10.04.2008

ဝတ်စုံသစ် ပြောင်းဦးအရွေ့ နှင့်ပစ်မှတ်သေများ

(သူတို့အတွေးသူတို့အမြင်ကဏ္ဍသို့ပေးပို့လာသောစာမူ)


ယခုအခါ ကျနော် ကျည်ကွယ်မျက်ကွယ်တွင် ရောက်နေပါပြီ။ ကတုတ်လည်းလုံ၏။ ပစ်ပေါက်လည်းပွင့်နေ၏။ သေနတ်ကလည်း အသစ်ကျပ်ချွပ်။ ခဲယမ်းလည်းအပြည့်။ ဆက်သွယ်ရေးယန္တရားလည်း ခလုပ်နှိပ်ရုံနှင့်တကမ္ဘာလုံးကြားအောင် အော်နိုင်ခေါ်နိုင်ပါ၏။ စားနပ် ရိက္ခာ ၀ယ်ယူဖြည့်တင်းရန်လွယ်ကူချောမောသလောက် တိုက်ပွဲပြီးချိန်အထိအလုံအလောက်လည်း ဖြည့်တင်းထားပြီးဖြစ်ပါ၏။ ဆက်သွယ် ရေးလမ်းကြောင်းမှာလည်း တိုတောင်းသလောက် လုံခြုံမှုအပြည့်။ လိုအပ်ပါက ၀တ်ဆင်နိုင်ရန် ကျည်ကာအကျီင်္များလည်းတပုံတပင်။ သေနတ်ကျည်ထိုးထားပြီး မောင်းခလုပ်များလည်းဖြုတ်ရန်အသင့်။


ကျနော်အပါအ၀င် ကျနော်တို့ ၏ တပ်မင်းကြီးများ အားလုံးလိုလိုလည်း လိုအပ်လျှင် စစ်ရေးစစ်ရာများ၊ တိုက်ပွဲမဟာဗျူဟာ၊ နည်းဗျူဟာများ တိုင်ပင်နှီးနှောနိုင်ရန် ကျနော်တို့ ၏ ဇနီးမယားသားသမီးများသာမက အဆွေအမျိုးများပင် အနီးအပါးတွင် ရောက်နေရှိနေပါပြီ။ လူထူထူ ရှိလျှင် သားတကွဲမယားတကွဲ မိတကွဲဖတကွဲဖြစ်ကာ အကျဉ်းထောင်များနှင့်တောထဲတောင်ထဲ ရောက်နေကြသည့် ကျနော်တို့ တိုက်ဖေါ် တိုက်ဖက်များအား လွန်စွာမှသနားဂရုဏာသက်မိကြောင်း စုတ်တသပ်သပ်နှင့် တဖွဖွတရရပြောရှာကြသည်မှာ ကြေကွဲစရာပင်ကောင်းလှပါ သည်။ ပြင်ပ စစ်ရေးမဟာမိတ်ကလည်း တိုက်ပွဲဖေါ်ပုံများအကြောင်း၊ တိုက်ကွက်အသစ်များအကြောင်းကို လေအေးပေးစက်ဖွင့်ထားသည့် အခန်းများထဲရှိ ဆိုဖါထိုင်ဖုံကြီးများပေါ်မှ ကရားရေလွှတ်တတွတ်တွတ် ပို့ ချပေးနေပါသည်။ “စစ်ပွဲဆိုတာ ဒါကိုခေါ်တယ်” ဟု စစ်ရေး ကျမ်းကြီးကျမ်းခိုင်များထဲမှ စာပိုဒ်များအား အလွတ်ရွတ်ပြနေပုံမှာလည်း အထင်ကြီးလေးစားလောက်ဖွယ်အတိ။ သူတို့ ကိုယ်သူတို့ စစ်ရေး ကျွမ်းကျင်သူများ ဟုလည်းသမုတ်ထားပါသည်။ “စစ်ဆိုသည်မှာ ကျင့်ဝတ် စာရိတ္တတို့ ကို ပို့ ချပေးရာ ကျောင်းတော်ကြီး မဟုတ်သည့်အတွက် ယခင်စစ်ပွဲများနည်းတူ Sadist များ (သူတပါးနာကျင်သည်ကို အရသာခံတတ်သည့်သူများ)၊ လုယက်သောင်းကျန်းသူများရှိရမည်မှာ ဓမ္မတာ ဖြစ်ကြောင်း၊ ရန်သူဟုတ်/မဟုတ် မသေချာသေးသော်လည်း မိတ်ဆွေအဖြစ်သဘောထားရန် မလိုအပ်သူများကိုပါ ကျွဲကူးရေပါလက်ဦးမှုရှိရှိ တိုက်တတ်ရန်လိုကြောင်း” များ စေတနာဗလ၀ဖြင့် အတွေးအခေါ်များလည်း တပ်ဆင်ပေးကြသည်။ လိုအပ်လျှင် ကျနော်တို့ အား ထိုက်ထိုက်တန်တန်ချီးမြှင့်ရန် ဆုတံဆိပ်များလည်းပြင်ထားပြီး စားပွဲပေါ်တွင်ခင်းကျင်းပြသထားပါသည်။ လူထုနစ်နာမည်စိုး၍ ကြီးစွာသော ကရုဏာတရားရှေ့ ထားပြီး လူထုမပါသဖြင့် မနိုင်ခဲ့သည့်တိုက်ပွဲများအကြောင်း မပြောလိုကြ။ အာဏာဖီဆန်ရေးနှင့်တွဲထားသည့် အကြမ်း မဖက်လှုပ်ရှားမှုများအကြောင်း သင်ကြားပေးပြန်လျှင်လည်း လူတွေကို မြှောက်ထိုးပင့်ကော်လုပ်ပေးသည်ဟု အမနာပ အပြောအဆိုခံရမည် စိုးရသေးသည်။ ထို့ ကြောင့်တမင်မေ့လျော့ ထားကြသည်မဟုတ်ဘဲ အမှန်ပင်မေ့ပျောက် ထားလိုက်ရခြင်းဖြစ်သည်။ သူတို့  ၏ အအိပ်မပျက် အစားမပျက် အပင်ပမ်းခံကာ ကျနော်တို့ တိုက်ပွဲအား ကူညီပုံကိုကြည့်၍ တချို့ က အားကျလျှက်၊ တချို့ က အားကိုးလျှက်။ နိုင်ငံရေး ကျွမ်း ကျင်သူများကလည်း ဤတိုက်ပွဲ အဆုံးသတ်ရလာဒ်အဖြစ်ရရှိမည့် နိုင်ငံရေးအကျိုးအမြတ်စာရင်းဇယား၊ ညွှန်းကိန်းမြားများဖြင့် ကြိုတင် ပုံဖေါ်ထားသည့် မြေပုံကားချပ်ကြီးများပင် ထောင်ထားလိုက်သေးသည်။ တိုက်ပွဲဦးဆောင် တပ်မင်းကြီးများအရေအတွက်မှာ အားရစရာ ကောင်းလောက်အောင်ပင် များလှသည်။ ပခုံးနှင့်ရင်ဘတ်အပြည့် တပ်ဆင်ထားသည့် ဆုတံဆိပ်များ၏ အရောင်အ၀ါနှင့်အရှိန်အ၀ါတို့  ကြောင့်လည်းပိုမိုခန့် ညားလှသည်။ အချို့ တပ်မှူးကြီးဆိုလျှင် အခြားသူများ အားတက်ဂုဏ်ယူကြစေရန်ရည်ရွယ်လျက် ဆုတံဆိပ်ချီးမြှင့် ကြောင်း လက်မှတ်ထိုးထားသည့်စာရွက်များကိုပင် တပင်တပမ်းသယ်လာကြရရှာသည်။ ထိုဆုတံဆိပ်များရရှိခဲ့သည့် တိုက်ပွဲများအကြောင်း သူ့ ထက်ငါအလုအယက် စားမြုံ့ ပြန်သည့်အခါများတွင် တပ်သားများ၏ အားကျဂုဏ်ယူသည့်မျက်လုံးများတွင် အရောင်တဖျတ်ဖျတ်။ သံမဏိ စစ်စည်းကမ်းဖြစ်သည့် တသွေးတသံတမိန့် ကို ကိုင်စွဲထားကြပြီး၊ Unity of Diversity နှင့် Diversity in Unity ဆွေးနွေးပွဲများတွင် တပ်သားများကိုပါ ပါအောင်ထည့်သွင်းနိုင်ခဲ့ကြသဖြင့် တပ်သားတို့ ၏ ညီညွှတ်ရေးနှင့်တိုက်ပွဲဝင်စိတ်ဓါတ်များအတွက်လည်း ဗဟုသုတနှင့် အကျိုးဖြစ်ထွန်းမှုများရှိနေကြ၏။ အဆုံးပိတ်တိုက်ပွဲ စစ်ရေးစီမံချက်ရေးဆွဲနေသည့် တပ်မှူးများမျက်နှာစုံညီ အစည်းအဝေးမှ သံသယ ဖြစ်ဟန်နှင့် တပ်မှူးတစ်ဦးအသံထွက်လာ၏။ “ကျုပ်တို့ တိုက်ပွဲက ရှိထားတဲ့တပ်သားအရေအတွက်နဲ့  အဆုံးသတ်တိုက်ပွဲကို မနွှဲနိုင်လို့  တပ်သားသစ်တွေ ထပ်လိုလာရင်ကော” ဟု အမေးကို တပ်မင်းကြီးတစ်ဦးက ယုံကြည်စိတ်ချမှုအပြည့်ဖြင့် “တပ်မှူးကလည်းဗျာ။ ပူရန်ကော ကျုပ်တို့ လိုပေါ့။ ကျည်ကွယ်မျက်ကွယ်ကို နောက်ထပ် တပ်သားသစ်တွေ တဖွဲဖွဲရောက်လာနေကြတာ မြင်နေရက်သားနဲ့ ” ဟု ပြန်ဖြေလိုက် သည်တွင် အစည်းအဝေးခန်းမကြီးတစ်ခုလုံး ဩဘာလက်ခုပ်သံများဖြင့်ပြည့်သွားရုံမက အပြင်သို့ ပင်လျှံကြလာသည်။ တိုက်ပွဲအပေါ် ယုံ ကြည်မှုပါးလျားလျှသည့်အပြင် ဤမျှလွယ်ကူလှသည့် တပ်သားသစ်စုဆောင်းရေးကိစ္စအား ရေးကြီးခွင်ကျယ်လုပ်ရန်ကောဆိုသည့် အကြည့်များအောက်တွင် အဆိုပါတပ်မှူးမှာ ခပ်ရှက်ရှက်ဖြင့် ပြန်ထိုင်ချလိုက်ရသည်။ တပ်တွင်းနိုင်ငံရေး ၀ါဒဖြန့် ချိရေးဌာနမှူးကြီးက အင်္ဂလိပ် စကားများ တွင်တွင်ညှပ်သုံးလျှက် “အခုဆိုရင် ကျုပ်တို့ မှာ ရန်သူနဲ့ ၊ ရန်သူ့ နောက်လိုက်တွေ ကြောက်ဒူးတုန်လောက်အောင် လုပ်နိုင် စွမ်းတဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရှိနေပြီ။ ဒါတွေကိုကိုင်ပြီး ရန်သူ့ တပ်တွင်းမှာ အချင်းချင်းသွေးကွဲအောင်၊ အတွေးအခေါ်အရ ရှုတ်ထွေးမှုတွေဖြစ်လာအောင်၊ စိတ်ဓါတ်တွေ ပျက်ပြားကုန်အောင်လုပ်နိုင်နေပြီ။ နိုင်ငံတကာ သံခင်းတမန်ခင်းတွေမှာလည်း ကျုပ်တို့ လူ တွေရဲ့ စွမ်းဆောင်ချက်ကတော့ လက်ဖျားခါလောက်အောင်ကိုဩချယူရမယ့် အနေအထားမှာရှိနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီတချီ ကတော့ ရန်သူ့ ကို နည်းနာပေါင်းစုံကိုသုံးပြီး ကျုပ်တို့ တိုက်ချလိုက်ရင် အောင်ပွဲဟာ ကျုပ်တို့ အတွက်လက်တကမ်းမှာစောင့်နေပါပြီ” ဟု ဆို လိုက်သည်တွင် လက်ခုပ်သံကား စောစောကထက်ပင် ကျယ်လောင်လှသေး၏။ အမှန်တကယ်တွင်မူ မိမိ၏မျက်စေ့ရှေ့ မှောက်တွင် ဆင်းရဲ မွဲတွေမှု၏ဒဏ်ကြောင့် ဆာလောင်မွတ်သိပ်စွာငိုကြွေးနေသည့် ကလေးငယ်ကိုပစ်ချ၍၊ သေနတ်ပြောင်း၏ ခြိမ်းခြောက်မှုအောက်တွင် ဆန္ဒပြ တိုက်ပွဲဝင်ရသည်မှာ မည်မျှအန္တရာယ်များ၍ မည်မျှခက်ခဲလှကြောင်း မေ့သွားဟန်တော့မပေါ်သေးပါ။

တပ်မင်းကြီးတဦးက ရုတ်တရက် ဆိုသလို လွန်စွာအရေးကြီးသည့်အကြောင်းအရာ တခုကိုဆွေးနွေးတော့မည့်ဟန်ဖြင့် ချောင်းတချက်ဟန့် လိုက်ပြီး“ ဟို ဌာနမှူးကြီးကို မေးရ ဦးမယ်။ ခင်ဗျားလုပ်ဆောင်ချက်တွေအကြောင်းလည်း ဒီ့ပြင်တပ်မှူးတွေသိအောင် ရှင်းပြပေးပါဦး” ဆိုလိုက်ရာ အညွှန်းခံတပ်မှူးက မဆိုင်း မတွပင်ထိုင်ရာမှ ထလိုက်ပြီးနောက် စာရွက်များဖိုင်များကို ဟိုလှန်သည်လှန်လုပ်ကာ “ဒီလိုပါ တပ်မှူးများခင်ဗျား။ ကျနော်တို့ ဒီတိုက်ပွဲဟာ အဆုံးအဖြတ်တိုက်ပွဲဖြစ်လေတော့ တိုက်ပွဲပြီးချိန်မှာ လက်ရဖမ်းမိခဲ့တဲ့ သုံ့ ပန်းတွေကိုဖြစ်ဖြစ် လက်နက်ချလာတဲ့ သုံ့ ပန်းတွေကိုဘဲဖြစ်ဖြစ် ဘယ်လိုစီရင်ရမယ်ဆိုတဲ့စီမံချက်ပါ။ ကျနော်တို့ တပ်သားတွေ သူတို့ လက်ထဲကျခဲ့ချိန်တွေတုန်းက သူတို့ ဘယ်လိုပြုမူဆက်ဆံခဲ့တယ်ဆိုတာ တပ်မှူးများအားလုံးသိပြီးသားမို့  ထပ်ရှင်းပြစရာ မလိုတော့ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ ကတော့ တရားမျှတလွတ်လပ်မှုအတွက် တိုက်ပွဲ ၀င်နေသူတွေ ဖြစ်တော့ကာ သူတို့  ကို တရားမျှတမှုအခွင့်အရေးကို ပေးကိုပေးရပါ့မယ်။ လက်တွေ့ လည်းကျင့်သုံးရပါမယ်။ ဒါကို အင်္ဂလိပ် လိုတော့ Transitional justic လို့ ခေါ်ပါတယ်။ တပ်သားတွေကြားထဲမှာလည်း အယူအဆပြင်းထန်ပြီး တဇွတ်ထိုးတဇောက်ကန်း တပ်သား တချို့ က လွဲလို့ အများစုကြီးကတော့ လက်ခံကြပါတယ်။ ကျနော်တို့ ဟာ သူတို့ ကို တရားဥပဒေဘောင်အတွင်းကနေ သူတို့ ရပိုင်ခွင့် မှန်သမျှ အကုန်လုံးပေးရပါလိမ့်မယ်။ သူတို့ ကို လူပီသစွာဆက်ဆံပြီး လူ့ ကျင့်ဝတ်နဲ့ အညီပြုမူဆက်ဆံရပါမယ်။ ဒီနေရာမှာ သဘောထား ကြီးကြဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ တရားစီရင်ရာမှာလည်း ပြဌာန်းထားတဲ့ဥပဒေနဲ့ အညီဖြစ်ရပါမယ်။ လက်စားချေခြင်းမျိုးမဟုတ်ဘဲ သူတို့  ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရခြင်း ဖြစ်တယ်ဆိုတာ သူတို့ တွေကိုယ်တိုင်နားလည်သဘောပေါက်ပြီး ကျေကျေနပ်နပ် လက်ခံလာသည်အထိ အချိန်ယူလုပ်ဆောင်ရပါမယ်။ ဒါမှလည်း နိုင်ငံတကာက ကျနော်တို့ ဟာ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုအတွက် တိုက်ပွဲ ၀င်နေသူတွေအဖြစ် အခုကတည်းက ကြိုမြင်ပြီးထောက်ခံလာမှာဖြစ်ပါတယ်။ ဒါတွေအတွက် ကျနော့်အနေနဲ့  ပြင်ဆင်စရာရှိတာတွေ အကုန် ပြင်ဆင်ထားပြီးပါပြီ။ တော်တော်လည်းခရီးပေါက်နေပါပြီ” ဟုပြောအပြီးတွင် မည်သည့်တပ်မှူးမှ စကားပြန်မပေးဘဲ လေးနက်တည်ကြည်စွာ စဉ်းစား၍ ခေါင်းများတငြိမ့်ငြိမ့်လုပ်နေကြသည်။ တင်ပြခဲ့သူ တပ်မှုးကိုယ်တိုင်လည်း ယခုအချိန်တွင် ယင်းစကားများပြောဆိုနေရခြင်းမှာ ရိုးသားစွာယူဆ၍ ပြောဆိုလိုက်မိခြင်း ဟုတ်/မဟုတ်ကို စဉ်းနေပုံရ၏။ သူကိုယ်တိုင်လည်း ခေါင်းတငြိမ့်ငြိမ့်။ ထို ခေါင်းငြိမ့်ငြိမ့် တပ်မှူးကြီးများသည် မြို့ ရွာများ လမ်းမများထက်သို့ ပျက်စီးခြင်းနှင့်သေခြင်းတရားကိုသာ ဆောင်ကျဉ်းလာခဲ့ကြသည့် ရန်သူ့ တပ်သားများ အပေါ် လူထု၏အမုန်းတရားကို ပြေပျောက်လိုပြေပျောက်ငြား ဖြေဆေးရှာနေကြဟန်ရှိသည်။ စီးဆင်းခဲ့ရ၊ စီးဆင်းနေဆဲရှိနေကြရသေးသည့် သွေးမြစ်များကို တိုက်ပွဲအောင်နိုင်ပြီးအချိန်တွင် ဘယ်လိုသုတ်ရပါ့ ဟုတွေးရင်း၊ “သင်ပုန်းချေရေးမလိုချင်ဘူး” “တူညီတဲ့တန်ဖိုးပြန်ယူပေး” ဟု ကြွေးကြော်ရင်း လမ်းမများပေါ်တဖန်တက်လာပြန်ဦးမည့် မျက်ရည်လှိုင်းများကို မည်သို့ မည်ပုံ ကျကျနနစီးမျောလိုက်ပါရအံနည်းဟု ချိန်ဆ နေကြပုံတော့ပေါ်သည်။ စည်းရုံးရေးဌာန တပ်မှူးကြီးမတ်တပ်ရပ်လိုက်သဖြင့် အခြားတပ်မှူးများက ဘာများပြောဦးမှာပါလိမ့် ဟူသော အကြည့်မျိုးမဟုတ်ဘဲ တခါလာမဲပြာပုဆိုးစည်းရုံးရေးစကားတွေ ကြားရဦးတော့မှာဘဲဟု တွေးလိုက်ကြသည်။ သို့ သော်လည်း ယခုအစည်း အဝေးကအရေးကြီးလွန်းသည်က တကြောင်း၊ မိမိတို့  အားလုံးသည် လူယဉ်ကျေးများ၊ လူကြီးလူကောင်းများဖြစ်သည် ဟူသည့် အသိကတကြောင်းတို့ ကြောင့် စိတ်ဝင်တစားနားထောင်နေကြပါသည်။ “ဒီလိုဗျ။ ဒီကိစ္စမှာစည်းရုံးရေးက သိပ်အရေးကြီးတယ်။ လူထုနဲ့ မိမိ တပ်သားတွေကိုတင် စည်းရုံးနေကြရုံနဲ့ မလုံလောက်ဘူး။ ရန်သူကိုလည်း စည်းရုံးရမယ်။ ဟို --- စာရေးဆရာကြီး တစ်ယောက်ပြောသလိုပေါ့ဗျာ။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာနိုင်ငံရေး။ ဒီတော့ ကျနော်တို့ က သူတို့ ကို၊ သူတို့ တပ်သားတွေကို ရနိုင်သမျှ စည်းရုံးသိမ်းသွင်းယူရမယ်။ သူတို့ လူတွေထဲမှာလည်း လူကောင်းသူကောင်းတွေ အများကြီးရှိတယ်လို့ ကျနော်ယုံတယ်။ ဒါကြောင့် သူတို့ ထဲက လူကောင်းတွေကို ရှာဖွေပြီး၊ ရအောင်စည်းရုံးသိမ်းသွင်းယူကြရမယ်။ နောက် ပိုအရေးကြီးတဲ့အချက်က ကျနော်တို့  အချင်းချင်း ကြားမှာ ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်ယူရမယ့်အချိန်ရောက်နေပြီ။ ဒါ --- အရေးအကြီးဆုံးးဘဲ” ပြောပြီး ပြန်ထိုင်ချလိုက်သည့်အခါ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” ဟု ပြိုင်တူရေရွတ်သံများထွက်လာပြန်သည်။ ယခုအချိန်သည် သေကွဲရှင်ကွဲနှင့်ကြေကွဲဖွယ်ရာ မျက်ရည်စများ အတွက် ရန်သူတပ်သားများထဲမှ လူကောင်းဆိုသူများကို ရှာဖွေနေရမည့်အချိန်ဟုတ်/မဟုတ်ကို သူကိုယ်တိုင်ပြန်စဉ်းစားရန် လိုလေမလားဟု စကားမပြောခင်ကလေးကပင် တွေးမိလိုက်သေးသော်လည်း စည်းရုံးရေးစကားဖြင့် ကျန်တပ်မှူးများကို မည်သို့  စည်းရုံးရမှန်းမသိလိုက်ဘဲ ပြောချလိုက်ခြင်းလည်း ဖြစ်တန်ရာသည်။ နောက်ဆုံး သူပြောခဲ့သည့် ညီညွတ်ရေးတရားမှာလည်း ပြောရာတွင် အတော်ပင်နှုတ်မြိန်ပြီး ခံတွင်းလည်းလိုက်လှသည်ဟု ထင်ကာ ကျေနပ်မှုတော့ရပုံပေါ်၏။ မည်သို့ ပင်ဖြစ်စေ ကျနော်တို့ တိုက်ပွဲဝင်တပ်သားများ၏ စိတ်ဓါတ်နှင့် ကျမ္မာရေးအခြေအနေမှာ အားရစရာဖြစ်နေကြသည်။ နိုင်ငံရေးအရ အတွေးအခေါ်အရ အသင့်အနေအထားတွင် ရောက်နေရှိနေကြပြီ။ စစ်သွေး စစ်မန်တကြွကြွဖြင့် ဘန်ကာနှင့် Overhead များနောက်တွင် စစ်ချီသီချင်းများ ကျယ်လောင်စွာ ဟစ်ကြွေးလျှက်။ သို့ သော်။ စစ်ချီခရာသံကားထွက်မလာခဲ့။ ခံကတုတ်များအတွင်းသို့  ရန်သူ့ တပ်များလည်း ရောက်မလာကြ။ ထွက်တိုက်ရအောင်လည်း စစ်မြေပြင်က ဘယ်မှာမှန်း၊ ဘယ်ဆီမှန်းမသိရ။ ထို သို့ ရှိစဉ် တပ်မှူးကြီးများထံမှ တိုက်ပွဲစီမံချက်အသစ်တခုကျလာသည်။ ရန်သူထိထိ/မထိထိ မိမိလူများ ထိခိုက်မှုမရှိစေရန်အတွက် အဝေးမှ လက်နက်ကြီးများ အမြှောက်ကြီးများဖြင့်ပစ်ကူပေးရေး။ လေကြောင်း အသာစီးရရေးအတွက် လေယဉ်များ များများသုံးဗုံးကြဲရင်းက ကောင်းကင်ပြင်ကိုစိုးမိုးထားရေး။ အမိန့် ကျေညာချက်သစ်ကို ကြားပြီးနောက် ဘန်ကာထဲမှ တပ်သားတပ်သားတစ်ဦးက ၀တ်စုံသစ်ဖြင့်ထွက်လာပြီး သေနတ်ကျည်ရှင်းရင်းက “တော်လှန်ရေးဆိုတာ တစ်ရက်တည်းနဲ့ ပြီးရိုး မရှိဘူးဟေ့။ မနက်ဖြန်ပေါ့ကွာ” ဟု ကျယ်လောင်စွာ အော်လိုက်ပါသည်။


ဤသို့ ဖြင့် ကျနော်တို့ တပ်သားများမှာလည်း “ငါ့နောက်လိုက်ခဲ့” တပ်မှူးကိုရှာရင်း “တက် -- တက်” ဟု အမိန့် ပေးနေသည့် တပ်မှူးများ ကြားတွင် ဗျာများကာ ၀တ်စုံသစ်များ ချုပ်ရေးအတွက် စိတ်စောနေကြပါသည်။ စစ်တိုက်ဖို့ ထက် စစ်ရေးပြကွင်းများဆီသို့ သာ တိမ်းညွှတ် နေကြပါ သည်။ ယခုလောလောဆယ်တွင် သေနတ်သစ်များကလည်း ပစ်ခတ်ရန်ထက် အလှကိုင်ရန် ပိုသင့်တော်နေပါသည်။ အရာရာသည် မုန်တိုင်းပြီးစ မြို့ ပျက်ကြီးထဲမှ သစ်ပင်များလို တစ်စစီ တစ်စစီ အပိုင်းပိုင်းအပြတ်ပြတ် --------------။


မျိုးမြင့်ချို

၃/၁၀/၂၀၀၈

(သူတို့အတွေးသူတို့အမြင်ကဏ္ဍရှိဆောင်းပါးနှင့်စာမူများသည်

ပေးပို့သည့်ကာယကံရှင်များ၏ကိုယ်ပိုင်အတွေးအမြင်များသာဖြစ်

ပါသည်။မည်သူမဆိုမိမိတို့တွေးထင်ယူဆချက်များကိုပေးပို့နိုင်ပါ

သည်။)

No comments:

Post a Comment