12.18.2008

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး အပိုင်း(၄)

ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူဇနီး ဒေါ်ခင်ကြည်သည် မိမိအတွက်သာမက တမျိုးသားလုံးအတွက်ပါ ကြေကွဲဖွယ်ရာဤ အဖြစ်ဆိုးကြီးနောက်ပိုင်း၌ သူမဘဝကို ပြန်လည်ပျိုးထောင်ရပါတော့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၊ ထို့နောက် လူမှုဝန်ထမ်းဌာနတို့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၏။ မအားမလပ် အလုပ် တာဝန်များအထဲ နစ်မြုပ်နေစဉ်ပင် ကံကြမ္မာ၏ဒဏ်ကို နောက်တဖန်ခံရပြန်၏။ ဒုတိယသားဖြစ်သူ အောင်ဆန်းလင်းခမျာ ရန်ကုန်နေအိမ်အတွင်းရှိ ရေကန်ဘောင်ရိုးပေါ် ကစားနေစဉ် လိမ့်ကျကာ ရေနစ်သေဆုံးသွားရှာသည်။ အောင်ဆန်းလင်းသည် “စု” အထူးချစ်မြတ်နိုး အားကိုးသောအကို ဖြစ်၍ “စု” အဖို့ထိုအ ဖြစ်ဆိုးကြီးကြောင့် စိတ်တုန်လှုပ်ထိခိုက်ခဲ့ရမှုသည် အတော်နှင့် ပျောက်ကွယ်သွားခြင်း မရှိနိုင်ခဲ့ပါ။ “စု” သည် သူမ၏ အကိုကို မည်သည့်အခါမျှ မမေ့နိုင်သကဲ့သို့သူမ၏ဖခင်ကိုလည်း မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပါ။ ဖခင်၏ဘဝဇာတ်ကြောင်း၊ စာပေအရေးအသား၊တိုင်းသူပြည်သားများအား ဆော်ဩချက်များနှင့် ၃၂ နှစ်တာ သက်တမ်းအတွင်းဖြစ်ပျက်ခဲ့သော အံ့ဩဖွယ်ရာစွမ်းဆောင်ချက်များကိုလေ့လာခြင်းမှာ “စု” အတွက် အဆက်မပြတ် နိုင်သော စွဲလမ်းချက်တရပ် ဖြစ်ပါသည်။

ဒေါ်ခင်ကြည်သည် သားသမီးများအား ငယ်စဉ်ကပင် သူတို့၏ ဖခင်ပေးခဲ့သော အမွေအနှစ်ကို အမြဲသတိရနေစေရန် ကြိုးပမ်းခဲ့၏။ ဗိုလ်ချုပ်၏ ရဲဘော်ရဲဖက်များနှင့် သူထူထောင်ခဲ့သော တပ်မတော်မှအဖွဲ့ဝင်များက ဗိုလ်ချုပ်၏ မိသားစုအပေါ် ထားရှိသော သံယောဇဉ်မှာ ပျက်ကွက်သွားခြင်းမရှိခဲ့ပါ။ ထို့ ကြောင့် “စု” က တပ်မတော်သားများလက်ပေါ် ကြီးပြင်းလာခဲ့ သည်ဟု ပကတိရှိရင်းအတိုင်း ပြောနိုင်ပါသည်။ အရည်အချင်းကြွယ်ဝ၊ အတွေ့အကြုံများပြား၊ ရာထူးရာခံမြင့်မားသော မြန်မာ လူကြီးလူကောင်းအများအပြား ဒေါ်ခင်ကြည်နှင့် ရင်းနှီးခင်မင်စွာဆက်ဆံခြင်းသည်လည်း သားသမီးများအပေါ် ဩဇာသက် ရောက်မှုရှိခဲ့၏။

နှစ်ပေါင်းများစွာ နိုင်ငံတော်ဝန်ထမ်းတဦးအဖြစ် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခဲ့သော တရားသူကြီးချုပ်ဦးမြင့်သိန်းဆိုလျှင် တသက်တာ ရင်းနှီးခင်မင်သော မိတ်ဆွေကောင်းတဦးဖြစ်ပါသည်။ ရိုသေလေးစားမှု၊ ကြည်ညိုမှု၊ ချစ်ခင်မှု စသောအရှိန်အဝါ များက သူနှင့်သူမ၏ မိသားစုတို့အပေါ် လွှမ်းခံထားပါသည်။ ဒေါ်ခင်ကြည်သည် မိမိ၏ သားသမီးများအား မြန်မာ့လူမှုရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကိုအလေးထားပြီး၊ ဗုဒ္ဓဘာသာတရားကို ယုံကြည်ကိုင်ရှိုင်းရန် သွန်သင်ဆုံးမခဲ့၏။ ကျမ၏ အမြင်အရ ဝတ်စား၊ သွားလာ၊ နေထိုင်မှုအရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများမြင်ကွင်းတွင်လည်းကောင်း၊ အိမ်တွင်းအသိုင်းအဝိုင်းတွင် လည်းကောင်း၊ “စု” သည် မြန်မာ့ယဉ်ကျေးမှုအရ စံတင်လောက်ပါသည်။ ဥပမာတခု ပေးရမည်ဆိုလျှင် မိမိထက် တနှစ်၊ တရက်၊ တမနက်ကြီးသူမှန်သမျှကို ကိုယ်အမူအယာ၊ နှုတ်အမူအယာအရ ရိုသေလေးစားသမှုပြုခြင်းဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွှတ်ခြင်း၊ လူကြီးများထံပါးတွင် ကျုံ့ကျုံ့ယုံ့ယုံ့နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံနေ အသံထားနှင့် စကားလုံးများကို ရွေးချယ်သုံးခြင်း၊ စသည်တို့မှာ “စု” အတွက် အရိုးစွဲနေသော အမူအကျင့်များဖြစ်ပါသည်။ ဤကဲ့သို့  ထင်ရှားလှသော မြန်မာဆန်မှုတို့ကြောင့် “စု” ကိုမြန်မာများက ချစ်မြတ်နိုးကြပြီး နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်း “စု” ၏ မြန်မာပီသမှုမှာ မှေးမှိန်ယိမ်းယိုင်သွားသည်ဟူ၍ မရှိခဲ့ပါ။ မြန်မာနိုင်ငံလူထုကြီးအား စွဲဆောင်၍ ၎င်းတို့ ၏ အတက်ကြွဆုံး၊ အူလှိုက်သည်းလှိုက် ထောက်ခံမှုကို “စု” ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်း တချက်မှာ သူမ၏ မြန်မာပီသမှုပင်ဖြစ်ပါသည်။

၁၉၆၀ ခုနှစ်တွင် ဦးနုအစိုးရသည် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပါသည်။ ထိုရာထူးနေရာတွင် ၁၉၆၂ ခု ဦးနေဝင်းက စစ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း၌ပင် ဒေါ်ခင်ကြည် ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ခြင်းသည် သူမအားရိုသေလေးစားမှုအတိုင်းအတာမည်မျှ ကြီးမားကြောင်းကိုပြသပါသည်။ အလုပ်သက်တမ်းပြီးဆုံး၍ အငြိမ်းစားယူသောအခါ ဒေါ်ခင်ကြည်သည် အင်းလျားကန်ဘောင်ရှိ မိမိအိမ်၌ ပြန်လည်နေထိုင်ပါသည်။ အင်းလျားကန်ဘောင် တလျောက်တွင် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးလောကမှ အထင်ကရပုဂ္ဂိုလ်အများအပြား နေထိုင်ကြပါသည်။ ယခု “စု” လည်းထို အင်းလျားကန် နေအိမ်တွင်ပင် အကျယ်ချုပ် ဘဝနှင့် အထိန်းသိမ်းခံ နေရပါသည်။

နယူးဒေလီမြို့ သို့  မိခင်နှင့်အတူ ရောက်လာစဉ်က “စု” သည် ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးများနှင့် ၁၅ နှစ်အရွယ် ကလေးမလေး ဖြစ်ပါသည်။ ယေရှုနှင့်မေရီ ကွန်ဘင့်ကျောင်း (Convent of Jesus and Mary)နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Shri Ram College) တို့ ၌ ဆက်လက်ပညာသင်ပါသည်။ သူမ၏ အိန္ဒိယမိတ်ဆွေအသိုင်းအဝိုင်းမှာ ကျယ်ပြန့်် လာပါသည်။ မဟတ္တမဂန္ဒီနှင့် ဂျဝါဟာလာနေရူးတို့၏ တိုင်းပြည်ကို စူးစမ်းလေ့လာ နားလည်နိုင်ရန် “စု” အဖို့အခွင့်ကောင်း ဖြစ်ပါသည်။ “စု” ၏ ဖခင်လည်း ဤတိုင်းပြည်ကို ရောက်ဖူးပြီးနေရူးနှင့် တွေ့ ဆုံဆွေးနွေးကာ ရင်းနှီးခင်မင်သော နားလည်မှု ရရှိခဲ့ပါသည်။ “စု” ၏ မိခင်သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရချိန်တွင် နေရူးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

“စု” ဗဟုသုတ အတွေ့အကြုံ ကျယ်ပြန့််စေရန် သူမ၏မိခင် စီစဉ်ပေးသော ကိစ္စများအနက် ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာ သင်ခြင်းနှင့် မြင်းစီးသင်ခြင်းတို့ ပါဝင်ပါသည်။ အိန္ဒိယနိုင်ငံ သမ္မတကြီး၏ကိုယ်ရံတော်တပ်ဖွဲ့ လေ့ကျင့်ရာ မြင်းစီးကွင်း၌ အိန္ဒိယအရာရှိကြီးများ၏ သားသမီးများ၊ နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် ပန်ဒစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သား ဖြစ်သူ ဆန်ဂျေးတို့ နှင့် “စု” တွေ့ဆုံလေ့ရှိပါသည်။ နံပါတ် ၂၄ အက္ကဘာလမ်း (24 Akbar Road) ရှိ နေအိမ်တွင် စန္ဒယား ဆက်သင်ရပါသည်။ ထိုသံအမတ်နေအိမ်သည် ကြီးမား၍ အလွန်ခန့်ညားတင့်တယ်သော ပန်းဥယျဉ်ပျိုးထားသည့် (24 Akbar Road) ခြံဝင်းကျယ်ကြီးအတွင်း တည်ရှိပါသည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုး ဖြစ်ပြီးအစိုးရက ဗြိတိသျှလက်ထက်ကကဲ့သို့ပင် လှပကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ ဒေါ်ခင်ကြည်ကို အထူးလေးစား သောအားဖြင့်ထိုနေအိမ်ကို ပေးထားခြင်း ဖြစ်ပါသည်။

“စု” အထူးနှစ်သက်မက်မောသော ဝါသနာမှာ စာဖတ်ခြင်းပင်။ သူမ၏ စာအုပ်စာပေမြတ်နိုးမှုကို အားပေးခဲ့သော ဦးအုန်းကို “စု” အစဉ် ချစ်ခင်ကျေးဇူးတင်စွာ သတိရလေ့ရှိပါသည်။ သတင်းစာဆရာတဦးဖြစ်ခဲ့သော ဦးအုန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အကျွမ်းဝင်ခဲ့သူတဦးဖြစ်ပြီးစစ်ပြီးခေတ်၌ လန်ဒန်တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တာဝန်ထမ်းဆောင်ပါသည်။ နောင်တွင် မော်စကိုမြို့တော်သို့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအ ဖြစ် ခန့်အပ်ခြင်းခံရပါသည်။ သူသည် “စု” အား ဖတ်သင့်



ပန်ဒစ်နေရူးနှင့် ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်နှင့် “စု” ဒေလီမြို့တွင်

ဖတ်ထိုက်သည့် မြန်မာနှင့် အင်္ဂလိပ်စာအုပ် စာရှင်းရှည်ကြီးများ ပေးသူများအနက် တဦးအပါအဝင် ဖြစ်ပါသည်။ “စု” ၏ အသိ ပညာ အတွေးအခေါ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ပို၍သတိပြုမိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန်နာမည်ကြီးခဲ့သော ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၏ တချိန်က အယ်ဒီတာ ဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးညိုမြ ကို စာနယ်ဇင်းသမားတဦးနှင့် အလွန်နာမည်ရသော စာအုပ်များစွာကို ရေးသားသည့် စာရေးဆရာ တဦးအဖြစ် လူသိများလာပါသည်။ သူက တခြားသူများထက်ပင်ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့် မြန်မာစာအုပ်ပေါင်းများစွာကို လမ်းညွှန်ပေးခဲ့ပါသည်။ ဦးညှိုမြ လက်ဆောင်ပေးခဲ့သော အလွန်အဖိုးတန်သည့် ဟားဗက်ဂန္တဝင် စာအုပ်တွဲ တစုံလုံး (Harvard Classics) ကို အလွန်တန်ဖိုးထားပြီး မကြာခဏ ဖတ်ခဲ့ကြောင်းလည်း “စု” က ယခုထိ သတိရနေပါသည်။ ဤစာအုပ်များက “စု” ကို စာပေလောကတံခါး ဖွင့်ပေးခဲ့ပါသည်။ “စု” ၏ စာဖတ်ဝါသနာမှာ အိန္ဒိယမရောက်မီကပင် အမြစ်တွယ်ပြီးဖြစ်ပါသည်။

နယူးဒေလီမြို့ ဆင်ခြေဖုံးအစွန်အဖျားရှိ မေရော်လီ (Mehrauli) ရပ်ကွက်တွင် ဂရုတစိုက်ထိန်းသိမ်းထားနိုင်ခြင်း မရှိသည်မှာ ကြာပြီဖြစ်၍ ပျက်စီးယိုယွင်းနေသည့် အာသောကဝိဟာရအမည်တွင်သော ဗုဒ္ဓဘာသာဌာနတခုရှိပါသည်။ ထိုဌာန ပြန်လည်ရှင် သန်လာနိုင်စေရန် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့်ဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများမှ သံအမတ်များ၏ အကူအညီကို ဒေါ်ခင်ကြည် ရယူခဲ့ပါသည်။ ဤလုပ်ဆောင်မှုကြောင့် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များနှင့် အိန္ဒိယနိုင်ငံအခြားဒေသများမှ ဗုဒ္ဓဘာသာ ဝင်အချို့အတွက် ပြန်လည်အသက်ဝင်လာပြီဖြစ်သော အာသောကဝိဟာရသည် နှစ်စဉ်ကျရောက်သော ဗုဒ္ဓဘာသာပွဲတော်ကြီး များ ကျင်းပရာ၊ ဘုရားဝတ်ပြုရာ ကမ္မဋ္ဌာန်း ဘာဝနာစီးဖြန်းရာဌာန ဖြစ်လာပါသည်။

အမျိုးသားရေးကိစ္စများဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများဆိုင်ရာ အခမ်းအနားကြီးငယ်အများအပြားတို့တွင် “စု” ပါဝင်ကူညီ ခဲ့၏။ ဒေါ်ခင်ကြည်သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား မှန်မှန်ပင့်ဖိတ် ဆွမ်းကပ် တရားနာလေ့ရှိ၏။ “စု” ၏ အကိုလည်း ကျောင်းပိတ်ရက်များအတွင်း အင်္ဂလန်မှ ရောက်လာသောအခါ ဤကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါသည်။ အမေနှင့်သမီးကို မြန်မာများ ချစ်ခင်လေးစားသည့်အတိုင်း ဒေါ်ခင်ကြည်၏ လုပ်ဖော်ကိုင်ဖက် သံတမန် များနှင့် ပန်ဒစ်နေရူးမှအစချီ၍ အိန္ဒိယအစိုးရအဖွဲ့ ဝင်အပေါင်းတို့ကလည်း ချစ်ခင်လေးစားကြပါသည်။ အိန္ဒိယတွင် ရရှိခဲ့သော

အတွေ့အကြုံများသည် “စု” အတွက် အင်မတန် အရေးပါစိတ်အားထက်သန်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ ယခုတိုင် သူမ အိန္ဒိယနိုင်ငံ အပေါ် ထားရှိသောမေတ္တာနှင့် သံယောဇဉ်တို့မှာ ခိုင်မာလျက်ရှိပါသည်။ ထိုအချိန်က ဒေလီရှိ ဗြိတိသျှမဟာမင်းကြီးမှာ ဆာပေါလ်ဂိုးဘုသ်(Sir Paul Gore-Booth) နောင်အခါ လောဒ်ဂိုးဘုသ်၊ (Lord Gore-Booth) ဖြစ်ပါသည်။ ယခင် မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူနှင့်သူ၏ ဇနီး ပက်တြီရှာ (Patricia) တို့ သည် ဒေါ်ခင်ကြည်နှင့်

ကောင်းစွာသိကျွမ်းခဲ့၏။ ထိုခင်မင်ရင်းနှီးမှုမှာ အိန္ဒိယ၌ ပြန်လည်ဆန်းသစ်ရှင်သန်လာပါသည်။ သိုံနှင့် “စု” အောက်စဖို့ဒ် တက္ကသိုလ်သို့  ပညာသင်ရန် သွားသောအခါ ပေါလ်နှင့် ပက်တြီရှာတို့ က မိဘကိုယ်စား ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူခဲ့၏။ “စု” သည် သူတို့၏ မိသားစုဝင်တဦးကဲ့သို့၊ သူတို့သားနှစ်ယောက်နှင့်သမီးနှစ်ယောက်တို့၏ ညီအမရင်းချာတဦးကဲ့သို့ ဖြစ်လာပါသည်။ ထိုမိသားစုအိမ်တွင်ပင် ၎င်းတို့၏မိတ်ဆွေများအပြင်၎င်းတို့ ဖိတ်ကြားဧည့်ခံသော နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကို “စု” သိကျွမ်းခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များ၏ အသွင်အပြင်၊ အမူအကျင့်၊ အပြောအဆိုနှင့် ထူးခြားသော

ဓလေ့စရိုက်ကလေးများကို “စု” စိတ်ဝင်စားစွာ လေ့လာခဲ့၏။ ထိုပုဂ္ဂိုလ်များမှာ သူမ ဝင်ရတော့လုဆဲဖြစ်သည့် ကျယ်ဝန်းလှသော ကမ္ဘာလောကမှ ပုဂ္ဂိုလ်များပင် မဟုတ်ပါလား။

နွေရာသီကျောင်းပိတ်ရက်များအတွင်း “စု” သည် မိခင်ရှိရာ နယူးဒေလီသို့ပြန်လေ့ရှိ၏။ သို့သော် တနှစ်တွင် ကျမနှင့် အဲလ်ဂျီး ယားစမြို့  (Algiers) တွင် လာနေပါသည်။ ကျမသည် နယူးဒေလီ ကုလသမဂ္ဂပြန်ကြားရေးဌာနမှ အယ်လ်ဂျီးရီးယားနိုင်ငံ (Algeria) ၏ မြို့တော်သို့ပြောင်းရွှေ့ကာ အလားတူဌာနတခုဖွင့်ရန် တာဝန်ပေးခြင်း ခံရပါသည်။ အယ်လ်ဂျီးရီးယားသည် ၁၉၆၂ ခုနှစ်တွင် ချားလ်ဒီဂိုးလ် (Charles de Gaulle) အစိုးရနှင့် အေဗီယန်စာချုပ် (Treaty of Evian) ကို လက်မှတ်ထိုးပြီး လွတ်လပ်ရေးရခဲ့သည်မှာ မကြာသေးပါ။ ပြင်သစ်ထံမှ လွတ်လပ်ရေးရရန် ရှစ်နှစ်ကြာရုန်းကန်မှုနောက်ပိုင်း တဖြည်းဖြည်းနာလန် ထူဆဲနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အယ်လ်ဂျီးယားစမြို့တွင် နေရာထိုင်ခင်း အလွန်ရှားပါးနေခြင်း၊ ပျက်စီးယိုယွင်းနေသော ရပ်ကွက်ဒေသများ ပေါများနေခြင်း၊ အခြေအနေကောင်းမွန်သော ဟိုတယ်များနည်းပါးနေခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လွန်စွာမှ ကန့်သတ်ထားခြင်းတို့မှာ အံ့ဩဖွယ်ရာမဟုတ်ပါ။ ဖွင့်လှစ်စရုံးများ၊ ကုလသမဂ္ဂရုံးများနှင့် ဝင်ရောက်လာဆဲ စီးပွားရေးလုပ်ငန်းများသာမက အဲလ်ဂျီးရီးယန်းလူမျိုးများကပါ အိမ်နေရာများနှင့် လုပ်ငန်းခွင်နေရာများရရှိရန် သဲသဲမဲမဲ လုံးပမ်းရှာဖွေနေရပါသည်။ အဲလ်ဂျီးရီးယားတွင် ကြာမြင့်စွာအခြေချနေထိုင်ခဲ့သောပြင်သစ်လူမျိုး မြောက်မြားစွာမှာ ဤတိုင်းပြည် မှ ထွက်ခွာသွားကြပြီးဖြစ်သော်လည်း အခြားလူသစ်များမှာ ဝင်လာမစဲ ဖြစ်ပါသည်။ ထိုသူများမှာ စစ်မှုထမ်းမည့်အစား၊ ပရဟိတလုပ်ငန်းအမျိုးမျိုးတို့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ရွေးချယ်သောပြင်သစ်အမျိုးသားလူငယ်များ၊ကျောင်းဆရာ၊ ဆရာမများ၊ ထောက်ပံ့ရေး စီမံကိန်းအလုပ်သမားများနှင့် အလည်အပတ်သက်သက်လာသူများ ဖြစ်ကြပါသည်။

စု ရောက်လာချိန်မှာ ဟွာရီဘူမီဒီယန် (Houari Boumedienne) က အာမက်ဘင်ဘဲလား(Ahmed Ben Bella) အား

စုနှင့် ဒေါ်သန်းအေးအယ်လ်ဂျီးရီးယားရောက်ရှိနေစဉ်


စံနမူနာထားလောက်အောင် သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းပွဲပြုလုပ်ကာ ဖြုတ်ချအပြီး ရက်အနည်းငယ် အတွင်း ဖြစ်ပါသည်။ ဖိတ်ကြားခံရသော ဧည့်ခံပွဲများစွာသို့ သွားရမည်ထက် “စု” က အဲလ်ဂျီးရီးယန်း လူမျိုးများနှင့် တွေ့ဆုံကာ ၎င်းတို့ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသမျှကို လေ့လာရန် ပိုမို၍ စိတ်ထက်သန်ပါသည်။

No comments:

Post a Comment