ဖတ်စေလိုသည့် ကဏ္ဍများ
▼
11.22.2008
သို့...ရဲဘော်ဂုရု
သို့….ရဲဘော်ဂုရု
မင်းသေဆုံးသွားတဲ့အခါ
ခိုင်မာစွာကျောက်ထက်စာနဲ့
မင်းဂုဏ်ပြောင်စွာ
ဆောင်ရွက်ခဲ့တာတွေအတွက်
အမှတ်ရအလေးပြုနိုင်မဲ့
ကျောက်တိုင်စိုက်မပေးနိုင်ခဲ့ဘူး။
မင်းရဲ့အရိုးပြာကိုလဲ
မင်းပေးဆပ်ခဲ့တဲ့
အမိနိုင်ငံရဲ့ရင်ခွင်မှာ
လဲလျှောင်းနိုင်အောင်
ငါတို့မစွမ်းဆောင်နိုင်သေးဘူး။
ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့
မင်းရဲ့လုပ်ရပ်များရဲ့
ထိုက်တန်တဲ့စစ်အခမ်းအနားနဲ့
ဂုဏ်မပြုနိုင်ခဲ့ဘူး။
မင်းဟာ…………..
တိတ်ဆိတ်စွာနှုတ်မဆက်ပဲ
ခွဲခွါသွားခဲ့လဲ
မင်းတကယ်မသေပဲ
တို့နဲ့အမြဲရှိနေဆဲပါ။
သင်းဂြိုလ်စက်ထဲမှာ
မင်းခန္ဓာပြာကျသွားခဲ့ပေမယ့်လဲ
မင်းကအမြဲရှင်သန်နေဆဲပါ။
မင်းကိုလွှမ်းခဲ့တဲ့
ခွပ်ဒေါင်းအလံနဲ့အတူပဲ
မင်းလဲအမြဲရှင်သန်ဆဲပါ။
ရဲဘော်
မင်းရဲ့အောင်လံကို
တို့ဆက်သယ်ဆောင်မယ်။
မင်းရဲ့စံနမှုနာကို
တို့အတုယူမယ်။
မင်းကို
တို့လေးနက်စွာအလေးပြုမယ်။
မင်းဟာ………………….
တိုက်ပွဲတွေနဲ့အတူ
ငါတို့နဲ့အတူ
အမြဲရှင်သန်နေတယ်။
မင်းဟာ……………….
ဒီမိုကရေစီတိုက်ပွဲအတွက်
စံပြုစရာ
နမူနာတခုဖြစ်ရမယ်။
ရဲဘော်
မြန်မာ့သမိုင်းရှိနေသမျှ
အမြဲပဲ…………………
မင်းလဲရှင်သန်နေရမယ်။
ရွက်စိမ်း
No comments:
Post a Comment