1.04.2009

သာသနာဖျက်သော ပုဒ်မ(၂၉၅ )


မြန်မာနိုင်ငံတွင် ပုဒ်မ (၂၉၅ ) ကိုသာသနာကို ညှိုးနွမ်းစေသော ပုဒ်မ ဟူ၍ စစ် အာဏာပိုင်များနှင့် ၎င်းတို့ အလိုကျ လုပ်ကိုင်ဆောင်ရွက်ပေး နေရသော နိုင်ငံတော်သံဃာ့ နာယကအဖွဲ့က ထုတ်ပြန် ထားလေသည်။ တကယ်တော့ ယင်းပုဒ်မသည် စစ်အာဏာ ပိုင်တို့ သာသနာကို အသုံးချပြီး ဗုဒ္ဓဘာသာ ရဟန်း ရှင်လူထုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ပုဒ်မသာ ဖြစ်လေသည်။


ရဟန်းတော်များအတွက် ၀ိနည်း သိက္ခာပုဒ်ကို ကျူးလွန်၍ သာသနာဖျက်သည် ဆိုလျှင် တနိုင်ငံလုံး နီးပါးရှိ ရဟန်းတော်များကို ဖမ်းဆီ:ရပေလိမ့်မည်။ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး နီးပါးရှိ ရဟန်းတော်အားလုံး ၀တ္ထုငွေကြေး ကိုင်ဆောင်ကြသောကြောင့်ဖြစ် သည်။


ယင်းသို့ ကိုင်ဆောင်ရာတွင် နိုင်ငံတော် သံဃာ့နာယက ပုဂ္ဂိုလ်များပင် ပါဝင် လေသည်။ ၀တ္ထု ငွေကြေး ကိုင်ဆောင်သော သိက္ခာပုဒ်သည် ၀ိနည်းလမ်းကြောင်းအရ ကြည့်မည်ဆိုလျှင် အရက်သေစာ သောက်သော သိက္ခာပုဒ်ထက်ပင် အပြစ်ကြီး လေသည်။


စစ်အာဏာပိုင်များနှင့် နိုင်ငံတော်သံဃနာယက အဖွဲ့တွင် တကယ်တော့ ယင်း ပုဒ်မအတွက် တိကျသော ပြဌာန်းချက်မရှိပဲ ပရမ်းပတာ စွပ်စွဲဖမ်းဆီးနေသည်မှာ သာသနာအတွက် ကြီးမားသော အန္တရာယ်ကြီး ဖြစ်လေသည်။ စစ်အာဏာပိုင်များနှင့် နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကို မေးလို သည်မှာ ရဟန်းတော်များ အတွက် အဘယ်မျှ လောက်သော သိက္ခာပုဒ်ကို ကျူးလွန်လျှင် ယင်းပုဒ်မ အရာမြောက်၍ ဖမ်းဆီးခွင့် ရှိ ပါသလဲ ဟူ၍ဖြစ်ပါသည်။


ရဟန်းတော်များတွင် တကယ်တော့ ဘုရားရှင် ပညတ်ထားသော သိက္ခာပုဒ် များက လိုက်နာရန် စည်းကမ်း အဖြစ်ရှိနေပြီးသား ဖြစ်လေသည်။ သို့သော် ယနေ့အချိန်သည် ဘုရားရှင် သိက္ခာပုဒ် များထက် စစ်အာဏာပိုင်တို့ အလိုကျ နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန်ကြားလွှာများကို ပို၍ ဂရုစိုက်နေရပေသည်။ ထို့ကြောင့် ယနေ့ ၀ိနည်းသိက္ခာပုဒ်များကို သင်ယူ ပို့ချနေရခြင်း၏ ရည်ရွယ်ချက်သည် မေးခွန်း ထုတ်စရာဖြစ်နေသော အခြေသို့ ဆိုက်ရောက်နေပြီ ဖြစ်လေသည်။


တိုးတက်လာသော ခေတ်အခြေအနေနှင့် ၀ိနည်းသိက္ခာပုဒ်များအတွက် တရားမျှ တစွာ စဉ်းစားခြင်း မပြုပဲ၊တိကျသောစည်းမျဉ်း စည်းကမ်းမရှိပဲ မသိခြင်ယောင် ဆောင် နေ ကြလျှင် ထိုပြစ်မှုအတွက် ပေးဆပ်ရမည်မှာ မြန်မာနိုင်ငံသာသနာနှင့် သက်ဆိုင်သူ အားလုံးပင် ဖြစ်လေသည်။ ရဟန်းတော်များ နည်းတူ လူပုဂ္ဂိုလ်များအတွက်လည်း ယင်း (၂၉၅)ပုဒ်မ အတွက် တိကျသောပြဌာန်းချက်မရှိပေ။


ရဟန်းတော်တို့ကို ဆွမ်းလောင်းသော ကိုဇာဂနာတို့အား ယင်းပုဒ်မဖြင့် ဖမ်းဆီးခြင်းသည် သာသနာတော်အတွက် ကြီးမားသော စိန်ခေါ်မှုကြီး ကြုံလိုက်ရခြင်းပင် ဖြစ်သည်။ သာသနာတော်ကို ဆည်းကပ်ကြည်ညိုလျှင် ၂၉၅ ပြစ်မှုမြောက်သလား၊ ယင်း ၂၉၅ ပုဒ်မ ထုတ်ပြန် ထားခြင်းသည်ပင် သာသနာတော်ကို ဖျက်ဆီးနေခြင်းလားဆိုတာ မြန်မာ ဗုဒ္ဓဘာသာဝင် အားလုံး စဉ်းစားရမည့် ကိစ္စဖြစ်ပေသည်။


နိုင်ငံတော် သံဃာ့နာယက အဖွဲ့သည်လည်း စစ်အစိုးရအလိုကျသာ ညွှန်ကြားလွှာများ ထုတ်နေ ရပြီး ယင်း၂၉၅ ပုဒ်မအတွက် တရားနည်းလမ်းကျစွာ တိကျသောပြဌာန်းမှုမျိုး မထုတ်ပြန်နိုင်လျှင် ၊ သာသနာတော်နှင့် ပြည်သူ ဒကာ ဒကာမတို့ အရေးကို မျက်နှာ လွှဲနေလျှင် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းအဖြစ် မည်သို့မျှရပ်တည်နိုင်တော့မည် မ ဟုတ်ကြောင်း သတိပြုသင့််ပေသည်။

                      ဖိုးလမင်း

No comments:

Post a Comment