
4.02.2010
အဖေ ပို့ပေးလိုက်ချင်ပေမယ့်

12.04.2009
Dr မန္တလာရဲ့ ဖြစ်ရပ်မှန်ခံစားမှုလေး
ကျမရှေ့က အမောဖောက်နေတဲ့ လူနာကို စမ်းသပ်စစ်ဆေးရင်း အပြင်ဆေးခန်းမှာ သူ့နှလုံးကို Echo-cardiogram ချက်ခြင်းသွားရိုက်ဖို့ လိုအပ်တယ်ဆိုတာပြောရင်း “စရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ ဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတယ်။
ကျမလိုပဲ အဲ့ဒီဆိုင်းဘုတ်ကို စိတ်မသက်မသာ မော့ကြည့်မိတဲ့ လူနာရှင်ဟာလည်း မျက်နှာငယ်လေးနဲ့ “ဆရာမ ဒီမှာပဲ ရိုက်လို့ မရဘူးလား။ အပြင်မှာ သွားရိုက်ရရင် ဘယ်လောက်ကုန်မလဲ” ဆိုပြီး လေသံတိုးတိုးလေးနဲ့ မေးရှာတယ်။ သူမေးတဲ့မေးခွန်းဟာ သူမသိလို့ မေးတာမဟုတ်ပဲ စိတ်ထွက်ပေါက်ရလိုရငြား မေးတယ်ဆိုတာ သိသာနေတယ်။
အမှန်တော့ ကျမ တာဝန်ကျနေတဲ့ ဒီမန္တလေး အထွေထွေ ဆေးရုံကြီး က နှလုံးရောဂါ ဝေဒနာရှင်လူနာတွေကို စမ်းသပ်တဲ့ Echo-cardiogram စက်က မရှိတာ မဟုတ်။ ရှိနေရက်နဲ့ ပျက်နေတာကို မပြင်တာဆိုတာကို ကျမ လူနာရှင်တွေ၊ လူနာတွေကို ရှက်ရှက်နဲ့ပဲ၊ မျက်နှာပူပူနဲ့ပဲ ရှင်းပြနေရတာ ၃ နှစ်လောက် ရှိပါပကော။
ဒီ Echo-cardiogram စက်ဆိုတာ နှလုံးထဲမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောပိတ်တာ၊ နှလုံးသွေးကြောနံရံတွေ ပုံမှန်မဟုတ်တာ၊ နှလုံးကြွက်သားတွေ ပုံမှန် အလုပ် လုပ်မလုပ် စတာတွေကို Ultrasound စနစ်နဲ့ စစ်ဆေး ရှာဖွေတဲ့ စက်ပါပဲ။
ဘာအကြောင်းပြချက်ရယ်လို ကျမတို့ သိခွင့်မရပဲ ဒီစက်ကြီး ပျက်နေတာသာ သိရတာပါပဲ။ ပျက်နေတယ် ဆိုတာကို ပြင်ပေးဖို့လည်း စာတွေတင်တာ အကြိမ်ကြိမ် ရှိနေပေမယ့် ဘယ်လိုအကြောင်းကြောင့်ရယ်မသိ အခြေအနေက တိုးတက်မှုရှိမလာပါဘူး။
အရင် ဒီစက် ကောင်းနေတဲ့ အချိန်တုန်းကဆိုရင် ကျမတို့ ဆရာဝန်တွေအတွက်အချိန်ကုန်သက်သာ၊ လူနာတွေ အတွက်လည်း ငွေကုန်သက်သာတာကြောင့် အင်မတန် အဆင်ပြေလှပါတယ်။ အခုတော့ ကျမတို့မှာ အပြင် ဆေးခန်းတွေကို အားကိုးနေရသလို လူနာတွေအဖို့လည်း ငွေကြေးကုန်ကျ များလွန်းလှပါတယ်။
လူနာတွေခမျာ ဒီနှလုံး ဓာတ်မှန်ရိုက်တာတခုတည်းအတွက် အပြင်ဆေးခန်းတွေမှာ အနည်းဆုံး ငွေ ၂သောင်းခွဲ နီးပါး ကျခံကြရပါတယ်။ နွမ်းပါးတဲ့ လူနာတွေအတွက်ဆိုရင် အင်မတန်မှ အခက်အခဲတွေ တွေ့ရပါတော့တယ်။
ဒီ Echo-cardiogram စက်တွေကို ကိုင်တွယ်ပြီး ရောဂါရှာဖွေ ကျွမ်းကျင်တဲ့သူတွေဟာလည်း ဆေးရုံကြီးက နှလုံးအထူးကု ဆရာဝန်ကြီးတွေသာ ဖြစ်နေတာမို့ အရေးကြီးလူနာတွေဆိုရင် ဆရာဝန်ကြီးတွေကိုယ်တိုင် အပြင်ဆေးခန်းကို လူနာတွေနဲ့အတူ ခြေကုန်သုတ်ရတာတွေ ဖြစ်လာပါတယ်။
ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့အတွက် ခေတ်မီ စက်ကိရိယာတွေ လိုအပ်တာတွေ ဖြည့်ဆည်းပေးနေပါတယ် ဆိုပေမယ့် ရှိပြီးသား စက်ကိရိယာတွေကို ပြုပြင်ထိန်းသိမ်းဖို့တော့ မေ့နေကြဟန်တူပါတယ်။
ပြောရမယ်ဆိုရင် လူနာတွေအတွက် ခေတ်မီရောဂါရှာဖွေရေး စက်တွေဟာ မရှိမဖြစ်လိုအပ်လှပါတယ်။ အဲ့ဒီလိုပဲ စက်ပစ္စည်းတွေ မချို့မယွင်းနဲ့ ပုံမှန် အလုပ်လုပ်နေဖို့လည်း လိုအပ်ပါတယ်။
ကျမ သားဖွားမီးယပ်ဆောင်မှာ တာဝန်ကျချိန်က မိခင်ဝမ်းထဲက သန္ဓေသားလောင်းကို စစ်ဆေးတဲ့ Ultrasound စက်က ချို့ယွင်းချက်ရှိနေလို့ အဖြေမှန် မထွက်လာတာမျိုးတွေလည်း တွေ့ကြုံဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီ စက်ချို့ယွင်းနေတာကို ပြန်လည် ပြုပြင်ပေးလို့ အခုအချိန်မှာ အဆင်ပြေပြေ အသုံးပြုနေရပါပြီ။
နောက်ထပ် အရေးကြီးတဲ့ စက်ကတော့ မန္တလေး ဆေးရုံကြီးက တခုတည်းသော CT scan (Computerized Tomography Scanning) စက်ပါပဲ။ ဦးနှောက်၊ အာရုံကြောထိခိုက်တာတွေ၊ ရင်ခေါင်းနဲ့ ၀မ်းဗိုက်တွင်းက ကင်ဆာ၊ အကျိတ်၊ ရောဂါဝေဒနာ စတာ စတာတွေကို ရှာဖွေစစ်ဆေးတဲ့ ဆရာဝန်တွေ အင်မတန် အားထားရတဲ့ စက်ကြီးပါပဲ။
ဒီစက်ကတော့ဖြင့် ဆိုင်ကယ်တွေများလွန်းလို့ မကြာခဏ Accident လူနာတွေ ရောက်လာတတ်တဲ့ မန္တလေး ဆေးရုံကြီးအတွက်ကတော့ တကယ့်ကို အရေးပါလှပါတယ်။
အဲ့ဒီစက်ကြီးကနေ ရောဂါရှာဖွေတွေ့ရှိတဲ့ ရလဒ်တွေကြောင့် အသက်ရှင်ခွင့်ရခဲ့တဲ့ လူပေါင်း မနည်းတော့ပါဘူး။ အခုတော့ အဲ့ဒီစက်ကြီးကလည်း ပျက်နေပြန်တော့ လူနာတွေဒုက္ခရောက်ရသလို ဆရာဝန်တွေအတွက်လည်း အချိန်မှီဆေးကုသနိုင်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။
ဒီစက်ကြီး အလုပ်လုပ်နေတုန်းက လူနာတွေအဖို့ scan လုပ်ခ ကျပ် သုံးသောင်းပေးရပါတယ်။ အပြင်မှာ ဆိုရင်တော့ အနည်းဆုံး ၇ သောင်းပေးရပါတယ်။ အပြင်မှာ scan တခါလုပ်ရင် ငွေကုန်၊ အချိန်ကုန်တာမို့ လူနာတွေဟာ အပြင်ဆေးခန်းတွေကို မသွားချင်ကြပေမယ့် ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။
ဒီစက်ကတော့ သူလည်ပတ်ဖို့ သုံးတဲ့ ပစ္စည်းတခု ပျက်သွားလို့လို့ ဆိုပါတယ်။ အဲ့ဒီပစ္စည်းဝယ်ယူဖို့ ပြုပြင်ဖို့နဲ့ ပြင်ဆင်စရိတ် စတာတွေအတွက် အဆင့်ဆင့် စာတင်ထားပြီး စာကျလာမှ နိုင်ငံခြားကို ပစ္စည်းမှာယူရမယ်၊ အဲ့ဒီပစ္စည်းရောက်လာလို့ ပြင်ဆင်ပြီးရင်လည်း အထက်အဆင့်ဆင့်က ခွင့်ပြုချက်တွေ တသီကြီးကျလာမှ စက်ကို ပြန်လည်ပတ်ခွင့်ပေးပြီး အသုံးပြုနိုင်ပါမယ်တဲ့လေ။
နဂိုကမှ တလုံးတည်းသော စက်ဖြစ်တဲ့အတွက်ကြောင့် အရေးပေါ် မဟုတ်တဲ့ လူနာတွေဆိုရင် အလှည့်ကျ တန်းစီပြီး ရက်ချိန်းတွေနဲ့ စောင့်ကြရတာ အခု ဒီစက်က ပျက်လေတော့ ဆေးရုံကို အားကိုးတကြီးလာတဲ့ လူနာတွေခမျာ အပြင်ဆေးခန်းကိုသာ ဈေးကြီးပေး သွားနိုင်ရင်သွား မသွားနိုင်ရင်တော့ စမ်းသပ်ဖို့ လက်လျော့လိုက်ကြတော့တာပါပဲ။
ကျမလေ … တွေးရင်းတွေးရင်း လူနာတွေအတွက် စိတ်မကောင်းဖြစ်မိသလို အနာဂတ် ကျန်းမာရေး ကဏ္ဍအတွက်လည်း အင်မတန် ရင်လေးမိပါတယ်။
ဟိုးအရင်အချိန်တွေကဆိုရင် အစိုးရဆေးရုံကြီးတွေမှာ လူနာတွေ စမ်းသပ်ကုသခွင့်တွေ အလကားရတယ်။ ဆေးတွေ ၀ယ်စရာမလိုဘူး။ အခုတော့လေ … တခုခုဆို လူနာတွေကို ပေးစရာဆေးက ဆေးရုံမှာ မရှိ။ လူကြီးလာမယ်ဆိုကာမှ ဆေးစတိုမှာ ဆေးဗူးလေးတွေ စီစီရီရီဖြစ်အောင် ရှာဖွေ ကြံစည်ထည့်ကြရတယ်။
ငွေကြေးတတ်နိုင်သူတွေအဖို့ မထောင်းတာလှပေမယ့် နွမ်းပါးသူတွေအတွက်တော့ နေမကောင်းမဖြစ်နဲ့၊ ဖြစ်လည်း မစမ်းသပ် မစစ်ဆေးရုံ၊ ဆေးမကုပဲ ပေတေနေရုံ အခြေအနေမျိုး ..
ကျမတို့တိုင်းပြည်ဟာ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်နေလို့ နိုင်ငံခြားက ဈေးကြီးပေး ၀ယ်ယူထားရတဲ့ ရောဂါရှာဖွေရေးစက်ပစ္စည်းတွေနဲ့ ရောဂါရှာဖွေမှုအတွက် ကုန်ကျစရိတ်ပေးရတာကို နားလည်ပေးနိုင်ပေမယ့်၊ အခြားတန်ဖိုးကြီး ရောဂါကုသရေး ဆေးဝါးတွေကို ၀ယ်ယူရမှာကို နားလည်ပေးနိုင်ပေမယ့် သာမန် ဆေးဝါးလေးလောက်ကိုတောင် လူနာတွေကို အခမဲ့ မပေးဝေနိုင်တာ၊ လူနာတွေခမျာ ၀ယ်ယူနေရတာတွေကိုတော့ ဘယ်လိုမှ နားမလည်ပေးနိုင်ပါဘူး။
မန္တလေးမြို့ပေါ်မှာရှိတဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ World Vision၊ ဂျွန်းဗလီ လူမှုကူညီရေးအသင်း စတာတွေက ချို့ တဲ့လူနာတွေအတွက် ကူငွေ၊ ဆေးအလှူတွေ ပေးနေပေမယ့်လည်း နွမ်းပါးတဲ့ လူနာတွေက များလွန်းလှတော့ ဘယ်လိုလုပ် အပြည့်အ၀ ကူညီနိုင်မလဲရှင် …
“စရိတ်မျှပေး ကျန်းမာရေး” ဆိုတာကို လက်တွေ့အသေအချာ အကောင်အထည် မဖော်နိုင်တာ၊ လူနာတွေကို ဆေးဝါးအခမဲ့မပေးနိုင်တာ စတဲ့ ပြဿနာတွေဟာ မြို့ကြီးတွေပေါ်က ဆေးရုံတွေမှာ ပြဿနာ အကြီးမားဆုံးပဲဆိုတာ နယ်ဆေးရုံလေးက ကျမရဲ့ ဆရာကြီးတဦးက ပြောပြဖူးပါတယ်။
ဆရာကြီးက သူတာဝန်ကျရာ နယ်ဆေးရုံလေးမှာတော့ ဆိုင်းဘုတ်ပေါ်က စရိတ်မျှပေးကို လက်တွေ့ဖြစ်အောင် အကောင်အထည်ဖော်ထားတယ်လို့ ဆိုပါတယ်။
ဆရာကြီးတာဝန်ကျတဲ့ နယ်မြို့လေးက လူနာတွေရဲ့အပြောအရ အဲ့ဒီနယ်မြို့လေးက ဆေးရုံလေးကို သွားရတာ အင်မတန် စိတ်ချမ်းသာတယ်လို့ ဆိုကြလေရဲ့ …
ဒါပေမယ့် ဆရာကြီးလုပ်နေလေတဲ့ စရိတ်မျှပေးဆိုတာ အစိုးရက ထောက်ပံ့ပေးတာမဟုတ်ပဲ ဆရာကြီးက သူပိုင်ငွေလေးနဲ့၊ မြို့လေးက စေတနာရှင်တွေ လှူဒါန်းတာလေးနဲ့ တတ်နိုင်သလောက် လုပ်ပေးနေတာတဲ့လေ …
ကျမတို့ တိုင်းပြည်မှ ဆရာကြီးလို ဆရာဝန်မျိုး ဘယ်နှယောက်များ ရှိလေမလဲ .. ဆရာကြီးကရော ဘယ်လောက် အတိုင်းအတာထိပဲ လုပ်ပေးနိုင်မှာလဲ … စေတနာရှင်တွေကရော ဘယ်လောက်များ လုပ်ပေးနိုင်ကြမှာလဲရှင် …
10.21.2009
မတူညီတဲ့ ၂၁
ကျမအဖိုးဟာ အင်္ဂလိပ်လူမျိုးပိုင်တဲ့ G.E.C ကုမ္ပဏီမှာ အလုပ်လုပ်တယ်တဲ့။ သူ့ရဲ့ လုပ်သက် ၂၁ နှစ်မြောက်တဲ့ နှစ်မှာ သူ့ရဲ့ ကုမ္ပဏီ က သူ့ကို လုပ်သက်ဆု အဖြစ်နဲ့ သူတို့ကုမ္ပဏီကထုတ်တဲ့ လျှပ်စစ်ပစ္စည်း ၁ မျိုး ၁ ခုနဲ့ ဒင်္ဂါး ၂၁ ပြားကို ချီးမြှင့်တယ်တဲ့။ ဒါ ကျမအဖွား ပြောပြောပြနေတဲ့ ဖြစ်ရပ်မှန်တခုပါပဲ။ မြန်မာပြည်ကိုလာပြီး နယ်ချဲ့စိုးမိုးနေတဲ့ အင်္ဂလိပ်တွေဟာ သူတို့ရဲ့ ဝန်ထမ်းတွေအပေါ်မှာ အ တိုင်းအတာတခုထိတော့ ချီးမြှောက် ဂုဏ်ပြုမှု ရှိပါသေးတယ်။

ကျမတို့ ဗမာအချင်းချင်း အုပ်ချုပ်နေတဲ့ ခေတ်မှာတော့ ဝန်ထမ်းတွေ ဘယ်လို ခံစားနေကြရလဲ၊ ဘယ်လိုခံစားခဲ့ ကြရလဲ ဆိုတာကို ကျမဖွင့် ချချင်ပါတယ်။ ကျမရဲ့ ဖခင်ဟာ ဖဆပလ ခေတ်ကိုလဲ မီခဲ့ပါတယ်။ အင်္ဂလိပ် ကျောင်းမှာလဲ တက်ခဲ့ဖူးပါတယ်။ ၆၂ ခုနှစ်မှာ တကသ အဖွဲ့ဝင် ကျောင်းသားတဦး ဖြစ်ခဲ့ပါတယ်။ အဖေ့မှာ ရွေးချယ်မယ် ဆိုရင် ရွေးချယ်ခွင့်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖေဟာ ကျောင်းဆရာဆိုတဲ့ ဘဝကိုရွေးချယ်ပြီးတော့ လျှောက်လှမ်းခဲ့ပါ တယ်။ အဖေဟာ အထက (၅) တာမွေမှာ ဆရာလုပ်နေက တည်းက အသင်အပြကောင်းပြီး စေတနာထားတဲ့ ဆရာ အဖြစ် ကျောင်းသား တွေရဲ့ ကြည်ညိုလေးစားမှုကို ခံရပါတယ်။
နောက် သုဝဏ္ဏမြို့ကိုတည်ထောင်တော့ ဝန်ထမ်းတွေက ကိုယ်ထူကိုယ်ထ လုပ်အားပေးကြရပါတယ်။ အဖေတို့လဲ လုပ်အားပေးပြီး သုဝဏ္ဏမြို့ကို ပြောင်းပါတယ်။ အဲဒီအချိန်မှာ သုဝဏ္ဏမြို့မှာ ကျောင်းမရှိပါဘူး။ ကျောင်းသားတွေဟာ အဝေးမှာ ကျောင်းသွားတက်ကြ ရပါတယ်။ အဲဒီအချိန်က ဘတ်စ်ကားတွေလည်း ပေါများတဲ့ခေတ်မဟုတ်တော့ ကျောင်းသူကျောင်းသားတွေ သွားရလာရခက်ခဲပါ တယ်။ ဒါကြောင့် ပြောင်းလာတဲ့ အထဲက ဆရာဆရာမတွေဟာ ကိုယ်ထူကိုယ်ထ ကျောင်းတကျောင်း ဆောက်လုပ်ကြပါတယ်။ စ စခြင်းမှာ တဲတန်းရှည်ကြီးကို ထိုးပြီး စရတာပါ။ ဆရာအင်အားနည်းလို့ ဆရာတယောက်ကို ၂ ဘာသာ သင်ရပါတယ်။
အဲဒီအချိန်က ကျောင်းတွေဟာ နှစ်ချိန်ကျောင်းများပါတယ်။ မနက် ၇ နာရီက နေ့လည် ၁၂ နာရီအထိ တချိန်၊ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ တချိန်ပါ။ ဒါပေမယ့် ဆရာရှားပါးတာကြောင့် ဆရာတွေဟာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ကျောင်း တက်ကြရပါတယ်။ ကျမအဖေက အင်္ဂလိပ်စာနဲ့ သမိုင်းဘာသာသင်ပါတယ်။ ကျမအဖေ သမိုင်းသင်ရင် စာကျက်ဖို့မလိုဘူးဆိုပြီး နာ မည်ကြီးပါတယ်။ အဖေဟာ စာသင်နေရရင် ထမင်းစားဖို့တောင် မေ့နေတတ်ပါတယ်။ ဒါကြောင့် အဖေ အစာအိမ်ရောဂါရခဲ့ပါတယ်။
တခြားဆရာတွေ အိမ်ပြန်ရောက်ပေမယ့် အဖေက အမြဲအိမ်ပြန်နောက်ကျတတ်ပါတယ်။ ဘာလို့လဲဆိုတော့ စာမလိုက်နိုင်တဲ့ ကလေး တွေအတွက် အချိန်ပိုစာပြ ပေးနေတတ်လို့ပါ။ စာတော်တဲ့ ကလေးတွေကိုကျရင် အိမ်မှာခေါ်ပြီး ဂုဏ်ထူးထွက်အောင် စာပြပေးလေ့ရှိ ပါတယ်။ အဲဒါဆိုရင် အိမ်မှာပဲ ထမင်းကျွေးလေ့ ရှိပါ တယ်။ အဖေဟာ ကျောင်းမှာ ခွင့်မယူတဲ့ ဆုကို နှစ်စဉ်လိုလို ရပါတယ်။ ဆုဆိုလို့ ငွေကြေးမဟုတ်ပါဘူး။ ဂုဏ်ပြု လက်မှတ်တွေပါ။ ဒါပေမယ့် အဲဒါကိုပဲ အဖေ အမြတ်တနိုးထားပါတယ်။
နှစ်စဉ်တိုင်းလိုလိုပဲ အဖေသင်တဲ့ သမိုင်းဘာသာက ဂုဏ်ထူးအများအပြား ထွက်လေ့ရှိတာပါပဲ။ အဲဒီအတွက် နိုင်ငံတော်အစိုးရရဲ့ ဂုဏ်ပြုခြင်းကို အဖေရရှိခဲ့တာပါပဲ၊ အဲဒါကတော့ အဖေ ကတိခံဝန်ထိုးရခြင်းပါပဲ။ အဖေက ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံရေး တရားဟောပါတယ်ဆိုတဲ့ စွဲချက်နဲ့ အဖေမြို့နယ်ပညာရေးမှူးထံ ရောက်ခဲ့ရပါတယ်။ ထုချေရပါတယ်။ အလျောက်ကောင်းလို့ အထောင်းသက်သာခဲ့ပေမယ့် ခံဝန်ကတိနဲ့ သမိုင်းဘာသာ သင်ပြခြင်းကို ရပ်စဲလိုက်ပါတယ်။ အဖေ အင်္ဂလိပ်စာကိုပဲ ဆက်သက်သင်ပြ ခွင့် ရခဲ့ပါတယ်။
ကျောင်းသားအချင်းချင်း ရိုက်ပွဲဖြစ်ရင်လဲ စကားပြောကောင်းတဲ့ အဖေ့ကိုလွှတ်ပြီး စေ့စပ်ခိုင်းလေ့ရှိပါတယ်။ အဖေက တုတ်နဲ့တချက် မှ မရိုက်ဘဲ မျက်ရည်ကျအောင် ဆုံးမနိုင်တဲ့ ဆရာတယောက်ပါ။ အဲဒါအတွက် ဆုလဒ်အဖြစ်နဲ့ ဆရာဦးအောင်ကျော်မိုးဟာ တပည့် မွေးပြီး အဖွဲ့အစည်း ဖွဲ့စည်းပါတယ်ဆိုတဲ့ စွဲချက် ထွက်ပေါ် လာလို့ ကျောင်းအုပ်ကြီးကိုယ်တိုင် အာမခံဖြေရှင်းပေးခဲ့ရပါတယ်။
ဒီလိုနဲ့ အဖေ့လုပ်သက် တဖြည်းဖြည်း ကြာမြင့်လာပါပြီ။ အဖေ့မိသားစုရဲ့ ကုန်ကျစရိတ်ကလဲ ကြီးလာပြီမို့ အဖေက စားစရိတ်အ ထောက်အပံ့ဖြစ်ဖို့ ကျူရှင်စဖွင့်ခဲ့ပါတယ်။ အဖေ့ကျူရှင်မှာ အဖေဟာ ဘယ်တော့မှ ကျူရှင်လခကို တောင်းယူလေ့မရှိပါဘူး။ ပေးရင် ယူထားလိုက်ပြီး မပေးရင်လဲ မယူပါဘူး။ ညီကိုမောင်နှစ်မ နှစ်ယောက်အတူတက်ရင်လဲ တယောက်ခကို မယူပါဘူး။ သူ့ရဲ့ အတန်းထဲ မှာလဲ သူ့ကျူရှင်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ တန်းတူညီမျှဆက်ဆံပြီး တပြေးညီစေတနာထားပါတယ်။ ဒီလိုနဲ့ အဖေ့ရဲ့ လုပ်သက် ၂၀ ပြည့်နှစ်မှာ အထူးဂုဏ်ပြုခံရပါတော့တယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ ကျူရှင်သင်တဲ့ ဆရာအနေနဲ့ အထူး အထုခံရ တော့တာပါပဲ။ ဒီတခါတော့ ပညရေးမှူးတွင်မကဘဲ ဝန်ကြီးအထိ အဆင့်ဆင့်ထုချေလွှာ တင်ရတာပါ။ ပညာရေးစီမံချက်ထဲမှာ ကျောင်းဆရာ ကျူရှင်သင်တာဟာ အလွန်အပြစ်ကြီးပါသတဲ့ နောင်မှာတော့ အဖေဟာ ပထမဦးဆုံးအဖြစ် ဖွင့်ဟညည်းညူခဲ့ပါတယ်။ မြန်မာပြည်မှာ ဝန်ထမ်းဖြစ်ရတဲ့ဘဝဟာ ရုပ်သေးရုပ်တရုပ်ထက် ပိုပြီး အနေရခက်ပါသတဲ့။
အဖေဟာ ကျောင်းဆရာဘဝမှာ ထုချေလွှာတင်ရခြင်းတွေအပြင် မြေဖြူမှုန့်တွေကြောင့် ကျမ်းမာရေး ချို့ယွင်းလာခဲ့ ပါပြီ။ လုပ်သက်နှစ် ၂၀ အတွင်းမှာ အဆုတ် ရောဂါဟာ ဆုလဒ်အဖြစ်နဲ့ အခြေခံကျကျ ဝင်ရောက် လာခဲ့ပါတယ်။ အင်္ဂလိပ်ဆေး၊ ဗမာဆေး၊ တရုတ်ဆေး၊ ဆေးမျိုးသာ စုံသွားပါတယ်။ ရောဂါကတော့ ပျောက်မသွားတော့ပါဘူး။ ဒီလိုနဲ့ ၁၉၈၇ ခုနှစ်မှာ အဖေတသက်လုံး ချွေချွေတာတာ စုဆောင်းထားတဲ့ ငွေကြေးတွေဟာ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၂၅ ကျပ်တန်တွေအဖြစ်နဲ့ အဖေ့ဆီကနေ ထွက်ပြေးသွားပါတော့ တယ်။ အဲဒီအချိန်မှာ အဖေ့ရဲ့လုပ်သက်ဟာ ၂၁ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
၁၉၈၈ ခုနှစ်မှာ ကျမဟာ ၁၉ နှစ်ပြည့်ပြီး အသက် ၂၀ ထဲကို ချည်းနှင်းဝင်ရောက်နေပါပြီ။ ကျမတို့ ကျောင်းသားတွေဟာ နိုင်ငံရေးကို နားမလည်ကြပါဘူး။ ဒါပေမယ့် နိုင်ငံအတွင်းက နစ်နာမှုတွေကို လက်တွေ့ ကျကျ ခံစားတတ်ခဲ့ကြပါတယ်။ ဒါကြောင့် တပါတီ အာရှင် စနစ်ကို လက်မခံနိုင်တော့ပါဘူး။ အဲဒီလိုနဲ့ ကျမတို့နိုင်ငံဟာ အာဏာရှင်ကို အံတုဆန့်ကျင်ခဲ့ကြပြီး မဆလသမိုင်းမှာ မကြုံဘူးအောင် ထူးခြားတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်က ဘာတွေလဲ၊ ထောင်ပေါင်းများစွာသော လူ ငယ်ထုကြီးဟာ တောခိုပြီး လက်နက်ကိုင်သူတွေ ဖြစ်ခဲ့ရပါတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ အာဏာရှင်ရဲ့ သေနတ် ရှေ့မှာ သေဆုံးခဲ့ရတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ဖက်ဆစ် အကျဉ်းထောင် တွေထဲမှာ ဘဝတွေကို ရင်းနှီးပေးဆပ်၊ အသက်တွေကို ရင်းနှီးပေးဆပ်နေကြရပါတယ်။ ဒီလိုနဲ့ ကျမတို့ဟာ နိုင်ငံရေးလောကထဲကို ရောက်လာကြရပါတယ်။
ဒီလိုနဲ့ သက်တမ်း ၂၁ နှစ်ကြာလာတဲ့ တော်လှန်ရေးကာလအတွင်းမှာ မြန်မာပြည်သူတွေ ဘာဖြစ်ခဲ့သလဲ၊ ဘာတွေ တိုးတက်ဖြစ်ပေါ် ခဲ့သလဲ၊ အာဏာရှင်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ တယောက်ပြီးတယောက် ပြောင်းခဲ့ပေမယ့် စနစ်တွေက အမှန်တကယ်ပြောင်းခဲ့ ကြသလား၊ တကယ်တော့ ဘာမှမပြောင်းလဲခဲ့ပါ၊ ဖိနှိပ်ခံရမြဲ၊ အခွင့်အရေးတို့ ဆုံးရှုံးနေကြမြဲပင်။ မြန်မာနိုင်ငံကို ကျွန်လုပ်အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်လက်ထက်နဲ့ မြန်မာ အချင်းချင်း အုပ်ချုပ်မင်းလုပ်တဲ့ခေတ်မှာ ဘာကြောင့်များ အခွင့်အရေးတွေ ပိုလို့ ဆုံးရှုံးနေကြရပါသလဲ။
၂၁ နှစ်အတွင်း ကြုံခဲ့ကြတဲ့ အဖြစ်အပျက်တွေကို သင်ခန်းစာယူရင်း ကျမတို့ ပြည်သူတွေ အမှန်တကယ် ဘာလုပ် သင့်လဲဆိုတာ ဆုံး ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
နေ့သစ်မှကူးယူဖေါ်ပြပါသည်။
ခင်ငြိမ်းသစ်
3.16.2009
တံတားနီနေ့ နှစ်ဆယ့်တစ်နှစ်ပြည့် အမှတ်တရ

သန်းခေါင်ယံကျော် အချိန်မို့ တခါတရံ ဖြတ်သွားသည့်ကားတစင်းတလေ အသံမှအပ တလောကလုံး တိတ်ဆိတ်နေသည်။ ကျွန်တော်သည် ထိုင်နေကျ ဝရံတာငယ်လေးမှာ ထိုင်ရင်း အတွေးများ ပျံ့လွင့်နေမိသည်။ ဤသို့ ကောင်းကင်ကိုငေးရင်း တွေးချင်တာ တွေးနေတတ်သည့် အကျင့်ကို ဘယ်တုန်းက ရခဲ့သည်မသိ။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ဝန်းကျင် အကျဉ်းစံခဲ့ရစဉ်က ရခဲ့သည်လား၊ ဖမ်းဆီးခံရမည့် အန္တရာယ်ကို ရှောင်ပုန်းရင်း ခွေးဟောင်သံ၊ ကားသံကြားတိုင်း အိပ်မရတဲ့ အတူတူ မှောင်ထဲမှာ ငေးချင်ရာ ငေးရင်းမှ ရလာသည်လား၊ ငှက်ဖျားနှင့် အဟာရ မပြည့်စုံတဲ့ ဒါဏ်ကို ကြံ့ကြံ့ခံရင်း ဖြတ်ကျော် ခဲ့ရသည့် တောတောင်တွေ ထဲကပဲ ရသည်လား၊ ကျွန်တော် ကိုယ်တိုင် သေချာစွာ မသိတော့ပေမယ့် ထိုသို့ နေရသည်ကို မသိစိတ်က နှစ်ခြိုက်နေမိသလိုပင်။
လမ်းမီးရောင် တချို့ ကွက်တိ ကွက်ကျားလင်းနေသည်။ ကောင်းကင်ပြင်မှာတော့ ပိန်းပိတ် အောင် မှောင်လွန်း လှသည်။ ဒီလိုအမှောင် ညတွေ ဘယ်ကာလမှ ဆုံးလေမယ် မသိ။ အဝေး ဆီမှ ပျံ့လွင့်လာသော အသံတချို့ကို တီးတိုး ကြားနေရသည်။ ငိုညည်းသံများ လိုလို၊ ကြွေးကြော် အော်ဟစ်သံများ လိုလို၊ ဝေးရာမှ နီးလာပြီး အသံ များက သဲကွဲ ကျယ်လောင် လာသည်။
“ဒါမတရားဘူး ဟေ့၊ ငါတို့တွေ အိမ်ပြန်မယ် လမ်းဖွင့်ပေး ”
(အချိန်က ၁၉၈၈ခုနှစ် မတ်လ(၁၆)ရက်၊ နေရာက အင်းယား ကန်ဘောင်ဘေး မရောက်တ ရောက် အင်းယား လမ်းမပေါ်)
ကျွန်တော်တို့ ရှေ့တည့်တည့်မှာ ပိတ်ဆို့ထားသည်က သံဆူးကြိုးများ၊ ဘရင်း ကယ်ရီယာခေါ် စက်သေနတ် တင်ကားများ၊ ပြီးတော့ သွေးဆာနေသော မျက်နှာထားနှင့် ဒိုင်း၊ တုတ်များ ကိုင်ဆောင်ထားသည့် လုံထိန်း များ။
ထိုနေ့ကသာ ကျောင်းမတက်ဖြစ်လျှင် ကျွန်တော့်ဘဝက ဘယ်လိုတဆစ်ချိုး လေမည် မသိ။ ကျွန်တော့် မိဘများက လခသိပ်မများသည့် အစိုးရဝန်ထမ်းတွေ၊ ကျွန်တော်တို့မှာ ငွေကြေး မချမ်းသာ၊ မိဘများက ချွေတာ ထိန်းသိမ်းသဖြင့် သင့်တင့်စွာ ကျောင်းတက်နိုင်သည့် အခြေအနေသာ ရှိသည်။
ထိုခေတ်က အမြင့်ဆုံး မျှော်မှန်းသည့် သင်္ဘောသား ဖြစ်ရန်ဆိုသည့် လမ်းကြောင်းကို မမျှော်မှန်းနိုင်၊ အမှတ်အနည်း ငယ်ကောင်း၍ သိပ္ပံလိုင်းရသဖြင့် ရေကြောင်း အင်ဂျင်နီယာခေါ် MOTဖြေဆိုနိုင်သည့် အခွင့် အရေးတော့ ရှိသည်။ ဒါလဲ သိပ်လွယ်သည် တော့မဟုတ်။ ထိုအချိန်က အလွယ်ဆုံး အရာရှိဖြစ်နိုင်သော ဗိုလ်သင်တန်း ဖြေဆိုရန် ကျွန်တော် ရည်မှန်းထားသည်။
ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ လွန်ခဲ့သော လအနည်းငယ်က စခဲ့သည်။ ၇၅ ကျပ်တန်၊ ၂၅ကျပ် တန်များ ဖျက်သိမ်းခဲ့စဉ် ကတည်းက တကြိမ်၊ ပြီးခဲ့သောရက်က RIT ကျောင်းသားများနှင့် အရပ်သား အချို့ ပြဿနာဖြစ်ရာမှ RIT ကျောင်းဝင်း အတွင်းသို့ စစ်သား များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ဆိုသူ ကျောင်းသားနှစ်ဦး သေဆုံး သည်ဟု ကြားရသည်။
ထိုနေ့က ကျောင်းသွားရန် ကျွန်တော် တွေဝေနေမိသည်။ ပထမဆုံးနေ့မို့ စာသင်ဦးမှာ မဟုတ်ဟု ထင်သည်။ သို့သော် သူငယ်ချင်းများနှင့် တွေ့ချင်သည်။ ကျွန်တော် RC2ကို ရောက်တော့ ကျောင်းသားများစွာမရှိ၊ ရှိသူ များကလည်း အုပ်စုကိုယ်စီဖွဲ့၍ ကြိတ်တိုင်ပင် နေကြပုံမျိုး၊ အခြေအနေ တိတ်ဆိတ်နေပုံက ခြောက်ခြားစရာ၊ သူငယ်ချင်းများနှင့် အဆောင် ကင်တင်းတွင် လက်ဖက်ရည် သောက်နေစဉ် မိန်းထဲတွင် ကျောင်းသားများ ဆန္ဒပြ နေကြသည်ဟု ကြားသည်။ လက်ဖက်ရည်ဆိုင်မှ ကျွန်တော်တို့ ပြန်လာချိန် ကျောင်းမှ ဆရာများက အိမ်ပြန်ရန် လိုက်ပြောနေသည်။
အိမ်ပြန်ရန် ကျောင်းရှေ့သို့ ထွက်လာစဉ် လိုင်းကားတစီးမှ မလာတော့။ သမိုင်းလမ်းဆုံမှစ၍ လမ်းပိတ်ထား လိုက်ကြောင်း သိရသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး အင်းယား ကန်လမ်းမှ တဆင့် လှည်းတန်းသို့ လမ်းလျှောက် သွားပြီးမှ ပြန်ရုံသာ ရှိတော့သည်။ ကျောင်းသားအားလုံး မတိုင်ပင်ပဲ ထိုလမ်းအတိုင်း အစုလိုက် ပြန်လာကြစဉ် ပိတ်ဆို့မှုနှင့် ကြုံရခြင်းဖြစ်သည်။
ခပ်ထက်ထက် ကျောင်းသားများနှင့် ပိတ်ဆို့သူများ ပြဿနာတက်နေစဉ် ကျောင်းမှ ကားတစီးဖြင့် ဌာနမှုး ဦးကောင်းညွန့်နှင့် ဆရာတချို့ ရောက်လာပြီး ဖြေရှင်းပေးနေသည်။ သူတို့ဘာတွေ ပြောဆိုနေသည်ကို မမြင် မကြားနိုင်တော့ပဲ ကျွန်တော့်၏ အာရုံက ပိတ်ဆို့ တားဆီးထား သည်များကို ကျော်၍ ရန်ကုန်တက္ကသိုလ် ပင်မဆီမှ ကျွန်တော်တို့ဘက်သို့ ဦးတည် ချီတက်လာနေသော ကျောင်းသားများဆီ ရောက်သွားသည်။
ထိပ်ဆုံးမှ တလူလူလွှင့်နေသော ခွပ်ဒေါင်း အလံတော်၊ နဖူးစည်း အနီရောင် စည်းထားသော ကျောင်းသားများ၊ အမျိုး အမည် မသိနိုင်သော ပီတိစိတ်နှင့် ကြက်သီးမွှေးညှင်းများ ထလာနေ သည်ကို ကျွန်တော်ခံစား လိုက်မိသည်။ ကျွန်တော့်ဘဝတွင် ဒါပထမဆုံး မြင်ဘူးသော မြင်ကွင်း။
“တို့ကျောင်းသားတွေ ချီတက်လာတယ်။ တို့ကျောင်းသားတွေ ဆန္ဒပြနေတယ်။”
ကျွန်တော့် ရင်ထဲတွင် ထိုစကားသံများသာ ပဲ့တင်ထပ်နေသည်။ ကြွေးကြော်သံ များက ပိုမို ကျယ်လောင် လာသည်။ အင်းယားကန်ဘောင်ဘေး တံတားဖြူအလွန် ကျွန်တော်တို့ တဖက်ခြမ်းရှိ ပိတ်ဆို့ တားဆီးသည့် နေရာတွင် ရပ်တန့် သွားပြီးနောက် ကမ္ဘာမကြေ သီချင်းကို သံပြိုင် သီဆိုနေကြသည်။
“ဒါတို့ကျောင်းသား၊ ဒါတို့သွေးသား၊” ဆိုသည့် အသိက ကျွန်တော့် သွေးများကို ပူနွေး လှည့်ပတ် လာစေသည်။ ကျွန်တော် ကမ္ဘာမကြေ သီချင်းကို လိုက်ဆိုနေ မိပါပြီကော။ ကျွန်တော်သာမက အားလုံး လိုက်ဆိုနေကြပါပြီ။ သံဆူးကြိုးများ၊ ဘရင်းကယ်ရီယာများ၊ လက်နက်ကိုင်တပ်များက ကျွန်တော်တို့၏ ကျောင်းသားဆိုသည့် သွေးစည်းမှုကို မတားဆီး နိုင်ပါတော့ပြီ။
“ဝေါ…..ဝေါ………ဝေါ…….”
မထင်မှတ်သည့် အခိုက်အတန့်တွင် မိုးပြိုသလို ပြင်းထန်သည့် အသံများနှင့်အတူ နောက်မှ ကားနှင့် ဝင်တိုက်ပြီး ကားပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများက အတင်း ဝင်ရိုက်သည်ကို ကျွန်တော် တွေ့လိုက်ရသည်။ မျှော်လင့် မထားသော၊ ပြင်ဆင်မထားသော ကျောင်းသား ကျောင်းသူများမှာ အလစ်အငိုက်တွင် အကြမ်းဖက် ဝင်ရောက် ရိုက်နှက်မှုကြောင့် အတုံးအရုံး လဲပြို ကျခဲ့ရ ပါ တော့သည်။
ကျွန်တော် မြင်နေရသည့် မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေသည်။ တိုင်းပြည်ရန်စွယ်ကို ကာကွယ် နေကြသူ များဟု ကျွန်တော် ယုံမှတ် ထားသူများက လက်နက်မဲ့ ကျောင်းသားများ၊ တိုင်းပြည်၏ အနာဂတ် အညွန့်အဖူး များကို ရက်စက်စွာ ရိုက်နှက်နေသည်လား။ ကျွန်တော့် အသိအမြင် ကမ္ဘာကြီး ပြောင်းပြန်လန် သွားလေပြီ။
“ဘာတပ်မတော်သားလဲ၊ ဘာလုံထိန်းလဲ” “မတရားတာ မလုပ်ကြနဲ့ကွ လာကြဟေ့ တို့ ကျောင်းသားတွေကို သတ်နေကြပြီ၊ ရပ်ကြည့်မနေနဲ့။” ကျွန်တော့် ခြေလှမ်းများက ကာရံ ထားသောသံဆူးကြိုးများဆီသို့။
မျက်ရည်ယို ဓါတ်ငွေ့များကြားမှ လမ်းတလျှောက်၊ ကန်ဘောင်တလျှောက် ပြေးနေသူများ၊ ခြံစည်းရိုးများကို သွေးရူးသွေးတန်း ကျော်ဖြတ်နေသူများ၊ လမ်းမပေါ်တွင် လဲပြိုနေသူများ၊ သွေးကွက်များ၊ ငိုယို တောင်းပန် သံများ၊ နာကျင်စွာ အော်ဟစ် ငြီးတွားသံများ၊ တုတ်ဖြင့် လိုက်ရိုက်နေသော ငရဲသားများ၊ မြင်သမျှ အရာ အားလုံးက ကျွန်တော့် နှလုံးသားကို ခြေမွနေ ကြလေသည်။
တံတားဖြူသည်ကား ကျောင်းသားတို့၏ သွေးများဖြင့် ချင်းချင်းနီခဲ့လေပြီ။ ရယ်ရွှင် ရီမောသံ တို့ဖြင့်သာ ကြည်မွေ့ ဘွယ်ရာ ရှိသော အင်းယား ကန်ဘောင်သည် ငိုယို ငြီးတွားသံ တို့ဖြင့် ငရဲပြည်တမျှ ဆူပွက်နေပေပြီ။ လေပြည် လှိုင်းကြက်ခွပ်များဖြင့် တင့်မောဘွယ်ရာ ကန်ရေပြင်ကား အသက်ဘေးအတွက် ရုန်းကန်ပြေး နေရသော ကျောင်းသူ ကျောင်းသား များကြောင့် လှိုင်းထန်ခဲ့လေပြီ။
“မလုပ်ကြနဲ့ ၊ မတရားမလုပ်ကြနဲ့ကွ ”
ကျွန်တော်တို့ ဝိုင်းအော်သံများက အရာမရောက်တော့၊ သွေးရူးသွေးတန်းနှင့် သံဆူးကြိုးကို ဆွဲထားသည့် ကျွန်တော့် လက်များက သွေးတို့ တစက်စက်ကျလျှက်၊ ကျွန်တော်တို့ အနောက်ဘက်မှ စတင် ရိုက်သံများ ကြားလာရသည်။
“ပြေးကြဟေ့ … ပြေးကြ ..။” ဘယ်သူမှန်း မသိသူများက ကျွန်တော့်ကို ဝိုင်းဆွဲပြေးကြသည်။
“ငါ ဘာမှ မလုပ်ပေးနိုင်ဘူးကွာ၊ တို့ကျောင်းသားတွေကို မတရားသတ်ကြတာ ”
ဘေးလွတ်ရာ ခြံဝင်းတခုတွင် ထိုင်ရင်း ကျွန်တော့်ဘေးမှ ကျောင်းသားတဦးက ငိုရင်း ပြောသည်။ ကျွန်တော် သူ့ကို ဖက်ထားရင်းမှ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက် မိသည်။
“အကိုတို့ အမတို့ရယ်၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ တသွေးထဲ တသားထဲပါ။ အဲဒီသွေးကြွေးကို ကျွန်တော်တို့ ဆပ်ပါ့မယ်။” ကျွန်တော့ ရင်ထဲမှ တိတ်ဆိတ်စွာသာ သစ္စာပြုမိပါသည်။ ကျွန်တော့် ဘဝရဲ့ တဆစ်ချိုး (သို့) ကျွန်တော့် အတွက် နေ့သစ်တခု စခဲ့ရပါပြီ။
မဆုံးနိုင်သော တိုက်ပွဲတို့က ဆက်၍ လာလေပြီ။ နောက်တနေ့ မတ်လ ၁၇ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် ထဲတွင် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင် ကြသည်။ RCခန်းမ အပေါ် ထပ်တွင် မျက်နှာဖုံး စွပ်၍ ဟောပြော နေကြသော ကျောင်းသား ခေါင်းဆောင်များ အတွက် လုံခြုံရေး တာဝန်ယူရင်း တံတားနီအဖြစ်က ကျွန်တော့် ရင်ထဲမှ မထွက်နိုင်အောင် ရှိနေသည်။
ကျွန်တော်တို့ တောင်းဆိုသံများက ကျောင်းသားအရေးကိစ္စများ၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ကိစ္စများ မှသည် နိုင်ငံရေး တောင်းဆိုမှုများ အထိ ကျယ်ပြန့်လာသည်။ ကျောင်းဝင်း ပတ်လည်ကို လုံထိန်းများက ဝိုင်းထား ကြသည်။ ပြင်ပတွင် ချေမှုန်း ခံခဲ့ရသော အတွေ့ အကြုံ ကြောင့် ကျွန်တော်တို့ ကျောင်းဝင်းထဲ တွင်သာ ဆန္ဒပြ ကြသည်။ ကြွေးကြော်သံများ ဟစ်ကြွေးကြသည်။
သို့သော် ညနေပိုင်းတွင်တော့ ဂျက်ဆင်ရှေ့ပေါက်မှ စစ်တပ်နှင့် လုံထိန်းများက ဝင်ရောက် လာပြီး ရိုက်နှက် ဖြိုခွဲတော့သည်။ ကျွန်တော့် သူငယ်ချင်း၏ ဆွေမျိုး ဆရာတဦး အိမ်တွင် ပုန်းခွင့်ရသဖြင့် ကျွန်တော် လွတ်မြောက်ခဲ့ရသည်။ ထိုခြံဝင်းထဲရှိ သစ်ပင်ပေါ်တွင် တက် ပုန်းနေသူ တဦးကို လုံထိန်းများက အောက်ဆင်း ခဲ့ရန် ခေါ်နေသည်။ အောက်အရောက်တွင် “မင်းလားကွ ကျောင်းသား ၊ မင်းလားကွ ပညာတတ်”ဟု ဆိုကာ ဝိုင်းရိုက်နေသော အသံများက ကျွန်တော်တို့ ရင်ကို ဓါးထက်ထက်နဲ့ ထိုးခွဲနေသလို၊ တခုခု ထွက်မလုပ်ရန် ဝိုင်းဆွဲနေကြသော ဆရာ၏ မိသားစုများကြောင့် ကျွန်တော်တို့ မလှုပ်သာကြ။
ထိုအခိုက်တွင် ညီညာ ကျယ်လောင်သော ကမ္ဘာမကြေ သီချင်းသံက ကျွန်တော်တို့ နားထဲ ဝင်လာသည်။ ဓမ္မာရုံ ထဲမှာ ဖမ်းထားသော ကျောင်းသားတွေ အချုပ်ကားတွေထဲက ဆိုနေတာ ဖြစ်သည်။ ကျွန်တော်တို့လဲ အသံ မထွက်ပဲ နှလုံးသားနှင့်အတူ လိုက်ဆိုနေမိသည်။ ကျလာသော မျက်ရည်တို့ကို မသုတ်မိတော့။
“တို့ ဒီပွဲကို ဆက်တိုက်ကြမယ်”
ကျောင်းဝင်းအပြင်ဘက် အရောက်တွင် ကျွန်တော်တို့အားလုံး သဘောတူ ကြသည်။ အင်းစိန်သို့ ကျွန်တော်တို့ ပြန်၍ ညနေက အဖြစ်အပျက်နှင့် ကျောင်းသားများကို အချုပ်ကားဖြင့် တင် လာမည့်အကြောင်း သတင်း ဖြန့်ကြသည်။ အထူးသဖြင့် မီးရထား တံခါး ပိတ်ချိန်နှင့် ကြုံ ကြိုက်ပါက တခုခု လုပ်ပေးနိုင်အောင် စောင့်ကြသည်။ ကျွန်တော်တို့ မျှော်လင့််ထားသလို ရထားတံခါး ပိတ်ချိန်တွင် အချုပ်ကားများ ပိတ်မိနေသည်။ လမ်းဘေးမှ လူများက စားစရာ၊ ဆေးလိပ်၊ ပိုက်ဆံစသည်ဖြင့် တတ်နိုင်သမျှ ပေးကမ်းကြသည်။ ကားပေါ်မှ ပစ်ချ ပေးသော စာကလေးများကို ဖတ်၍ ငိုကြသူများက မရှား။
ထိုအရှိန်ဖြင့် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲ ဝင်ကြသည်။ အင်းစိန်တမြို့လုံး စစ်သားများ လုံထိန်းများ၊ ရဲများဖြင့် နေရာအနှံ့ဖြစ်နေသော ဆန္ဒပြမှုများကို ဖြိုခွဲကြသည်။ ည၈နာရီခန့် တွင် ကျွန်တော်တို့အဖွဲ့ အင်းစိန် ဘူတာရုံထဲတွင် ပိတ်မိသွားသည်။ ထိုနေ့က ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင် ဝတ်ထား သော ကျွန်တော်တို့ကို လုံထိန်းများက လွယ်ကူစွာ ခွဲထုတ် ဖမ်းဆီးသွားခဲ့ ကြသည်။
“ဩော်…..ဘဝတွင် အိမ်မက်ပင် မမက်ခဲ့ဘူးသော ထောင်ဆိုသည့် အရသာကို မြည်းစမ်း ရပေ ဦးတော့မည်။”
ကျွန်တော် အထက်တွင် ဆိုခဲ့သလို ကျွန်တော့်တွင် နိုင်ငံရေး အသိုင်းအဝိုင်း၊မျိုးရိုးမရှိခဲ့။ သို့သော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အမည်ခံထားသည့် စစ်အုပ်စုက တချိန်လုံးလိမ်ညာ ဝါဒဖြန့် ဟန်ဆောင်ထားသည့် မင်းသားခေါင်းကို ဖြုတ်၍ စစ်အာဏာရှင် ဘီလူးရုပ်ကို ထင်ထင် ရှားရှား ထုတ်ပြသည်ကို ကျွန်တော် မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရသည်။ ထောင်ထဲ တွင် ရှိနေစဉ် ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ ထောင်မှ ပြန်ထွက်လာပြီး နောက်ပိုင်းတွင် သိလိုသည့် အချက်အလက်များ၊ မရှင်းလင်းသည်များကို စာအုပ်များမှ ရှာဖွေ ရသည်။ အတွေ့အကြုံ ရင့်ကျက်သူ များထံမှ မေးမြန်းရသည်။ ကျွန်တော့်ကို မည်သူမှ မရပ်တန့် နိုင်တော့။
ဩဂုတ်လတွင် ကျွန်တော်တို့၏ တိုက်ပွဲများ အမြင့်ဆုံးဖြစ်လာသည်။ မတ်၁၆ ရက်နေ့ တုန်း ကထက် ဆိုးသော သေကြေပျက်စီးမှုများ၊ ထိခိုက် ပျက်စီးမှုများ ပိုများ လာခဲ့လေသည်။ ထို့အတူ ကျွန်တော့် နှလုံးသားသည်လည်း ဒါဏ်ရာများစွာဖြင့် ရင့်ကျက်လာခဲ့သည်။ သွေးကြွေး ပေးဆပ်ရန် တာဝန်တွေလဲ ပိုများ လာခဲ့တော့သည်။
စက်တင်ဘာလ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပါတီဖွဲ့ကာ နိုင်ငံရေး လုပ်ငန်းများ လုပ်ဆောင် လာရသည့် အခါ ကျွန်တော့်အတွက် အတွေ့အကြုံများစွာ ရခဲ့သည်။ ထိုအခြေအနေ များက ကျွန်တော့်ကို ပိုမို ရင့်ကျက်လာစေသည်ဟု ထင်သည်။ ထိုမှ တဖန် ပိုမို ပြင်းထန်သော ယုံကြည်ချက်များနှင့် အတူ လွတ်မြောက်နယ်မြေသို့ ကျွန်တော် ရောက် ရှိခဲ့သည်။ ခက်ခဲကြမ်းတမ်းမှုများ၊ ရောဂါဘယများ၊ ငတ်မွတ် ခေါင်းပါးမှုများ၊ များစွာသော အရာ အားလုံးကို ကျွန်တော် ရဲဝံ့စွာ ဖြတ်သန်းခဲ့သည်ဟု မဆိုရဲပါ။
အချိန်ကာလ၊ အတွေ့အကြုံနှင့် တိုက်ပွဲတို့သည် လူသားတို့၏ တွေးခေါ်မျှော်မြင်မှုနှင့် အရည်အချင်း များကို ပိုမို တောက်ပြောင် လာစေသည်ဟု ဆိုသည်။ ကျွန်တော့် ကတော့ ထိုသို့ အတိ အကျ မဆိုချင်ပေ။ ထိုအရာများသည် တခါတရံ ပုံပြောင်းပေးနိုင်သော စက်ယန္တရားကြီး တခု အလား၊ တဖက်မှဝင်သွားကြစဉ်က အသွေးတူ၊ အရောင်တူ၊ ဖြူစင်မှုများ၊ စွန့်လွှတ် ပေးဆပ်မှု များနှင့်။ ပြန်ထွက်လာကြသည့် အခါ မယုံကြည်နိုင် လောက်အောင် ကွဲပြားခြားနားမှု များစွာဖြင့်၊ တချို့က ပိုမို တောက်ပြောင်လာသည်။ တချို့က မယုံကြည် နိုင်လောက်အောင် ပြောင်းလဲ ကုန်ကြသည်။
ဘာလိုလိုနှင့် ထိုယန္တရားကြီး မောင်းနှင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ကျွန်တော် တို့၏ ဒီမိုကရေစီ တိုက်ပွဲကာလသည် အနှစ်နှစ်ဆယ်ကျော် ရှိခဲ့ပြီ။ ယခု အခြေအနေတွင် သူများတွေ အကြောင်း အထူးအထွေ ကျွန်တော် မပြောလိုတော့၊ ထိုသို့ဆိုလျှင် ကျွန်တော် ကရော……..။
ကျွန်တော့်အား ယနေ့ထိတိုင် ခြောက်လှန့်နေသည့် ခြောက်အိမ်မက် တခုရှိသည်။ ထိုအရာကား မတ်လ ၁၆ရက်နေ့ မြင်ကွင်းပင်။ ထိုနေ့က သူတို့ကျခဲ့သော သွေးများနှင့် ကျွန်တော့်လက်မှ ကျခဲ့သော သွေးတို့သည် သံဆူးကြိုး ခြားထား၍ တနေရာစီ ဖြစ်သော်လည်း တသွေးထဲ တသားထဲဟု ကျွန်တော်ခံယူသည်။ သူတို့ သွေးသည် ကျွန်တော့်သွေးပင်၊ သူတို့ သွေးကြွေးသည် ကျွန်တော့် သွေးကြွေးပင်။
တခါတရံ ကျွန်တော် တွေဝေနေမိသည်။ ထိုသွေးကြွေးက ကျွန်တော့်ကို တွေဝေခွင့်မပေး၊ တခါတရံ စိတ်ပျက်စွာ ဘေးထွက်နေ ချင်မိသည်။ ကျွန်တော့်ကို ဘေးထွက်ခွင့်မပေး။ အများ သူငါလို အခွင့်အရေး ရယူချင် မိသည်။ ထိုအခွင့်အရေးသည် သွေးတို့ဖြင့်နီစွေးသည်။ သွေးညှီ နံ့ တို့ဖြင့် ထောင်းထောင်းထနေသည်။ ကျွန်တော် လက်လှမ်းရန်ကိုပင် မဝံ့။
သွေးကြွေးကို သွေးဖြင့်ဆပ်ရမည်ဟု ယခု အသက်အရွယ် အတွေ့အကြုံအရ ကျွန်တော် မဆို ချင်တော့။ သို့သော် ကျွန်တော် တွေ့ကြုံခဲ့ရသော စစ်အာဏာရှင် စနစ်ဆိုး အောက်မှ အဖြစ်ဆိုးမျိုး တွေကို နောက်မျိုးဆက် ကျောင်းသားတွေ၊ မြန်မာပြည်သူ လူထုတွေ မခံစား ကြရ စေလိုတော့။
ဒီမိုကရေစီထွန်းကားသော နိုင်ငံများ၏ အခြေအနေ အဆင့်အတန်းကို ကိုယ်တိုင် တွေ့ရမှ ကျွန်တော်တို့ တောင်းဆိုခဲ့သည့် ဒီမိုကရေစီ၏ တန်ဘိုးကို ပိုမိုသိလာရသည်။ ထို နိုင်ငံသားတွေ လူပီသစွာ နေနိုင်ခွင့်ကို မြင်ရမှ လူ့အခွင့်အရေး၏ နက်နဲသော တာဝန်ခံမှုကို ပိုနားလည် လာရသည်။ ကျွန်တော်ကိုယ်တိုင် တစိတ်တပိုင်းမျှ လွတ်မြောက် နေရစဉ်မှ အာဏာရှင် စစ်ဖိနပ်အောက်တွင် ပြားပြား မှောက်နေရသည့် ပြည်သူတို့၏ ဘဝကို ပို၍ စာနာရသည်။ သူတို့ မလွတ်မြောက်သေးလျှင် ကျွန်တော့် သွေးကြွေးတာဝန် မကျေ (တနည်း) ကျွန်တော် ထိုခြောက်အိမ်မက်မှ လွတ်မြောက်ခွင့် ရမည်မဟုတ်။
အချိန် မည်မျှကြာအောင် ကျွန်တော်တွေးနေမိသည် မသိ။ အရှေ့ဘက် အဝေး မိုးကုတ် စက်ဝိုင်းဆီမှ အာရုဏ်ဦး၏ ရောင်နီ ခပ်ပျပျကို မြင်တွေ့နေရပေသည်။ မှန်ပါသည်။
“မည်မျှ မှောင်သော ညပင် ဖြစ်ပါစေ ညပြီးလျှင်နေ့ ဖြစ်ရပါမည်။ အမှောင်ပြီးလျှင် အလင်းရောက် ရမည်။ ဒါက လောကသစ္စာတရားပင်။”
သို့သော် မြန်မာပြည်လူထုအတွက် အမှောင်ကတော့ ကြာရှည် လွန်းလှသည်ဟု ကျွန်တော် ထင်သည်။ ထိုအမှောင်ထု အောက်မှ ငိုငြီးသံများ၊ ရင်နင့်ဘွယ်ရာ ဘဝများ၊ ခါးသီး နာကျည်း ဖွယ်ရာများ၊ အနိဌာရုံများကို ကျွန်တော် မြင်နေရသည်။ ရောင်နီလာချိန်အထိ ကျွန်တော်တို့ ထိုင်စောင့်နေကြရန် မသင့်။
သဘာဝ နိယာမအရ ကမ္ဘာတဖက်ခြမ်းတွင် “ည” ဖြစ်နေစဉ် တခြား ကမ္ဘာတဖက်ခြမ်းသည် “နေ့ ” ဖြစ်နေသည်။ ဟိုးအရှေ့ဘက်ဆီတွင် ရောင်နီရှိသည်။ အရှေ့အရပ်ဆီသို့ သေချာစွာ ဦးတည်၍ ကျွန်တော်တို့ ခရီးနှင်ခဲ့လျှင် ထိုရှည်လျားသော ညတာကို ချုံ့နိုင်လိမ့်မည်။ သို့သော် အနောက်ဖက်ကိုသာ လျှောက်မိလျှင်မူ ထိုနိယာမအရ မဆုံးနိုင်သော အမှောင်ခရီးရှည်ကြီး ဖြစ်နေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ခရီးဆက်ရပေမည်။ အချို့က အလင်းရောင် လာသည်အထိ ထိုင်စောင့်နေကြ စေကာမူ လင်းအာရုဏ်ဦးဆီသို့ ဦးတည်၍ ကျွန်တော်တို့ မဖြစ်မနေ ခရီးနှင်ရ ပေဦးမည်။
မြန်မာပြည်၏ အမှောင်ညတာတွေ ဆုံးပါစေတော့။
(ဒီမိုကရေစီ တိုက်ပွဲကာလအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များနှင့် ဆက်လက်တိုက်ပွဲဝင်နေသူ အားလုံးကို ဦးညွှတ်လျှက်)
D-wave
2.07.2009
ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ
အဲဒါက မနက်ပိုင်း..... ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျမတို့ ညီအမလေးယောက်နဲ့ ဒေါ်ကြီး ထမင်းတွေ ဟင်းတွေ လ္ဘက်သုတ် ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တက် ချမ်းသာကြီး တန်ဆောင်းမှာ ပု တီးစိတ် စကားတွေ ပြောပြီး ....။ ခေါင်းလောင်းထိုး.. လူနှင်တော့မှ မဆင်းချင် ဆင်းချင်နဲ့ ကျမတို့ ဆင်းလာ ခဲ့ကြတယ်။
ကျမတို့  ညီအမ ဘုရားကို မနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့ တော့ မထင်စေချင်ဘူး ။
အကြောင်းအရာ တစ်ခု စလိုက်ရင် တစ်ယောက်တစ်ပေါက် မပြီးနိုင် မစီးနိုင် ပြောတာတွေ..... ရင်ထဲမှာ စုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော.... ကြုံရင်ကြုံသလို နောက်တုန်း..။
ကျမကတော့ အကုန်စပ်စု၊ တွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက အလှူခံပုံးတွေ အကြောင်း ကျမ သိလာခဲ့  ရတယ်၊ ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု ကောင်လေး တစ်ယောက် က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာ ထမ်းယူသွားတယ် ...။ ပြီးရင် တစ်ပုံးပြီးတစ်ပုံး မမောနိုင် မပမ်းနိုင် သူ ထမ်းနေတာ ဘုရားမှာ ရှိသမျှပုံး အကုန် တစ်နေရာမှာ သူသွားသွားစုတာ တစ်နေ့ လဲ မဟုတ် နှစ်နေ့ လဲ မဟုတ် စဉ်းစားကြည့်ပါဦးရှင့်.....။
ကျမတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့ ရွှေတိဂုံဘုရားပေါ်မှာ အဲလို သိမ်းတာ တစ်ခါမှမတွေ့ ဘူးခဲ့ ဘူး...။
အခုဆယ်နာရီဆိုရင် ဘုရားဖူးတွေ အကုန်ဆင်း ဂေါပကနဲ့ ၀န်ထမ်းပဲ ကျန်တာ....။သော့ခတ်ထားတဲ့ အလှူခံ ပုံးကို ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့ မတူပေဘူးလား....။ ပုတုတုနဲ့ အဲ့ဒီ ပုံးလာထမ်းတဲ့ ကောင်လေး ကို........... မမလေ......... သိတယ်နော်။
“ဟဲ့ နင်ကို ဘယ်သူ ဒဏ်ပေး ထားတာတုန်း”လို့ ကျမမေးတော့.....“ ဗျာ.... အမ” တဲ့ “အဲဒီ ပုံးတွေထမ်းပြီး ဘယ်ယူ သွားတာတုန်း” ဆို တော့ သိမ်းတာလေတဲ့ ။
“ဟဲ့ နင်အားနေလား နင့်ဘယ်သူ သိမ်းခိုင်းတာလဲ ..အဲဒါ ဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ ခိုးမဲ့သူ မရှိဘူး” ဆိုတော့...။
“မဟုတ်ဘူးအမ ကျနော်တို့ က ၀န်ထမ်း.... ဒါကျနော်တို့ သူဌေးပိုင်တာ”တဲ့ .....။ကျမ ခေါင်းနဘမ်း ကြီးသွား သလို အမတွေလဲ အနားတိုး လာတယ်။
“ရှင်းရ
ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို......။ အမတို့ အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့ ....။ “နင့်သူဌေးကဗုဒ္ဓဘာသာလား ဆိုတော့ မဟုတ်ဘူး..... ဘာသာခြား”တဲ့  မလတ်က “ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး ...မမ... နင်မေးရက်တယ်”တဲ့ ...။
“မလတ်ရယ် ဗုဒ္ဓဘာသာတွေ လုပ်လို့  ဒီအလှူငွေတွေ ဘာသာခြား လက်ထဲ ရောက်ကုန်တာ မဟုတ်လား” ဆိုတော့မှ မလတ်က “မဟုတ်ဘူးတဲ့  ဗုဒ္ဓဘာသာ မဟုတ်တဲ့ စီးပွါးရေး ချွတ်ခြုံကျ နေတဲ့ လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ့ အလှူငွေတွေရော၊ ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို သိန်းငါးထောင်နဲ့ ဘာသာခြားလက်ထဲ မှာပေါင်ထားတာပေါ့” တဲ့ ...။ “ငါတို့ က ဘုရားကို ရည်စူးပြီး လှူတယ် ။ လက်စသတ်တော့ ကုလားက ရနေတာကိုး”တဲ့ ။ အဲဒီနေ့ ကစလို့ ဘုရားကို ရေလှူ ၊ ပန်းကပ် ရွှေသင်္ကန်း ကပ်ရုံကလွဲလို့  သော့ခတ်ထားတဲ့  အလှူခံပုံးတွေထဲ ကျမတို့  အလှူငွေ မထည့်တော့ဘူးရှင်.......
မှတ်ချက်။ ။ အဲဒီကိစ္စ လုံးဝမဟုတ်ပါဘူး ဆိုလျှ
အီးမေးမှ ဖေါ်ဝပ်လုပ်ပေးပို့လာခြင်း ဖြစ်ပါသည်။ ရေးသူအမည် မပါရှိပါ။