ဖတ်စေလိုသည့် ကဏ္ဍများ

11.19.2009

အမှန်တရားဂျာနယ် အတွဲ ၁ အမှတ် ၉ ကို ထုတ်ဝေ

Thursday, November 19, 2009

အမှန်တရားဂျာနယ် အယ်ဒီတာ့ အာဘော်
တွေ့ဆုံဆွေးနွေး အဖြေရှာရေး နီးပြီလား
၂၀၀၉ ခုနှစ်၏ နိုင်ငံရေး အချိုးအကွေ့များက အပြောင်းအလဲများစွာ ရှိခဲ့သည်။မြန်မာ စစ်အုပ်စု၏ ဆောင်ရွက် ချက် သတင်းများကို မြန်မာနိုင်ငံသားများသာမက တကမ္ဘာလုံးကပါ စောင့်ကြည့် နေခဲ့ကြရသည်။
ဂျွန်ယက်တောကိစ္စနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချခြင်း၊ ဆီနိတ်တာ ဂျင်ဝက်နှင့် ဂျွန်ယက်တောကို ပြန်ထည့်ပေးလိုက်ခြင်း၊ နောက်ထပ် မြန်မာ နိုင်ငံဖွား အမေရိကန် နိုင်ငံသားတဦးကို တရား စွဲဆို ထားခြင်း၊ အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲ ၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စီးပွါးရေး ပိတ်ဆို့ မှုအတွက် ဝိုင်းဝန်း အဖြေရှာရန် ကမ်းလှမ်းခြင်း စသည့် သတင်းများကို တကမ္ဘာလုံးက စောင့်ကြည့် စိတ်ဝင်စားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက် အရ တွေ့ဆုံဆွေးနွေးများ အပြီးတွင် NLD ၏ CEC များနှင့် တွေ့ဆုံခွင့် ပေးခဲ့သလို အမေရိကန် နိုင်ငံခြားရေးဌာနမှ မစ္စတာ ကင်းဘဲ နှင့် တွေ့ဆုံ ခွင့်ပြုခဲ့ပြန်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦးကိုမူ ချန်လှပ် ထားခဲ့ ပြန်ပါသည်။
ယခုတဖန် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရန် အလားအလာရှိကြောင်းနအဖ အစိုးရရဲ့ နိုင်ငံခြားရေးဌာန ညွှန်ချုပ် တဦးဖြစ်သူ ဦးမင်းလွင်က ဖိလစ်ပိုင် နိုင်ငံတွင် “ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်၊ လာမယ့် ရွေးကောက်ပွဲ မှာလည်း ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၀င်ရောက် ယှဉ်ပြိုင် နိုင်မယ်” ဟု ပြောဆိုခဲ့သည်။ သို့ရာတွင် ထိုသူများသည် အပြီးသတ် ဆုံးဖြတ်ချက်ပေးနိုင်သူများ မဟုတ်။
စစ်အုပ်စု၏ လုပ်ရပ်များသည် မီးစတဖက်ရေမှုတ် တဖက်ဖြင့် လိုသလို အလျှော့ အတင်း လုပ်နေခြင်းသာ ဖြစ်သည်ဟုယူဆရန် အခြေအနေများရှိနေသေးသည်။
တွေ့ဆုံဆွေးနွေးရေး အတွက် လမ်းစများ ထွက်ပေါ်လာခြင်းသည် တိုင်းပြည်၏ အနာဂါတ် အတွက် မျှော်လင့် ချက် ရောင်နီသမ်းလာခြင်းဖြစ်၍ မည်သို့ပင်ဖြစ်စေ သတိကြီးစွာဖြင့် ကြိုဆိုရမည် ဖြစ်သည်။
သို့ရာတွင် ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် မိမိတို့ လက်ရှိ ဆောင် ရွက် နေမှုများကို ရပ်တန့်လိုက်ရမည် မဟုတ်ပဲ ပို၍ တိုးမြှင့် အားစိုက်ရန်ပင် လိုအပ်နေပါ သေးသည်။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ သင့်လျှော်သော ဒီမိုကရေစီ အခြေခံများ ပေါ်ထွန်းရေးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် ဒီိမိုကရေစီရေး ဆောင် ရွက်သူများ၏ အပေါ်တွင်သာ ဆက်လက် တည်မှီနေပါ သေးသည်ဟု လေးနက်စွာ ယုံကြည် ပါသည်။
D-Wave

CAC Volume1 NO 9.PDF.reading

No comments:

Post a Comment