12.19.2008

လွတ်လပ်မှု ဆိတ်သုဉ်းတဲ့ နေရာက အပြစ်များ

လွတ်လပ်မှု ဆိတ်သုဉ်းတဲ့ နေရာက အပြစ်များ

သြရသ

ဒီဇင်ဘာ ၁၉၊ ၂၀၀၈

ခင်ဗျားကတော့ သိမှာမဟုတ်ဘူး။ ကျနော်တို့ ထောင်ကျတာ ဘာအမှုတွေနဲ့လဲ။ လူ့အခွင့်အရေး မရှိလို့ဆိုပြီး ခင်ဗျားက သတင်းထဲ ထည့်ပြောမယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိလို့ ဆိုပြီး သတင်းထဲ ထည့်ရေးမယ်။ ကျနော်တို့ကို ထောင်ဒဏ် အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀၊ အဲသည်လို အပြစ်တွေချ၊ ပြန်လည်ချေပဖို့ ကြိုးစားတော့ ရှေ့နေတွေကိုပါ ထောင်ချ။ ဟုတ်လား။ ကျနော်တို့ကို အဝေးကြီးက အကျဉ်းထောင်တွေကို ပို့လိုက်ပြီ။

ကျနော်တို့က ၈၈ မျိုးဆက်တွေ၊ ဒါဟာ မြန်မာပြည်မှာ အပြစ်တခုပဲ။ အင်း … ကျနော်တို့က အတိုက်အခံပါတီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ဒါလည်း အပြစ်တခုပဲ။ ပြီးတော့ အင်တာနက်တပ်ထားတဲ့ ကွန်ပျူတာ သုံးစွဲလို့၊ ကွန်ပျူတာသုံးစွဲနည်းတွေကို တပါးသူတွေကို သင်ကြားပြသပေးလို့။ ဒါတွေဟာ ကျနော်တို့ကို ပြစ်မှုမြောက်စေတဲ့ အခြေခံတွေချည်းပဲ။

နောက်ထပ် ဘာစွဲချက်တွေ ပြောချင်သေးလဲ။ ကျနော်တို့က ဒီဗီဒီအခွေတခုကို ကူးမိလို့၊ သိမ်းထားမိလို့၊ သူများကို ပေးဝေမိလို့၊ ဟုတ်လား။ ဆင်ဆာက ခွင့်ပြုတာတို့ ဘာတို့ ကျနော်တို့ ဘယ်သူ့ကို သွားမေးရမှာလဲ။ ဒီအခွေတွေကို ကြည့်မိတာကိုက အပြစ်ဖြစ်နေပြီ။ တပြည်လုံးက ပြည်သူတွေလည်း ဒီအခွေကြည့်ဖူးပြီးသားဆိုပြီး သက်သေပြနိုင်ရင် ကျနော်တို့ကို လွှတ်ပေးမှာလား။

နောက်ထပ် ဘာအမှုတွေ ရှိသေးလဲ။ အင်တာနက် လိပ်စာတွေ၊ အီးမေး လိပ်စာတွေ ရှိတာကိုက ပြစ်မှုမြောက်စေတဲ့ အခြေခံတွေတဲ့လား။ ကျနော်တို့အီးမေးတွေထဲမှာ သူများတွေ လာပို့ထားတဲ့ ဟာသတွေ၊ ပြက်လုံးတွေ၊ ကာတွန်းတွေ၊ စာသားတွေ ရောက်နေတာနဲ့ ကျနော်တို့မှာ အပြစ်ရှိပြီတဲ့လား။

ခင်ဗျားတို့ စာတိုက်ပုံးထဲကို သူများတွေ ထည့်ချင်တဲ့စာလာထည့်တာကို ခင်ဗျားက လက်မခံဘဲ နေလို့ရမလား။ အဲသလို စာတွေ၊ စာသားတွေ၊ ကာတွန်းတွေ တွေ့တာနဲ့ ကျနော်တို့မှာ အပြစ် ရှိသွားပြီလား။ အဲသလိုမျိုးလူတွေ တပြည်လုံးမှာ ရှိနေတယ်လို့ ခင်ဗျားကို ပြောပြနိုင်ရင် ခင်ဗျားက လွှတ်ပေးမှာလား။

နိုင်ငံခြားသွားတာကလည်း ပြစ်မှုမြောက်စေတဲ့ အခြေခံတဲ့လား။ စာကြည့်တိုက်တွေ သွားတာလည်း အပြစ်ပဲလား။ ဘာတဲ့ နိုင်ငံရေးသမားတွေ သွားလာတဲ့နေရာတွေကို သွားမိတာကိုက အပြစ်တဲ့လား။ ပွဲတွေ အငြိမ့်တွေ ကြည့်တာကလည်း အပြစ်ပဲလား။ ပြီးတော့ ပြောသေးတယ်၊ ဆူပူ ဆန္ဒပြတဲ့နေရာတွေကို သွားလို့ တဲ့။ ဘုရားတွေမှာ သံဃာတော်တွေ စီတန်းလှည့်လည် မေတ္တာသုတ် ရွတ်တာဟာ ဆူပူတာဆိုရင်၊ အဲဒီ သံဃာတော်တွေကို ၀ိုင်းယံပြီး လိုက်မိတဲ့ ကျနော်တို့မှာ အပြစ်ရှိတယ်လို့ သူတို့က ဆုံးဖြတ်လိုက်ပြီး ဖြစ်တယ်။

ကဲ … အပြစ်က ဘယ်မှာလဲ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်၊ နိုင်ငံတော်အကြီးအကဲများ ဂုဏ်သိက္ခာထိခိုက်အောင် ကျနော်တို့ ဘာတွေ လုပ်လိုက်မိသလဲ။ ဘာတွေ အကြမ်းဖက် သတ်ဖြတ် ရိုက်နှက် လုပ်လိုက်မိသလဲ။

ကျနော်တို့တတွေနဲ့ သူတို့တတွေနဲ့ သဘောချင်း မတူကြတာဟာ အပြစ်ပဲ။ ရာဇ၀တ်မှုပဲ။ ပုဒ်မ ၅၀၅ (ခ) ပဲ။ ကျနော့် အကြိုက်နဲ့ သူတို့ အကြိုက် မတူညီကြတာကိုက အကြီးကျယ်ဆုံးသော နိုင်ငံတော်လုပ်ကြံမှုကြီးပဲ။ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ …။

ကျနော်ကြိုက်တာ ကျနော် ထပ်ပြောအုံးမယ် … ကျနော်တို့ ကြိုက်တာ ကျနော်တို့ ရွေးချယ်တာက လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ။ သူတို့က စစ်အာဏာရှင်စနစ်။

ဒါကြောင့် သူတို့က ကျနော်တို့ကို ပြောတယ်။ ကျနော်တို့မှာ အပြစ်ရှိတယ်။ ထောင်ဒဏ် နှစ်ပေါင်း ၂၀ နဲ့ အထက် …

တပြည်လုံးက ပြည်သူတွေက ခင်ဗျားတို့ကို မကြိုက်ဘူး၊ လက်မခံဘူးဆိုတာ တရားရုံးမှာ သက်သေခေါ်ပြလိုက်မယ်။ ခင်ဗျားတို့ ဘာလုပ်မှာလဲ။ တရားရုံးကို ဖျက်မှာလား။ နောက်ထပ် ထောင်ဒဏ် နှစ်ပေါင်း ၆၀၀ လား၊ ၆၀၀၀ လား။
မိုးမခမှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment