11.30.2008

လှုပ်လေမြုပ်လေ ဆုပ်လေစူးလေ(ဆောင်းပါး-မောင်မောင်လှကြိုင်)

လှုပ်လေမြုပ်လေ ဆုပ်လေစူးလေ

မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ မြင်ကွင်းမလှပါဘူး။ အာဏာပိုင်တွေက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စံနစ်တကျ နှိပ်ကွပ်နေပါတယ်။ တသက်တကျွန်းထက်ပိုတဲ့ နှစ်ရှည်ထောင်ဒဏ်များကို မတရားစီရင်မှုတွေနဲ့ အကျဉ်းချနေပါတယ်။

ဒါဟာ အာဏာပိုင်တွေကို မဆန့်ကျင်ရဲအောင် ခြောက်လှန့်တာဖြစ်သလို နအဖရဲ့ ၇ ချက်ပါလမ်းပြမြေပုံကို အပြီးတိုင်ဆောင်ရွက်ရေးလမ်းကြောင်းမှာ အနှာက်အယှက်တွေကိုရှင်းလင်းတာလဲဖြစ်ပါတယ်။ အာဏာပိုင် တွေကို မထီလေးစား ဖီဆန်ဆန့်ကျင်တာကို အငြှိုးထားလက်စားချေတာလဲဖြစ်ပါတယ်။

ဗြိတိသျှနယ်ချဲ့ခေတ်ကမှ ‘သခင်ပေါက်စ ထောင်ခြောက်လ’ ပဲရှိပါတယ်။ အခု နအဖ မတရားစီရင်တဲ့ ထောင်ဒဏ်ဟာ အဲဒိခေတ်ကထက် အဆ ၁၃၀ (၆၅ နှစ် x ၁၂=၇၈၀ လ) ရှိနေပါတယ်။

ဦးတင်ဦးနဲ့ဒေါ်စုတို့ကိုလဲ အာဏာပိုင်ကိုအတိုက်အခံပြုတဲ့အတွက် အကန့်အသတ်မရှိဆိုသလို နေအိမ်အကျယ် ချုပ်ချထားပါတယ်။ အတိုက်အခံတိုင်းရင်းသားခေါင်းဆောင်ကြီးများကို နှစ် ၈၀ ကနေ နှစ်ရာကျော်ထောင်ဒဏ် တွေ ချမှတ်ခဲ့တာရှိပါတယ်။ အတိုက်အခံခေါင်းဆောင်များအဖြစ် လုပ်ရဲရင်လုပ်ကြလို့ ခြိမ်းခြောက်စိန်ခေါ်ထား တာပါ။

နှစ်ရှည်ထောင်ဒဏ် မတရားအချခံလိုက်ရတဲ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားသူများဟာ မတရားပြစ် ဒဏ် ၂ ခု ကျခံလိုက်ရတာပါ။ တခုကတော့ နှစ်ရှည်ထောင်ဒဏ်များပါ။ နောက်တခုကတော့ နယ်နှင်ဒဏ်ပါ။ မိသားစုနဲ့ဆွေမျိုးသားချင်များ လာရောက်တွေ့ဆုံနိုင်မှုခက်ခဲတဲ့ ဝေးလံတဲ့ထောင်များကိုပြောင်းရွှေ့ပို့ဆောင်ခံရ ခြင်းပါ။ ပြစ်ဒဏ်နှစ်ခုစလုံးနဲ့ စိတ်ဓါတ်ပိုင်းကို ရိုက်ချိုးလိုက်တာပါ။

၂၀၁၀ ဆိုတာ နှစ်ဦး ဇန္န၀ါရီလကနေ နှစ်နှောင်းပိုင်း ဒီဇင်ဘာအထိပါ။ ၂၀၁၀ မှာပြုလုပ်မဲ့ရွေးကောက်ပွဲဟာ တနှစ်ကျော်ကျော်ကြီးများတောင်လိုတယ်လို့ပြောမရပါဘူး။ နအဖ ထုံးစံအတိုင်း အချိန်ကိုတိတိကျကျ ပြောမ ထားပါဘူး။ သူတို့ လုပ်ချင်ရင် အာဏာရှင်တို့ရဲ့လက္ခဏာတရပ်ဖြစ်တဲ့ “ဖ ဦးထုပ်သုံးလုံး”လမ်းစဉ်အတိုင်း “တ်ြခနဲပေါ်တဲ့အစီအစဉ်ကိုြုတ်ကနဲထပြီး စ်ြကတတ်ဆန်း” လုပ်ကြမှာပါ။ ဒါကြောင့် ၂၀၁၀ မှာလုပ်မယ် ဆိုတဲ့ရွေးကောက်ပွဲကို ၂၀၁၀ နှစ်ဦးမှာ မလုပ်သေးဘူးလို့အသေအချာ မပြောနိုင်ပါဘူး။ အများဆုံး လိုလှမှ တနှစ်စွန်းစွန်းလောက်ပဲရှိတော့မှာပါ။ အတိအကျကိုတော့ နအဖခေါင်းဆောင်ပိုင်းအချို့နဲ့ သူတို့ရဲ့ ဝေဒဆိုင်ရာ အကြံပေးများပဲသိမှာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးထောင်ခါပွဲမှာပဲ အကျဉ်းသား ၉၀၀၂ ယောက်ကိုလွှတ်ပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်စက်တင်ဘာက ရွှေဝါရောင်တော်လှန်ရေးလို အရေးတော်ပုံမပေါ်ပေါက်ဖို့၊ ၂၀၀၉ ခုနှစ်မှာ နအဖအတွက် အကောင်းဖြစ်ဖို့ ကက်ကင်းကိုက် ယတြချေတာပါ။

မတရားရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့အညီပြုလုပ်မဲ့ ရွေးကောက်ပွဲပြီးလို့ စိတ်ကြိုက်အစိုးရဖွဲ့ပြီးရင် စိတ်ချရပြီ လို့ တွက်ဆကာ အောင်ပွဲခံတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ကောင်းလွှတ်မှာပါ။ နာမည်ကောင်း ယူကြဦးမှာပါ။

ဗိုလ်သန်းရွှေကလဲ လမ်းပြမြေပုံကို အောင်မြင်အောင်ဆောင်ရွက်ဖို့ဟာ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကြောင့် နအဖအနေနဲ့က တဘက်သတ်စီစဉ်ထားတဲ့ လမ်းပြမြေပုံမှ တရွေးသားအလျှော့ ပေးမှာမဟုတ်ပါဘူး။ ဘယ်ဖိအား ဘယ်စကားနဲ့ပဲ နားချနားချ နားယောင်မှာမဟုတ်သလို နားထောင်မှာလဲ မဟုတ်ပါဘူး။ “ဘယ်သူသေသေ ငတေမာဖို့”ပဲရှေ့ရှုသွားနေမှာပါ။

အာဏာပိုင်တွေကို ဆန့်ကျင်တယ်လို့ယူဆရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်လိုက်လို့ နောင်ကြဉ်သွားကြမှာပဲ၊ ၂၀၁၀ အတွက်ခလုတ်ကသင်း ရှင်းသွားမှာပဲလို့ နအဖက ထင်တလုံးနဲ့ ကျေနပ်အားရ နေမှာအမှန်ပင်။ သူတို့မြော်လင့်မထားတဲ့ ကွင်းဆက်ဖြစ်ရပ်တွေက တရစပ်ပေါ်ပေါက်လာနေပါတယ်။ မတရား အပြစ်ပေးခံလိုက်ရသူတွေကိုယ်တိုင်သာမက သူတို့ရဲ့မိသားစုဝင်တွေကပင် အထူးသဖြင့် မိခင်များ၊ အစ်မ ညီမ များကပင် ယုံကြည်ချက်ကြောင့်မတရားအပြစ်ဒဏ်ခံသွားရသူများအတွက် ဂုဏ်ယူဝင့်ကြွားစွာ အားပေးစကား များနဲ့ အာဏာပိုင်များရဲ့မတရားစီရင်မှုကို အန်တုရှုတ်ချလိုက်ကြပါတယ်။ စိတ်ဓါတ်များ ယိုင်လဲမသွားကြပါဘူး။

ပြည်တွင်းပြည်ပရှိပြည်သူအများကလဲ ခံပြင်းဒေါသဖြစ်နေကြပါတယ်။ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာအဖွဲ့အ စည်းများကလဲ ပြစ်တင်ရှုတ်ချကြပါတယ်။ လုံခြုံရေးကောင်စီကလဲ နအဖရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နိုင်ငံကြီးများကလဲ ပိုမိုဖိအားပေးအရေးယူဆောင်ရွက်ဖို့ စိုင်းပြင်းလျက်ရှိနေကြပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်စုနဲ့ စွယ်စုံအနုပညာရှင် ကိုသူရ ခေါ် ဇာဂနာကို နိုင်ငံတကာဆုများချီးမြှင့်လိုက်ကြပါတယ်။ အားနည်းသူများဘက်က အားပေးအားဖြည့်လိုက်ကြပါတယ်။

နအဖ နိုင်နင်းစွာမကိုင်တွယ်နိုင်တဲ့ အရေးအကြီးဆုံး ၂ ခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့စီးပွားရေးကဏ္ဍပါ။ အခုလို နအဖက မတရားတဲ့တရားစီရင်မှုနဲ့ မတရားဥပဒေတွေနဲ့နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းမှာ ခိုင်မာတိ ကျတဲ့ တရားဥပဒေစိုးမိုးခြင်းမရှိကြောင်း မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးမရှိတဲ့အုပ် ချုပ်ရေးယန္တရားအဖြစ် နအဖအပေါ် ယုံကြည်မှုအား အလွန်အားနည်းသွားစေပါတယ်။ နအဖကတော့ ‘လှုပ်လေ မြုပ်လေ ဆုပ်လေစူးလေ’ ဖြစ်နေပါပြီ။

စီးပွါးရေးမှာလဲ အများပြည်သူအကျိုးဖြစ်ထွန်းစေမဲ့ မူဝါဒလဲ နအဖမှာ ခိုင်ခိုင်မာမာမရှိလှပါ။ ဒါကြောင့်လဲ အများ ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ အလွန်နည်းပါးပါတယ်။ ဆင်းရဲချမ်းသာမှုဟာ အလွန်ကွာဟလျက်ရှိ နေပါတယ်။ မြန်မာပြည်သူအများစုရဲ့ဆင်းရဲတွင်းဟာ နက်သထက်နက်နေပါတယ်။ ကမ္ဘာ့စီးပွါးေးရကပ်သင့်နေ တဲ့မျက်မှောက်ကာလမှာ စီးပွါးရေးအကြပ်အတည်းဒဏ်ကို အနည်းနဲ့အများခံနေရပါပြီ။ ကာလကြာလာတဲ့အခါ များစွာခံရမှာဖြစ်ပါတယ်။ အခြားနိုင်ငံများအနေနဲ့ ဒီဒဏ်ကို ပြန်လည်ကုစားနလန်ထူနိုင်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေး (good governance) တရပ်ဖြစ်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့စီးပွါးရေး ဆိုတာတွေ ချိနဲ့အားနည်းနေတဲ့နအဖအတွက်ကတော့ ဒီ ဂယ်ပေါက် ကထွက်နိုင်မှာမဟုတ်ပါ။ နအဖကတော့ ‘လှုပ်လေ မြုပ်လေ ဆုပ်လေစူးလေ’ ဖြစ်နေပါပြီ။

စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံသစ်အဖြစ် အဓွန့်ရှည်ရပ်တည်နိုင်ဖို့အတွက် ပြည်သူအများချစ်ခင်ကြည်ညိုလေးစားခံ ရတဲ့အုပ်ချုပ်သူများဖြစ်အောင် နအဖအနေနဲ့ အများရဲ့တောင်းဆိုမှုတွေကိုအလေးထားလုပ်ဆောင်ရန်မှာ အချိန် မနှောင်းသေးပါ။ အချိန်မှီပြန်လည်စဉ်းစားကာ ပြင်ဆင်ဆောင်ရွက်မှသာ ‘လှုပ်လေ မြုပ်လေ ဆုပ်လေ စူးလေ’ မဖြစ်မှာပါ။

မောင်မောင်လှကြိုင်

၂၀၀၈-၁၁-၂၇

No comments:

Post a Comment