ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် နိုင်ငံဖြစ်သည်။ ရဟန်းတော် ဦးရေမှာလည်း သိန်းနှင့်ချီ၍ ရှိသည်။ ဘုရားစေတီပုထိုး ကျောင်းကန်များမှာလည်း လက်ညိုးထိုး မလွဲအောင်ပင် ဖြစ်ပေသည်။ အခြားသော ဗုဒ္ဓဘာသာဝင်များနည်းတူ ရတနာသုံးပါးကိုကြည်ညိုကိုးကွယ်ရာတွင်လည်း မြန်မာလူမျိုးတို့ သည် ကိုင်းရှိုင်းလှပေသည်။ လှူရေးတန်းရေး ကိစ္စများဆိုလျှင်လည်း တပဲရလို့ တပြားလှူ ဆိုသည့် ဆောင်ပုဒ် ထဲကလိုပင်။ ထိုသို့သောနိုင်ငံတွင် ရဟန်းနှင့်ဒကာ တနည်းဆိုသော် သံဃာနှင့်ပြည်သူတို့၏ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်အကျိုးစီးပွား ဆောင်ရွက်ပေးမှုတို့ရှိရမည်မှာဓမ္မတာပင်ဖြစ်ရလိမ့်မည်။
ကျွန်တော်တို့ နိုင်ငံ၏ အချုပ်အခြာအာဏာကို စစ်တပ်မှမတရားသိမ်းပိုက်၍ လက်နက်ဖြင့်ဗိုလ်ကျစိုးမိုး အုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျှင် အနှစ်လေးဆယ်ပင်ကျော်ခဲ့ပြီဖြစ်သည်။ အခြေအမြစ်မရှိ၊ မဟုတ်မှန်သည့် အကြောင်းများကို ကလိန်စေ့ငြမ်းဆင်ကာ အာဏာတည်မြဲရေး တခုတည်းအတွက် လုပ်ဆောင်လာခဲ့ခြင်း၏ ရလဒ်ကား ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများစာရင်း သွတ်သွင်းခံယူလိုက်ရခြင်းပင် ဖြစ်တော့သည်။ ပြည်သူတို့ ဘ၀များ ဆင်းရဲတွင်း နက်သထက်နက်လာနေချိန်ဝယ် စစ်ခေါင်းဆောင်များနှင့် ယင်းတို့နှင့် နီးစပ်သည့် အ၀န်းဝိုင်းများမှပုဂ္ဂိုလ်များကား တိုင်းပြည်ဘဏ္ဏာများ သယံဇာတများကို ထုတ်ငင်သုံးစွဲရင်း ထားစရာမရှိ အောင်ပင် ကျိကျိတက်ချမ်းသာနေကြသည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ပြည်သူပြည်သားတို့  စီးပွားဥစ္စာချောင်လည်လျှင် ရဟန်းသံဃာတို့  ဆွမ်းကွမ်းဖူလုံရုံမျှမက မရှိဆင်းရဲသား တို့ကိုပင် ပြန်လည်ပေးကမ်းစွန့်ကြဲ တတ်ကြသည်မှာလည်း ကြည်ညိုဖွယ် အစဉ်အလာတရပ်ပင် ဖြစ်ပေသည်။
သံဃာတော်များ အေးချမ်းစွာတရားဓမ္မရှာဖွေ ကျင့်ကြံအားထုတ်နိုင်သဖြင့်လည်း ဘာသာသနာအတွက် ကြီးစွာသော အကျိုးဖြစ်ထွန်းမှုများ ရရှိကြပေသည်။ သို့ သော် ပြည်သူပြည်သားများ ဆင်းရဲနွမ်းပါးလာပြီဆိုပါမူ လှူချင်တန်းချင်ပါလျက်က စိတ်ရှိသလောက် မလှူနိုင်မတန်းနိုင် တော့သဖြင့် ဒကာဒကာမတို့မှာ ကြီးစွာသော စိတ်ဆင်းရဲမှုမျိုးနှင့် ကြုံရတော့သည်။ ရဟန်းသံဃာတို့လည်း ဆွမ်းကွမ်းပါးရှားနွမ်းပါးရတော့သည်။ ရသမျှလေးဖြင့် ခြိုးခြံနေရတော့သည်။ ရဟန်းသံဃာတို့လည်း ပြည်သူပြည်သားတို့ ဘ၀ကိုကြည့်ကာ နှလုံး စိတ်ဝမ်း မချမ်းမြေ့နိုင်တော့။ သာသနာတော်အတွက် သိပ်မကောင်းလှ။ ထိုအခါမျိုးတွင် ပြည်တို့၏အရေး သည် သံဃာတို့၏အရေး။ သာသနာတော်၏အရေး ဖြစ်လာတော့သည်။ အာဏာလက်ဝယ်ရှိသူတို့ က သံဃာတော်တို့ အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် မည် သို့ ပင် တားမြစ်ကန့် သတ်စေကာမူ မြန်မာနိုင်ငံတွင် ပြည်သူတို့ ၏အရေးအရာကိစ္စရပ်များတွင် သံဃာတော် တို့ ပါဝင်ခဲ့ကြသည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါချေ။ သမဏိ ရှည်လျားလှသည့် သမိုင်း ကြောင်း နောက်ခံများအထင်အရှားရှိပါသည်။
တတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စလင်းနယ်မှ ဦးဥတ္တမ ဆိုသည့် ရဟန်းလူထွက်ပုဂ္ဂိုလ်တဦးက နောက်လိုက်လူသူ(၃၀၀၀)ခန့်  စုဆောင်းပြီး နယ်ချဲ့တို့ အား တော်လှန်ပုန်ကန်ရန် မန္တလေးသို့  ချီတက်ခဲ့သည်။ သို့ သော် ထိုပုန်ကန်မှုမှာ အရေးနိမ့်ခဲ့ရပြီး ဗိုလ်ဥတ္တမ လည်း ကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသည်။ ရဟန်းတော်တို့တွင် သူ့အသက်မသတ်ရဟူသည့် (ပါဏာတိပါတာ)ကံကို စောင့်ထိန်းရသည့်အတွက် လက်နက်ကိုင်တော်လှန်ပုန်ကန်မည်ဆိုလျှင် လူဝတ် လဲပြီးမှသာ ဆောင်ရွက်ကြရပါသည်။ မြန်မာနိုင်ငံ နယ်ချဲ့သမားတို့လက်အောက်တွင်ရှိစဉ် ဗြိတိသျှတို့အား မြန်မာတို့၏အလေးအမြတ်ပြုရာ အရပ်များဖြစ်သည့် ဘုရားစေတီ၊ ကျောင်းကန်များသို့ ၀င်ရောက်သည့်အခါ ဖိနပ်မချွတ်ပဲ တက်ရောက်ခြင်းကို ကန့်ကွက်ဆန့်ကျင်မှုများ ဖြစ်ခဲ့ကြ၏။ ၁၉၁၉ ခုနှစ်တွင် မန္တလေးမြို့ဘုရားပေါ်သို့  ဖိနပ်မချွတ်ဘဲ တက်လာကြသည့် ဗြိတိသျှလူမျိုးအချို့အား သံဃာတော်တို့ က မောင်းနှင်ထုတ်ရန် ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်မှုတခုဖြစ်ခဲ့၏။
ထို သံဃာစု၏ ခေါင်း ဆောင်မှာ နောင်တွင် အာဇာနည်ဆရာတော်ဦးဝိစာရအဖြစ် တိုင်းပြည်ကအသိအမှတ်ပြုရမည့် ပုဂ္ဂိုလ် ဖြစ်သည်။ ဆရာတော်အား ဗြိတိသျှတို့ က ဖမ်းဆီးပြီးနောက် လူသတ်ရန်ကြံစည်သည်ဟုဆိုကာ ထောင်ဒဏ် တသက်တကျွန်းချပစ်လိုက်၏။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ မြန်မာပြည်တ၀ှမ်း လူထုစည်းဝေးပွဲကြီးများ ဖြစ်ခဲ့သည်။ လူထု၏နိုင်ငံရေးအမြင်ကို နှိုးဆွပေးလိုက်သကဲ့ဖြစ်သွားစေ၏။ ထောင်သွင်းအကျဉ်းချခံ လိုက်ရ သည့် ဆရာတော်အား ထောင်တွင်း၌ သင်္ကန်းဝတ်ခွင့်မပြု၊ ထို့ကြောင့် ဆရာတော်သည် သင်္ကန်းဝတ်ခွင့် ရရေးအတွက် (၁၁၆) ရက်ကြာ တဦးတည်းအစာငတ်ခံဆန္ဒပြခဲ့ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အာဇာနည်ပီသစွာ သက်တော်ကို စွန့်လွှတ်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် အာဇာနည်ဆရာတော်၏ဂုဏ်ကျေးဇူးကို နှောင်းလူတို့ သတိရစေရန်ရည်ရွယ်၍ ကျောက်တိုင်ပေါ်တွင် ရုပ်တုကိုထွင်းထုကာ ထိုကျောက်တိုင်ရှိရာ လမ်းကိုလည်း ဦးဝိစာရလမ်းဟု ခေါ်တွင်စေခဲ့၏။ အလားတူပင် ရခိုင်ပြည်နယ်မှ လူအများကြည်ညိုကိုးကွယ် သည့် နိုင်ငံတကာအတွေ့အကြုံများစွာရှိသည့် ဆရာတော်ဦးဥတ္တမ ကိုယ်တော်မှာလည်းသူ၏ ကိုလိုနီ ဆန့်ကျင်ရေး ရဲရဲတောက် မိန့်ခွန်းများကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရပြန်သည်။ ဆရာတော်က ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာရက်ဂျီနယ် ကရက်ဒေါက်အား “ဆာရက်ဂျီနယ် ကရက်ဒေါက်ပြန်သွား”ဟု ရဲရဲတောက်မိန့်ခွန်းပြောကာ ဘုရင်ခံအားမောင်းထုတ်ဝံ့ခဲ့သူ ဖြစ်သည်။ ဗိုလ်ဥတ္တမ၊ ဦးဝိစာရ၊ ဦးဥတ္တမစသည့် ဆရာတော်များကဲ့သို့ ပင် အခြားသော သံဃာတော်ပေါင်းများစွာတို့ သည် နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲအဆက်ဆက်တွင် ပြည်သူတို့ ဘက်မှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ ပြောရမည်ဆိုလျှင် ထိုသံဃာတော်တို့ နှင့် စပ်လျဉ်း၍ အသေးစိတ်ရေးစရာ အကြောင်းအရာ အချက်အလက်ပေါင်းမြောက်များစွာ ရှိမည်ဖြစ်ပါသည်။
ထို့  အတူ ၁၉၈၈ ခုနှစ် တပါတီအာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု ကြီးတွင်လည်း သံဃာတော်ပေါင်းများစွာ ဦးဆောင်ပါဝင်ခဲ့ကြသည်မှာ အထင်အရှားဖြစ်သည်။ သွေးမြေကျခံ၍ သက်တော်စွန့် ခဲ့ရသည့် သံဃာတော်များမှာလည်းများလှသည်။ ထိုလှုပ်ရှားထဲတွင်ပါဝင်ခဲ့သဖြင့် ယခုတိုင် ထောင်သွင်း အကျဉ်းချခံနေရဆဲ သံဃာတော်ဦးရေမှာ မနည်းလှချေ။ လောကဓါတ်ကျောင်း (အစိုးရစာသင်ကျောင်း)များ မပေါ်ခင်ကတည်းကပင် မြန်မာဘုန်းတော်ကြီးကျောင်း များမှာ မြန်မာတို့ အတွက် လောကီ လောကုတ္တရာ စာပေပရိယတ္တိ လေ့လာဆည်းပူးရာနေရာဖြစ်ခဲ့သည်မှာ ပြောစရာပင်လိုမည်မထင်ပါ၊ စစ်အစိုးရက ဖိနှိပ်ချုပ်ချယ်သည့် အမိန့် အမျိုးမျိုးသုံးကာ အချို့ အချို့ သော နိုင်ငံ ရေးအဖွဲ့အစည်းတို့ အား ဥပဒေဘောင်တွင်းမှ လွင့်စဉ်ထွက်သွားအောင် လုပ်ပစ်ခဲ့သည့်အခါ၊ ဥပဒေဘောင်တွင်း နိုင်ငံရေးလုပ်ခွင့်မရကြရှာသည့် အဖွဲ့ အစည်းတို့ သည် မလွှဲမရှောင်သာ လျှို့ဝှက်နိုင်ငံရေး (မြေအောက် လုပ်ငန်း) အသွင်ပြောင်းလိုက်ကြရတော့သည်။
ထိုရောအခါ သက်ဆိုင်ရာ သံဃာတော်တို့ . ခွင့်ပြုချက်ဖြင့် ဘုန်းတော်ကြီးကျောင်းအချို့မှာ စစ်အစိုးရဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့  အတွက် လျှို့ဝှက် လှုပ်ရှားသူများအဖို့  လုံခြုံစွာ ယာယီပုန်းခိုရာနေရာများလည်းဖြစ်နေပြန်သည်။ ကျေးဇူးကြီးလှ၏။ ယမန်နှစ် ယခုအချိန်က သံဃာတော်များဦးဆောင်ကာ မေတ္တာသုတ် မောရသုတ်များရွတ်ဆိုလျက် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲများဖြစ်ခဲ့သည်။ လူထုသိန်းနှင့်ချီကာ ထောက်ခံပါဝင်ခဲ့ကြသည်။ မြန်မာ့သမိုင်းတွင် သမိုင်းတွင်မည့် ထူးခြားချက်တရပ်အဖြစ် မှတ်တမ်းတင်ရပေလိမ့်မည်မှာမလွဲပေ။ စစ်အစိုးက အကြမ်းဖက် ဖြိုခွဲခဲ့သော်လည်း ထိုလှုပ်ရှားမှုကား အကင်းသေသွားမည့်အနာ မဟုတ်။ ပြည်သူတို့  ရင်ထဲမှ အနာကား သည်းသထက်သည်းသွားလေပြီ။ တိုင်းတပါးသား ဘာသာခြားတို့  အုပ်ချုပ်စဉ်ကပင် ယခုလောက် ကြမ်းကြုတ်ရက်စက်စွာမပြုမူခဲ့။ ဖြေဆည်ယူကြုံးမရဖွယ် သံဃာနှင့်သာသနာကို စော်ကားရက်လေခြင်း။ လူထု၏ဆင်းရဲဒုက္ခကို မျက်ကွယ်ပြု လျစ်လျူရှုမနေနိုင်အားသည့် ရဟန်းတော်တို့  ကျေးဇူးကား အတိုင်းအဆ မရှိကြီးလှ၏။ ထိုသို့ သော ဘုရားသားတော်တို့ ကား ခိုင်မာကျစ်လစ်သည့် သာသနာ့အလံတော် တစ်ခု တည်းအောက်တွင် ညီညွတ်စွာဖြင့်ပေါင်းရုံးစုစည်းကာ သံဃာ့သမဂ္ဂီအသွင်သဏ္ဍန်ဆောင်သည့် လူထုနှင့်အဆက်အစပ်ရှိသည့် သံဃာ့လှုပ်ရှားမှုများ ပြန်လည်ပေါ်ပေါက်ရှင်သန်စေရေးအတွက် ရောက်ရာအရပ်ဒေသများတွင် စုဖွဲ့  ကြိုးပမ်းအားထုတ် နေကြသည်မှာလည်း လူထုအတွက် အားတက်ဖွယ်ရာပင် ဖြစ်တော့သည်။
ထိုရဟန်းတော်တို့ ကား သမိုင်းကိုသွေးဖြင့်ရေးခဲ့ကြလေပြီ။ ထိုရဟန်းအာဇာနည်တို့၏ သူရဲကောင်းစိတ်ဓါတ် ကား မြန်မာနိုင်ငံသမိုင်းနှင့် မြန်မာနိုင်ငံသာသနာသမိုင်းတွင် မည်သည့်အခါမှ မေ့ပျောက်ဖျောက်ဖျက် မရမည့်သမိုင်းပင်ဖြစ်တော့သည်။ သာသနာ့ရဟန်းအာဇာနည် အပေါင်းတို့ အား ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

သံဃံသရဏံဂစ္ဆာမိပါဘုရား၊
မျိုးမြင့်ချို
No comments:
Post a Comment