ဖတ်စေလိုသည့် ကဏ္ဍများ

10.02.2009

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချ

ယနေ့ နံနက် ၁၁နာရီ၃၀က ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ပယ်ချလိုက်ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်း ပြောပြရာတွင် သူတို့အနေဖြင့်နံနက်စောစောကပင် လာရောက် စောင့်ဆိုင်းနေခဲ့ပြီး ယခုအချိန်မှ ပယ်ချကြောင်း အမိန့်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသွားပါသည်။
ဦးဥာဏ်ဝင်းကပြောပြရာတွင် သူတို့အနေဖြင့် ၁၉၇၄ခုနှစ် အခြေခံဥပဒေသည် ယခုအချိန်တွင် သက်တမ်း တိုးထားခြင်း မရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ခဲ့သော ၁၉၇၅ခုနှစ် နိုင်ငံတော် ကာကွယ်ရေးဥပဒေသည်လည်း ပျက်ပြယ်ပြီး ဖြစ်နေကြောင်း အပေါ်မူတည်၍ လျှောက်လဲခဲ့ကြောင်း ပြောပါသည်။
ရန်ကုန်တိုင်းတရားရုံးမှ ၁၉၇၄ အခြေခံဥပဒေဟာ အသက်ဝင်မှုမရှိတော့ဘူးဆိုသည်ကို လက်ခံကြောင်း စီရင်ချက်မှာ ဖော်ပြပါတယ်။ သို့ရာတွင် ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုသည်ဟု ဟု အမိန့်ချမှတ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
သူအနေဖြင့် ယခုအချိန်တွင် မည်သည့်မှတ်ချက်ကိုမှ မပေးလိုသေးကြောင်း ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး ထိုအမှုအပေါ်တွင် ယနေ့မှစ၍ ရက်ပေါင်း၆၀ အတွင်း ဗဟို တရားရုံးချုပ်သို့ အယူခံတင်သွားရန် စဉ်းစားထားကြောင်း ပြောပြသွားပါသည်။
အမိန့်ချရာသို့ သတင်းသမားများကို ဝင်ခွင့်မပြုခဲ့ပါ။ NLD အဖွဲ့ဝင် ၁၀၀ ကျာ်ခန့်လည်း အနီးအပါး လက်ဖက်ရည်ဆိုင် များတွင် သတင်းလာရောက်နားထောင်ခဲ့ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)