10.14.2008

ပြည်သူတွေ ဒီမိုကရေစီ ရကိုရမယ်

အခြေခံလူ့အခွင့်အရေးများကို အပြည့်အ၀ကျင့်သုံးနိုင်မဲ့ အုပ်ချုပ်ရေးရှိမှသာ လူ့ဘောင်လောကဟာ သာယာဝပြောမှာဖြစ်ပါတယ်။ စည်ပင်တိုးတက်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ဒီလိုအုပ်ချုပ်ရေးမျိုးကို အနီးစပ်ဆုံးဖြစ်စေနိုင်တာက စစ်မှန်တဲ့ဒီမိုကရေစီစံနစ်ပဲဖြစ်ပါ တယ်။ ဒီစံနစ်ကို မြန်မာပြည်သူများ လိုလားတောင့်တနေခဲ့တာ ၁၉၆၂ ခုနှစ် စစ်တပ်က နိုင်ငံ့အာဏာကို စတင်သိမ်းပိုက်ချိန်ကတည်းက ပါ။

ထင်ရှားတဲ့ အရေးတော်ပုံများဖြစ်ကြတဲ့ ‘ ဇူလိုင် ၇ ရက် ’၊ ‘မှိုင်းရာပြည့်’၊ ‘ ဦးသန့်ဈာပန’၊ ’ ရှစ်လေးလုံး’၊ ’ ရွှေဝါရောင်တော်လှန်ရေး’ စတဲ့ လှုပ်ရှားမှုများဖြင့် ကျောင်းသား၊ တပ်မတော်သား၊ ရဟန်းသံဃာများအပါအ၀င် ပြည်သူများဟာ စစ်မှန်တဲ့ဒီမိုကရေစီကိုလိုလားကြောင်း ဆန္ဒတွေ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဒီအရေးတော်ပုံများဟာ စစ်အုပ်ချုပ်ရေးရဲ့ အကြမ်းဘက်နှိမ်နင်းဖြိုခွဲမှုကြောင့်သာ အောင်မြင်မှု ပန်းတိုင်ဆီ မရောက်ကြရသေးတာပါ။

ပြည်သူ့လှုပ်ရှားမှုရဲ့အောင်မြင်မှုဟာ မှန်ကန်တဲ့ဦးတည်ရည်ရွယ်ချက်၊ စည်းစံနစ်ရှိတဲ့ပါဝင်ဆောင်ရွက်မှု၊ ကျစ်လစ်ခိုင်မာတဲ့ စည်းလုံးညီ ညွတ်ရေး၊ ကျယ်ပြန့်စုစည်းတဲ့ လူထုအား၊ ထက်မြက်တဲ့ခေါင်းဆောင်မှု၊ မြင့်မြတ်တဲ့ ပေးဆပ်မှု၊ ထိရောက်တဲ့ဗျူဟာ၊ နက်ရှိုင်းတဲ့ အပြည် ပြည်ဆိုင်ရာ ထောက်ခံအားပေးပံ့ပိုးမှုတို့အပေါ် များစွာမူတည်ပါတယ်။

ဒီအချက်တွေပြည့်စုံသထက်ပြည့်စုံရင် အောင်မြင်မှု အမြန်ရမှာ ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်သူများကလဲ နိုင်ငံနဲ့ အများပြည်သူတွေရဲ့ကောင်းကျိုးကိုရှေ့ရှုတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပြုပြင်ပြောင်း လဲရေး လုပ်လိုတဲ့ဆန္ဒရှိဘို့လဲ အထူးလိုအပ်ပါတယ်။

ပြည်သူ့လှုပ်ရှားမှုတိုင်းဟာ အုပ်ချုပ်သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို ချေမှုန်းပျက်စီးစေဘို့ တောင်းဆိုခဲ့တာမဟုတ်ပါဘူး။ စစ်အာဏာယန္တရားဖျက်သိမ်းပေးဘို့၊ လူ့အခွင့်အရေးတွေ ပြည့်ဝစွာကျင့်သုံးနိုင်ဘို့၊ တရားတဲ့ဥပဒေနဲ့အညီ အုပ်ချုပ်ရေးကောင်းရှိတဲ့ အစိုးရပေါ်ထွန်းဘို့တွေကိုသာ တောင်းဆိုခဲ့ကြတာပါ။ အုပ်ချုပ်သူအာဏာပိုင်များကသာ ‘ကိုယ်ကျိုးစီးပွါးကာကွယ်ရေးမူ’ ကိုကျင့်သုံးပြီး ချုပ်ခြယ်ဖိနှိပ်နှိမ်နင်းခဲ့တာပါ။

၂ သန်းကျော်ခန့်သာရှိတဲ့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့သူတို့အလိုတော်ရိတွေရဲ့အကျိုးကိုကာကွယ်နေ
ကြတာ ပါ။ ကျန် ပြည်သူ သန်း ၅၀ ကျော်အကျိုးကိုမကြည့်တာပါ။ယနေ့အချိန်အခါမှာ ကမ္ဘာ့စီးပွါးရေးအစုရှယ်ယာဈေးကွက်မှာ ရှေ့ဆောင်ဘဏ်လုပ်ငန်းကြီးများ ချိနဲ့ယိုယွင်းလာနေပါတယ်။ အနောက် နိုင်ငံများမှာ ဘဏ်လုပ်ငန်းများအကြီးအကျယ်ထိခိုက်ဆုံးရှုံးကြလို့ အစိုးရတွေက ၀ယ်ယူပြီး နိုင်ငံပိုင်လုပ်လို့ ကယ်တင်နေကြရပါတယ်။ ဒီ ဂယက်ဟာ စစ်အစိုးရအားထားနေတဲ့ တရုတ်ကိုလဲ အတော်လှုပ်ခတ်စေပါတယ်။

တရုတ်ဟာ သူ့ရဲ့ အရန်ဓနအင်အားကို ရွှေဖြင့်အဓိ က ၀ယ်မထားပဲ အနောက်နိုင်ငံဘဏ်ကြီးများရဲ့ ရှယ်ယာများကိုဝယ်ယူထားပါတယ်။ အမြတ်အစွန်းရအောင် ဈေးကစား တိုးပွါးစေပါ တယ်။ နောက် တရုတ်နိုင်ငံထုတ် မသန့်ရှင်းတဲ့ နို့မှုံ့နဲ့နို့ထွက်ပစ္စည်းတွေကြောင့် တရုတ်ဟာ စီးပွါးရေးထိခိုက်နေပါတယ်။ နိုင်ငံအတော် များများဟာ တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် သံသယ၀င်လျက် အယုံအကြည်နည်းလာ
တာလဲ တရုတ်ရဲ့စီးပွါးရေးကို အနည်းနဲ့အများ ထိခိုက်လျက်ရှိနေပါတယ်။ နိုင်ငံများစွာလဲ ယခုစီးပွါးရေးကျဆင်းမှုရဲ့ရိုက်ခတ်တာကို အတော်ခံနေကြရပါတယ်။

ငွေကြေးပြဿနာနဲ့ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် ၁၉၂၉ ခုနှစ်မှာGreat Depression
(ကြီးမားတဲ့ကျဆင်းမှု)
ဖြစ်ပေါ်ပြီး ၁၉၂၉ ခုနှစ် အောက်တိုဘာ ၂၉ ကို
Black Tuesday
(အမည်းရောင် အင်္ဂါနေ့)လို့တောင်သတ်မှတ်ခဲ့ကြပါတယ်။ ဒီ စီးပွါးရေး
ပြဿနာကြောင့်နယ်ချဲ့ ယန္တရားများ၊ စစ်အာဏာယန္တရားများ ပြိုလဲခဲ့ကြရပါတယ်။
လွတ်လပ်သောနိုင်ငံများ ဒီမိုကရေစီနိုင်ငံများအဖြစ်ပေါ်ပေါက်လာကြပါတယ်။

လူထုထောက်ခံမှုအများဆုံးရရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ယခုအခါမှာ နှစ်ရှည်အကျဉ်းကျခံရာမှ လွတ်မြောက်လာတဲ့ ခေါင်းဆောင်များကို မူလတာဝန်များပြန်လည်ပေးအပ်ပြီးပါပြီ။ ထက်မြက်တဲ့ခေါင်းဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ချီတက်နိုင်ပါမယ်။ ထိ ရောက်တဲ့ဗျူဟာနဲ့လဲတိုက်ပွဲ
ဝင်နိုင်မှာဖြစ်ပါတယ်။ စံနစ်တကျဖြင့်စည်းရုံးနိုင်လျှင် ညီညွတ်တဲ့လူထုအားလဲ ပြည်တွင်းမှာအသင့်ပါ။ မြင့်မြတ်တဲ့ ပေးဆပ်မှုအတွက် စောင့်စားနေကြပါတယ်။ ကိုယ်ကျိုးစီးပွါး ကာကွယ်တဲ့နိုင်ငံအချို့ကလွဲရင် နက်ရှိုင်းတဲ့ အပြည်ပြည်ဆိုင် ရာ ထောက်ခံအားပေးပံ့ပိုးမှုကလဲ စိတ်ရောကိုယ်ပါအပြည့်ရှိနေပါတယ်။

“ နေရာကိုလိုချင်လို့ အခွင့်အရေးကိုလိုချင်လို့ နိုင်ငံရေးလုပ်တဲ့လူလောက် တိုင်းပြည်အတွက် အကျိုးယုတ်စေတဲ့လူမျိုး မရှိဘူးဆိုတာ မှတ်ထားပါ”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်အရ အဲဒီလိုလူမျိုးမဖြစ်စေပဲ အမှန်တကယ် နိုင်ငံနဲ့လူမျိုးအပေါ် စေတနာကောင်းထားရှိပြီး မြင့်မြတ်တဲ့စိတ်ဓါတ်များနဲ့ အုပ်ချုပ်သူများအပါအ၀င် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးကာ အကောင်းဆုံးအဖြေရလဒ်နဲ့ ဆောင်ရွက်လိုက်ရင်

“ပြည်သူတွေ စစ်မှန်တဲ့ဒီမိုကရေစီ ရကိုရမှာ” ဖြစ်ပါတယ်။


မောင်မောင်လှကြိုင်

၂၀၀၈-၀၉-၃၀

No comments:

Post a Comment