ဘန်ကောက်မြို့ရှိ နိုင်ငံရေးလှုပ်ရှားသူများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိတ်ခ်ျစီအာ) ရုံးက နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြု၍ ကာကွယ်စောင့်ရှောက် ပေးရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့၌ ဆန္ဒပြတောင်းဆိုကြသည်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ (၆၀) ကျော်တို့သည် ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ သို့သွားရောက်၍ မြန်မာပြည်လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ကုလသမဂ္ဂက မြန်မာ့အရေးဝင်ရောက်ဖြေရှင်းပေးရေး စသည့်ပိုစတာများနှင့် ကြွေးကြော်သံများ အော်ဟစ်ကာ (၁) နာရီကျော်ကြာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မြန်မာ့ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ကိုစိုးအောင်က“ကျနော်တို့ အဓိကဆန္ဒပြတာတော့ ကျနော်တို့မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ပြဿနာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးဝင်ရောက်ဖြေရှင်းပေးဖို့ပါ။ နောက်တခုက ထိုင်းနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးကနေပြီးတော့ ကျနော်တို့မြန်မာနိုင်ငံသားတွေကို ဒုက္ခသည် အဖြစ်အသိအမှတ်ပြုဖို့ ကျနော်တို့တောင်းဆိုပါတယ်ခင်ဗျာ” ဟု ပြောသည်။
ဘန်ကောက်ရှိ နိုင်ငံရေးလှုပ်ရှားသူတို့၏ ဒုက္ခသည်အဖြစ် အသစ်လျှောက်ထားမှုများကို ယူအန်အိတ်ခ်ျစီအာက ၂၀၀၅ ခုနှစ်ကတည်းက အသစ်လက်မခံတော့သည့်အပြင် လျှောက် ထားပြီးသူတို့၏ လျှောက်လွှာများကိုလည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိတော့ကြောင်း သိရသည်။
နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုမခံရဘဲ ဘန်ကောက်မြို့၌ အခက်အခဲတွေ့နေသူ (၁) ထောင်ဝန်းကျင်ရှိနိုင်ပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ၌နေထိုင်ခွင့် အထောက်အထား တစုံတရာ မရှိသဖြင့် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံရပါက မြန်မာနိုင်ငံဘက်ပြန်ပို့ခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ဆန္ဒပြသူ ကိုဆန်ကြီးက ပြောသည်။
ဇိုမီးအမျိုးသားကွန်ဂရက် လူငယ်အဖွဲ့ဝင် ကိုဇော်မင်းက “ကျနော်တို့ကို ယူအန်က ဘာမှ လုပ်မပေးဘဲ ဒီအတိုင်းပဲထားထားတယ်။ တကယ့်ဒုက္ခသည်မဟုတ်တဲ့ လူတွေကျတော့ ပိုက်ဆံယူပြီး ယူအန်က တတိယနိုင်ငံကို ပို့ပေးနေတယ်။ ကျနော်တို့ နေရေးထိုင်ရေးအခက် အခဲတွေ့နေတယ်။ အလုပ်လုပ်မယ်ဆိုလည်းမလွယ်ဘူး။ ယူအန်အနေနဲ့ တခုခုလုပ်ပေးဖို့ တောင်းဆိုတာပါ” ဟု ပြောသည်။
ဆန္ဒပြသူအချို့ကို ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူတဦးက တွေ့ဆုံပြီး တောင်းဆိုချက်များကို လက်ခံယူခဲ့ပြီး သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးမည်ဟုသာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။ ။
Easter Sunday is almost here. What US stores will be open?
22 minutes ago

No comments:
Post a Comment