Showing posts with label စကားစမည်. Show all posts
Showing posts with label စကားစမည်. Show all posts

12.19.2008

ကိုရင်မောင်နှင့်စကားစမည်

ယူဖရေးတီးစ်နဲ့ တိုက်ဂရစ်ကြားက ညပ်နေတဲ့ဖိနပ်တစ်ရံ

ကိုရင်မောင်ရေ

ခင်ဗျားလည်း ကျုပ်ရဲ့ “သော့အိမ်” အကြောင်း ပြောမဆုံးပေါင်တောသုံးတောင်တွေနဲ့ နည်းနည်းတော့ ငြီးလောက်ရော့မယ်။ ဒီတော့ ဒီတပတ် ခင်ဗျားလည်းအငြီးပြေလေးဖြစ်အောင်လို့ ကာလပေါ်လေးတွေ ပြောင်းပြောချင်တယ်ဗျာ။ မနေ့က ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့ ဆေးလိပ်လေးကောက်ဖွာရင်း တောင်တွေးမြောက်တွေးလုပ်နေချိန်ပေါ့၊ ကျုပ်မိတ်ဆွေတယောက်က “ရုပ်မြင်သံကြားသတင်း ဖွင့်ကြည့်-ဖွင့်ကြည့်” လို့ ရေးကြီးသုတ်ပြာပြောပြီး ဖုန်းချလိုက်တယ်။ ကျုပ်လည်း ဒီလူ့နှယ် အဆုံးမရှိအစမရှိ ဘာပါလိမ့်ပေါ့။ ဒါနဲ့ တီဗွီလေး ထဖွင့်လိုက်တယ်ဗျာ။ သတင်းကဆုံးတော့မယ်။ သတင်းကြေငြှာသူကလည်း နောက်က “ကျား” လိုက်နေတဲ့အတိုင်းပဲ။ ပြောနေလိုက်တာ။ ကျုပ်လည်း သေသေချာချာမကြားလိုက်မိဘူး။ နားစွန်နားဖျားကြားလိုက်ရတာ “ရှူးဖိနပ်” ဆိုတာရယ် “သမ္မတဘုရှ်” ဆိုတာရယ် လောက်ပဲ။ ဟ.. ဘာများတုန်း။ သတင်းက သမ္မတကြီး ရှူးဖိနပ်များ ဘယ်ညာမှားစီးမိလို့လား။ ဖိနပ်ကို သာမန်လူတယောက်က ဘယ်/ညာ မှားစီးမိရင် သတင်းမဖြစ်ပေမယ့် သမ္မကြီးတယောက် မှားစီးမိရင်တော့သတင်းဖြစ်နိုင်တာပေါ့။ သမ္မကြီးတယောက်လုံးလုပ်နေပြီး ဖိနပ် ဘယ်/ညာ တော့ မှားမစီးလောက်ပါဘူး။ ဒါဆို သူများဖိနပ်များမှားစီးမိလို့လားပေါ့။ ဒါလည်းမဖြစ်လောက်ပါဘူး။ တို့ဆီမတော့ အလှူ မင်္ဂလာဆောင်တွေများ ဖြစ်ပလားဆို လူတွေ တယ်လည်း ဖိနပ်မှားတတ်ကြသကိုး။ ဒီမှာ ဖိနပ်မှားရအောင်လည်း သူတို့အလှူ မင်္ဂလာဆောင်တွေမှာ ဖိနပ်ချွတ် စရာမလိုတဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါဆို ဘာဖြစ်တာလဲ။ သိချင်စိတ်က ရွပိုးထိုးလာတယ်။ ဒါနဲ့ ဘယ်ရမလဲ အွန်လိုင်း တက်ကြည့်တာပေါ့။ သတင်း နောက်တကြိမ်ပြန်စောင့်ရမှာက ကြာနေဦးမယ်။

တွေ့ပြီဗျို့.. တွေ့ပြီ..။ လား..လား ကျုပ်ထင်ထားတာတွေ တခုမှမဟုတ်ဘူးဗျို့။ အမေရိကန်ပြည်ထောင်စု သမ္မတကြီး ဂျော့ရှ်ဒဗလျူဘုရှ်တယောက် အီရတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်နေတုန်း အီရတ်လူမျိုး သတင်းထောက်တယောက်က စီးထားတဲ့ဖိနပ်ကို ချွတ်ပြီး ထပေါက်ထဲ့လိုက်တာတဲ့ဗျား။ ကျုပ်လည်း တီဗွီရှိုးမှာတင်ထားတာတွေ အကုန်လိုလို လိုက်ကြည့်လိုက်တယ်။ တခုတည်းဆို မသေချာ မှာ စိုးတာရယ်။ မပြည့်စုံမှာ စိုးတာရယ်နဲ့။ ဟုတ်တယ်ဗျို့ သေချာတယ်။

စစခြင်း အမေရိကန်သမ္မကြီးနဲ့ အီရတ် ၀န်ကြီးချုပ် နော်ရီအယ်လ်မလီကီးတို့ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြတယ်ဗျ။ ပြီးတော့ သမ္မတကြီးက တက်လာတဲ့ သတင်းစာဆရာတွေကိုပြောဖို့ စလိုက်တယ်ဆိုရင်ပဲ နောက်နားမကျတကျက လူတယောက်က ရုတ်တရက် ထတဲ့ပြီး စီးထားနဲ့ဖိနပ်နဲ့ ချွတ်ပေါက်တော့တာဗျို့။ ဘယ်ရမလဲ သမ္မတကြီးကလည်း အသာလေးငုံ့ရှောင်လိုက်တာပေါ့။ အံမယ် တဖက်နဲ့ပေါက်ပြီး အားမရလို့ထင်တယ်။ ပုဂ္ဂိုလ်က နောက်တဖက်ပါ ချွတ်ပြီးထပ်ပေါက်တာဗျို့။ သမ္မကြီးကလည်း ထပ်ရှောင်ပေး လိုက်တာပေါ့။ အာဂလူဗျာ။ မပေါက်ခင် ပါးစပ်ကလည်း တခုခုရေရွတ်လိုက်သေးတယ်။ ဘာလဲတော့ မသဲကွဲဘူး။ ဘေးကလူတွေက ဆွဲတော့ဆွဲကြတယ်။ ဒါပေမယ့် မမှီလိုက်ဘူး။ မြန်ချက်တော့။ လက်လည်း အတော်တည့် တဲ့ကောင်ဗျာ။ ရှောင်လို့၊ မရှောင်ရင် မျက်နှာတဲ့တဲ့ကြီး။ ချက်ခြင်းတော့ ချက်ချင်းပါပဲ၊ သမ္မတကြီးရဲ့ အနီးကပ် အရပ်ဝတ်သက်တော် စောင့်တွေ ဒီလူ့ကို အတင်းဝင်ဖမ်းချုပ်ပြီး အခန်းပြင်ဆွဲထုတ်သွားတယ်။ ဒီလူလည်း ၀ူးဝူးဝါးဝါးနဲ့ ဘာတွေလည်းမသိဘူး အော်ပြီး ကန့်လန့်ကန့်လန့်နဲ့ ဒရဥ့်တိုက်ပါသွားတော့ပါဘဲ။ ဒါပေမယ့် သမ္မတကြီးကို ဒီလူ ဖိနပ်နဲ့မပေါက်ဖြစ်အောင်တော့ ကြိုတင်မကာကွယ် လိုက်နိုင်ကြရှာဘူး။ ဖြစ်ဖြစ်ချင်းတော့ အခန်းထဲရှိတဲ့ လူတွေလည်း ရုတ်ရုတ်သဲသဲတော့ နည်းနည်းဖြစ်သွားတာပေါ့။ အံ့အားလည်းသင့် လန့်လည်းလန့်သွားကြတယ် ထင်ပါရဲ့ဗျာ။ ဖြစ်လည်းဖြစ် လောက်စရာပဲ။ စဉ်းစားကြည့်လေ။ ဖိနပ်နဲ့မို့သာပဲ။ သေနတ်နဲ့သာဆို ပြဿနာ။ ခဏနေတော့ သမ္မတကြီးကလည်း သတင်းစာရှင်းလင်း ပွဲကိုပြန်စပြီး ပြီးတဲ့အထိလုပ်သွားတယ်။ ပြန်စစချင်းတော့ သမ္မတကြီးလည်း မျက်နှာတော့ပျက်ချင်ချင်ရယ်။ မနည်းပြန်အဖတ်ဆယ်ရတာပေါ့။ ရာဇအိနြေ္ဒကို ထိပါးခံရတားကိုး။ ခင်ဗျားလည်း စဉ်းစားကြည့်လေ။ သမ္မတ ဖိနပ်နဲ့ အပေါက်ခံရတယ်လို့။ ကျုပ်တော့ ကြား ကြားဖူးပေါင်ဗျာ။ သမ္မတမှ ရိုးရိုးသမ္မတမဟုတ်ဖူး။ အမေရိကန်သမ္မတ။ အမေရိကန်သမ္မတဆိုတာ ကမ္ဘာပေါ်မှာတော့ စကြာဝတေးမင်းလောက်နီးနီး တန်ခိုး ထက်တာကိုးဗျ။ အမေရိကန် သမ္မတရွေးကောက်ပွဲများ လုပ်ပလားဟေ့ဆို၊ ကမ္ဘာ့နိုင်ငံအသီးသီးက အာရုံစိုက်ပြီးတော့ကို နားထောင် ကြတာမို့လား။ ဘယ်သူများနိုင်မလဲ။ ဘယ်သူနိုင်ရင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်ဦးမှာလဲ။ ကောင်းမလား။ ဆိုးမလား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ကျုပ်လည်း အမေရိကန်ပြည်ထောင်စုမှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ သမ္မတသူ့အပြင် ဘယ်သူများရှိသေးလဲလို့ လက်လှမ်းမီသလောက် မေးမြန်းကြည့်တော့လည်း ဘယ်သူမှ မရှိခဲ့ဖူးဘူးလို့ပြောကြတယ်။ အံ့ရောဘဲ။

လူတယောက်ကို စီးထားတဲ့ဖိနပ်နဲ့ပေါက်တာဆိုတာ အီရတ်အမျိုးသားတွေမှာ တော်တော့ကို မဖွယ်ရာတဲ့အပြုအမူလို့ဆိုတယ်။ လူတယောက်ကို အရှက်ခွဲချင်ရင်၊ မနှစ်မြို့တာကို အဆုံးစွန်ဆုံးထိပြချင်ရင် အဲသလို လုပ်လေ့ရှိတယ်လို့ ပြောကြတယ်ဗျ။ ကျုပ်က ဒါကို ကြည့်ပြီး၊ ဒီလူဘာတွေများ ဒီလောက်တောင် ဖြစ်သွားရတာလဲ။ ဘာကို မကြေမချမ်းဖြစ်သွားတာလဲ။ သမ္မတကြီးကရော ဘာတွေများ သူမကြိုက်တာတွေ သွားပြောမိလိုက်လဲ။ ဒီလောက်တောင် ချက်ချင်းကြီး ဘယ်လိုမှတားမရဆီးမနိုင် ဒေါသတွေထွက်ရတာလဲ။ နောက်ဆက်တွဲသတင်းတွေ ဆက်နားထောင်ကြည့်တယ်ဗျာ။ နည်းနည်းလည်း စိတ်ဝင်စားတာကိုး။ သတင်းဌာနတွေအဆိုအရတော့ အမေရိကန်နဲ့အီရတ်အစိုးရကြားမှာ သဘောတူညီချက်စာချုပ်တစ်ခုကို အပြန်အလှန်လက်မှတ်ထိုးတယ် ဆိုတယ်ဗျာ။ စာချုပ်ထဲ ဘာတွေ ပါတယ်၊ ဘာတွေ သဘောတူလိုက်ကြတယ်ဆိုတာတော့ ကျုပ်လည်းမသိသေးဘူးဗျ။ ကျုပ်တွေ့တာမှာလည်း သမ္မတကြီးက ဘာမှတောင် သိပ်ပြီး စမပြောရသေးဘူး ဖြစ်သွားတာဗျ။

အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ အရေးအခင်းကြီး ဖြစ်ပြီးကတည်းက ဘယ်တုန်းကနဲ့မှမတူအောင် ပြည်တွင်းလုံခြုံရေး အစီ အစဉ်တွေတင်းကျပ်လာတယ်ဗျာ။ အရင်ကထက် ပိုပြီးလုံခြုံဖို့လိုလာတယ်၊ အခုအရင်ကလောက် လုံခြုံမှုမရှိတော့ဘူးဆိုတဲ့ သဘောပေါ့ဗျာ။ အမိမြေလုံခြုံရေးဝန်ကြီးဌာနဆိုပြီး ဖွဲ့ယူရတဲ့အထိဖြစ်လာတယ်။ ပြည်သူတချို့နဲ့ အခွင့်အရေးဆိုင်ရာ အုပ်စုတွေက ဒါကိုမကြိုက်ကြဘူး။ ဒါပေမယ့် လုပ်ရတာပါပဲ။ အခု သမ္မတကြီးခရီးစဉ်ဆိုလည်းကြည့်လေ တရားဝင် ဘယ်နိုင်ကို၊ ဘယ်အချိန်မှာသွားမှာပါလို့ ကြိုတင်ကြေညာတာမလုပ်ဘဲနဲ့ ထွက်သွားခဲ့တာ။ ဒါပေမယ်လို့ လုံလောက်တဲ့ လုံခြုံရေးအစီအမံတွေ ရှိထားပြီးသားနေမှာပါ။ နောက်တခု ကလည်း သမ္မတကြီးရဲ့ သတင်းစာရှင်းလင်းပွဲဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာကလား။ သတင်းသမားတွေကို ကြိုတင်ပြီးလိုအပ်တဲ့ စစ်ဆေး ရှာဖွေမှုတွေ လုပ်ပြီးမှတက်ရတာလေ။ သွားတာက အီရတ်နော် တခြားနိုင်ငံမဟုတ်ဘူး။ ပိုတောင်လိုဦးမယ်။ နောက်ပြီးလုပ်တဲ့နေရာကလည်း ဟင်းလင်းကွက်လပ်ထဲမှာ မဟုတ်ဘူး။ အဆောက်အဦးထဲမှာ ကျကျနနလုံခြုံရေး အစီအစဉ်တွေမပါပဲ လုပ်ခဲ့တာတော့ မဖြစ်နိုင်ဘူး။ လုံခြုံရေး တာဝန်ရှိသူတွေကလွဲလို့ ဘယ်သူ့မှ လက်နက်ကိုင်ဆောင်ဝင်ရောက်ခွင့်ပေးမှာလည်းမဟုတ်ပါဘူး။

ဒီတော့ ကျုပ်တွေးမိတယ်။ ဒီ့လူ ဒီလုပ်ရပ်ဟာ လုပ်ကြံသတ်ဖြတ်ဖို့တော့ ဘယ်နည်းမှမဟုတ်ဘူး၊ ထင်ရှားတယ်။ ဒါဆို အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်တာ သက်သက်တင်ပဲလား။ ဒါမှမဟုတ် နာမည်မကြီးကြီးအောင် စတန့်ထွင်တာလား။ စတန့်ဆိုရင်လည်း သူ့စတန့်က မြွေပွေးကိုသွား ကလိထိုးသလိုပဲ။ အန္တရာယ်သိပ်ကြီးတယ်။ သူလည်း မသိပဲတော့နေမှာမဟုတ် သိမှာပဲ။ သမ္မတကြီးပြောလိုက်တဲ့စကားထဲမှာ သူ ဒီလို ထပေါက်ဖြစ်လောက်အောင် ဘာများမခံချင်စရာပါသွားလည်း။ ကျုပ်လည်း ဉာဏ်မီသလောက် တော့ တွေးကြည့်နေတုန်းဗျာ။ အချက်အလက်ကလည်းမရသေး၊ မရှိသေးဘူးဆိုတော့ ပြောဖို့တော်တော်ခက်နေတယ်။

ဒါပေမယ့် ဒီအဖြစ်အပျက်မှာ လုပ်သူဖက်က ကြည့်ရင်လည်းမတော်ပါဘူးဗျာ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူတခုလို့ ကျုပ်ခံစားမိတယ်။ မလုပ်ကောင်းဘူးလို့ထင်တာပါဘဲ။ ခံရသူဖက်က ပြန်တွေးကြည့်ပြန်တော့လည်း အောင့်တောင့်ကြီး။ မသကာ သေနတ်နဲ့ ပစ်ခတ်တယ်ဆို လူကြားလို့ကောင်းသေးတယ်။ သေရင်လည်းသေပေါ့ဗျာ။ မသေမပျောက်ခဲ့ရင်လည်း ဒီလူ့ကို လုပ်ကြံမှုနဲ့ တရားစွဲ ထောင်ချ။ လိုအပ်ရင်သေဒဏ်ပေးလိုက်ရုံ ရှိတာပဲ။ အခုတော့ဗျာ အရပ်ရပ်နေပြည်တော် ကြော်မကောင်းကြားမကောင်း။

ဒီလူ့ သတင်းဌာနကတော့ ဒီလိုပြောတယ်ဗျ “ဂျော့ခ်ျဘုရှ်က အီရတ်ကို ၀င်တိုက်တုန်းက၊ အီရတ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ အပြည့်အ၀ရရှိအောင် လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အခုလည်း သူတို့သတင်းထောက်ဟာ သူမကြေနပ်ချက်ကို ဒီလိုနည်းနည်းနဲ့ ဆန့်ကျင်ပြသတာဟာ သူ့ရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ကို ဖေါ်ထုပ်ပြသလိုက်တယ်ဖြစ်တယ်။ သူ့ကို ဖမ်းဆီး လို့မရဘူး။ ချက်ချင်းပြန်လွှတ်ပေးရမယ်” လို့ပြောတယ်ဗျ။

ကျုပ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးရပိုင်ခွင့်တွေအရ ဒီလိုပြုမူလုပ်ဆောင်တာဟာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဖြစ်တယ်ဆိုဦးတော့ ဒီလူ့လိုတော့ မလုပ်ချင်ပါဘူး။ တခြားနည်းတွေကို ရွေးမိမလားမပြောတတ်ပါဘူး။ သမ္မတကြီးနေရာက ကြည့်ပြန်တော့လည်း သေနတ်နဲ့ အပစ်ခံလိုက်ရတာကမှ တော်ဦးမယ၊် အခုတော့ ဖိနပ်နဲ့ အပေါက်ခံလိုက်ရတာဆိုတော့………..။

မျိုးမြင့်ချို

11.25.2008

ကိုရင်မောင်နှင့်စကားစမည်

“သော့အိမ်က ပုရွက်ဆိတ်များ”

ကိုရင်မောင်ရေ

ကျုပ် ပုရွက်ဆိတ်တွေအကြောင်း ပြောပြမလို့ ဗျ။ ဘာကြောင့်အဲဒီသတ္တ၀ါလေးတွေကို ပုရွက်ဆိတ်လို့ ခေါ်တယ်၊ ဘယ်နှစ်မျိုးရှိတယ်၊ ဘယ်အချက်အလက်တွေနဲ့ ပြည့်စုံမှ ပုရွက်ဆိတ်ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူးဗျ။ ကျုပ် မြင်ဖူးတာကတော့ နှစ်မျိုးဗျာ၊ တမျိုးကအနက်ရောင်အကောင်၊ လူကိုပြန်မကိုက်ဖူးထင်တယ်၊ သွားရင်လာရင် ပြာယာ ခပ်ပြီး တောင်မကြည့်မြောက်မကြည့်၊ ဟိုတိုးဒီတိုးနဲ့  နည်းနည်းမြန်တယ်။ အစားအသောက်တွေများ ဒီကောင်တွေ အုံခဲနေလို့ ကတော့ နည်းနည်းလေးလောက် လှုပ်လိုက်ခတ်လိုက်တာနဲ့ တချိုးတည်း ခြေဦးတဲ့ရာလစ်တော့တာဗျို့။ အဲဒီလိုအခါမျိုးဆို ကျုပ်က ဒီကောင်တွေကြည့်ပြီးသနားလည်းသနား ရယ်ရယ်ချင်တယ်။ အဲဒါကိုကြည့်ပြီး၊ ဒီကောင် တွေကို ကျုပ်က “အရူးပုရွက်ဆိတ်” လို့ နာမည်ပေးထားတယ်။ နောက်တမျိုးက အနီရောင်၊ အနက်တွေထက် အကောင်သေးတယ်။ လူကိုကိုက်တတ်တယ်၊ သွားရင်လာရင်အေးအေးဆေးဆေးပဲ။ ဣနြေ္ဒရတယ်။ ဒီကောင်တွေ ကျတော့ ဟိုကောင်တွေလို မဟုတ်ဘူး မောင်းထုတ်ခါထုတ်လည်း ပေတီးပေကတ်နဲ့ ။ တော်တော်နဲ့  မထွက်ချင်ဘူး။ အံမယ်…လူတောင်ပြန်ကိုက်တဲ့ ဟာလေးတွေဗျ။ တခါတလေ စိတ်ကမရှည်တော့ လက်နဲ့  ဖိသတ် ဖျစ်သတ် မိတာပေါ့ဗျာ။ ကျုပ်က ဒါကိုကြည့်ပြီးဒီကောင်တွေကို “ဖိုက်တာ(Fighter) ပရွက်ဆိတ်” လို့ နံမည်ပေးတယ်ဗျာ။ အရူး တွေထဲမှာရော ဖိုက်တာတွေထဲမှာရော ခေါင်းကြီးအကောင်ကြီးတွေရှိတယ်ဗျို့ ။ အဲဒီခေါင်းကြီး ပုရွက်ဆိတ်တွေက အပြင်ထွက်ခဲတယ်။ အထဲမှာ ဘာတာဝန်တွေနဲ့  ဘာလုပ်နေတယ်တော့မသိဘူးပေါ့ဗျာ။


ဒီကောင်တွေက တစ်ကောင့်တကောင်တည့်တာမဟုတ်ဘူးဗျ။ တကောင်ချင်းထိပ်တိုက်တိုးလို့ ကတော့ အရူး တွေက ရှောင်တယ်၊ ပြန်မချဘူး။ နောက်ပြီးအရူးတွေက ဖိုက်တာတွေရဲ့  “အိမ်” (ပုရွက်ဆိတ်အုံ) ကို အတင်းဝင် လုပြီး နေပစ်လိုက်တာလည်းမတွေ့ ဖူးဘူး။ ဖိုက်တာတွေကသာ အတင်းဝင်စီး၊ ကိုက်ကက်၊ အရူးတွေကိုမောင်းထုတ်၊ ပြီးတော့အတည်ပေါက်နဲ့ ကိုယ့်အိမ်ကိုယ့်ယာ လုပ်ပစ်တာဗျို့ ။ အဲဒီအခါမျိုးများဆိုရင် အရူးတွေခမျာ သိပ်သနားစရာ ကောင်းတယ်။ ပြန်မကိုက်နိုင်အားဘူး။ သူတို့ ဥလေးတွေ အကောင်မဖြစ်တဖြစ်လေးတွေကို ရသလောက်ကြုံးသယ်၊ သူတို့ ဘုရင်မကို အသေခံကာကွယ်ပြီးကယ်ထုတ်။ အိုးပြစ်အိမ်ပြစ်နဲ့ ၊ အရူးခေါင်းကြီးတွေလည်း ထွက်လာပြီးပြန် တော့ကိုက်ပါတယ် ရေရှည်အဆုံးအဖြတ်မှာတော့ ဖိုက်တာတွေဘဲနိုင်တာ။ အဲဒီအခါမျိုးမှာ အရူးခေါင်းကြီးတွေ ကြည့်ရတာ စစ်ရှုံးတပ်ပျက်ကြီးကို မနည်းပြန်စုနေရတဲ့ တမ်မှူးတွေကျနေတာပဲ၊ ရောက်ယက်ကိုခတ်လို့ ။ ဖိုက်တာ တွေက စစ်ပွဲပြီးတာနဲ့ ဒဏ်ရာရတဲ့အရူးတွေကိုရော သူတို့  ဖိုက်တာတွေကိုရော ကျင်းအပြင်ဆွဲထုတ်ပြီး တနေရာမှာ ပုံထားလိုက်တာများ၊ ခြေပြတ်လက်ပြတ် ခေါင်းတခြားကိုယ်တခြား။ မမြင်ရက်စရာပါဗျာ။ စစ်ပြီးစ စစ်တလင်းကြီး ကျနေတာဘဲ။ ဒီ့နောက်တော့ အရူးတွေ အိမ်သစ်ရှာရပြန်ပြီ၊ မတွေ့ သေးခင်စပ်ကြား လူ့ အ၀တ်စားတွေ အသုံး အဆောင်တွေကြားယာယီခိုကပ်ရင်း နေကြရရှာတာ။ အဲသလိုအချိန်မှ သူတို့ တွေဟာ စစ်ရှုံးစစ်သားတွေထက် စစ် ပြေးဒုက္ခသည်တွေနဲ့ ပိုတူတယ်။ ကျုပ်လေ အရူးတွေဖက်ကမခံချင်ဘူး။ တခုခုလုပ်ပေးချင်တယ်။ ဒါပေမယ့် မတတ် နိုင်ဘူး။ လွှတ်ထားလိုက်ရတာပဲ။ သူတို့ သဘာဝကိုး။


တနေ့ တော့ ကျုပ်စိတ်ထဲအတွေးပေါက်တယ်။ အရူးတွေက ဖိုက်တာတွေထက် အကောင်လည်းကြီးတယ် ခြေတံလက်တံလည်းရှည်တယ်၊ ဖျတ်ဖျတ်လတ်လတ်လည်းရှိတယ်။ ဒီကောင်တွေကို တကောင်ချင်းသာ လက်ဝှေ့  ကြိုးဝိုင်းထဲကလို“တည်”ပေးလိုက်ရင် ဘယ်ကောင်နိုင်မလဲပေါ့။ ကောင်းတော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီ အချိန်က ကောင်းတယ်တို့  မကောင်းဘူးတို့ ကျုပ်အတွေးထဲမရှိပါဘူး။ ဒါနဲ့  လက်ကို တံတွေးလေးဆွတ်ပြီး ဒီကောင် တွေကို မနာမကျင်အောင် အသာလေးတကောင်ချင်းဖမ်းပြီး ပိတ်ဖြူစလေးပေါ်တင်ပြီး“တည်”ပေးကြည့်တယ်။ နှစ် ကောင်သား ဦးမှင်ချင်းထိကာရှိသေး အရူးကထွက်ပြေးတာဗျို့ ။ ကျုပ်လည်း ကျုပ်နည်းကမဟန်သေးပါဘူးဆိုပြီး နည်း လမ်းရှာတယ်။ ဒီကောင်တွေကို ထွက်ပြေးလို့ မရအောင် လယ်လိုကြိုးဝိုင်း လုပ်ပေးရရင်ကောင်းမလဲပေါ့။ နောက်တော့ သွားတွေ့ တယ်။ ဒီကောင်တွေ နှစ်မျိုးလုံး ပရုပ်ဆီဆို အသေအလဲကြောက်တာ။ ဒါနဲ့ ကျုပ်လည်း သံမံ တလင်းပေါ် နေရာလေးတခုကိုကွက်ပြီး ဖုန်တွေဘာတွေ ပြောင်နေအောင်သုတ်တဲ့ပြီး ပရုပ်ဆီတကော် လောက်ကော်၊ ပရုပ်ဆီနဲ့ ကျပ်ဝိုင်းလောက် အ၀ိုင်းလေးဝိုင်း၊ အရူးနဲ့ ဖိုက်တာ တကောင်စီကို သာသာလေးဖမ်း၊ ကွင်းထဲလွှတ်ချ လိုက် တယ်။ စာကြည့်မျက်မှန်ကို မှန်ဘီလူးလိုလုပ်ပြီး သေသေချာချာအနီးကပ်စောင့်ကြည့်တာပေါ့။ ဒီကောင်တွေဘာလုပ် မလဲဆိုတာ။ စစချင်းတော့ နှစ်ကောင်သား ဦးမှင်ချင်းထိတာနဲ့  အရူးကထွက်ပြေးဖို့ လုပ်လိုက်၊ ပရုပ်ဆီ စည်းဝိုင်းကို ဦးမှင်နဲ့ ထိလိုက် ကွင်းထဲပြန်ဝင်လာလိုက်။ ဖိုက်တာကလည်း ဒီပရုပ်ဆီကြိုးဝိုင်းထဲကနေ အပြင်ကိုထွက်ဖို့ လုပ်လိုက် ကြိုးဝိုင်းအနားသတ်က အနံ့ ကိုရလိုက် ကွင်းထဲပြန်ဝင်လာလိုက်၊ အရူးနဲ့ တိုးလိုက်၊ အရူးကပြေးလိုက် ၊ သူကလည်း နောက်ကနေတော့ အရူးနောက်ကို လိုက်တော့မကိုက်ရှာပါဘူး။ သူ့ ဟာသူ ကြိုးဝိုင်းထဲက ထွက်လမ်းရှာလိုက်နဲ့  နှစ်ကောင်စလုံးတော့ ယောက်ယက်ခတ်နေရှာသေးတယ်။ နောက်တော့ ကျုပ်က ကြိုးဝိုင်းကို ပရုပ်ဆီနည်းနည်း ထပ် ကော်ပြီး ကျဉ်းပေးလိုက်တယ်။ ဒီကောင်တွေ ရှောင်မလွတ်တော့ဘူး။ ထွက်ပေါက်လည်းမရှိတော့ဘူး။ ချရုံဘဲ ရှိတော့တယ်။ ကျဉ်းထဲကျပ်ထဲရောက်နေပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ်တွေ့ ရောဆိုပါတော့။ ဖိုက်တာက အရူးကို ၀င်ကိုက်တယ်။ အရူးကလည်း ပြေးမလွတ်တော့တဲ့အတူ သေမထူးနေမထူးဆိုပြီး၊ ဆုံးဖြတ်ချက်ချလိုက်ဟန်တူတယ်။ မပြေးတော့ဘူး။ ပြန်ကိုက်တယ်။ တကောင့်တကောင် လုံးသွားတယ်။ အရူးက ဖိုက်တာကို ဂုတ်ပိုးလို့ ထင်ရတဲ့ နေရာ ကို ခဲထားတယ်။ ဖိုက်တာက အရူးရဲ့  ခါးသိမ်နေရာကို ပြန်ခဲဖို့ လုပ်တယ်။ ခဏနေတော့ အကောင်ချင်းကွဲသွားတယ်။ ပြီးတော့ ပြန်လုံးကြပြန်တယ်။ ဒီတခါ ဖိုက်တာက အရူးရဲ့ နောက်ခြေထောက်တဖက်ကို အရင်စကိုက်တယ်။ အရူးက ဖိုက်တာရဲ့ အကိုက်ရုန်းရင်း၊ ဖိုက်တာရဲ့ ခါးသိမ်ကို ပြန်ကိုက်တယ်။ နောက်အကောင်ချင်း ကွဲသွားပြန်တယ်။ အဲသလိုနဲ့ တကောင့်တကောင် ခါးသိမ်နေရာကို အမိအရကိုက်ဖို့ ကြိုးစားရင်း အချိန်က တော်တော်ကုန်သွားတယ်။ ဘယ်ကောင် မှ ချက်ကောင်းကို အသေမမိသေးဘူး။ မိလိုက်ပြန်လွတ်လိုက်နဲ့ ။ နှစ်ကောင်လုံးလည်းမောနေပြီ။ လှုပ်ရှားမှုတွေနှေး လာတယ်။ အလစ်မှာ တချက်တချက် နောက်ကနေ ၀င်ကိုက်တာကလွဲလို့  တကောင့်တကောင်အသေလုံးဖို့ မတတ် နိုင်ကြတော့ဘူး။ ပွဲကလည်းအဆုံးအဖြတ်မပေးနိုင်ဘူး။ ဒါနဲ့ ကျုပ် နောက်တမျိုး စမ်းမယ်၊ ဒီကောင်တွေလည်း မောနေ ပြီဆိုပြီး ကြိုးဝိုင်းထဲက အပြင်ထုတ်ပေးလိုက်တယ်။ နှစ်ကောင်လုံး ဒဏ်ရာတော့အတော်ရသွားပုံပဲ။ တော်တော်နဲ့ လမ်းမလျှောက်နိုင်ဘူး။ သူတို့ ကိုယ်သူတို့  ခြေထောက်လေးတွေ လက်လေးတွေနဲ့ ဟိုနားပွတ်လိုက် ဒီနားပွတ်လိုက် လုပ်နေသေးတယ်။ ကျုပ်သနားတော့လည်းသနားတယ်။ ဒါပေမယ့် ကျုပ်လိုချင်တဲ့အဖြေကမရသေးဘူး။


ဒါနဲ့ ကြိုးဝိုင်းထဲကို ဖိုက်တာနှစ်ကောင်နဲ့  အရူးတကောင်၊ တကယ်သာ ချမယ်ဆိုလို့ ကတော့ လက်ရည်ညီ လောက်တယ်လို့ တွက်ပြီး နှစ်ကောင့်တကောင်ပွဲ လုပ်ပေးပြန်တယ်။ ပွဲကစစချင်း လွှတ်လိုက်တာနဲ့ ကြမ်းတော့တာဗျို့ ။ ဖိုက်တာနှစ်ကောင်မှာ တကောင်က အရူးရဲ့ နောက်ခြေထောက်ကို ဖျတ်ကနဲပြေးဆွဲပြီး ကိုက်လိုက်တယ် အရူးက ထွက်ပြေးဖို့ ရုန်းတယ်။ ဖိုက်တာက သံမံတလင်းပေါ်ခြေစုံကန်ပြီး အတင်းဆွဲထားတဲ့ကြားက အရူးရုန်းရာနောက် ဒရွတ်တိုက်ပါပါနေတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ဖိုက်တာက အရူးရဲ့ ဂုတ်ပိုးနေရာကို ၀င်ခဲတယ်၊ အရူးက ၀င်ခဲတဲ့  ဖိုက်တာကို ပြန်ကိုက်လို့ အကောင်ချင်းလုံးသွားချိန်မှာ အရူးရဲ့ နောက်ခြေထောက်ကိုဆွဲထားတဲ့ ဖိုက်တာက ရုတ်ရက် လွှတ်လိုက်ပြီး အရူးဖင်ပိုင်းက ဖုသီးကိုဝင်ကိုက်တယ်။ အရူးတော်တော်လေး နာသွားဟန်တူတယ်။ အရူးက ဟို ကောင်ဆီကနေ၊ ဖင်ကိုလာကိုက်တဲ့ ဖိုက်တာကို ပြန်ကိုက်ဖို့ အတင်းရုန်းတယ်။ မရဘူး။ ဟိုကောင်က အသေခဲ ထားတယ်။ မလွှတ်ဘူး။ နှစ်ကောင့်တကောင် အရူးခမျာ အပေါ်ရောက်လိုက်အောက်ရောက်လိုက်နဲ့ ။ လူးလိမ့်နေတာ ဘဲ။ ဒီ့ နောက်တော့ အရူးကို ဖိုက်တာနှစ်ကောင်က ခဲထားရင်းခဏငြိမ်နေတယ်။ အရူး ပြန်မကိုက်နိုင်တော့ဘူး။ တွန်းထိုး ရုန်းကန်နေတာဘဲ။ အမောပြေသလောက်ရှိတော့၊ အရူးရဲ့ ဖင်ဖုသီးကို ကိုက်ထားတဲ့ ဖိုက်တာက၊ သူ့  ကိုယ်ကို ပြောင်းပြန်လုပ်ထဲ့ပြီး၊ အရူးရဲ့ ခါးသိမ်နေရာကို မိမိရရ၀င်ကိုက်ချလိုက်တယ်။ အရူးခမျာ နာတယ်ထင်ရှာရဲ့ ။ ဆတ်ဆတ်ကိုလွန့် နေတာဘဲ။ ကျုပ်လည်း သသောပေါက်သွားတယ်။ ဒါဆိုပွဲသိမ်းခန်းရောက်ပြီ။ ဖိုက်တာတွေနိုင်ပြီ။ ဘာလို့ လဲဆိုတော့ ပုရွက်ဆိတ်ရဲ့  အားအနည်းဆုံးအပိုင်းက ခါးသိမ်လေးကိုး။ အဲဒီခါးသိမ်လေးပြတ်သွားရင် သွားပြီ၊ ဘာမှ ပြန်မလုပ်နိုင်တော့ဘး။ ကျုပ်လည်း ဒီကောင်တွေကို ပါးစပ်ထဲရေထည့်မှုတ်ပြီး အကောင်ချင်းခွဲပေးလိုက်တယ်။ ဖိုက်တာနှစ်ကောင်ကတော့ ခဏလောက်ပဲ ဟိုဟိုဒီဒီပွတ်သပ်ပြီး ထွက်သွားပေမယ့် အရူးခမျာတော့ မချိမဆန့် ။ ဒါနဲ့  ကျုပ်လည်းသူ့ ကို ပုလင်းဖုံးလေးထဲ အချိုလေးပါနည်းနည်းထည့်ပြီး အနားပေးလိုက်တယ်။


နောက်တပွဲကတော့ ဖိုက်တာတစ်၊ အရူးနှစ် ပွဲပေါ့ဗျာ။ ထုံးစံအတိုင်း စစချင်းတော့ အရူးတွေက လျောက်ပြေး နေသေးတယ်။ နောက်တော့“တည်”ကုန်ကျရော။ အရူးတကောင်က ဖိုက်တာကို ၀င်ကိုက်တယ်။ ဖိုက်တာက ကိုက်လာတဲ့အရူးကို သဲကြီးမဲကြီးပြန်လုံးပြီးကိုက်တယ်။ လုံးဝမလွှတ်ဘူး။ ကျန်တဲ့ အရူးတကောင်က တော်တော် ကြာကြာအထိ အပြင်ထွက်ဖို့ အပေါက်ရှာလိုက် ပရုပ်ဆီနံ့ ရလိုက်၊ ကွင်းထဲပြန်ဝင်လာလိုက် လေးငါးခြောက်ကြိမ် လုပ်နေသေးတယ်။ ဟိုကောင့်ကို ၀င်မကူဘူး။ ကျုပ်တောင် ဒီအရူးကိုကြည့်ရင်း ၀င်ကိုက်ပါတော့လား… ၀င်ကိုက်ပါ တော့လားနဲ့  ပါးစပ်က ထွက်မိသေးတယ်။ မလွတ်နိုင်ပုံပေါက်တော့မှ မထူးပါဘူးဆိုပြီး နောက်ဆုံးကျတော့မှ ၀င် ကိုက်တော့တာ။ အံမယ်… ငတိက ကိုက်မယ့်ကိုက်တော့ တကယ့်ချက်ကောင်းကိုဝင်ကိုက်တာ။ ခါးသိမ်နေရာဘဲ။ ကွက်တိဘဲ။ တချက်တည်းနဲ့ ကိုက်လည်းကိုက်၊ ဖြတ်လည်းဖြစ်ချ၊ တိကနဲဘဲ။ ဖိုက်တာရဲ့ ခါးသိမ်လေး ပြတ်ထွက် သွားတယ်။ ကျုပ်တောင် ဆွဲချိန်လွဲချိန်မရလိုက်ဘူး။ ကျုပ်လည်း အကောင်ချင်းခွဲလိုက်တယ်။ အရူးတွေကိုတော့ ဒီအတိုင်းဘဲ ထားလိုက်တယ်။ ခါးပြတ်သွားတဲ့ဖိုက်တာကိုတော့ သူ့ အိမ်အပေါက်ဝနား အသာပြန် ချပေး လိုက်တယ်။ ခင်ဗျားကတော့ ထင်မှာဘဲနော် ကျုပ်ဟာနှလုံးသားမရှိတဲ့လူ။ ရက်စက်တဲ့လူလို့ ။ မတတ်နိုင်ဘူးဗျာ။ ကျုပ်ကသိချင် တာကိုး။ ဒါပေမယ့် အဲဒီတကြိမ်ပါဘဲ။ နောက်ဆို ဘယ်တော့မှ ထပ်မလုပ်တော့ ဘူးလို့ ဆုံးဖြတ်လိုက် တယ်။


ဒီသုံးပွဲလည်းပြီးရော စိတ်လည်းတော်တော်မောသွားတယ်။ တွေးစရာတွေလည်းတပုံကြီးကျန်ခဲ့တယ်။ ကျုပ်တို့  ခင်ဗျားတို့ တတွေလည်း ခုဆို တကွဲတပြားစီလွင့်စဉ်လို့ ။ အိုးတကွဲအိမ်တကွဲနဲ့ ။ ဒါတွေ ဘာ့ကြောင့်ဘယ်လို ဖြစ်ရ တယ်ဆိုတာခင်ဗျားသိတဲ့အတိုင်းပဲ။ ဒီတော့ကျုပ်တွေးမိတယ်။ ကျုပ်တို့ တတွေဟာ မဖြစ်မနေ ပရွက်ဆိတ် ဖြစ်ရမယ် ဆိုရင် “ဖိုက်တာပုရွက်ဆိတ်”နဲ့ “အရူးပုရွက်ဆိတ်” ဘယ်ဟာဖြစ်ချင်တာလဲ။ ဘာကြောင့် ဖြစ်ချင်ရတာလဲ။ ဘယ် ပုရွက်ဆိတ်ရဲ့  “ဘ၀အနေဟာ” လူ့ ဘောင်ကောင်းကျိုးကို ပိုဆောင်နိုင်မလဲ။ လူဟာ ဘယ်တော့မှ ပုရွက်ဆိတ် မဟုတ်ဘူးလို့ ပတ္တောပိတ်ပြောမယ်ဆိုရင်လည်း ရှိပါစေဗျား။ ကျုပ်တော့ ကိုယ့်အဖြစ်အနေကို ပြန်ဆင်ခြင်မိတိုင်း သော့အိမ်ရဲ့  ပရုပ်ဆီကြိုးဝိုင်းထဲက“ဖိုက်တာ”နဲ့ “အရူး” ပုရွက်ဆိတ်လေးတွေပဲ မြင်မြင်နေတယ်။

မျိုးမြင့်ချို

11.17.2008

ကိုရင်မောင်နှင့်စကားစမည်

သော့အိမ်က “ပွဲ”


ကိုရင်မောင်ရေ

ကျုပ်တော့ ခုတလော “အငြိမ့်လွမ်းနာ”ကျနေတယ်ဗျာ။ စိတ်ထဲ ပျံလွန်တော်မူသွားတဲ့ ရွာဦးကျောင်းဆရာတော်ကြီး တောင်သတိရမိသေးတော့။ မှတ်မိသေးလား။ ဆရာတော်ကြီးရှိတုန်းကများဆို ရွာမှာ ပွဲလေးလမ်းလေးများ တခုခုပေါ်လို့  သွားလျှောက်တိုင်း “အိမ်း… အငြိမ့် လေးတော့သွင်းကွာ” လို့  မိန့်

တတ်တာလေ။ ကျုပ်နဲ့ များ အစေးကပ်ပါ့။ “အရှင်ဘုရား… ဒီတစ်ခေါက်တော့ ဆောင်းမင်းသမီးလေး ၀င်းဝင်းအေးရဲ့ “ဆောင်း” အငြိမ့်ဆို ကောင်းမယ်ဘုရာ့” ဘာညာနဲ့  မိချောင်းမင်း ရေခင်းပြ သွားသွားလုပ်ရတာအမော။ တကယ်က သူကကျုပ်ထက်တောင် ပါးသေး။ လှစ်လှစ်လေးရယ်။ ဒါပေသိ “ ဟေ့…. တကာတို့ ၊ ဟိုတယောက်ကတော့ ပြောနေပါလား။ “ဆောင်း” အငြိမ့် ကောင်းမယ်ဆိုဘဲ” ဒီလိုသာမိန့် ၊ အများညီညီ မညီညီ ဒီတချီတော့ “ဆောင်း” သာငှားလိုက်ပေရော့။ အငြိမ့်ဆို ကျုပ်အသေအလဲကြိုက်တာ ခင်ဗျားလည်းအသိသား။ အပြင် ပြန်ရောက်ရင် အငြိမ့်တွေ တ၀တပြဲကြည့်လိုက်မဟဲ့လို့  မောင်းတင်လာတာဗျာ။ အပြင်လည်းရာက်ရော သောက်ကျိုးနည်း၊ ဘယ်မလဲ အငြိမ့်၊ မူးလို့ တောင်ရှူစရာမရှိဘူး။ ဗွီဒီယိုအငြိမ့်ခွေတွေတော့ တွေ့  ပါရဲ့ ။ ကြည့်ကြည့်ပြန် တော့၊ ခလေးတွေ ပြော သလို ဘာဖီလင်မှမလာဘူး။ တချို့ ပြက်လုံးတွေများ ချက်အောက်ကကို မတက်တတ်တော့ဘူး။ မောင်နဲ့ နှမ သားနဲ့ အမိ ထိုင် ကြည့်ဖို့ တောင်မျက်နှာပူစရာကြီးရယ်။ လူကိုလည်း အတင်းဂလိထိုးရယ်ခိုင်းလားရယ်ခိုင်းနဲ့ ။ အငြိမ့်မှာ လူရွှင်တော်ပြက်လုံးက သိပ်စကားပြောတာဗျ။ ကျုပ်အငြိမ့်ကိုစွဲတဲ့အထဲမှာ ရယ်ချင်တာလည်းပါသဗျ၊ လူကသာ ဟာသဓါတ်ခံမရှိတာ။ တစိမ့်စိမ့်တွေးပြီး ရယ်ရတဲ့ ပြက်လုံးနဲ ၊့ မပြုံးပဲဝါးလုံးကွဲပြက်လုံး နှစ်ခုလုံးကြိုက်တာ။ နောက်တခု အငြိမ့်ကိုကျုပ်ကြိုက်တာ အငြိမ့်မှာရုံပွဲမရှိဘူး လေဗျာ။ အငြိမ့်တို့  ပွဲတို့  ဆို ကျုပ်က ဗလာပွဲမှကြိုက်တာ။ ရုံနဲ့  ဘာနဲ့  ဆို ပွဲကြည့်ရတယ်လို့ မမှတ်ဘူး။ ပွဲကြည့်ရင်း တန်းလန်းက အမိုးအကာမဲ့ ဟင်းလင်းပြင်ကြီးကို မော့ကြည့်လိုက်၊ ချမ်းလာရင် လျှောစောင်လေးဆွဲပတ်လိုက်၊ အဖန်ရည်လေးငှဲ့ သောက် ဆေးပေါ့လိပ်လေး တဖွာနှစ်ဖွာလောက်ဖွာလိုက် တိုးတိုးဝှေ့ ဝှေ့ နဲ့  ပွဲကြည့်ရတဲ့အရသာများ တယ်မမေ့ချင်ဘူးဗျ။ နည်းနည်းလေး ငြီးလာလို့ များကတော့၊ ပွဲဝိုင်းကထွက် ပွဲဈေးတန်းလျှောက် ခဲတန်ခြေထောက်ကလေး၊ အကြော်လေး ဘာလေးဝါးပေါ့ဗျာ။ ချမ်းရင်လည်း လှည်းဝိုင်းတွေနားသွား တွေ့ တဲ့မီးပုံ ၀င်သာလှုံ ဘယ်သူ့ ဘယ်သူမှ အားနာနေစရာလည်းမရှိ။ ကံကောင်းရင် အဖန်ရည်လေးများတောင် သောက်ရချည်သေး။ လွတ်လပ်တယ်ဗျ။ အဲသလို ညလုံးပေါက်ကြည့်တဲ့ပြီး မနက် လင်းတော့ ပွဲကိုက်ဒဏ်ဖျောက်ဖို့ နေနေသာသာ တနေ့ လုံး အပြေးအလွှား ရှာဟယ်ဖွေဟယ်နဲ့  နောက်ညဆို ခေါင်းချတာနဲ့  တုံးကနဲ။

ပွဲဆိုလို့ သော့အိမ်ထဲကပွဲအကြောင်း ခင်ဗျားကို ပြောပြရဦးမယ်။ အထဲမှာ ပွဲကြည့်ရဖို့ လား၊ ဝေးစွခြောက်ပါး။ ကျုပ်တို့ ဟာ ကျုပ်တို့  လုပ်ခဲ့တဲ့ပွဲဗျ။ ဇတ်ပွဲ အငြိမ့်ပွဲတော့မဟုတ်ပါဘူး။ ကျုပ်တို့ ဆိုလို့  ကျုပ်ပါတယ်မထင်နဲ့ ။ ကျုပ်ကပရိသတ်ပွဲငတ်နေတဲ့ ကောင်သက်သက်။ ကျုပ်အဲသလောက်မစွမ်းတာ ခင်ဗျားလည်းသိသားနဲ့ ။ ဒီလိုဗျ။ ၂၀၀၂ သင်္ကြန်လို့ မှတ်တယ်။ နေရာ ကတော့ဗျာ သုပဏ္ဏကဂဠုနရာဇာ ရဲ့  ဘူမိနက်သန်မှာပေါ့။ ကျုပ်တို့ “အိမ်” ကိုလည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ က မျက်နှာဖြူတွေ အ၀င်အထွက်ကလည်း ခပ်စိတ်စိတ်ကလေး ရှိလာနေချိန်မျိုးလေဗျာ။ ဟေ့လူရေ…. အိမ်ရှင်တွေက ကျုပ်တို့ ပွဲလေးလုပ်မယ် ဆိုတော့ အင်တင်တင်နဲ့ ၊ ပေးမလုပ်ချင်ဘူး။ မလုပ်ပါနဲ့ လို့  တော့လည်း အတင်းကြီးမတားဘူး။ တဖက်လှည့်နဲ့  လူကြီးတွေ ကတဆင့် ထိန်းထိန်းသိမ်းသိမ်းလေးတော့လုပ်ဗျာ ..တဲ့။

ကိုယ့်လူတွေကလည်း သိတဲ့အတိုင်း၊ အူယားနေတဲ့ကောင်တွေ။ ဆိုတော့… သိကြားမင်းနားကင်းကြီးနဲ့ လာတောင်မရဘူးမှတ်။ လူကြီးတွေက ထိန်းထိန်းသိမ်းသိမ်းလေးလုပ်ကြပြောတော့ “ဟုတ်ကဲ့” ဆိုပြီးချတာဗျို့ ။ ကျုပ်တို့ ကလည်းတွက်ပါတယ်။ ဒါလေး တော့ ဖြစ်အောင်လုပ်ကြမယ်။ ဒါပေမယ့် ဘာမှနောက်ဆက်တွဲပြဿနာတွေမပေါ်အောင် အားလုံးထိန်းကြမယ်ပေါ့။ ပြက်လုံးတွေဘာတွေဆိုလည်း ရယ်သလိုမောသလိုနဲ့  သူကြီးနဲ့ သူ့ ကောင်တွေကို မထိတထိလေးကလိမယ်ပေါ့ဗျာ။ တကယ် လည်းထိန်းပါတယ် ပွဲသာပြီးရော ဘာပြဿနာမှမတက်ခဲ့ပါဘူး။ ဘယ်သူတွေလည်းဆိုတော့ ကျုပ်မှတ်မိသလောက် ပြည်သား ကိုဗရှီး လို့ ခေါ်တဲ့ သန်းထိုက်အောင်ရယ်၊ တရုပ်မကြီးလို့ ခေါ်တဲ့ သန်းထိုက်ဝင်းရယ်၊ ကိုညွန့် ဇော်ရယ်(ကွယ်လွန်) မျောက် ကြီးလို့ ခေါ်တဲ့ကိုစိုးထိုက်ရယ်၊ ကိုကျော်ကျော်ဦးရယ် နောက်ဒီ့ပြင်သူတွေလည်းပါသေးသဗျ။ ကျုပ်လည်းကောင်းကောင်း မမှတ်မိတော့ဘူး။ ဇတ်ကောင် ဇတ်ဆောင်တွေလည်း ကျုပ်တို့ ၊ ပရိတ်သတ်လည်းကျုပ်တို့  မဟန်လားဗျာ။ ဝေဖန်ရေးဆရာတွေ ပါးစပ်နဲ့ လည်း ဝေးတော့ကာ သူတို့ ကောင်းမှ ကောင်းရမယ်တို့  သူတို့ မကောင်းရင် မကောင်းရဘူးတို့ မရှိတော့ဘူးဗျို့ ။ အားလုံးကောင်းပါသည်ခင်ဗျားပေါ့ဗျာ။

အက ကလည်း ကောင်းသလားမမေးနဲ့။ ဒီကောင်မို့ ရှာရှာဖွေဖွေ ဘယ်ကဘယ်လို ကြံဖန်ပြီး အထဲသွင်းထားတယ်မသိပါဘူး။ ဘရာစီယာတွေ၊ ဘော်လီတွေ၊ မိန်းမအ၀တ်အစားတွေ၊ နှုတ်ခမ်းနီမိတ်ကပ်တွေလူးလို့ ။ နောက်ခံကားလိပ်က အထဲကရရာ အရောင်တွေနဲ ဆေးရောင်စုံခြယ်ထားတဲ့ ပုံစံစောင်တွေပေါ့ဗျာ။ တိုက်ခန်းကျဉ်းလေးထဲက ရှေ့ ထွက်လာတော့ မိန်းမလိုအ၀တ် အစားတွေ နှုတ်ခမ်းနီပါးနီတွေဆိုးလို့ ။ နွဲ့  တဲ့ နွဲ့ တဲ့နဲ့ ။ ကိုသက်ဦးကြီးဆို သူတို့ ကြည့်ပြီး တဟားဟားနဲ့ ။ ကိုဗရှီးက လူကောင် က သေးသွယ်သွယ်၊ မျက်တောင်က ကော့ကော့၊ မျက်လုံးမျက်ဖန်ကကောင်းကောင်း မိန်းမလိုဝတ်လိုက်တော့ မဆိုးဘူး။ ကိုစိုးထိုက်ကတော့က လူက ဂလန်ဂလား၊ မျက်ခွက်ကလည်းအပြောင်စား၊ မျက်နှာကရှည်ရှည်နဲ့ မိန်းမလို သူနွဲ့ တော့ ကို့ ရို့  ကားယားနဲ့ ၊ ရယ်ရတာ အူ့ ကိုတက်ရော။ တရုပ်မကြီးကတော့ လူက ဖြူဖြူဖွေးဖွေး၊ ခပ်ဖိုင့်ဖိုင့်လေးရယ် သူလည်း မျက်နှာတော့ အတော်ပြောင်တာ။ ကကြရောဆိုပါတော့။ ဟာဝိုင်အီ ကျွန်းသူလေးများအက..တဲ့။ မဆိုးပါဘူးကြည့်ကောင်းသား။ ညီလည်းညီတယ်။ ပရိသတ်ရှေ့ တိုးလာလိုက်၊ လိုက်ကာနား ပြန်ဆုတ်လိုက်ပေါ့။ ပါးစပ်တီးလုံးတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ ကရင်းနဲ့  ငတိတွေက ကြည့်နေသူတွေကို မျက်စပြစ်လိုက်ဘာလိုက်နဲ့  ခရာတာတာကလုပ်သေး။ တောက်လျှောက် ဟုတ်နေ တာ။ ကျုပ်ကလည်း ထိုင်ကြည့်နေတာ။ ကျုပ်ဘေးမှာက တခြားလူကြီးတွေနဲ့ အတူ ပေါက်ခေါင်းက ဆရာကြီး ဦးစောနေဒွန်း လည်းထိုင်လို့ ။(ခုတော့ ကွယ်လွန်ရှာပါပြီ) သွားကျိုးပါးကျိုးနဲ အားရပါးရရယ်ရင်း ကျုပ်ကိုတောင် လှည့်ပြောလိုက်သေးတယ် “ဒီကောင်တွေ အတော်ပျော်နိုင်တဲ့ကောင်တွေ” တဲ့။ ကရင်းနဲ့ သီချင်းလည်းဆုံးတော့မယ် ပရိသတ်ကလည်း သဘောတွေ ကျနေတုန်း၊ ဗြုန်းဆို… တီးလုံးတိကနဲရပ်၊ သူတို့ ကလည်း ပရိသတ်နဲ့  အနီးဆုံးရှေ့ နားကိုအရောက်၊ မျက်နှာနားတောင် ကပ်တော့မယ့်နီးနီး၊ မောင်တွေက ဘာလုပ်လိုက်တယ်မှတ်သလဲ။ ၀တ်ထားတဲ့ ဂါဝန်လိုဟာကြီးတွေကို ဇတ်ကနဲ အပေါ်ကို လှန်တင်လိုက်တာဗျား။ ပရိသတ်လည်း ရုတ်တရက်တော့ တိတ်ကျသွားတယ်။ ပြီးမှ“ ဟား.. ဟေး.. ဝေး.. ၀ါး” နဲ့  ၀ိုင်းဩဘာပေးလိုက်ကြတာ ဆူညံပြီးပွဲကိုကျရော။ ကောင်းလိုက်တဲ့ ဟာသကွက်ကလေးဗျာ။ ကျုပ်မမေ့ဘူး။ အောက်ခံ ဘောင်းဘီတွေတော့ ကိုယ်စီဝတ်ထားတာပေါ့ဗျ၊ ခင်ဗျားကလည်း။

နောက်တကွက်မှတ်မိနေသေးတာက ကိုညွှန့် ဇော်(သူလည်းအထဲမှာ ကျဆုံးသွားရှာတဲ့ရဲဘော်ပါ)။ သူက မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာသူနဲ့  အင်တာဗျူးဖြေသူ လုပ်တဲ့အခဏ်းဗျ။ ရရာကတ္ထူ စက္ကူပြားတွေနဲ့  လူ့ ကိုယ်တပိုင်းစာဆန့် တဲ့အရွယ် ရုပ်မြင်သံကြားပုံတခုကို အသင့်ထောင်ထားတယ်။ အံမယ်… ကဒ်ပြားမှာ တီဗွီခလုပ်တွေဘာတွေတောင် ဆွဲထားသေး။ သူက အနောက်က ၀င်ရပ်လိုက်တော့ ရင်ခေါင်းအထက်ပိုင်းက၊ ဖန်သားပြင်ပုံဖေါက်ထားတဲ့အပေါက်နဲ့ ကွက်တိရယ်။ မဆိုးဘူး တူတယ်။

သူလည်းမျက်နှာတော့ ပြောင်ချော်ချော်ရယ်။ မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ရှေ့ ကကြည့်နေတဲ့ တယောက်က ထတဲ့ပြီး စက္ကူပေါ်က တီဗွီခလုပ်ကို လှည့်လိုက်တယ်။ ခဏလေးနေတော့ ကိုညွှန့် ဇော်မျက်နှာကြီးက တီဗွီအပေါက်ထဲကနေ စပ်ဖြီးဖြီးနဲ့  ပေါ်လာတယ်။ စာရွက်တွေဘာတွေကိုင်လို့ ။ ပြီးတော့ ခပ်တည်တည်နဲ့  ရွာကသူကြီးနဲ့  သူ့ ကောင်တွေအကြောင်းကို တွယ်တာဗျ။ ရုန့် ရင်းကြမ်းတမ်းတာ တလုံးမှမပါဘူး။ ချက်အောက်ကိုမရောက်ဘူး ပြက်လုံးတွေက။ အားလုံးလည်း သဘော တွေကျလို့  တ၀ါးဝါး.. တဟားဟား… ပေါ့ဗျာ။ အဲဒီအချိန်တုန်းက ရွာမှာ သူကြီးထက်တလကြီးတဲ့ ဟိုရာအိမ်ခေါင်းက လူတွင်ကျယ်လုပ်နေချိန်ဗျာ။ သူကြီးထက်တောင် “ဓါး” ထက်နေတဲ့ကောင်လေ။ အဲဒီကောင်ပြောဖူးတာ မှတ်မိလား “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းစေရမည်” ဆိုတဲ့ဆောင်ပုဒ်။ အေး… အဲဒီ .. သူတို့ လုပ်လို့ ဖြစ်မလာနိုင်တဲ့ဟာကို လူတွေကို အတင်းအလွတ်ကျက်ခိုင်းပြီး၊ ဖြစ်တော့မယောင် ဇွတ်ယုံခိုင်းနေတုန်းကြီးဗျ။ ဒီကောင်လုပ်ထားတာဆိုတော့ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဆယ်အိမ်ခေါင်းတွေဘာတွေကလည်း ဘာမှပြန်ပြောရဲချိန်။ တိုတိုပြောရရင်တော့ဗျာ အထိမခံနိုင်တဲ့ကိစ္စကြီးဗျ။ အဲဒါကိုမှရွေးပြီး ကျုပ်တို့ ကိုညွှန့် ဇော်က ပြက်တာ ကိုရင်မောင်ရေ။ သတင်းတွေကြေညာအပြီးမှာ အင်တာဗျူးကဏ္ဍစတယ်။ ကိုညွှန့် ဇော်နဲ့  နောက်တယောက်ပေါ်လာတယ်။ တယောက်က အင်တာဗျူးမေးသူ။ အင်တာဗျူးမေးသူက အတော်လေးရို ကျိုးတဲ့ လေသံအမူအရာနဲ့  မိုက်ခရိုဖုန်းလေးကို ကိုညွှန့် ဇော်ပါးစပ်နားတေ့ပြီး “ဟုတ်ကဲ့… ရာအိမ်ခေါင်းမင်းခင်ဗျား၊ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဆိုတဲ့ ဆောင်ပိုဒ်အတိုင်း ဘယ်လိုအားကစားမျိုးတွေနဲ့ များ ကမ္ဘာကို လွှမ်းပြစ်လိုက်ဖို့ ရည် ရွယ်ထားပါသလဲခင်ဗျ” လို့ မေးတယ်၊ ဒီတော့ ရာအိမ်ခေါင်းနေရာက နေတဲ့ ကိုညွှန့် ဇော်က မျက်နှာကိုတည်လိုက်တယ်၊ အကျီင်္ ကော်လာနှစ်ဖက်ကို ဆွဲတင်းလိုက်တယ်၊ တကယ့်ကိုအရေးကြီးတဲ့မေးခွန်းကို ဖြေရတော့မှာမို့ လည်ချောင်းရှင်းတဲ့အနေနဲ့  ချောင်းတချက် “အဟမ်း”…. ဆိုပြီး ဟန့် လိုက်သေးတယ်။ ပြီးတော့မှ အလွန်လေးနက်တည်ကြည်တဲ့ အသံနဲ့  “သတင်းထောက်ကြီး ခင်ဗျား…. ထုတ်ဆီးတိုး၊ ကြက်ဖခွပ်နဲ့ ဖန်ခုန်တမ်းပါ” တဲ့။ ပရိသတ်လည်း ဘာပြောကောင်းမလဲ၊ ၀ါးကနဲပေါ့။ မယောင်မလည်နဲ့  ကျုပ်တို့ ဘာတွေများပြောမလဲလို့  လာလာချောင်းတဲ့ သူကြီး လက်ပါးစေတွေတောင် ရယ်ကြ တာဗျ။ အဲဒါပဲ ကျုပ်တို့ လူတွေရဲ့  မြင်တတ်ပုံလေးနဲ့  လက်စွမ်းလက်စ၊ မကောင်းလား။ ကျုပ်ရဲ့ ပွဲအငတ်လေးလည်း နည်းနည်း တော့ပြေသပေါ့။

ကျုပ်တော့ ဒီဇတ်မမြည်ပွဲမမြောက်လေးကို ခုထက်ထိမေ့မရဘူး။ အခုတော့ အဲဒီတုန်းက အတူနေခဲ့ကြသူတွေက မရှိတဲ့သူတွေလည်းမရှိကြတော့ပါဘူး။ ရှိနေသေးသူတွေကြတော့လည်း တကွဲအပြားနဲ့ တောင်ရောက်မြောက်ရောက်။ ဘယ်တော့မှ ပြန်ဆုံမယ်မှန်းလဲမသိကြတော့ပါဘူး။ တခါတခါ ပြန်သတိရရင် ပြန်ပြောဖြစ်ရင် အခုချိန်ထိ သူကြီးကိုနာတုန်း၊ ကိုယ့်လူတွေကို လွမ်းတုန်း။

မျိုးမြင့်ချို

(၁၂.၁၁.၂၀၀၈)

11.10.2008

ကိုရင်မောင်နှင့်စကားစမည်

သော့အိမ်သို့အလည်တခေါက်

ကိုရင်မောင်ရေ

ကျုပ် အခုတလော စဉ်းစားနေမိတာလေးတွေရှိသဗျ။ ပြောရမယ့်လူတွေကလည်း အရှားသားဆိုတော့ ခင်ဗျားကိုအရင်ဆုံး သွားသတိရမိ တယ်ဗျို့ ။ ဒါ့အပြင် ကျုပ်စကားတွေဆို နားအညောင်းခံပြီး နားထောင်ပေးတဲ့သူတွေထဲမှာ ခင်ဗျားကထိပ်ဆုံးဆိုတော့ ခင်ဗျားကို အဦးဆုံးသတိ ရမိတာလည်းပါတာပေါ့ဗျာ။ နောက်ပြီး ခုဆို ခင်ဗျားတို့ ကျုပ်တို့ အသက်တွေကလည်း ၄ ဆယ်ကျော် ၅ ဆယ်တန်းတွေမို့ လား။ အင်း……. ဒီ အရွယ်ဟာ စကားပြောချင်တဲ့ ချဉ်ခြင်းစတက်တဲ့ အချိန်လို့ ထင်တာပါပဲ။ ပြောချင်တာလေးများ ပြောလိုက်ရရင် လူ့ ကို ချဥ့်ရဲလေးပြေလို့ ။ နေ သာထိုင်သာလည်း တယ်ရှိသကိုးဗျ။ ရွာ့ နောက်ပိုင်းသားတွေကတော့ ဒီအရွယ်မှာ ဘ၀စတာတဲ့။ ကျုပ်ကတော့ ဒီလိုမထင်ပေါင်။ ထားပါ တော့ဗျာ။ ဒါနဲ့  ဟိုတလောက ရွာ့သတင်းတခု ကြားလိုက်တယ်ဗျ။ ခင်ဗျားတို့ ကျုပ်တို့  သက်ငယ်သွားသွားရိတ်နေကျ သက်ငယ်ကျင်း နေရာတွေကို သူကြီးကသိမ်းပြီး သူ့  ဆွေမျိုးတွေ အတွက် ခြံကွက်ရိုက်လိုက်တယ်ဆို။ ဟုတ်လား။ အေးဗျာ ဒီသတင်းကြားတော့ ကျုပ်စိတ် တောင်မကောင်းဘူး။ နောက်ဆို ခင်ဗျားတို့  ဟိုး..တောင်ပေါ်တက်ပြီး အင်ဖက်ပဲတိုးရတော့မလိုပါလား။ အင်ဖက်က ပိုးထိုးလည်းမြန်ပါ ဘိသနဲ့ ။ သက်ငယ်လောက်လည်း ခံတာမဟုတ်ဆိုတော့ ….။ မတတ်နိုင်ဘူးဗျာ။ ခင်ဗျားတို့ မလည်း “ရှိတာလေးနဲ့  လှအောင်ဆင်” ဆိုတဲ့ အသင့်စပ်ပြီးသား အမွဲအားတိုးဆေးကြီးဘဲ ဆက်မှီဝဲနေရရုံသာရှိတော့မပေါ့။ သက်ငယ်ကျင်းတွေ အသိမ်းခံရတာကြားတော့ ကျုပ်စိတ်က ရွာက “သက်ငယ်တဲလေးတွေ” ဆီ ရောက်ရောက်သွားတယ်ဗျို့ ။ တဲ….. ဆိုလို့ ပြောရဦးမယ်။ အိမ်ထက်လည်းသေးပြီး ခနော်ခနဲ့ လည်းနိုင်ပုံရတဲ့ အိမ်ကလေးတွေကို၊ ဆောက်ရာမှာသုံးတဲ့ပစ္စည်းကိုလိုက်ပြီး သက်ငယ်တဲ၊ ၀ါးတဲ၊ ဓနိတဲလို့  ခေါ်တယ်မို့ လား။ အုတ်သဲ ကျောက်တွေနဲ့ ဆောက်ပြီး သွပ်လည်းမိုးထားပါရက်နဲ့  ဗြိတိသျှတွေ ခဏတဖြုတ်ဝင်ဝင်နားတဲ့ အဆောက်အဦးကို၊ ပုလိပ်တွေနေတဲ့ ရဲဌာန တို့ ကိုကျတော့ ဘာလို့  ဗိုလ်တဲတို့  ဂါတ်တဲတို့ လို့  ကျုပ်တို့ ခေါ်သလဲမသိဘူးနော်။ နောက်ပေါက်တွေ သက်ငယ်မိုးအိမ်ဆိုတာ မြင်ရဖို့  တော့ ခပ်ခက်ခက်ပဲဗျ။ အမှန်ကတော့ဗျာ သက်ငယ်ပဲမိုးမိုး ဘာပဲမိုးမိုး “အိမ်” ဆိုတာ အိမ်အဓိပ္ပါယ်နဲ့  ပြည့်ရင် “အိမ်” ဖြစ်တာပါဘဲ။ “အိမ်” ဆိုတာ လူနေရုံ၊ သဘာဝဒဏ်ကာကွယ်ရုံ၊ ဓနဥစ္စာရဲ့ အဆောင်အယောင်ဖြစ်ရုံ သက်သက်လောက်ဆိုရင် “အိမ်” ဆိုတာ အိမ်မမြည်သေးဘူးဗျ ကိုရင်မောင်ရဲ့ ။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စတာတွေနဲ့ ဆောက်တော့ တိုက်အိမ်ပေါ့ဗျာ။ သစ်တွေနဲ့ဆောက်တော့ ပျဉ်ထောင်အိမ်ပေါ့။ ခေါင်းမော့ကြည့်ရလောက်အောင် အထပ်အမြင့်ကြီးတွေနဲ့  ဆောက်တော့ မိုးထိတိုက်ကြီးတွေပေါ့ဗျာ။ ၀ါး၊ ဓနိ၊ သက်ငယ် စတာတွေသုံးပြီး ဆောက်ထားတော့လည်း တဲအိမ်ပေါ့နော်။ ကျုပ်ပြောချင်တဲ့ “အိမ်” ဆိုတာကတော့ အဲဒီလိုအမျိုးအစားတွေမှာ တခုမှမပါတဲ့ “အိမ်” ဗျ။ ဘာလဲ ခင်ဗျားအံ့ဩသွား။ အဟုတ်ပြောတာ။ “အိမ်” အမည်ခံ မည်ကာမတ္တ “အိမ်” တလုံးပေါ့ဗျာ။ ကျုပ်ကသာ အိမ်လို့ ကိုယ့်အဓိပ္ပါယ်နဲ့ သုံး လိုက်တာ။ တချို့ လည်းတယ်တော့ ဘ၀င်ကျဟန်မပေါ်ဘူးဗျ။ ကြိုက်လွန်းလို့ ဆိုသူတွေလည်းတွေ့ ခဲ့ဘူးတယ်ဗျို့ ။ တယောက်ဆိုရင် ကျုပ် ကင်ပွန်းတပ်ပေးလိုက်တဲ့အမည်ကို ကြိုက်လို့ ပဲလား ဒါမှမဟုတ် သူ့ ဟာသူ ထိုးထွင်းတွေ့ မြင်မိပြီးတော့ သုံးစွဲလိုက်တာလားတော့ သူကိုယ် တိုင်သာပဲ သိမှာပေါ့နော်။ ကျုပ်ကတော့ ကျုပ်အရင်ဆုံးတွေးမိတာဆိုပြီး မာန်တက်နေတာပေါ့ဗျာ။ သူသုံးစွဲလိုက်တာတွေ့ လိုက်တော့မှ နှိမ့်ချ စိတ်နဲ့ ပျော်မွေ့ မိသွားတယ်ဗျို့ ။ ကျုပ်လိုမျိုးခံစားမိပြီးတွေ့ ရှိသွားတာပဲဖြစ်ဖြစ် ကျုပ် ကင်ပွန်းတပ်ပေးပုံကြိုက်လို့  ယူသုံးတာပဲဖြစ်ဖြစ် အတွေးသစ်တာပေါ့ဗျာ။ သေချာတာတခုကတော့ ဒီလူလည်း ကျုပ်နေခဲ့ဘူးတဲ့ “အိမ်” မှာနေခဲ့ဘူးတဲ့လူလို့ တထစ်ချတွက်လို့ ရတယ်ဗျ။ တအိမ် တည်းနေခဲ့ဘူးသူလည်းဖြစ်မယ်၊ လူချင်းလည်းတွေ့ ခွင့်ကြုံ မယ်ဆုံရင်တော့ ဒီအိမ်အကြောင်း ပြောမဆုံးပေါင်တောင်သုံးတောင်နေမှာ မြင်ယောင်မိသေးတယ်။ ကျုပ်ပြောချင်တဲ့ “အိမ်” အကြောင်းက……………………။

ကျုပ်ရွာမှာနေတုန်းက သူကြီးနဲ့ သူကြီးလူတွေကတဖက်၊ ကျုပ်ကတဖက် ပြဿနာတက်ခဲ့ပြီးနောက် ကျုပ်ကို သူကြီးက ပုလိပ်လက် ကိုအပ် အမှုဆင်ပြီးထောင်ထဲထည့်ခဲ့တာ ခင်ဗျားသိတယ်နော်။ ကျုပ်ကလည်း ခင်ဗျားသိတဲ့အတိုင်း စာတိုငညိုလို ကောင်လေ။ လူကသာ ဘာမှမဟုတ်တာ စာလေးကဗျာလေးတော့ နှစ်သက်တယ်ဗျ။ ကျုပ်ထောင်ထဲရောက်ရော ဆိုပါတော့ဗျာ။ ပဌမတော့ ထောင်ဆိုတာကို လန့်  တန့် တန့် ဗျ။ ဒါပေမယ့် ကိုရင်မောင်ရေ ထောင်ချခံရမှာလည်းသေချာနေပြီဆိုတော့ကာ၊ ဂါတ်တဲမှာနေပြီး ထောင်းလမောင်းကြေအောင် ပုလိပ်နှိပ်စက်ကို မချိမဆန့် ခံနေရတာထက်စာရင် ထောင်ကိုသာမြန်ပို့ လိုက်စေချင်တော့တယ်။ ပို့ တော့မယ်လဲဆိုရော ၀မ်းသာလိုက်ပုံများ မပြောနဲတော့။ “ထောင်မြန်မြန် ကျပါစေ၊ ကျပါစေ” နဲ့ ဆုတောင်းလိုက်ရတာအမောဗျာ။ ထောင်မြန်မြန်ကျဖို့ ဆုတောင်းရတယ်လို့ ပဲ ခင်ဗျားက ပြောဦးမယ်။ တကယ်ပြောတာ။ ထောင်မြန်မြန်ကျရင် ထောင်ဝင်စာစောစောတွေ့ ရမယ်။ ရွာ့ အခြေအနေလေးလည်းသိရမယ်။ ရွာ က ထောင်ကျနေတဲ့သူတွေနဲ့ လည်းတွေ့ ရမယ်။ ၀ါးတီးလေးလည်း မှန်မယ်ပေါ့။ ထောင်ကကျွေးတဲ့ တာလပေါနဲ့  ပုံစံငပိနဲ့ သာ တောက် လျှောက်လွေးနေရလို့  ကတော ကိုရင်မောင်ရေ၊ အခု ဒီအကြောင်းတွေ ခင်ဗျားကိုပြန်ပြောဖို့ နေနေသာသာ။ ဘယ်ဘ၀မှာ ဘာဖြစ်နေမယ် မှန်းတောင်မသိပါဘူး။ ဒီလိုနဲ့ ထောင်ထဲရောက်ရောဆိုပါတော့ဗျာ။ ကျုပ်က သူကြီးနဲ့ ရန်ဖြစ်လာတဲ့ကောင်ဆိုတော့ ရိုးရိုးထောင်သားတွေနဲ့  အတူထားလို့ မရဘူးတဲ့ဗျ။ စစခြင်းတော့ ကျုပ်လည်း ငါတယ်ဟုတ်တဲ့ကောင် ဆိုပြီး နားထင်တောင်ရဲကနဲလေး ဖြစ်သွားမိလိုက်သေးတယ်။ နောက်မှ ဘယ်ဟုတ်မလည်းဗျ။ ကျုပ်တို့ လို ကောင်တွေကိုချည်း သပ်သပ်ခွဲချုပ်ထားပြီး၊ လူမသိသူမသိ နှိပ်စက်ဖို့  အကွက်ဆင်ထားတာဗျ။ တော်တော်လည်တဲ့ကောင်တွေ။

ထောင်ရှေ့ မှာ အချုပ်ကားကြီး ရပ်လိုက်တယ်ဗျာ။ ထောင်အပြင်မှာ ပေါက်တူးတွေဂေါ်ပြားတွေကိုင်ပြီး နေပူကြဲတဲကြီးထဲမှာ အလုပ် လုပ်နေတဲ ပုံစံအ၀တ်အစားနဲ့  ထောင်သားတွေ၊ ယူနီဖေါင်းဝတ် ထောင်ဝန်ထမ်းတွေ၊ ထောင်ဝင်စာတွေ့ ဖို့ တန်းစီစောင့်နေကြတဲ့လူတွေမှ တပုံကြီးရယ်။ အချုပ်ခန်းကျဉ်းကျဉ်းလေးနဲ့တော့ကွာပါ့။ ကျုပ်က ထောင်ထဲရောက်ရတော့မယ်ဆိုကတည်းက ထောင်ထဲမှာဘာတွေများ ကြုံရ ဦးမလဲဆိုတဲ့အတွေးနဲ့  လမ်းဘေးဝဲယာကိုကြည့်ရင်း မှတ်သားလာခဲ့တာဗျ။ အရင်ဆုံး ကားထဲက ကောင်တယောက်က အင်းစိန်ထောင် ရောက်တော့မယ်လို့ ပြောတဲ့အချိန်ကြတော့ ပိုလို့ တောင်သတိထားမိနေတယ်။ အရင်ဆုံး လမ်းမကြီးကနေ ညာဖက်ကိုချိုးဝင်လိုက်တာနဲ့  “ပဌမ” ဆုံး မောင်းတံကြီးတပ်ထားတဲ့ သံတံခါးကြီးတထပ်ကို ဖြတ်ရတယ်ဗျို့ ။ ဘေးမှာလူတယောက်ဝင်သာရုံ တခါးလေးနဲ့  မလွယ်ပေါက် ကလေးနဲ့ ၊ လက်နက်ကိုင်အစောင့်တွေလည်း ဒင်းကြမ်း။ အဲဒါကြီးဖြတ်ပြီးတော့ နောက်ထပ် ထောင်ကို ၀န်းပတ်ခတ်ထားပုံရတဲ့ခြံစည်းရိုးနဲ့  “ဒုတိယ” တံခါးတထပ်ဖြတ်ရပြန်တယ်ဗျာ။ ဒီမှာလည်း အရင်တံခါးလိုပဲ။ နောက်တော့ စက်ဝိုင်းခြမ်းပုံ “တတိယ” သံတံခါးတထပ်။ နောက်တော့မှ ဘေးကအုတ်နံရံတွေနဲ့ တွဲရက် သစ်သားတံခါးကြီး။ တံခါးရွက်ကနှစ်ချပ်။ ဒုကတော့ ထူသလားမမေးနဲ့ ကိုရင်မောင်ရေ။ ယောင်္ကျားကြီးနှစ်ယောက်လောက် မနည်းတွန်းဖွင့်ယူရတယ်။ သူ့ ကျတော့ မလွယ်ပေါက်ကတမျိုးဗျို့ ။ အရင်တံခါးတွေလို ဘေးမှာဖေါက်တာ မဟုတ်ပြန်ဘူး တံခါးရွက်တခုရဲ့ အစွန်း၊ တံခါးရွက်နှစ်ခု ဆက်မိလိုက်ရင် အလယ်ဗဟိုမကျတကျမှာ။ ခေါင်းငုံးပြီးမှ မလွယ်ပေါက်ကလေးကနေ ၀င်ရတယ်။ အဲဒီမလွယ်ပေါက်ကလေးကိုဘဲ ဗူးလို့ လို့ ခေါ်တာထင်ပါရဲ့ ဗျာ။ အဲဒါက “စတုတ္ထ” တံခါး။ အထဲရောက်တော့ စီးလာတဲ့ ဖိနပ်တွေချွတ်၊ တမံသလင်းပေါ် ခေါင်းငုံပြီးဆောင့်ကြောင့်ထိုင်ပေးရတယ်။ ရှာဖွေရေးလုပ်တယ်ဆိုပြီး ပါလာတဲ့ဟာလေးတွေ အကုန်သိမ်း လိုက်တာများ တက်တက်ပြောင်ပဲ။ ဘာမှပြန်တောင်းလို့ လည်းမရတော့ဘူး။ နောက်တော့ ကျုပ်ကို ထောင်မှူးလို့ ထင်တာပါဘဲဗျာ၊ ကောင်တ ကောင်က “မင်းလားကွ သူကြီးကို ပြန်ပြောတဲ့ကောင်” ဆိုပြီး စားတော့ဝါးတော့မလိုပုံနဲ့ မေးတယ်။ ကျုပ်လည်း လန့် တော့လန့် တာပေါ့။ ဒါပေမယ့် ဘယ်ရမလဲ သူကြီးနဲ့ တောင် ရန်ဖြစ်ရဲခဲ့အကောင်ပဲဟာ။ ဆယ်အိမ်ခေါင်းလောက်တော့ ဘာမှုစရာလဲ။ “ဟုတ်တယ် ကျုပ်ပဲ” လို့  ပြန်ပြောတာပေါ့။ ဒီတော့ “ဟေ့ကောင် အရာရှိနဲ့ စကားပြောရင် ပုံစံနဲ့ ပြောရတယ်ကွ” လို့ နောက်နားက အော်သံနဲ့ အတူ လက်ဝါးစောင်း တချက် ဂုတ်ပေါ်ကျလာတော့ ကျုပ်လည်း ကြယ်တွေလတွေမြင်သွားတာဘဲဗျို့ ။ ဒီတင်ဘဲ ကျုပ်နည်းနည်းသဘောပေါက်သွားတယ်။ ဒါ.. ရွာမဟုတ်ဘူး၊ ဒီကောင်တွေကို ရွာကကောင်တွေကို ချတဲ့နည်းနဲ့ ပြန်ချလို မရဘူး၊ နည်းနာပြောင်းရမယ်ဆိုတာပါ။ မေးမြန်းပြီးတော့ အခုန အရာရှိဆိုတဲ့ကောင်က ဘေးနားက လက်မောင်းမှာအရစ်တွေနဲ့  ငနဲတကောင်ကို ဒီကောင့်ကို တိုက်ထဲပို့ လိုက်တဲ့။ ကျုပ်တော့ ဟန်ကျပြီ ဘာပဲဖြစ်ဖြစ် အချုပ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ချေးစော်သေးစော်တွေနံ၊ လူပေါင်းသောင်းခြောက်ထောင်နဲ့ နေနေခဲ့ရာကနေ အခုတော့တိုက်နဲ့ ဘာနဲ့ ဆိုတော့ ဟန်သားပဲ။ ငါ့လိုပဲ သူကြီးနဲ့ ရန်ဖြစ်လာတဲ့ကောင်တွေလည်း အနိပ်သားဟပေါ့။ အဲဒီနောက်တော့ “ပဉ္စမ” မြောက်တံခါးဖြစ်တဲ့ သစ်သားတံခါးကြီးတချပ်ရဲ့ အလယ်က “ဗူး” လို့ ခေါ်တဲ့ မလွယ်ပေါက်ကလေးကနေ ခေါင်းလျှိုပြီးဝင်ရပြန်ရောဗျ။ အောက်တော့ အောက်တာပေါ့ဗျ။ ကျုပ်ရှေ့ တင် ကင်းဝင်ကင်းထွက် လုပ်နေတဲ့ ၀ါဒါတွေ၊ အရာရှိတွေအားလုံးကိုကျတော့ တံခါးကြီးတချပ်ဖွင့်ပေးတာ၊ ကားတွေဘာတွေ ၀င်လာထွက်လာတဲ့အခါ တံခါးကြီး နှစ်ချပ်လုံးဖွင့်ပေးတာကို မြင်နေရတာဘဲဟာ၊ မတတ်နိုင်ဘူး ကိုရင်မောင်ရေ သူ့ ရွာ ရောက်သူ့ တရားခေတ်ကိုဗျ။ အဲဒီသားတံခါးကြီး နှစ်ချပ်ကြားကို ထောင်ဗူးကြီးလို့ ခေါ်သဗျ။ အဲဒီမလွယ်ပေါက်ကလေးကနေထွက်တော့ ထောင်ရဲ့ အတွင်းပိုင်းက မြင်ကွင်းကျယ်ရုပ်ရှင်ကားကြီးကျနေတာဘဲ။

အပါးပါး…. ထုံးရောင်တွေနဲ့ မျက်စေ့တောင်ကျိန်းတယ်။ ရေနံချေးရောင်၊ နီစွေးစွေးအုတ်ရောင်တွေနဲ့ တဖက်တချက်မှာ သစ်ပင် ပန်းပင်တွေအလှစိုက်ထားတဲ့ လမ်းမကျယ်ကြီး။ လမ်းမကြီးကလည်း သန့် ရှင်းသလားမမေးနဲ့  ကျုပ်တို့ ကောက်ပြန့် ထားတဲ့ တလင်းထက် တောင်သန့် သေး။ တိတ်လို့ ဆိတ်လို့  ဒီထဲမှာ လူတွေသောင်းချီပြီးနေတာလို့ ကျိန်ပြောတောင်မယုံဘူး။ ထားပါတော့ ဗူးတံခါးလေးက ထွက် လိုက်တာနဲ့  “ဆဌမ” မြောက် စက်ဝိုင်းခြမ်းပုံသံတံခါးတထပ်။ အဲဒါကိုကျော်တော့ မော်စကိုလမ်းမကြီးလို့ ကျော်ကြားတဲ့ မိန်းဂျေးလ် လမ်းမ ကြီးက၀င်တဲ့ အ၀င်တံခါးတချပ်။ သံတခါးပါဘဲ၊ “သတ္တမ” မြောက်ပေါ့နော။ ကျုပ်က ခပ်တည်တည်ပဲ အဲဒီတံခါးကိုကျော်တော့ လမ်းမကြီးပေါ်တက်မလို့ လုပ်တုန်းရယ်၊ နောက်ကနေ “ဟေ့ကောင်အဲဒါမင်းတို့ လျှောက်ဖို့ မဟုတ်ဘူး၊ ဘေးဆင်းလျှောက်” ဆိုတဲ့ အသံ ထွက်လာတော့မှ လမ်းမကြီးရဲ့ ဘေးမှာ နှိမ့်ထားတဲ့ လူ(၂) ယောက်စာသွားသာရုံ လမ်းကျဉ်းလေးတွေ့ တယ်။ တော်သေးတယ် ကိုရင်မောင်ရေ့ ။ နို့ မို့ ဆို အတွယ်များခံရဦးမလားမသိပါဘူး။ ကျုပ်က သိမှသိဘဲ။ သူတို့ လည်း ကြိုပြောထားတာမဟုတ်။ ဒီလိုနဲ့ လမ်းမကြီး ရဲ့ ဘေး ထောင်အတွင်းနံရံနားကပ်ပြီး လျှောက်လာလိုက်တာ ကိုက် ၁၅၀ ကျော်လောက်ရှိမယ်မှတ်တယ်။ နောက်က “ရပ်” ဆိုလို့ ရပ်လိုက် ရတယ်။ ထောင်ဝါဒါ အကြပ်ကြီးက ကျုပ်ရှေ့ ကျော်တက်ပြီး ညာဖက်နံရံမှာ ဖေါက်ပြီးတပ်ထားတဲ့ လူဝင်ပေါက်တံခါးကနေ အတွင်းကို ချောင်းကြည့်တဲ့ပြီး “ ၅- ည အသစ်” လို့ အော်လိုက်တယ်။ ခနလေးနေတော့ “အဌမ” မြောက် တံခါးပွင့်လာပြီး ထောင်ဝတ်စုံနဲ့ ထောင်သား တစ်ယောက်ပေါ်လာတယ်။ “တိုက်ရုံးသွားမယ်နောက်ကလိုက်ခဲ့၊ ဟိုကြည့်ဒီကြည့်မလုပ်နဲ့ ” ဆိုလို့  ကျုပ်လည်း ဘယ်မှကြည့်မနေတော့ပါ ဘူး။ အသာလေးလိုက်သွားတာပေါ့။ တိုက်ရုံးလို့ ခေါ်တဲ့နေရာရောက်တော့ အရာရှိတယောက်က ကျုပ်ကို ပေးမထိုင်ဘူး။ ကျုပ်လည်း မတ်တပ်ကြီးရယ်။ သူ့ ရှေ့ ရပ်နေရတာပေါ့။ ခနနေတော့ ၃-၄ ခွန်းလေက် ဟိုမေးဒီမေး မေးပြီး (၂) တို (၄၇) ခန်းကိုပို့ လိုက်တဲ့။ ဒီတင် နောက်ထပ် ထောင်စောင့်တယောက်က “ငါ့နောက်ကလိုက်ခဲ”့ တဲ့။ နည်းနည်းလေးဘဲလျှောက်ရသေးတယ်၊ ရှည်မျောမျောအဆောင် ကြီးတခုရှေ့ ရောက်တယ်။ သူ့ မှာလည်း တံခါးတချပ်နဲ့ ပါလား။ ဒါကတော့ “န၀မ” တံခါးလေ။ ဘုရားရေ တံခါးတွေကလည်း ကုန်နိုင်ခဲ လှချည်လား၊ ဒါတော့နောက်ဆုံးထင်ပါရဲ့ လို့ တောင်တွေးမိသေးတယ်။ ငါ့ ပြောတော့ တိုက်ထဲပို့ မယ်ပြောတယ် အခု ဘယ်ကိုခေါ်လာတာလဲ။ မေးကြည့်ရကောင်းမလားလို့ တောင်ဖြစ်လိုက်သေးတယ်။ နောက်တော့ မမေးတော့ပါဘူးလေ ရောက်လျားပဲလို့  နေလိုက်တယ်။ အဲဒီတံခါးတချပ် ပွင့်သွားပြန်တော့ သော့တွဲတွေခါးချိတ်ထားတဲ့ ၀ါဒါတယောက်က ကျုပ်ကိုနောက်က လိုက်ခဲ့ခိုင်းပြန်တယ်။ ကျုပ်မလဲ တလျှောက်လုံး နောက်ကချည်းလိုက်နေရတော့တာပါလား။ “ဒီအခန်းပဲ မင်းနေရမှာ”တဲ့။ အခန်းအ၀င်အပေါ်ကို မော့ကြည့်မိလိုက်တော့ ထုံးပေါ်မှာ သင်္ဘောဆေးနဲ့  “၄၇” လို့ ရေးထားတာတွေ့ တယ် လာပြန်ပြီ၊ ဒီမှာလည်း သံတခါးတချပ်။ “ဒါတော့ “ဒသမ” နဲ့  နောက်ဆုံး ဖြစ်မယ်ထင်တယ်” လို့ တွေးပြီး ၀ါဒါဖွင့်ပေးတဲ့အတိုင်း အသာပဲအခန်းထဲဝင်လိုက်တယ်။ “ဟိုအခန်း ဒီအခန်းတွေနဲ့  စကားမပြောနဲ့ ၊ ပြော တာတွေ့ ရင် ပြစ်ဒဏ်နဲ့ ထုတ်ရိုက်ခံရမယ်” လို့ ပြောလည်းပြော သော့လည်းပိတ်ပြီး အခန်းရှေ့ မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတယ် မျက်နှာထားကတော့ ကိုရင်မောင်ရေ တလောကလုံးသူ့ လုပ်စာကျွေးထားရတဲ့အတိုင်းပဲ။

လူဟာစကားပြောတဲ့ အကောင်လေဗျာ။ မပြောရရင်တွေးတာပေါ့။ မတွေးနဲ့ လို့ ဘယ်သူကလာတားလို့ ရမှာတုန်း။ တွေးတာပေါ့။ သူများတွေတော့ ဘာတွေးလည်းမသိဘူး။ ကျုပ်ကတော့ ဒီနေ့ ဖြတ်လာခဲ့တဲ့ တံခါးတွေအကြောင်းတွေးတယ်။ တံခါးဘာလို့ ရှိရတာလဲ။ တံခါးဆိုတာဘာလဲ။ တံခါးရဲ့ အဓိပ္ပါယ်ဘာလဲ။ တံခါးမရှိရင်ဘာဖြစ်မလဲပေါ့ဗျာ လိုက်လျှောက်တွေးတာပေါ့ဗျာ။ လား… လား..ကိုရင်မောင်ရေ ဒီတော့မှ “တံခါးမရှိ ဓါးမရှိ” ဆိုတာရဲ့  အဓိပ္ပါယ်ကို ကျုပ်နားလည်သွားတော့တယ်။ ကျုပ်အတွေးက ဒီတင်မရပ်သေးဘူး တံခါးရှိရင် တံခါးကို ပိုလုံအောင်လုပ်ဖို့  မင်းတုပ်တို့  သော့တို့ ပါ လိုလာပြန်သကိုး။ ဒါနဲ့  သော့တွေအကြောင်းတွေးမိပြန်တယ်။ သော့ဆိုတာကိုလည်း ရိုးတိုး ရိပ်တိတ် သဘောပေါက်မိလိုက်တယ်။ တံခါးနဲ့ တိုင်းမှာ သော့မရှိ/မရှိတော့ မသေချာဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေ့ က ကျုပ်ဖြတ်ခဲ့တဲ့ တံခါး တိုင်းမှာတော့ သော့တွေနဲ့ ချည်းဘဲဗျ ကိုရင်မောင်ရ။

ထောင်ဆိုတာလည်း သဲတွေ အုတ်တွေ ကျောက်တွေ သံတွေ သွပ်တွေနဲ့ ဆောက်ထားတယ်။ လူတွေကိုကိုလည်း ကိုလည်း သူ့  သဘောနဲ့ သူ ပြန်ထွက်လို့ မရအောင် ပိတ်လှောင်ထားတယ်။ တနည်းပြောရရင် လူတွေမနေချင်လည်း နေနေရတယ်။ လူလည်းနေတယ်ပေါ့ ဗျာ။ ဒီတော့ သူလည်း “အိမ်” တမျိုးဘဲ။ ဒါပေမယ့် သူ့ မှာ ထူးခြားတာက တံခါးလည်းရှိဓါးလည်းရှိရုံတင်မကဘူး။ သော့တွေကလည်း အထပ်ထပ်နဲ့ ဆိုတော့ ကျုပ်တွေးမိတယ်။ ဒါကို “အိမ်” ဆိုတာရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ်ကို မဆောင်ပေမယ်လို့  “မည်ကာမတ္တအိမ်” လို့  ကျုပ် သဘောနဲ့ ကျုပ် သမုတ်လိုက်မယ်ဆိုပြီး တွေးမိတော့မှ ဒီအိမ်ကို အမည်ပေးလို့ ရသွားတယ်ဗျို့။ အိမ်တော့အိမ် ဒါပေမယ့် “သော့အိမ်”

အဲဒီအချိန်မှာ ကျုပ်မျက်စေ့တွေ ပိတ်ထားသလား ပွင့်နေသလားတော့မမှတ်မိတော့ဘူ၊ မျက်စေ့ထဲမတော့ သော့ခလောက်တွေနဲ့  အိမ်တလုံးသာ မြင်နေရတယ်ဗျာ။

မျိုးမြင့်ချို

၇ ရက် နိုဝင်ဘာ ၂၀၀၈

(မျိုးမြင့်ချို၏ကိုရင်မောင်နှင့်စကားစမည်အစီအစဉ်ကိုအပါတ်စဉ်တင်ဆက်သွားပါမည်။)