
၁၉၇၄ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ အလင်းရောင် ကမ္ဘာ့ဂုဏ်ဆောင်ကြယ်တပွင့် ကြေလွင့်ခဲ့ရတဲ့ အဖြစ်အပျက်...
ဦးနေ၀င်းကတော့ ပြီးစလွယ်ဆုံးဖြတ်လို့ ကြံတောသုဿန်မှာ ဂူသွင်းခိုင်းလိုက်တဲ့ အစီအစဉ်အပေါ်မှာ ကျောင်းသား သံဃာဦးဆောင်လို့ ရဟန်းရှင်လူတွေက ဒီလို ဆုံးဖြတ်ပြီး ရဟန်းပျိုသမဂ္ဂနဲ့ တကသတို့ ပူးပေါင်းကာ ဆန့်ကျင် ဆန္ဒပြလိုက်ကြပါတော့တယ်။
(၁) ကမ္ဘာ့ငြိမ်းချမ်းရေးပုဂ္ဂိုလ်
(၂) ကုလသမဂ္ဂရဲ့ အတွင်းရေးမှူးချုပ်သက်တမ်း ရှစ်နှစ်တိတိ ဂုဏ်ဆောင်ကာ လုပ်ငန်းမှန်သမျှ အောင်မြင်လို့ ကမ္ဘာမှာ မြန်မာဟေ့လို့ ထွန်းပြောင်ခဲ့တဲ့သူ
(၃) ရုပ်ကလာပ်ကို လေကြောင်းက သယ်ဆောင်ခဲ့စဉ် လေကြောင်းဖြတ်သန်းခဲ့ရာ နိုင်ငံအားလုံးက အလုပ်တွေရပ်ဆိုင်းပေးပြီး ငြိမ်သက်အလေးပြုတာ ခံခဲ့ရသူ
(၄) တကမ္ဘာလုံးက ရိုသေလေးစားလွန်းလို့ နိုင်ငံအသီးသီးက ဗိမာန်တည်ဆောက် သဂြုင်္ိဟ်ခွင့်ပြုရန် ကမ်းလှမ်းခဲ့တာကို ကာယကံရှင်ရဲ့ ဆန္ဒအရ မိခင်နိုင်ငံကသာ သဂြုင်္ိဟ်ခွင့်ရခဲ့သူ...

လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရန်ကုန်သို့ ရောက်ရှိစဉ် ဦးသန့်၏ဂူဗိမ္မာန်သို့ သွားရောက်ဂါရ၀ပြုခဲ့သည်။ (ဓာတ်ပုံ - AFP, ၂၃-၅-၂၀၀၈)
ဒီလောက် ကြီးကြယ်မြင့်မြတ်တဲ့သူကို ကြံတောသုဿန်လိုနေရာမှာ ဒေါ်ခင်မေသန်း(ဦးနေ၀င်း၏ပထမ ဇနီး) ဂူဘေး မှာ ဂုဏ်ကြက်သရေအားလုံး မှေးမှိန်စေရန် ဂူသွင်းလိုက်ခြင်းကတော့ ဦးနေ၀င်းရဲ့ ရိုင်းစိုင်းယုတ်မာမှုတွေ ဘွင်းဘွင်းကြီး ပေါ်ခဲ့ခြင်းပါပဲ။
ဒါကြောင့် တက္ကသိုလ်ကျောင်းသားတွေနဲ့ ရဟန်းပျိုတွေ စုပေါင်းပြီး လုံထိန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ ဦးသန့်အခေါင်းကို ယူဆောင်ကာ ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်းရှေ့က မြက်ခင်းပြင်မှာ ဂါရ၀ပြုခဲ့ကြပါတယ်။ ဦးနေ၀င်းအစိုးရကိုလည်း ဦးသန့်လို ပုဂ္ဂိုလ်ကြီးတယောက်ကို နိုင်ငံတော်အခမ်းအနားနဲ့ ဈာပနချပြီး အာဇာနည်ဗိမာန်မှာ ဂူဗိန်မာန်တည်ဆောက်ပေးဖို့ တောင်းဆိုကြပါတယ်။
ခေတ်အဆက်ဆက်က အမှန်တရားတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားတွေဟာ ဦးသန့်အတွက် ဆက်လက်တိုက်ပွဲဝင်ပြီး တညီတညွတ်တည်း ဆန္ဒပြတာကြောင့် အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်လို့ ကျောင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။
တက္ကသိုလ်ကျောင်းထဲမှာ သပိတ်စခန်းဖွင့်ပြီး လူထုဟောပြောပွဲတွေ ကျင်းပနေကြတဲ့ ကျောင်းသားတွေ အတွက် မြို့နယ်အသီးသီးကပြည်သူတွေက ထမင်းထုပ်တွေ စားစရာတွေ ပို့ပေးကြတာ တက္ကသိုလ် မြတ်ခင်းပြင်တခုလုံး ပြည့်လျှံသွားအောင် လူထုတွေ တက်ရောက်အားပေးကြတာ ဦးသန့်ရဲ့ရုပ်ကလာပ်ကို ဂါရ၀ပြုကြတာတွေဟာ ကြက်သီးဖြန်းဖြန်းထစရာပါပဲ။ သပိတ်စခန်းဖွင့်ပြီး သုံးရက်မြောက်နေ့မှာ အစိုးရက ဘာမှ အကြောင်းမပြန်လို့ ဒေါင်းအလံတွေ တလူလူလွှင့်ကာ ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်းအတိုင်း လှည့်လည် ဆန္ဒပြကြပါတယ်။ တော်ဝင်ရုပ်ရှင်ရုံ(ယခု စင်ထရယ်ဟိုတယ်)ရှေ့အရောက်မှာ လုံထိန်းရဲတွေနဲ့ ရင်ဆိုင်မှုဖြစ်ပြီး တော်ဝင်ရုံ မီးလောင်ပျက်စီးသွားပါတယ်။
၁၉၆၂ အာဏာသိမ်းတက်လာကတည်းက ဓားဓားချင်း တုတ်တုတ်ချင်း နှိမ်နင်းသွားမယ်ဆိုတဲ့ ဦးနေ၀င်းက ဦးသန့်ကိုလည်းမငဲ့၊ ကျောင်းသားတွေကိုလည်းမညှာ ဘာဆိုဘာမှ မထောက်တော့ဘဲ ကျောင်းနံရံကို မောင်းပြန်တွေနဲ့ ဖြိုခွင်းသတ်ဖြတ်ခိုင်းလိုက်ပါတော့တယ်။
၅-၁၂-၁၉၇၄ နေ့မှာ တက္ကသိုလ်ကျောင်းဝင်းထဲ တရကြမ်းထိုးဝင်လာတဲ့ စစ်တပ်တွေဟာ ပြေးတဲ့သူတွေကိုရော အဖမ်းခံရတဲ့သူတွေကိုပါ ရက်ရက်စက်စက် လှံစွပ်နဲ့ထိုး G3 G4 တွေနဲ့ ပစ်ခတ်လို့ တက္ကသိုလ်ကျောင်းသားတွေ ရာပေါင်းများစွာ ကျဆုံး၊ ထောင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။
ဒီနောက်မှာ ဦးသန့်ဈာပနကို ရွှေတိဂုံတောင်ဖက်မုခ် အနီး သခင်ကိုယ်တော်မှိုင်း နဲ့ စုဖုရားလတ်တို့ ဂူဗိမာန်တွေအနီးမှာ ဗိမ္မာန်ဆောက်ပေးခဲ့ပါတယ်။ အဲဒီနေရာကို ရောက်တိုင်း ဦးသန့်ဗိမ္မာန်ကို ကြည့်မိတိုင်း ကျောင်းသားသွေး သံဃာသွေးတွေနဲ့ရင်းပြီး ဗိမ္မာန်ကြီးကိုလည်း လဲလှယ်ယူခဲ့ရတာပါလားလို့ တွေးရင်း ရက်စက် ရမ်းကားတဲ့ စစ်အာဏာရှင်ကို အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ငါ့တို့ကျောင်းသားတွေ ငါတို့ပြည်သူတွေဟာ ခေါင်းငုံ့မခံဘဲ တိုက်နေဆဲ၊ နောင်လည်း တိုက်ပွဲ ၀င်သွားဦးမှာပဲလို့ တွေးရင်း လူထုတိုက်ပွဲ အဆက်ဆက်က သံမဏိစိတ်ဓာတ်တွေကို ဦးညွှတ်လိုက်မိပါတယ်။ ။
No comments:
Post a Comment