7.19.2008

“အာဇာနည်မျိုးသေရိုးမရှိ”


အာဇာနည်မျိုးဆက်များ


အစားထိုးမရသောဆုံးရှုံးမှုကြီး

၁၉၄၇ ၊ဇူလိုင်လ၁၉ရက်၊စနေနေ့၊မနက် ၁၀နာရီကျော်

“စနေမိုးပေမို့ မစဲလေသလား၊မကြာမီဖြစ်လာတော့မည် အစားထိုးမရ

နိုင်သည့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီးအတွက် ကြိုတင်၍ပင် ငိုကြွေးနေလေသလားပင်မသိ။

ကောင်းကင်ပြင်တခုလုံးညိုမှိုင်း၍မိုးကတအိအိတဖွဲဖွဲရွာသွန်းနေလေသည်။မိုးကြောင့် လမ်းများ

တွင်လူသွားလူလာမရှိသလောက်ပင်။ထိုအချိန်တွင်ဝန်ကြီးများရုံး အဆောက်အအုံရှေ့သို့အ

စိမ်းပုပ်ရောင်ဂျစ်ကားတစီးဆိုက်ရောက်လာပြီးဘရင်းဂန်းများကိုင်ဆောင်ထားကြသောလူတစု

သည်ကားပေါ်မှခုန်ဆင်းရုံးအပေါ်ထပ်သို့လျှင်မြန်စွာပြေးတက်သွားကြသည်။သူတို့ဦးတည်ရာ

အရပ်ကားအစည်းအဝေးခန်းမဆီသို့………

အစည်းဝေးခန်းမထဲတွင်ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်မြန်မာနိုင်ငံရေးခေါင်း

ဆောင်များ အစည်းအဝေးကျင်းပနေသည်။လက်တကမ်းသာ လိုတော့သည့် မြန်မာ့လွတ်လပ်

ရေးကိစ္စနှင့် ရှေ့အနာဂတ် အလားအလာများအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုက

စစ်ဖိနပ်သံများနှင့်အတူ အခန်းဝတွင် ပေါ်ပေါက်လာသည့်လက်နက်စွဲကိုင်သူ လူတစုကြောင့်

ရပ်တန့်သွားသည်။ သွေးဆာနေသည့် လူသတ်သမားတို့က သေနတ်များဖြင့် ချိန်လိုက်စဉ်

ဗိုလ်ချုပ်အောင်ဆန်းက တခုခုပြောရန် လက်တဖက်ကိုမြှောက်၍တားလိုက်သည်။သို့သော်

ဆူညံသော သေနတ်သံများနှင့်အတူ အခန်းတခုလုံး ယမ်းငွေ့တို့ဖြင့် မှောင်ပိန်းသွားလေ

တော့သည်။ ယမ်းငွေ့များပြယ်စပြုချိန်တွင် အခန်းထဲ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်း

ဆောင်ကြီးများသွေးအိုင်ထဲတွင်အတုန်းအရုံးလဲပြိုကျလျက်ရှိနေပါတော့သည်။ထိုအဖြစ်ဆိုးကို

သိသည့်အလားမိုးကအငြိုးတကြီးဖြင့်တိုး၍ရွာချလိုက်သည်။ထိုသတင်းထွက်ပေါ်လာသည်နှင့်

တပြည်လုံးယူကြုံးမရငိုကြွေးကြပါတော့သည်။မြန်မာပြည်အနာဂတ်သည်လည်းမိုးနှင့်အတူ

ရေစုန်မျောရပေတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း၊ဦးဘဝင်း၊မန်းဘခိုင်၊ဦးရာဇတ်၊ဒီးဒုတ်ဦးဘချို၊မိုင်းပွန်စော်

ဘွားကြီးစပ်စံထွန်း၊သခင်မြ၊အတွင်းဝန်ဦးအုန်းမောင်အစရှိသောနိုင်ငံရေးခေါင်းဆောင်များနှင့်

အခန်းပြင်ရှိ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ပါ ထိုသွေးစွန်းသော စနေနေ့ မနက်၁၀နာရီ

၃၇ မိနစ်အချိန်တွင် ကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရပါတော့သည်။”

ဤကား ကျွန်တော်ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရဘူးသော အာဇာနည်ခေါင်း

ဆောင်ကြီးများ၏ ကျဆုံးခဲ့ရမှု ရုပ်ပုံကားချပ်ပင်။ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်တို့ကျဆုံးခဲ့သည်မှာ

(၆၁)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ တခေတ်တွင်တယောက်ပင် ပေါ်ထွက်ခဲသော နိုင်ငံခေါင်းဆောင်၊ မြန်မာတမျိုးသားလုံးအမျိုးသားခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်လေးစားမှု

ကိုရသူ၊အတိုက်အခံများကပင်လေးစားရသူ၊ တပ်မတော်ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကိုယ်ကျိုးမဖက်ဆောင်ရွက်

ခဲ့ကြသော ထိုခေါင်းဆောင်များကို ဆုံးရှုံးမှုက တိုင်းပြည်အတွက် တန်ဘိုးအနဂ္ဂတွက် ချက်မရ

အောင် နစ်နာခဲ့ပါတော့သည်။

တိုင်းပြည်အတွက်နစ်နာဆုံးရှုံးရခဲ့မှူများ

ယခုမျက်မှောက်ဖြစ်ပေါ်နေသောအခြေအနေများကိုပင်သက်သေပြရပါတော့မည်။

ဗိုလ်ချုပ်ဖောက်ခဲ့သောလမ်းကိုဆက်လျောက်၍လွတ်လပ်ရေးပန်းတိုင်ဆီကိုတော့ရောက်ခဲ့ရ

ပါသည်။ဆက်ခံသူနိုင်ငံရေးခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးအယူအဆ ဂိုဏ်း

ဂဏကွဲပြားမှုများ၊တိုင်းရင်းသားလူမျိုးများအရေးအရာကိစ္စမပြေလည်မှုများကြောင့်မြန်မာနိုင်ငံ

အတွင်းတွင် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပါတော့သည်။အသွေးအရောင် အမျိုးမျိုး

သော လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မြေဇာပင်ကတော့ ပြည်သူလူထုများပင်။ပြည်

တွင်းစစ်ကြောင့်စစ်အင်အားအပေါ်ကိုမှီခိုရသည်။နိုင်ငံရေးအယူအဆကွဲပြားမှုကြောင့်စစ်တပ်

ကိုကြားခံမဏ္ဍိုင်ပြုရသည်။နိုင်ငံရေးအရရောစစ်ရေးအရပါဩဇာအာဏာကြီးမားသောဗိုလ်ချုပ်

မရှိတော့သည့်အခါတွင် ထိုအခြေအနေများကြောင့် ဗိုလ်နေဝင်းဆိုသော အာဏာရူးအတွက်

ဘီလူးအစွယ်ပေါက်ရန်ဖြစ်လာတော့သည်။အလိုလိုက်အကြိုက်ခစားသည့်ဗိုလ်အောင်ကြီးတို့

လိုလူစားတွေကြောင့် ပို၍သွေးနားထင်ရောက်လာသည့် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းခြင်း

ကိုခံရပါတော့သည်။ထိုအချိန်မှစပြီးဆိုရှယ်လစ်အနံ့ပေး၍သွေးခွဲလိုက်၊ငြိမ်းချမ်းရေးအသံပေး

၍ဘေးတီးလိုက်နှင့်အမျိုးမျိုးသော ဇာတ်ရုပ်ကိုက မြန်မာပြည်တွင် စစ်မျိုးဆက် အုပ်ချုပ်ရေး

အသက်ရှည်ရေးနှင့်၊စစ်ကျွန်ဇာတ်သွင်းရေးကို စနစ်တကျဖော်ဆောင်ခြင်းခံခဲ့ရသည်မှာ ယခု

ဗိုလ်သန်းရွှေတို့လက်ထက်တိုင်ပင်ဖြစ်ပါသည်။

နှမြောစရာအကောင်းဆုံးအချက်မှာB.I.A ၊ B.D.Aမှစ၍ အစဉ်အလာကြီးမား

ခဲ့သည်ြ့ပည်သူလူထုကြားမှ ပေါက်ဖွားလာခဲ့သည့် မြန်မာ့တပ်မတော်ကြီးသည် ယနေ့အချိန်

တွင် အာဏာရူးလက်တဆုပ်စာတို့အတွက် လက်ကိုင်တုတ်အဖြစ် ယုတ်နိမ့်သော ကြေးစား

စစ်တပ် ဖြစ်ခဲ့ရခြင်းပင်။အမျိုးကိုအမှန်တကယ်ချစ်သော၊ တိုင်းပြည်ကိုတကယ် မြတ်နိုးသော

တပ်မတော်သားများ လေးနက်စွာ စဉ်းစားသုံးသပ်သင့်သော အချက်ဖြစ်ပါသည်။

ဆုံးရှုံးခဲ့ရသော ပြည်သူလူထုပေါင်း များစွာ၏ အသက်အိုးအိမ် စည်းစိမ်များ၊

အာဏာရူးများ၏ ကိုယ်ကျိုးရှာမှုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရမှုများကိုပါ ထည့်တွက်လျှင်

တန်ဘိုးမည်မျှဟု ဘယ်ကဲ့သို့ တွက်ချက်နိုင်ပါမည်နည်း။ အလွန်အင်မတန် ကြီးမားလှသော

ဆုံးရှုံးမှုကြီးဟုသာဆိုနိုင်ပါတော့သည်။

အာဇာနည်နေ့တို့မမေ့

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍

နှစ်စဉ်အလေးထား ဂုဏ်ပြုကျင်းပခြင်းသည် တိုင်းပြည်က တတ်နိုင်သမျှ ကျေးဇူးတုန့်ပြန်ခြင်း၊

အသိမှတ်ပြုခြင်းပင်ဖြစ်သည်။ထိုမျှမက ဂုဏ်ပြုသင့်ပါသည် ဟုဆိုလျှင်လည်း ကျွန်တော်ငြင်း

ဆန်ရန်အကြောင်းမရှိပါ။

သို့ရာတွင် ၁၉၈၈ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ အာဇာနည်နေ့

ကျင်းပမှုများကို မကောင်းတတ်၍သာ အဖြစ်သဘော လုပ်ဆောင်ကြသည်ကို ထင်ရှား

စွာတွေ့ရပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် နံနက်၁၀

နာရီ၃၇မိနစ်တွင် မြန်မာ့အသံနှင့် နိုင်ငံတဝှမ်းလုံးရှိ စက်ရုံများမှ ဆွေးဆွေးမြေ့မြေ့ ဥဩဆွဲ

သံ ထွက်ပေါ်လာသည့်အခါ စိတ်မခိုင်သူများ မျက်ရည်ပေါက်ပေါက်ကျသည်အထိပင် ဖြစ်ရပါ

သည်။ ထိုဥဩသံကိုပင် မဆွဲခိုင်းသည်အထိ ယခုဗိုလ်ချုပ်ကြီးများဟုအမည်ခံသူများက ကျေး

ဇူးကန်းဝံ့ကြပါသည်။တပ်မတော်၏ ဖခင်ကြီးကို ဦးညွတ်အလေးပြုရန် တပ်မတော်ခေါင်းဆောင်

များဟု အမည်ခံသူများက ရှောင်လွှဲ၍ သေးသိမ်စေကြသည်။သို့သော် ပြည်သူလူထု

များရင်ထဲနှလုံးသားများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို

လေးစားကြည်ညိုသည့် စိတ်ကိုတော့ ဖြောက်ဖျက်မပစ်နိုင်ပါ။ထို့ကြောင့်ပင်လျှင် ပြည်သူများ

က နှစ်စဉ်မပျက်မကွက် အာဇာနည်ကုန်းရှိရာသို့ သွားရောက်ပန်းခွေချခြင်း၊ဦးညွတ်အလေးပြု

ခြင်းများ လုပ်ဆောင်နေကြခြင်းပင်ဖြစ်သည်။ထိုသည်ကိုပင် မလိုတမာစိတ်ဖြင့် တားဆီး ပိတ်

ပင်မှု အမျိုးမျိုးပြုလုပ်နေကြပါသေးသည်။မည်ကဲ့သို့ပိတ်ပင် တားဆီးစေကာမူအာဇာနည်နေ့

ကို ကျွန်တော်တို့မမေ့ကြပါ။

အာဇာနည်မျိုးသေရိုးမရှိ

ပြည်သူလူထုအားလုံးသည်ဗိုလ်ချုပ်သာရှိခဲ့လျှင် ငါတို့တိုင်းပြည် အခုလိုမဖြစ်

ဘူးဟုဆိုကာ ယနေ့တိုင်တသတိရနေရဆဲပင်။ယခုလိုအဖမဲ့သားရေနည်းငါးဖြစ်နေကြရချိန်

တွင် ပိုလို့ပင်တမ်းတကြပါသည်။ တကယ်တော့သတိရနေရုံနှင့်မပြီးသေးပါ။ဗိုလ်ချုပ်ရည်မှန်းခဲ့

သည့် ဒီမိုကရေစီပန်းတိုင် ရောက်အောင်ဆက်လက်လျှောက်လှမ်းရန်တာဝန်များကျန်နေပါ

သေးသည်။သို့မှသာအာဇာနည်ခေါင်းဆောင်ကြီးများကိုကျေးဇူးဆပ်ရာရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်၏ ရုပ်ခန္ဓာကိုယ်သည် ယခု၆၁ နှစ်လောက်ကြာသည့်အချိန်တွင်

ဆွေးမြေ့ ပျောက်ကွယ်လောက်ပါပြီ။ သို့သော် ဗိုလ်ချုပ်၏ပုံရိပ်များ၊ ဗိုလ်ချုပ်ပြောကြားခဲ့

သည့် မိန့်ခွန်းများ၊ဗိုလ်ချုပ်ပြုမူကျင့်ကြံ နေထိုင်ခဲ့ပုံများ၊ကိုယ်ကျိုးစွန့်အနစ်နာခံမှုများစသည်

တို့သည် ပြည်သူလူထုများ၏ နှလုံးသားများထဲတွင် အမှတ်ရနေဆဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်နှင့်

တကွအာဇာနည်ခေါင်းဆောင်ကြီးများသည်ပြည်သူလူထုရင်ထဲတွင်ဆက်လက်ရှင်သန်နေ

ပါသေးသည်။ပြည်သူလူထုများဒီမိုကရေစီတပ်ဦးအောင်လံရှေ့မှဗိုလ်ချုပ်ဦးဆောင်မှုပေးနေ

သည်ဆိုသည့်ယုံကြည်စိတ်ဖြင့်စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးတည်ဆောက်ရေးနှင့်စစ်

အာဏာရှင်စနစ်ဖြုတ်ချရေးအတွက်တခဲနက်ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟုတိုက်တွန်းလိုက်

ရပါသည်။

“အာဇာနည်မျိုးသေရိုးမရှိပါ။”

ရွက်စိမ်း

“အာဇာနည်နေ့အဓိဌာန်


◊အာဇာနည်ဆိုတာ

ကိုယ့်ဘာသာကိုယ်လုပ်ထားတဲ့

ပုခုံးဒေါက်ကကြယ်ပွင့်များမဟုတ်။

◊ဖေါ်ရှိုးပြထားတဲ့

ရင်ဘတ်ကတံဆိပ်များလဲမဟုတ်။

ကိုယ့်ကိုယ်ကိုအစွံထုတ်တဲ့

ဗိုလ်ချုပ်မှူးကြီးရာထူးလဲမဟုတ်။

ဘယ်သူမှအတုလုပ်မရတဲ့

အနှိုင်းမဲ့ဂုဏ်ပုဒ်ဖြစ်တယ်။

◊အာဇာနည်ဆိုတာ

တုပြိုင်ဘက်ကင်းတဲ့

စွန့်လွှတ်အနစ်နာခံခြင်းရဲ့သရုပ်။

ရယူလိုမှုကင်းတဲ့

အဆုံးမဲ့ပေးဆပ်ခြင်းရဲ့ပြရုပ်။

လူသားဖြစ်တည်မှုရဲ့

ကြီးမြတ်တဲ့ဂုဏ်ပုဒ်ဖြစ်တယ်။

◊လူတဦးရဲ့လုပ်ရပ်ကို

သမိုင်းကအဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်ကို

လူထုရဲ့နှလုံးသားကထုလုပ်တယ်။

◊ အဲဒီဂုဏ်ပုဒ်ကို

ဦးညွတ်အလေးပြုကြ။

အာဇာနည်စိတ်ဓါတ်ကို

လက်ဆင့်ကမ်းသယ်ဆောင်ကြ။

သူတို့ရည်မှန်းတဲ့

ဒီမိုကရေစီပန်းတိုင်ဆီ

တိုက်ပွဲဝင်ချီတက်ကြ။

အမျိုးသားရေးအောင်လံကို

အမြင့်မားဆုံးလွှင့်ထူကြ။

ရွက်စိမ်း


No comments:

Post a Comment