ့သည်။ နအဖ စစ်အစိုးရ၏ ရုတ်မက်အတိုင်း တဖက်သတ်သွားနေသည့် မတရားအတည်ပြုထားထည့်နာဂစ်ဖွဲ့  စည်းပုံအား အသက်သွင်းမည့် အလိုတော်ရိများ အနိုင်ရမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် မြန်မာ ပြည်သူများအား ပြည်ပရောက်အမျိုးသားကျောင်းသားအဖွဲ့ ကတိုက်တွန်းထားသည်။

ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေ လုံငန်ပါကပေါင်(ငါးသေတ္တာ) စက်ရုံအနီးရှိ အခန်းတစ်ခန်းတွင် အဆိုပါ အဖွဲ့က ဦးဆောင်ကျင်းပခဲ့သည်။ ဒေါ်စု၏၆၅ နှစ်မြောက်မွေးနေမင်္ဂလာပွဲအား ဘန်ကောက်မြို့တွင် သီတင်းသုံးတော်မူသည့် မြန်မာစာသင်သား ရဟန်းတော်သုံးပါးတို့က ကြွရောက်ပြီး မေတ္တာသုတ်တော်များ ရွတ်ဖတ် သရဇါယ်ပြီး ချီမြှင့်ပေးတော်မူကြသည်။ ထို့နောက်မွေးနေ့ကိတ်တွင် ဖယောင်းတိုင် ၆၅ တိုင် ထွန်းညှိပြီး ကြွရောက်လာသူများက ဟက်ပီးဘတ်ဒေး ဒူးယူ သီချင်းအား သံပြိုင် သီဆိုကြသည်။ ဒေါ်စု သက်တော်ရာကျော် ရှည်ပါစေရန် ဆုတောင်းမေတ္တာ ပို့ သကြသည်။

မွေးနေ့အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်းဌာနခွဲ)၊ ရခိုင်ဝံသာ နုစာပေအသင်း၊ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအသင်းနှင့် ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့တို့ တက်ရောက်ပြီး လူအင်အားငါးဆယ်နီးပါး အားပေးခဲ့သည်။

အခန်းအနားတွင် ONSOB အဖွဲ့ မှ ဒေါ်စု၏သမိုင်းအကျဉ်းကိုဖတ်ကြားကြပြီး တက်ရောက်လာသည့် အဖွဲ့  အစည်းများ၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံရေး အခင်းအကျင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်အပေါ် စွန့်လွှတ်အနစ်နာခံမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။ အခမ်းအနားတွင် ကြွရောက်လာ သည့် မြန်မာသံဃာတော်များနှင့် ဧည့်ပရိတ်သတ်များအား ကြက်သား ဒန်ပေါက်နှင့် အချိုရည်များ ကျွေးမွေး ဧည့်ခံခဲ့သည်။

မွေးနေ့ပွဲ ကျင်းပနိုင်ရေးအတွက် မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတစ်ဦးဖြစ်သည့် အင်္ဂလန်နိုင်ငံသား မစ္စတာဂျွန်ဝီလျံမှ ထောက်ပံ့ကူညီပေးခဲ့သဖြင့် အထူးကျေးဇူးတင်ကြောင်း ONSOB အတွင်းရေးမှူး ကိုအောင်သန်းဦးက ပြောသည်။ အလုပ်ပိတ်ရက်မဟုတ်သဖြင့် အလုပ်သမားများ မရောက်နိုင်သကဲ့သို့ လုံခြုံရေး အခြေအနေရပါ အခက်အခဲများကြားမှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာဒီမိုကရေစီရေး၏ ပြယုဒ်သင်္ကေတ ဖြစ်သဖြင့် တကမ္ဘာလုံးရှိ မြန်မာ များ ရှိသည့် နိုင်ငံတိုင်းတွင် ကျင်းပကြမည်ဖြစ်သည်။

မြန်မာက IAEA သို့ တရားဝင် ဖြေရှင်းစာပေးပို့

ရန်ကုန် ၊ ဇွန် ၁၉။

IAEA ခေါ် ကမ္ဘာ့အနုမြူစွမ်းအင်အေဂျင်စီ၏ မြန်မာနိုင်ငံကို နျူကလီးယားလုပ်ငန်းများနှင့် ပါတ်သက်ပြီး စာပေးပို့ မေးမြန်းထားခြင်းနှင့်ပါတ်သက်ပြီး ပြန်လည် ဖြေရှင်းစာတစောင် ပေးပို့ခဲ့သည်ဟု ဆိုပါသည်။
IAEA ၏ မြန်နိုင်ငံဌာနေကိုယ်စားလှယ်ဖြစ်သူ ဦးတင်ဝင်းက ထိုတုန့်ပြန်စာကို ပြီးခဲ့သော သောကြာနေ့က ပေးပို့ခဲ့ပါသည်။
ထိုစာတွင် နိုင်ငံခြားသတင်းဌာနများက မြန်မာနိုင်ငံအပေါ် နျူကလီးယားကိစ္စနှင့် ပါတ်သက်၍ ရေးသား ချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသာ ဖြစ်သည်ဟု ဆိုပါသည်။
ယခင်က အသေးစာ ဓါတ်ပေါင်းထဖိုတခု ဆောင်လုပ်ရန် စီးစဉ်ခဲ့ဘူးခြင်းရှိသော်လည်း ယခုအခါ ယူရေနီ ယမ်သန့်စင်မှု ၊ အနုမြူ ဓါတ်ပေါင်းဖိုတည်ဆောက်ရန် စီမံကိန်းများကို လုံးဝဆောင်နေခြင်းမရှိဟု ဦးတင်ဝင်း က သတင်းဌာနများသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၅ခုနှစ် ကတည်းက Nuclear Non-proliferation Treaty ( NPT ) ၏အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်ဟုလည်း ဆိုပါသည်။
ဦးတင်ဝင်း၏ တုန့်ပြန်စာတွင် မြန်မာနိုင်ငံသည် IAEA ၏ နျူကလီယား မပြန့်ပွားရေးဆိုင်ရာ သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ နျူကလီးယားနှင့် ပါတ်သက်သော လုပ်ငန်းများကို ဆောင်ရွက် မည်ဆိုလျှင် IAEA ကို အသိပေးမည်ဖြစ်သည်ဟု ထည့်သွင်းရေးသားခဲ့ပါသည်။
ဦးတင်ဝင်းသည် IAEA ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဖြစ်သလို ဂျာမဏီနိုင်ငံ၏ မြန်မာနိုင်ငံ သံအမတ်လည်း ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)