12.22.2008

သူတို့အတွေး သူတို့အမြင်

အနှစ် ၂၀၊ မပြယ်သေးတဲ့ ဒဏ်ရာနဲ့ သင်ခန်းစာ တချို့
အောင်သာငယ်
ဒီဇင်ဘာ ၂၁၊ ၂ဝဝ၈

အိမ်ကထွက်လာသည်မှာကြာပြီ။ ကြာပြီဆို အတော့်ကို ကြာနေပြီ။ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတော့ ထွက်လာခဲ့တဲ့ ရက်ကနေ ပြန်တွက်ရပေမပေါ့။ အိမ်က ထွက်လာတဲ့နေ့က ၁၉၈၈၊ စက်တင်ဘာ ၂၁။ ခုဆို ဒီဇင်ဘာ ၁၈၊ ၂ဝဝ၈ ဆိုတော့ အနှစ် ၂ဝ တောင် မကတော့ဘူး။ လတောင် စွန်းနေပြီ။

အနှစ် ၂ဝ ဆိုတာ နည်းနောတဲ့ အချိန် ကာလတွေ မဟုတ်။ လူသားတယောက် မွေးဖွားလာရာကနေ လူ့ဘဝမှာ အတွေ့အကြုံတွေ အတတ်ပညာတွေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လောက်အောင် ပြီးပြည့်စုံသည်အထိ လုံလောက်တဲ့ အချိန်ကာလ။ ဒီကာလအတွင်းမှာ ကိုယ်လိုက်စားရာ သို့မဟုတ် ကိုယ်ရူးသွပ်ရာ အတတ်ပညာ တခုခုမှာ တဖက်ကမ်းခပ်လောက်အောင်ကို လုံလောက်တဲ့ အချိန်ကာလပေပဲ ။

၁၉၈၈၊ စက်တင်ဘာ ၂၁ မှာ မွေးတဲ့ ကလေးတယောက်ဟာ ကျားကျား၊ မမ ခုဆို အသက် ၂ဝ ပြည့်ပြီးပြီ။ တနှစ်တတန်း မှန်မှန် အောင်ခဲ့ရင် ဘွဲ့ရတယောက်ဖြစ်နေပြီ။ လေ့လာ လိုက်စားခဲ့တဲ့ အတတ်ပညာတခုကိုလိုက်လို့ ခုဆိုရင် ပညာရှင်တယောက် ဖြစ်နေလောက်ပြီ။ ဘဝ တခုကို ကိုယ်တိုင် ကိုယ်ကျ စတင် တည်ဆောက်နေသူတယောက် ဖြစ်နေလောက်ပြီ။ လက်တွဲဖော် တယောက်နဲ့တောင် ဘဝတခုကို အတူတကွ တည်ဆောက်နေကြမယ့် အချိန်ကာလတောင် ဖြစ်နေပြီ။

ပြန်စဉ်းစားကြည့်မိတော့ ၁၉၈၈ မတ်လ၊ ဖုန်းမော် အရေးအခင်းကနေ စတင်လိုက်တဲ့ ၁၃၅ဝပြည့် ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ခုဆို အနှစ် ၂ဝ ရှိခဲ့ပြီ။ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုကြီးတခုလုံးရဲ့ သက်တမ်းဟာ ခုဆို အနှစ် ၂ဝ ရှိနေခဲ့ပြီးပြီ။

ဒါဆို ၁၉၈၈ မတ်လကတည်းက မွေးဖွားဖို့ကြိုးစားခဲ့ကြတဲ့ ဒီမိုကရေစီ ကလေးလေးဟာ ခုချိန်ဆို လူလားမြောက်နေပြီပေါ့။ သူ ကိုယ်တိုင်ကိုယ်ကျ ဒီမိုကရေစီ နိုင်ငံတော် ဘဝတခုကို တည်ဆောက် နေပြီပေါ့။

တကယ့် အဖြစ်အပျက်မှာတော့ သည်လို မဟုတ်သေး။ ကလေးလေးက အနှစ် ၂၀ သက်တမ်း ရှိခဲ့ပြီး အတွေ့အကြုံတွေ စုံနေခဲ့သည့်တိုင် ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်နိုင်သေး။ ကိုယ်ပိုင် ဘဝတခုကို မထူထောင်နိုင်သေး။ ပြောရရင် လူလား မမြောက်နိုင်သေး။

ဘယ်သူမှ မငြင်းဆိုနိုင်တဲ့ အချက်အလက်ကတော့ ဒီမိုကရေစီ ကလေးလေးဟာ အနှစ် ၂၀ ကြာသည့်တိုင် ကိုယ်တိုင် လမ်းမလျှောက်နိုင်သေးတာပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီ အနှစ် ၂၀ ဆိုတာကို ကျနော်တို့အားလုံး မှတ်မှတ်ရရ နာကျင်နေခဲ့ကြပါပြီ။

၁၉၈၈ ခုနှစ်ကစပြီး ဗမာပြည်မှာ ရှိရှိသမျှ မိသားစုတွေ အတော်များများရဲ့ ဘဝတွေဟာ ပြောင်းလဲသွားပါတယ်။ မိဘတွေက သားသမီးတွေနဲ့ ကွဲ။ သားသမီးတွေက မိဘတွေနဲ့ ကွဲ။ တချို့မိသားစုတွေမှာ မိဘတွေက သားသမီးတွေကို ဆုံးရှုံး။ တချို့ မိသားစုတွေမှာတော့ သားသမီးတွေက မိဘတွေကို ဆုံးရှုံး။

ထားပါတော့။ ကျိန်းသေတာ တခုကတော့ ၁၉၈၈ ဟာ ဗမာပြည်မှာ ရှိရှိသမျှ မိသားစု အတော်များများရဲ့ ဘဝကို ပြောင်းပြန် လှန်ပစ်ခဲ့တာပါပဲ။

မိသားစုဝင်တချို့ဟာ ငရဲသားတွေရဲ့ အကျဉ်းစခန်းတွေမှာ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားတယ်။ တချို့ကတော့ သုသာန်မှာ စကား တလုံးတလေမှကို မဆိုနိုင်အောင် နှုတ်ပိတ် တိတ်ဆိတ်လို့။ တချို့ကတော့ တောကြို အုံကြားထဲမှာ လက်နက် တစုံတရာကို အံကြိတ် ကိုင်စွဲရင်း။ တချို့ကတော့ အိမ်နဲ့ဝေးရာမှာ ခြောက်ခြားမျက်လုံးတွေနဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျီးကန်းတောင်းမှောက် ကြည့်လို့။ တချို့ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင်း ကိုယ့်နှုတ်ခမ်းတွေကို ကိုယ် တင်းတင်း စေ့လို့။

ဒီလိုနဲ့ အမှန်တရားအတွက် ကိုယ် နိုင်ရာ နိုင်ရာ တာဝန်ကို ထမ်းရွက်ခဲ့ကြသူတွေ နေရာတိုင်း ဝန်းကျင်တိုင်း မြို့တိုင်း နယ်တိုင်းမှာ တွေ့ခဲ့ကြ တွေ့နေရ တွေ့နေရဦးမှာပါပဲ။ သမိုင်းက ကိုယ့်ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ တာဝန်ကို ထမ်းရွက်သယ်ပိုးရင်း အချိန်ကာလတွေကို မေ့ထားခဲ့ကြရတယ်။ တချို့လည်း ဥပဒေဘောင်အတွင်းမှာ ပါတီအဖွဲ့အစည်းတွေထဲ ပါဝင်ဆောင်ရွက်ရင်း။ တချို့လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွင်းမှာ။ တချို့လည်း မြေအောက်လုပ်ငန်းတွေ လုပ်ဆောင်လို့။ တချို့တလေလည်း ပြည်ပမှာ။ အားလုံးဟာ ကလေးငယ်လေး တယောက် လူလားမြောက်ဖို့ ကြိုးစားနေခဲ့ကြ။

ဒီလိုနဲ့ အချိန်ကာလက အနှစ် ၂၀ ဆိုတဲ့အရေအတွက်တခုကို ရောက်လာတဲ့အခါ ဒီကလေးငယ်လေးဟာ လမ်းလျှောက်ဖို့မပြောနဲ့ ထိုင်တောင် မထိုင်နိုင်သေး၊ ပက်လက်လေး ဖြစ်နေတုန်း ဆိုတော့အားလုံးက ရင်နာနေရတယ်။

ဘာပဲဖြစ်ဖြစ် အမှန်တရားကို ချစ်တတ်တဲ့သူတွေအားလုံးဟာ ဒဏ်ရာရခဲ့ပါပြီ။

ခုတော့ ဒီဒဏ်ရာဟာ အနှစ် ၂၀ ကြာခဲ့ပြီ။ အိုင်းအမာ တခုလို ဗမာပြည်ရဲ့ ရင်ဘတ်ပေါ်မှာ ဖုထစ်နေတဲ့ ဒီဒဏ်ရာဟာ အားလုံး နာကျင်နေရတဲ့ အနာတခုပါပဲ။ သည်အနာဟာ မပြယ်သေးတဲ့ ဒဏ်ရာပါပဲ။

ဒဏ်ရာတွေ ရတော့ ကြောင်တွေလို ကျားတွေလို ကိုယ့်ဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ကိုယ် လျက်ရတယ်။ အနှစ် ၂၀ ကြာလာတော့ ဒဏ်ရာတွေက ပြင်းလာတယ်။ ကျားနာတွေလိုပဲ ဒီဒဏ်ရာတွေကို ထိမိရင် ဘယ်သူမှ မခံနိုင်ဘူး။ အလိုအလျောက်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်လာကြတယ်။

တချို့က ဥပဒေဘောင်အတွင်းက တိုက်ပွဲဝင်နေသူတွေကို လက်ညှိုးထိုးတယ်။ တချို့က လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးငေါ့တယ်။ တချို့က ပြည်ပရောက်နေသူတွေကို အပြစ်ဖို့တယ်။ တချို့က ပြည်သူလူထုကြီးကို မျက်စောင်းထိုးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အားလုံးဟာ အနှစ် ၂၀ က ပေးလိုက်တဲ့ ဒဏ်ရာတွေ ကိုယ်စီနဲ့ပါ။ ပြင်းထန်လာတဲ့ ဒဏ်ရာတွေမှာ သင်ခန်းစာတချို့ကို တွေ့ရတယ်။ အဲဒီအခါ ကိုယ့်ဘာသာကိုယ် လျှာနဲ့လျက်လို့ မရတော့ဘူး။

၁၉၈၈ ခုနှစ် လူထုတိုက်ပွဲတွေ အမြင့်ဆုံး အမှတ်ကို ရောက်နေချိန်မှာ အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့ကြဘူး။ ဒါဟာ တကယ့် အဖြစ်အပျက်ပါ။ အဲဒါကြောင့်ပဲ ၁၉၈၈ လူထု အရေးတော်ပုံကြီး အောင်ပွဲနဲ့ ဝေးခဲ့တယ်။

လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ အကျိုးအကြောင်း အချက်အလက်တွေ ရှိနိုင်ပါတယ်။ ဘာလို့ပြောနိုင်လဲ ဆိုတော့ ကျနော်ကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ဖူးတာကြောင့်ပါပဲ။ သို့သော်လည်း လူထုတိုက်ပွဲကို လက်နက်ကိုင် တိုက်ပွဲနဲ့ မပေါင်းစပ်နိုင်ခဲ့တဲ့ ချို့ယွင်းချက်ကြီးကို အနှစ် ၂၀ တိုင် မသိချင်ယောင်ဆောင်နေလို့တော့ မရပါဘူး။

နောက်တခုကတော့ ဘုံရန်သူကို အားလုံးက သိနေကြသည့်တိုင် လက်တွေ့မှာ အဖွဲ့ အစည်းတိုင်းဟာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာကို ဝါဒရေးရာ အယူအဆရေးရာ ပုဂ္ဂိုလ်ရေးရာ ဘာသာရေးရာ အတွင်းပဋိပက္ခတွေနဲ့ နပမ်းလုံးနေခဲ့ကြတယ်။ စည်းရုံးရေးအရ ပြိုကွဲနေခဲ့ကြတယ်။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ မဆလဟောင်းတွေ၊ တပ်ထွက်တွေ၊ ဦးနုလူတွေ၊ ဖဆပလတွေ၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ၊ အကြမ်းမဲ့တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သေနတ် တချက်မှ မဖောက်ဖူးခဲ့တဲ့ကောင်၊ ထောင်မကျခဲ့ဖူးတဲ့ကောင်၊ တောင်ကျော်တွေ၊ သင်္ဘောသားတွေ၊ စာအုပ်သမားတွေ စသည်ဖြင့် စကားလုံးတွေ ထောင်ချီ နေခဲ့တယ်။ တဖွဲ့ချင်းစီမှာ ပြသနာတွေ အမျိုးစုံနေခဲ့ကြပြီး မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ကြတဲ့အခါ ဘုံရန်သူ ပျောက်နေခဲ့တာ အမှန်ပါပဲ။

ဒီလိုနဲ့ အဖွဲ့အစည်းတွေဟာ အနှစ် ၂၀ အကြာမှာ တဖြည်းဖြည်း အားနည်းလာတာပါပဲ။ အုပ်စုတွေ ကွဲတယ်၊ အဖွဲ့ဝင်တွေ နှုတ်ထွက်တယ် နိုင်ငံရပ်ခြားတွေကို ထွက်သွားတယ် စသည်ဖြင့် အဖွဲ့တွေဟာ အားနည်းလာတာပါပဲ။ တဖွဲ့ချင်းစီမှာ အားနည်း လာတဲ့အခါ အဲအဖွဲ့တွေ စုစည်းထားတဲ့ တပ်ပေါင်းစုတွေမှာလည်း အားနည်းမှုတွေ ဖြစ်လာတော့တာပဲ မဟုတ်လား။ လက်နက်ကိုင်အဖွဲ့တွေ အားနည်း လာတဲ့အခါ ရန်သူ့ဖိအားကို တစုံတရာ ခံစားလာရတာ အမှန်ပါပဲ။ ဒီအခါမှာ ငြိမ်းအဖွဲ့တွေ ပေါ်ပေါက်လာတော့တာပါပဲ။ ဒီအခါ လက်နက်ကိုင် အင်အားစုတွေမှာ ပိုလို့တောင် အခက်အခဲ ကြီးလာကြရတာပါပဲ။

နောက်တခုကလည်း တလျှောက်လုံးမှာ ငြင်းခုန်နေခဲ့ကြတဲ့ အကြမ်းမဖက် (Non-violent Action) နဲ့ အကြမ်းဖက် (Armed Struggle) ကွဲလွဲနေမှုကလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတခုလုံးကို ရိုက်ခတ်ပါတယ်။ LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ဆရာစွမ်းရည် ပြောသွားခဲ့တဲ့ စကားကို ကျနော် အတော် သဘောကျပါတယ်။ အကြမ်းဖက်ဖက် အနုဖက်ဖက် အရေးကြီးတာက တခုခုကို ဖက်နေဖို့ပါပဲ ဆိုတဲ့ ဆရာ့စကားက အလွန်တန်ဖိုးရှိတဲ့ စကားပါ။

ကျိန်းသေတာတခုကတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်နိုင်သမျှ၊ စည်းရုံးရေး ပြိုကွဲနေမှုတွေကို မဖြေရှင်းနိုင်သမျှ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ ကျန်တဲ့ တိုက်ပွဲ ပုံသဏ္ဍာန်တွေကို မှန်မှန်ကန်ကန် မပေါင်းစပ်နိုင်သမျှ ကျနော်တို့ မြင်ချင်တဲ့ ကလေးလေးတယောက် သူ့ခြေထောက်ပေါ် သူရပ်နေတာကို မြင်ရဖို့ ဝေးပါသေးတယ်လို့ ယူဆမိပါကြောင်း။

No comments:

Post a Comment