Showing posts with label အာဘော်. Show all posts
Showing posts with label အာဘော်. Show all posts

10.19.2009

ခေတ်ပြိုင် အယ်ဒီတာ့ အာဘော်

ရွေးကောက်ပွဲကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ
NEJ / ၁၉ အောက်တိုဘာ ၂၀၀၉
အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံဥပဒေအရ ပါတီစုံရွေးကောက်ပွဲကျင်းပ၍ တရားဝင်အစိုးရဖွဲ့သည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်၏။ တိုင်းပြည်၏ အရေးကိစ္စ၌ အဆုံးအဖြတ်ပေးမည့် ပုဂ္ဂိုလ်များကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၌ ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးချယ်လိုက်သည်ကို ဒီမိုကရေစီဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤပုံစံအတိုင်း ရှေ့နှစ်တွင် ပါတီစုံရွေးကောက်ပွဲကျင်းပ၍ “စည်းကမ်းရှိ” ဒီမိုကရေစီကို ဗမာစစ်ခေါင်းဆောင်များက တည်ထောင်မည်ဟုဆို၏။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ။ လွတ်လပ်မှုအတိုင်းအတာနှင့် သိက္ခာရှိမှုသည် အလွန်အရေးကြီး၏။

ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးလွတ်လပ်မှုရှိမရှိ၊ အတိုက်အခံကို လေးစားမှုရှိမရှိ၊ ယှဉ်ပြိုင်သူအားလုံး တန်းတူရည်တူ အခွင့်အရေးရှိမရှိ၊ ရွေးကောက်ပွဲအမှုထမ်းများ မျှမျှတတလုပ်မလုပ်၊ မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးနိုင်မပေးနိုင်၊ ပေးထားသောဆန္ဒမဲနှင့် ရွေးကောက်ပွဲရလဒ်ကိုက်ညီမညီ စသည်များကို ဆန်းစစ်ရန်လို၏။ ရွေးကောက်ပွဲနိုင်သောပါတီက ဖွဲ့စည်းလိုက်သည့်အစိုးရသည် စစ်တပ်နှင့် အာဏာရှင်လူတန်းစားကို ကိုယ်စားပြု၍ အုပ်ချုပ်သည့်ပုံစံမျိုးရှိသည်။ ရုရှားနိုင်ငံရေးစနစ်ကို ‘ရွေးကောက်ပွဲအာဏာရှင်စနစ်’ ဟု သတ်မှတ်သူများရှိသည်။ စင်ကာပူသည် ဒီမိုကရေစီနိုင်ငံမဟုတ်ပါ။

ပါတီစုံရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းလိုက်သော အစိုးရများသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ပုံစံအမျိုးမျိုးဖြင့် စခန်းသွားနေသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားသည်မှာ မြန်မာပြည်သူပြည်သားများအတွက် အလွန်အရေးကြီးသည်ဟု ယူဆပါသည်။ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်၏ အသွင်လက္ခဏာများကို ရောစပ်သုံးစွဲနေသည်မှာ ကြာပြီဖြစ်၏။ လွန်ခဲ့သော အနှစ် (၄၀) ကျော်ကတည်းက ပါတီစုံရွေးကောက်ပွဲကျင်းပ၍ အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံများရှိခဲ့၏။ စင်ကာပူနှင့်မလေးရှားသည် ရွေးကောက်ပွဲအာဏာရှင်စနစ် ကျင့်သုံးနေတုန်းဖြစ်၏။ ဤနိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် အစိုးရပြောင်းလဲရန်မဟုတ်ပါ။

အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းသောနိုင်ငံများတွင် ပြည်တွင်းပြည်ပက တောင်းဆိုသည့်အတိုင်း ဒီမိုကရေစီပြုပြင်ရေး လုပ်ဟန်ဆောင်ကြသည်။ အာဏာရှင်စနစ်ကို ဒီမိုကရေစီဖြင့် အရေခြုံပေးလိုက်ခြင်းဖြစ်၏။ ရွေးကောက်ပွဲ အတိုက်အခံ သတင်းမီဒီယာ စသည်များကို အဖြည့်ခံအဖြစ် ကျွမ်းကျင်စွာ အသုံးပြုခြင်းပင်ဖြစ်သည်။

အာဏာရအစိုးရကို ဝေဖန်ရှုတ်ချခြင်းမပြုသော အတိုက်အခံပါတီနှင့် စာနယ်ဇင်းကို ရပ်တည်ခွင့်ပေးထားပြီး အာဏာရှင်လူတန်းစား အကျိုးစီးပွားကို ထိခိုက်အောင်လုပ်သော အတိုက်အခံနှင့် စာနယ်ဇင်းကို ချေမှုန်းပစ်တတ်ပါသည်။ ဤသို့ ဒီမိုကရေစီအရေခြုံသော အစိုးရများလာပြီး အာဏာရှင်စနစ်ကို ဗြောင်ကျင့်သုံးသူ နည်းပါးလာသည်။ စစ်အာဏာရှင်စနစ် ကျင့်သုံးနေသော ဗမာစစ်အစိုးရသည်လည်း ဒီမိုကရေစီအရေခြုံ၍ သက်ဆိုးရှည်ရန် ကြိုးပမ်းနေသည်။

အင်အားရှိသောအဖွဲ့အစည်းက မိမိ၏ပြိုင်ဘက်ကို အကြမ်းဖက်သည်မှာ အာရှရွေးကောက်ပွဲဓလေ့ကဲ့သို့ ဖြစ်နေပါသည်။ ၀ါရင့်ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ၌ပင် ရွေးကောက်ပွဲရာသီ ရောက်ပါက သတ်ကြဖြတ်ကြ အကြမ်းဖက်ကြပါသည်။ သို့သော် အကြမ်းဖက်မှုအနည်းငယ်ကြောင့် ဒီမိုကရေစီမကျဟု မပြောနိုင်ပါ။ အပြစ်အနာအဆာ လုံးဝကင်းစင်သော နိုင်ငံရေးစနစ် မရှိသေးသည့်အတွက် ပြည်သူ့ကိုယ်စားလှယ်မှတဆင့်အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို အမြဲတမ်းသတိဖြင့် စောင့်ကြည့်ရန်လိုသည်။

ထို့ကြောင့် နိုင်ငံခြားသားများကို ရွေးကောက်ပွဲကြီးကြပ်သူနှင့် လေ့လာသူတွေအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲကို ဟန်ပြအဖြစ် ကျင်းပသော တိုင်းပြည်များတွင် အစိုးရပါတီကသာ အနိုင်ရသည်။ စင်ကာပူတွင် လွှတ်တော်အမတ်နေရာ (၉၅) ရာခိုင်နှုန်းကို အာဏာရပါတီကသာ အမြဲတမ်းအနိုင်ရနေသည်။ ကမ္ဘောဒီးယား၌လည်း ဟွန်စန်၏ပြည်သူ့ပါတီသည် ဆန္ဒမဲ (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင်၏။ အီဂျစ်သမ္မတသည် ရွေးကောက်ပွဲတိုင်းနိုင်ပြီး အာဏာရနေသည်မှာ အနှစ် (၂၀) ကျော်ပါပြီ။ ဇင်ဗာဗွေသမ္မတ ရောဘတ်မူဂါဘီလည်း ရွေးကောက်ပွဲနည်းဖြင့် အာဏာရထားသည်မှာ အနှစ် (၂၀) ကျော်နေပြီဖြစ်သည်။

သမ္မတ ရောဘတ်မူဂါဘီသည် မြန်မာ့ကြံ့ဖွံ့ကဲ့သို့သော လက်မရွံ့ခါးပိုက်ဆောင် အရပ်သားအဖွဲ့ကိုသုံးပြီး ပြိုင်ဘက်ကို အကြမ်းဖက်သည့်နေရာတွင် နာမည်ကြီး၏။ ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှုများလေလေ အာဏာရှင်၏တုံ့ပြန်မှု ကြမ်းတမ်းခက်ထန်လေလေဖြစ်လာသည်။ အာဏာရှင်ကြီးစိုးသော စနစ်တခုနှင့်တခု အသွင်တူကြသည်မဟုတ်ပါ။ ပညာမရှိသော အာဏာရှင်ကြီးစိုးသည့်နိုင်ငံ ရှိသကဲ့သို့ ပညာတတ်အာဏာရှင် ကြီးစိုးသောနိုင်ငံလည်းရှိပါသည်။ ထို့ကြောင့် နိုင်ငံရေးစနစ်တခုတွင် ဒီမိုကရေစီကျသောအချက်နှင့် မကျသောအချက်ကိုသာ လေ့လာသင့်သည်ဟု ယူဆသူများလည်းရှိ၏။

တပါတီအာဏာရှင်စနစ်များတွင် နိုင်ငံရေးလွပ်လပ်မှုမရှိသော်လည်း တိုင်းပြည်အကျိုးနှင့်ပတ်သက်သည့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ရှိတတ်သည်။ ဥပမာ တရုတ်ပြည်၌ ဒီမိုကရေစီမရှိသော်လည်း ဒေသဆိုင်ရာ အမှုထမ်းများ အာဏာအလွဲသုံးစားမလုပ်နိုင်ရန် အရေးယူဆောင်ရွက်မှုမျိုးလုပ်လာပါသည်။ အစိုးရပေါ်လစီလမ်းစဉ်ချွတ်ခြုံကျပြီး အဂတိလိုက်စားမှုများသည့်ဒဏ်ကို တိုင်းသူပြည်သားများ ခံနေရသည့်အတွက် အာဏာကိုကန့်သတ်သော နိုင်ငံရေးပြုပြင်မှုများ ရှိနိုင်သည်ကို တရုတ်ပြည်က သက်သေပြနေပါသည်။ ထို့ကြောင့် ဟန်ပြရွေးကောက်ပွဲလုပ်မည့်အစား ပြုပြင်ပြောင်းလဲရေး လုပ်သည်က ပို၍ အကျိုးသက်ရောက်မှုရှိသည်ဟု ပြောဆိုကြခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ ကျန်းမာရေးလမ်းစဉ် ချွတ်ခြုံကျနေ၍ လူဦးရေတ၀က်ကျော်ခန့် ဆေးမကုနိုင်သည့်အဖြစ် ရောက်နေသည်ကို ပြင်ဆင်လိုက်ပုံသည် စိတ်ဝင်စားစရာကောင်းပါသည်။ တရုတ်ပြည်၌ ဈေးကွက်စီးပွားရေးကျင့်သုံးစဉ်မှစ၍ ငွေရှိမှ ဆေးကုနိုင်သည်။ ငွေကြေးတတ်နိုင်သူနှင့် အစိုးရအမှုထမ်းများသာ ဆေးကုနိုင်ပြိး တောင်သူလယ်သမား သန်း (၇၀၀) ကျော်သည် ဆေးရုံမတက်နိုင်ကြပါ။ ငွေရှိမှ အသက်ရှင်မည့်သဘောမျိုး ဖြစ်နေပါသည်။

ထိုကြောင့် ဈေးကွက်ခေတ် ကျန်းမာရေးစနစ်ကို ပြုပြင်ရန် အစိုးရအကြံပေးအဖွဲ့တခုသည် ၂၀၀၅ ၌ အစီရင်ခံစာတင်သွင်း၍ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ပါက အစိုးရကို အပြင်းအထန်ဝေဖန်ရှုတ်ချသည်အထိ ပြည်သူလူထုက တုံ့ပြန်လာနိုင်ကြောင်း ဖော်ပြလိုက်၏။ နောက်မကြာမီ တိုင်းသူပြည်သားတိုင်း တက်နိုင်မည့် အခြေခံပြည်သူ့ကျန်းမာရေးစနစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာသည်။ နိုင်ငံသူနိုင်ငံသား (၉၀) ရာခိုင်နှုန်းကို (၃) နှစ်အတွင်း ဆေးကုသပေးနိုင်မည့် စီမံကိန်းပင်ဖြစ်သည်။

ဈေးကွက်ခေတ်တွင် တရုတ်နိုင်ငံသားများ အလုပ်လုပ်နိုင်သည်မှာ ကျန်းမာသန်စွမ်းသောကြောင့်ဖြစ်၏။ ဤသည်မှာ မော်စီတုန်းခေတ်၌ ပြည်သူ့ကျန်းမာရေးကို အာမခံချက်ပေးပြီး အခမဲ့ဆေးကုသပေးခဲ့၍ဖြစ်၏။ ထိုကြောင့် တရုတ်အစိုးရသည် ဒေါ်လာသန်းပေါင်း (၈၅,၀၀၀) မတည်၍ ပြည်သူ့ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော်နေပါသည်။ ဒီမိုကရေစီ မကျင့်သုံးသော်လည်း ပြည်သူလူထုအကျိုးစီးပွားကို ဂရုစိုက်ကြောင်း တရုတ်ကွန်မြူနစ်က ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဗမာစစ်အစိုးရသည်လည်း အတုအယောင်ဆောင် ရွေးကောက်ပွဲဖြစ် ဒီမိုကရေစီအရေခြုံမည့်အစား ပြည်သူ့ဘ၀သာယာဝပြောရေးကို ဦးစားပေးလုပ်ကိုင်ပါက ပြည်သူ့ထောက်ခံမှု ရရှိနိုင်ပါသည်။ လူ့အခွင့်အရေး လေးစားသောအစိုးရသည် ဒီမိုကရေစီအရေခြုံ၍ လူ့အခွင့်အရေးချိုးဖျက်သော ရွေးကောက်တင်မြှောက်ခံအစိုးရထက် သာသည့်သဘောပင်ဖြစ်၏။


4.25.2009

မြန်မာစစ်ခေါင်းဆောင်တွေ ပြည်သူအပေါ် တန်ဖိုးထားစေချင်


NEJ / ၂၄ ဧပြီ ၂၀၀၉
(အယ်ဒီတာ့အာဘော်)

လွန်ခဲ့သည့် သင်္ကြန်ကာလ ထိုင်းအရေးအခင်းဆန္ဒပြပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို လျော်ကြေးပေးဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်မှာ သာဓုခေါ်စရာကောင်း၏။

စင်စစ် ထိုင်းမှာဖြစ်ပွားခဲ့သည့် အရေးအခင်းသည် လက်ရှိအစိုးရကို ဖြုတ်ချရန်ကြိုးပမ်းသည့် ဆန္ဒပြပွဲဖြစ်၏။ ထိုဆန္ဒပြပွဲမှာ အနီဝတ်ဆန္ဒပြသူတွေ ဘန်ကောက်တမြို့လုံးကို မီးလောင်တိုက်သွင်း၏။ ၀န်ကြီးချုပ်အာဘီဆစ် ကားကိုပင် ရက်ရက်စက်စက်တိုက်ခိုက်၏။

သို့သော် ထိုဆန္ဒပြပွဲများကာလအတွင်း ဒဏ်ရာရသူများ၊ သေပျောက်သူများကို ထိုင်းအစိုးရက လျော်ကြေးပေးမည် ဆိုတော့ မြန်မာစစ်အစိုးရ၏ ပြည်သူတွေအပေါ် သဘောထားနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်၏။

ထိုင်းအစိုးရပြောဆိုချက်အရ ဆန္ဒပြပွဲကာလအတွင်း ဒဏ်ရာအနည်းအကျဉ်းရသူများကို တဦး ဘတ်ငွေ (၂၀,၀၀၀) လျော်ကြေးပေးမည်ဖြစ်၏။ အတွင်းလူနာအဖြစ် ကုသရမည့်သူတွေကို တဦး ဘတ် (၆၀,၀၀၀) ပေးမည်။ အတွင်းလူနာအဖြစ် ကုသပြီး ဆေးရုံမှာ ရက် (၂၀) ထက်ပိုနေရသူများကို တဦး ဘတ် (၁၀၀,၀၀၀) ပေးမည်။ ဆန္ဒပြပွဲမှာ ထိခိုက်ပြီး မသန်မစွမ်းဖြစ်သွားသူတွေကို တဦး ဘတ် (၂၀၀,၀၀၀) ပေးမည်။ သေဆုံးသူများအတွက် တဦးကို ဘတ် (၄) သိန်း ပေးမည်။

ယင်းသို့ တကြိမ်လျော်ကြေးအပြင် မသန်မစွမ်းဖြစ်သွားသူများအတွက် မသေမချင်း လစဉ်ထောက်ပံ့ကြေး ဘတ် (၃,၀၀၀) ထိ ပေးသွားဦးမည်ဆို၏။ ထိုမျှသာမကသေး။ မသန်မစွမ်းဖြစ်သူများ၊ သေဆုံးသူများ၏ ကလေးများကိုပင် ဘွဲ့ရသည်ထိ ထောက်ပံ့ကြေးပေးသွားဖို့ ထိုင်းအစိုးရက ဆုံးဖြတ်သည်။

မြန်မာပြည်မှာ တကြိမ်မျှမကြားဖူးသည့် လျော်ကြေးပေးသည့်ကိစ္စမျိုးဖြစ်သည့်အတွက် လူကို မည်မျှတန်ဖိုး ထားကြောင်း ပေါ်လွင်၏။ ပြည်သူကို အစိုးရက မည်မျှအလေးထားကြောင်း ထင်ရှား၏။

ဘန်ကောက်မြို့တွင်း ကားတွေ မီးရှို့ဖျက်ဆီးသူများအား ၀န်ကြီးချုပ်အာဘီဆစ်အစိုးရက အရေးယူဖို့ ဆောင်ရွက်နေသည့်အချိန်တွင် ဆန္ဒပြကာလအတွင်း ထိခိုက်ဒဏ်ရာရသူများကို လျော်ကြေးပေးဖို့စီစဉ်ခြင်းဖြစ်၏။
သဘောမှာ လူတဦး၏ တန်ဖိုး၊ ပြည်သူတဦး၏ တန်ဖိုးကို အစိုးရက မည်မျှ သဘောထားကြီးကြောင်း ပြလိုက်ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် သံဃ့ာအရေးအခင်းကို ပြန်ကြည့်လျှင် အမှန်တကယ်သေဆုံးသူအရေအတွက်မှာ စစ်အစိုးရ ပြောလိုသည့် အရေအတွက်ထက် များနေသည်ဟု ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ပီညဲရိုးက ကုလသမဂ္ဂကို တင်သွင်းသည့်အစီရင်ခံစာမှာ ဖော်ပြခဲ့သည်။ ထိုအရေးအခင်းမှာ လူ (၃၁) ဦးသေပြီး လူ (၄,၀၀၀) အဖမ်းခံရရုံမက (၁,၀၀၀) အဖမ်းခံနေရဆဲဖြစ်သည်ဟု ထိုအစီရင်ခံစာမှာ ထောက်ပြခဲ့သည်။

ပြောရမည်ဆိုလျှင် လူ့တန်ဖိုးမထားသည့် မြန်မာစစ်အစိုးရ လုပ်ရပ်များအတွက် သက်သေအထောက်အထား မြောက်မြားစွာရှိ၏။ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးအပေါ် အယူအဆမတူသူတွေ အများအပြားရှိ၏။ ထိုအယူအဆမတူသူတွေကို ထိုင်းအစိုးရက အကြောင်းမဲ့ သတ်ဖြတ် ဖမ်းဆီးခြင်းမလုပ်ရုံမက ယနေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၀န်ကြီးချုပ် အာဘီဆစ်က လောဆော်နေသည်။

မြန်မာစစ်အစိုးရကမူ အယူအဆမတူသူ မှန်သမျှ ရန်သူဟု သတ်မှတ်၏။ စစ်အစိုးရလျှောက်သည့်လမ်းပေါ်က လှုပ်ရှားသူမှန်သမျှကို ထောင်သွင်းအကျဉ်းချ၏။ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ကျုးလွန်ခြင်းကို ထမင်းစားရေသောက်ကိစ္စကဲ့သို့ စစ်အစိုးရက သဘောထား၏။

ထိုင်းနိုင်ငံရေး ဆန္ဒပြပွဲတွေမှာ လက်ရှိအာဘီဆစ် အစိုးရ မည်သို့ကိုင်တွယ်ဆောင်ရွက်ခဲ့သည်၊ ပြည်သူအပေါ် မည်မျှတန်ဖိုးထားသည် ဆိုသည့်အချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ အလေးထားဖို့ ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။

3.31.2009

ခေတ်ပြိုင်အယ်ဒီတာ့ အာဘော်


NEJ / မတ်လ(၃၁) ရက်၊ ၂၀၀၉
(အယ်ဒီတာ့အာဘော်)


ဧပြီလဆန်းသည်နှင့် လန်ဒန်မှာ ဂျီ -၂၀ ထိပ်သီးစည်းဝေးပွဲစတော့မည်။ နိုင်ငံ (၂၀) မှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ စုံညီတက်မည့်အစည်းအဝေးဖြစ်၏။ ထိုဆွေးနွေးပွဲမှာ ကမ္ဘာ့ငွေကြေး ကပ်ဆိုက်မှုကနေ မည်သို့ ရုန်းထွက်ရမည်ကို ဆွေးနွေးကြမည်။

အမေရိကန်စီးပွားရေး အကျပ်ရိုက်ပြီး ကန်ဒေါ်လာကို မယုံကြသည့်အတွက် ဒေါ်လာကို အရန်ငွေထားမည့်အစား မည်သည့်နိုင်ငံနှင့်မျှ ဆက်စပ်ခြင်းမရှိသည့် ကမ္ဘာသုံး အရန်ငွေကြေးသစ်တရပ်ရှာဖွေကြရန် တရုတ်ဗဟိုဘဏ် ဥက္ကဋ္ဌက စတင် နှိုးဆော်လိုက်သဖြင့် တကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

လောလောဆည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်) က သုံးနေသည့် Special Drawing Rights (SDR) ခေါ် စက္ကူရွှေကို ဒေါ်လာအစား နိုင်ငံတကာငွေကြေးသစ်အဖြစ်သုံးဖို့ တရုတ်က အဆိုပြု၏။ ရုရှား ကလည်း ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲမှာ ထိုအဆိုကို ထောက်ခံဆွေးနွေးမည်ဟု လေသံပစ်၏။ သို့သော် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂိုက်တ်နာက လက်မခံ။ အိုဘားမားကလည်း ဒေါ်လာကို ခိုင်မာနေသေးသည်ဟု အကြောက်အကန် ပြော၏။

အချို့ နိုင်ငံတကာစီးပွားရေးပညာရှင်များကမူ ဒေါ်လာအစား SDR ကို အရန်ငွေကြေးသစ် လုပ်ခြင်းအားဖြင့် ဒေါ်လာကြွေးမည် အကျပ်ဆိုက်နေသည့် တရုတ်လို တက်သစ်စ စီးပွားရေးနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး စီးပွားရေး နိုင်ငံများ၏ ပြဿနာပြေလည်စေမည်ဟု ယူဆ၏။

တနည်းပြောရလျှင် တရုတ်က သူ့ကို ကမ္ဘာ့စီးပွား အင်အားကြီးနိုင်ငံအဖြစ် အသိအမှတ်ပြုစေရန် ကြိုးပမ်းချက် လည်းဖြစ်၏။ အမေရိကန်နှင့် ဥရောပတို့ ငွေကြေး ကြွေးမည်ကပ်ဆိုက်နေချိန်တွင် တရုတ်က အတန်ငယ် ထူထူ ထောင်ထောင် ရှိသည်ဆိုနိုင်၏။ အထူးသဖြင့် လက်ထဲမှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ဘီလီယံ သန်း (၂,၀၀၀) ပိုင်ထားသည့် အတွက် သူ့ဓနအင်အားကို အသိအမှတ်ပြုအောင် ဂျီ-၂၀ စည်းဝေးပွဲမှာ အသံကျယ်ကျယ် ပေးလိုဟန် ရှိ၏။ ထို့ကြောင့် လန်ဒန် ဂျီ-၂၀ ဆွေးနွေးပွဲသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဦးဆောင်မှုကို စိန်ခေါ်မည့် ပွဲဟုလည်းဆိုနိုင်၏။ အမေရိကန်ကို တရုတ်က နားရွက် တံတွေးဆွတ်သည့် ပွဲဆိုလည်း မမှားပေ။

တဘက်ကလည်း တရုတ် မျက်ကလဲဆန်ပျာဖြစ်နေရသည့်အဖြစ်မှာ အမေရိကန်စီးပွားရေး ယိုင်နေသည့် အချိန်တွင် လက်ထဲမှာ ပိုက်မိနေသည့် ဒေါ်လာ ဘီလီယံ သန်း (၁,၄၀၀) ဖိုးရှိ အမေရိကန်ငွေကြေးစာချုပ်များ ပြဿနာ ဖြစ်၏။ အမေရိကန် ဗဟိုဘဏ်က ဒေါ်လာတွေ ရိုက်ထုတ်နေ၍ ဒေါ်လာတန်ဖိုးထိုးကျသည်နှင့် လက်ထဲက အထုတ်မှာ မမင်းတုတ် အရင်းပြုတ်မည့်ကိန်း။ ထို့ကြောင့်လည်း SDR စက္ကူရွှေ၏ ငွေကြေး အုပ်စုထဲမှာ ယွမ်ငွေကို အပါထည့်နိုင်အောင် တက်သုတ်ရိုက် စိုင်းပြင်းနေခြင်းဖြစ်၏။

လောလောဆည် SDR တွင်ပါသည့် ငွေကြေးများမှာ ကန်ဒေါ်လာ၊ ယူရို၊ ယန်းနှင့် ပေါင်စတာလင် (၄) မျိုးသာရှိ၏။ တရုတ်အဆိုပြုချက်ကို ဂျီ -၂၀ စည်းဝေးပွဲကလက်ခံလျှင် ယွမ်က SDR အုပ်စုမှာ ပါလာပြီး နိုင်ငံတကာလဲလှယ်ခွင့် ရှိသည့် ခိုင်မာသည့် အရန်ငွေကြေးတခု ဖြစ်လာမည်။ တရုတ်အဆိုသာအောင်မြင်လျှင် အိုင်အမ်အက် ရန်ပုံငွေထဲကို တရုတ်က ငွေပုံအောမည်။ ထိုအခြေအနေတွင် အမေရိကန်နှင့် ဥရောပက ဘဏ္ဍာရေး အကျပ်ဆိုက်နေသဖြင့် တရုတ်နှင့် ဂျပန်ကသာ အိုင်အမ်အက်ပေါ်က အမြတ်ထုတ်နိုင်မည်ဟု လေ့လာသူ အချို့က ယူဆ၏။

ကမ္ဘာ့အခြေအနေ အပြောင်းအလဲသည် မယုံနိုင်အောင်မြန်ဆန်၏။ ဂျီ -၂၀ ထိပ်သီးစည်းဝေးပွဲမစမီ လန်ဒန်နှင့် ဥရောပတခွင်မှာလည်း ထိပ်သီးဆွေးနွေးပွဲကို လူပေါင်းသောင်းချီ ဆန္ဒပြနေ၏။ ဘာလင်ဆန္ဒပြသူများက “ခင်ဗျားတို့ပြဿနာ ခင်ဗျားတို့ပေး ကျုပ်တို့မပေးနိုင်” ဆိုပြီး ကြွေးကြော်၏။ အချို့ဆန္ဒပြသူများကလည်း အရင်းရှင်စနစ် ကွယ်လွန်ပြီဆိုသည့်သဘောဖြင့် နှင်းဆီပန်းတွေတင်ထားသည့် အနက်ရောင်ခေါင်းကို သယ်လာ၏။

သို့သော် အသက်ငင်နေသည်မှာ အရင်းရှင်စနစ်မဟုတ် လွတ်လပ်သည့် ဈေးကွက်မော်ဒယ်သာဖြစ်သည်ဟု ယူဆသူက ယူဆ၏။ လန်ဒန် Financial Times သတင်းစာကြီးက တိုးတက်သည့် အရင်းရှင်နိုင်ငံများကို စစ်တမ်း ကောက်ကြည့်ရာ ငွေကြေးကပ်ဆိုက်ရခြင်းမှာ အရင်းရှင်စနစ်ကျဆုံးခြင်းထက် အရင်းရှင်စနစ်ကို တလွဲအသုံးချခြင်းကြောင့်ဟု အဖြေထွက်၏။

သေချာသည့်အချက်မှာ တရုတ်၊ ရုရှားတို့၏တောင်းဆိုချက်သည် အမေရိကန်ဦးဆောင်သည့် ကမ္ဘာ့ စီးပွားရေးစနစ် ကိုပြုပြင်ဖို့ စိန်ခေါ်ခြင်းဖြစ်၏။ နိုင်ငံတကာ ဗဟိုဘဏ်အတော်များများ ဒေါ်လာကိုသာ အရန်ငွေထား၏။ ဒေါ်လာကို စိတ်မချရသည့် ယနေ့အခြေအနေတွင် တရုတ်က အထုတ်ကြီးကြီး ပိုက်မိလျက် ဖြစ်နေသည့်အတွက် ဒေါ်လာကို အာခံဖို့ ကြိုးပမ်းခြင်းဖြစ်၏။

လန်ဒန်ထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့စီးပွားရေးစနစ် အမေရိကန်ဦးဆောင်မှုအောက်မှာ ဆက်ရှိမလား တရုတ် ကြိုးဆွဲရာ ပါသွားမလားဆိုသည်ကို အဆုံးအဖြတ်ပေးမည့်ပွဲဖြစ်၍ တကမ္ဘာလုံးက ရင်တမမ စောင့်ကြည့်နေ ကြသည်။

၂၀၀၉ ခု ဧပြီလထုတ် ခေတ်ပြိုင်ပုံနှိပ်ဂျာနယ်မှ