ဇန္န၀ါရီ ၂၄
ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ နေထိုင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ဘီဘီစီ သတင်းဌာန သတင်းထောက် ဦးဝင်းမြင့် ယမန်နေ့က ထိုင်းနိုင်ငံ Sukhothai Thammathirat Open University စူခိုထိုင်း ထမ်းမထိရတ် တက္ကသိုလ်မှ ထိုင်ဘာသာဖြင့်ဘွဲ့ရရှိခဲ့သည်။
ဂျာနယ်လစ်ဇင် အဓိကဘာသာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး၊ ထိုင်းသမိုင်း၊ စီးပွားရေးအခြေခံ၊ အင်္ဂလိပ်စာ အခြေခံနှင့် မှတ်တမ်းတင် ဘာသာရပ်များကို အဝေးသင် သင်ကြားခဲ့သည်ဟု ဆိုသည်။ စုစုပေါင်း ၂၄ ဘာသာ ဖြေဆို ရပြီး အင်္ဂလိပ် ဘာသာရပ်မှလွဲ၍ ကျန်ဘာသာ ရပ်အားလုံးကို ထိုင်းဘာသာဖြင့် သင်ကြားရသည်။
မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် Sukhothai Thammathirat Open University မှ ယခုကဲ့သို့ ပထမဦးဆုံး ထိုင်းဘာသာဖြင့် ဘွဲ့ရရှိသူဦးဝင်းမြင့်က “တစ်နှစ်ကို (၇)ဘာသာပဲ ဖြေဆိုခွင့်ပြု ပါတယ်၊ တစ်နှစ်ကို ပညာသင်စရိတ် ဘတ်၅၀၀၀ ၀န်းကျင်လောက် ပေးသွင်းရပါတယ်၊ ထိုင်းနိုင်ငံပညာရေးအစဉ်အလာ အရ ဆိုရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အောင်မြင်ပြီးမှ တက္ကသိုလ်ဝင်ခွင့်ရပါတယ်၊ အရည်အချင်း စစ် စာမေးပွဲဖြေတဲ့ အခါ တတိယအဆင့် ရခဲ့လို့ မူလတန်း အောင်လက်မှတ် ရခဲ့ပါတယ်၊ အလယ်တန်းမှာ ၂နှစ်၊ အထက်တန်းမှာ ၂နှစ် တက်ခဲ့ပါတယ်။ ထိုင်းပညာရေးက ၁၂ တန်းအောင်မှ တက္ကသိုလ် တက်ခွင့် ရှိတယ် ဆိုတော့ ၁၃ နှစ် ကျောင်းတက်ရပါမယ်။ ကျနော် ပထမ တစ်နှစ်နဲ့ ၆ တန်းအောင် အောင် ဖြေဆိုနိုင်ခဲ့ပါတယ်၊ ကျနော် ဘွဲ့ရတဲ့အထိ စုစုပေါင်း ၁၀နှစ်ကြာခဲ့ပါတယ်။ ကျနော်ဆက်သင်ချင်ရင်၊ ဘွဲ့လွန်ကနေ ပါရဂူအထိ ဆက်တက်ခွင့် ရှိပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ထွက်လာရတဲ့ မြန်မာတွေအနေနဲ့ မိမိ ရောက်ရှိနေတဲ့ နိုင်ငံရဲ့  ဘာသာစကားကို တတ်မြောက်ဖို့ လိုပါတယ်၊ သူများကို ဘာသာပြန်ခိုင်းရင် ရတယ် ဆိုပြီး သူများကို အားမကိုးသင့်ပါဘူး၊ ဘယ်ဘာသာမှာပဲ ဖြစ်ဖြစ် အခြခံ ကကြီး ခခွေး အတူတူပါပဲ၊ နိုင်ငံခြား ဘာသာ တစ်ခုကို လေ့လာမယ် ဆိုလို့ရှိရင် အခြေခံအားဖြင့် အရေး၊ အဖတ်၊ အပြော၊ နားထောင် ရှိပေမယ့်၊ ကျနော် ပေးချင်တဲ့ နည်းကတော့ -
(၁)စာလုံးကိုမြင်တာနဲ့ ပေါင်းဖတ်ပြီး အသံထွက်တတ်ရမယ်၊
(၂)အဓိပ္ပါယ် သိရမယ်၊
(၃)ဘယ်နေရာမှာ သုံးမလဲလို့ သိရမယ်။ ဘယ်နိုင်ငံရောက်ရောက် သူတို့စာနဲ့ စကားကို တတ်မှ ဆက်ဆံရေး အဆင်ပြေမယ်၊
လက်တွေ့ လုပ်ကိုင်ရာမှာလည်း အဆင်ပြေမယ်၊ နည်းပညာပိုင်းကိုလည်း လေ့လာခွင့် ရမှာဖြစ်တယ်။ ဒါမှ အဲ့ဒီ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်မှာ အကျိုးပြုနိုင်မယ်၊ မဟုတ်ရင် လူဖြစ်ရှုံးမယ်၊ ကျနော် မြန်မာပြည်မှာ အလယ်တန်း အဆင့်ပဲ သင်ခဲ့ဖူးပါတယ်၊ တကယ်ဖြစ်ချင်ရင် ကြိုးစားရင် ဖြစ်ကို ဖြစ်ပါတယ်လို့ ပြည်ပရောက် မြန်မာတွေကို ပြောချင်ပါတယ်’’ဟု ပြောသည်။
ထိုင်းဘာသာဖြင့် ပထမဦးဆုံး ထိုင်းတက္ကသိုလ် မှ ဘွဲ့ရရှိသူ ဦးဝင်မြင့်သည် ကရင်ပြည်နယ် ဖါပွန်မြို့ နယ် ဇာတိ ဖြစ်သည်။ ထိုင်းနယ်စပ်တွင်း အရောင်းအ၀ယ်လုပ်ကိုင်နေရာမှ ၁၉၉၅ ခုနှစ်မှ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ မဲဆောက် ဆေးရုံ HIV ကာကွယ် စောင့်ရှောက်ရေး စီမံချက် တွင် World Vistion အဖွဲ့နှင့် အတူတူ လုပ်ကိုင် ခဲ့သည်။
၁၉၉၉ နှစ်ကုန်ပိုင်းတွင် ဘီဘီစီ သတင်းဌာနသို့ကူးပြောင်းတာဝန်ထမ်းဆောင် ခဲ့သည်မှာ ယခုထိဖြစ်သည်။ ယိုးဒယားလို ပြောကြစို့ ဟူသော လက်စွဲ စာအုပ်ငယ်ကို ၁၉၈၉ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး တစ်ကြိမ်လျှင် အုပ်ရေ ၂၀၀၀ စီ ပုံနှိပ်ကာ ယခုထိ အကြိမ်၂၀ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
ထိရောက် လွယ်ကူစွာ တတ်မြောက်နိုင်ရေး အတွက်၊ ထိုင်းပထမတန်း စာအုပ်တစ်အုပ် ၀ယ်၍ အနီးအနားရှိ ထိုင်းလူမျိုးကို ဖြစ်စေ။ ထိုင်းစာနှင့် စကား အသင့်အတင့် ကျွမ်းကျင်သူအား ဖြစ်စေ မေမြန်း၍ နေ့စဉ် လေ့လာပါက မြန်မာ အလုပ်သမားများ အနေဖြင့် မတတ်မြောက်စရာ မရှိကြောင်း၊ သူသင်ကြားစဉ်က လေ့လာစရာ မြန်မာဘာသာဖြင့် မရှိသော်လည်း သိလိုသည်ကို မေးမြန်း၍ မှတ်သားခဲ့ရကြောင်း၊ အလေး ဂရုပြု၍ သင်ကြားကြ စေလိုကြောင်း ဦးဝင်းမြင့်က ပြောဆိုသွားသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment