12.23.2008

သူတို့အတွေး သူတို့အမြင်

မြန်မာ့နိုင်ငံရေးနှင့်မုသာဝါဒ( အပိုင်း-၂)


မြန်မာ့ နိုင်ငံရေး အတွက် အဓိက လှုပ်ရှားနိုင်သည့် နေရာမှာ ထိုင်းမြန်မာ နယ်စပ်နှင့် ဘင်္ဂလာဒေ့ရှ် မြန်မာ နယ်စပ် များသာ ဖြစ်သည်။ ရန်သူ ကြောက်ရွံ့သော တော်လှန်ရေး နယ်များ ဖြစ်သကဲ့သို့ ရန်သူ၏ ပစ်မှတ်ထား အာရုံ စူးစိုက်မှုကို ခံနေရသည့် တော်လှန်ရေး နယ်ပယ်လဲ ဖြစ်ပါသည်။ တတိယနိုင်ငံ ရောက်နေကြသော လူအများ စု တို့သည်လည်း ဒီနေရာများကို အခြေခံ ခိုလှူံပြီးမှ ရောက်ရှိ သွားခြင်းသာ ဖြစ်သည်။ တကယ်တော့ တော်လှန်ရေးသည် ခက်ထန် မာကြောသော လုပ်ငန်းတစ်ခု ဖြစ်ပြီး အချိန်ကာလ တခုကို ပိုင်းခြား သတ်မှတ် နိုင်သည့် လုပ်ငန်း တခုလည်း မဟုတ်ပေ။

နောက်တခုမှာ တော်လှန်ရေး နယ်မြေသည်ကား နူးညံ့သော ပန်းခင်းလမ်းတွင် လျှောက်လှမ်း ရသည် မဟုတ်ဘဲ ဆင်းရဲ ပင်ပန်းသော ခရီးလမ်းသာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက

" ရဲဘော်တို့ ယခု စစ်မြေပြင်ကို ထွက်ရမယ်၊ဆင်းရဲမယ်၊ကြပ်တည်းမယ်၊အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်"
ဟု သူ၏ နာမည်ကျော် တပ်ထွက်မိန့်ခွန်းတွင် မိန့် မှာခဲ့ ဖူးပါသည်။

ယနေ့  တော်လှန်ရေး သမားများ အတွက်ပါ အသုံးဝင်နေသေးသော စကားပင် ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာ့ တော်လှန်ရေး သမားများမှာ လွတ်လပ်စွာ လုပ်ကိုင် လုပ်ရှားခွင့်ကို မရရှိဘဲ တိုင်းတပါးတွင် ပုန်းကွယ် လျှို့ဝှက်စွာ လုပ်ကိုင် နေရသူများ ဖြစ်ပါသည်။ နိုင်ငံရေး ခိုလှူံခွင့် ရပြီးသူများကို မဆိုလိုပါ။

ထိုင်း၊ ဘင်္ဂလားဒေ့ရှ် ဆိုသည်မှာ ဒီမိုကရေစီစစ်စစ်ကို ကျင့်သုံးသော နိုင်ငံများလည်း မဟုတ်ပါ။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်နိုင်ငံတွင် လွပ်လပ်စွာ နေထိုင် လုပ်ကိုင်သူများ တွင်သော်မှ အားနည်းချက် ကိုယ်စီ ရှိနေကြပါလျှင် ပုန်းလျှိုးကွယ်ရာ လုပ်ကိုင် သွားလာ နေထိုင်ရသူများမှာ ဆိုဖွယ်ရာ ရှိပါတော့မည်လား။

ချဉ်ပေါင်ဟင်းနှင့် ခရမ်းသီး နပ်မှန် မစားရပါဘဲ လုပ်ကိုင် နေသူများ ရှိသလို ဟိုတယ်ပေါ်တွင် စားသောက် နိုင်သူ ရှိသည်မှာလည်း မဆန်းပြားနိုင်သော အမှန်တရား တစ်ခုသည်သာ ဖြစ်ပါလိမ့်မည်။ နိုင်ငံရေး ဆိုသည်မှာ ပုဂ္ဂိုလ် ရေးကို ကြည့်ပြီး ပြောမရပါ။ ထိုသူ၏ လုပ်ဆောင်နိုင်မှု ကိုသာ ကြည့်သင့်ပါသည်။ လောကတွင် ယှဉ်ပြိုင်မှု ဆိုသည်မှာ လူ့ ဘဝ၏ ဓမ္မာတာ တခုသာ ဖြစ်ပါသည်။ သို့ သော် မှန်ကန်သော ယှဉ်ပြိုင်မှုကို ရယူ နိုင်မှုကို ကျင့်သုံး သူသည်သာ အထွက်အထိပ်သို့  ရောက်ရှိနိုင် ပါသည်။ မိမိ၏ လိုချင်မှု တခုကြောင့် တလောက လုံးကို ပြစ်တင် ပုတ်ခတ် စော်ကားမှု မျိုးကိုကား ရှောင်ရှား သင့်ပါသည်။ ကြီးလေးသော မုသာဝါဒ ဖြစ်သော ကြောင့်ဖြစ် ပါသည်။

စကားဝိုင်း တစ်ခုတွင် စာရေးဆရာ တစ်ယောက်က ပြောဖူးပါသည်။ အရက်ဆိုင်ကို သွားကြည့်လျှင် မူးရူး နေသူ များကို တွေ့ ရမှာ ဖြစ်ပြီး သူတော်ကောင်းကို တွေ့ လိုလျှင် ကျောင်းကန် ဘုရား၌ သွားကြည့်ရာ၏ ဟု ဆိုပါသည်။ တကယ့် ကိုယ်ကျိုးစွန့်  အနစ်နာခံ လုပ်သူကို တွေ့ လိုပါလျှင် ကိုယ်ကိုယ်တိုင် စွန့် လွတ် အနစ်နာခံ လုပ်ဆောင် သင့်သည်သာ ဖြစ်သည်။ အပြင်မှ မှန်းကြည့် ဝေဖန်ရုံနဲ့  ပြီးမည် မထင်ပါ။ ကျွန်ုပ်တို့ သည် ငြိမ်းချမ်း ရေးကို လိုလားလျှင် မကောင်း ပြောဆိုတတ်သော မုသားကို ရှောင်ကျဉ်ပြီး အချင်းချင်း နှီးနှော ဖလှယ်သည့် စနစ်မှသည် ပူးပေါင်း ညီညွတ်ရေး တည်းဟူသော အဖြေကို ရှာဖွေ ကြရမည်သာ ဖြစ်ပါသည်။

အပြင် ဝေဖန်ရေးသည် အလုပ်တစ်ခုကို နှောင့်ယှက် နိုင်ရုံသာ ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်ခြင်း သည်သာ ကူညီရာ ရောက်ရှိ နိုင်ပါသည်။ သူတစ်ပါး၏ လုပ်ဆောင်မှုကို ပြစ်တင် ဝေဖန်မည့်အစား မိမိပါဝင် လုပ်ဆောင် ကြည့်ခြင်းဖြင့် အဖြေတစ်ခုကို ရရှိနိုင်ပါလိမ့်မည်။ မြန်မာပြည် လွတ်မြောက်ရေးသည် မြန်မာနိုင်ငံသား အားလုံး တို့၏ တာဝန်သာ ဖြစ်ပါသည်။ မျက်မှောက် နိုင်ငံရေးကို ကြည့်လျှင် ပိုပြီး ထင်ရှားပါလိမ့်မည်။ ဓမ္မဝါဒကို လိုလားသည့် သံဃာတော်များ ကိုယ်တိုင် ပူးပေါင်း ပါဝင်လာသည်ကို တွေ့ ကြ ရပါမည်။ ပြည်တွင်း၏ လုပ်ရှားမှု့ များကြောင့် ထွက်ပြေးလာရသူ မည်သူ့ ကိုမဆို ကျနော်တို့ က လက်ခံကြိုဆိုရမည် ဖြစ်ပြီး၊ အကျဉ်း ကျခံ နေကြရသူ များကို လေးစားကြရမည်။ သေဆုံး သွားသူများ၏ ကျေးဇူးကိုကား မမေ့သင့်ပါ။ ဒါပင်လျှင် မုသား ကင်းသည့် မှန်ကန်သော စကားကို ပြောဆိုခြင်း ဖြစ်ပါလိမ့်မည်။

နိုင်ငံရေး တွင်ဘဲဖြစ်ဖြစ် ဘာသာရေးတွင် ဘဲဖြစ်ဖြစ် အားနည်းချက် အားသာချက် ဆိုသည်မှာ ရှိကြမည်သာ ဖြစ်ပါသည်။ သို့သော် မှန်ကန်သော အားနည်းချက်နှင့် မှန်ကန်သော အားသာချက်ကို အပြစ် မပြော စေလိုပါ။ မိမိသည် ဘယ်မျှ ပါဝင် လုပ်ဆောင်ဖူးသည် ဘယ်မျှ ပါဝင် ဆောင်ရွက်နိုင်သည် ဆိုသည်ကို အရင်ဦးစွာ သုံးသပ်ဖို့  လိုပါသည်။ ပြီးမှ သူတစ်ပါးကို နိုင်းယှဉ် မည်ဆိုပါက အဖြေတစ်ခု အတွက် မိမိမှာ မုသား ပြောနေစရာ လိုမည်မထင်ပါ။ အလေးတစ်တခု၏ အချိန်ကို သိလိုလျှင် ကိုယ်ကိုယ်တိုင် ချိန်မကြည့်ပါက မသိနိုင် ဘိသကဲ့ သို့ နိုင်ငံရေး အလုပ်၏ အတိမ်အနက်ကို သိလိုပါလျှင် ကိုယ်ကိုယ်တိုင် လုပ်ဆောင် ကြည့်ပါက သိမည်သာ ဖြစ်သည်။

ကိုယ်ကိုယ်တိုင် အစမပါ အဆုံးမရှိပါဘဲ ဝေဖန် ရေးသား ပြောဆိုနေကြမည့်အစား လုပ်ဆောင်ကြည့်ခြင်းက အကောင်းဆုံးသော အဖြေဖြစ်ပါလိမ့်မည်။ မိမိနာမည် ကြီးလိုလျှင် မိမိကြိုးစား ရပါမည်။ သူတစ်ပါးကို မကောင်းပြော အပြစ်ရှာပြီးမှ မိမိတိုးတက်မည့် လမ်းစဉ်ကိုကား ရှောင်ရှားသင့်ပါသည်။ အထူးသဖြင့် ပြည်ပရောက်နေသူ အများစု နိုင်ငံရေး ခိုလှူံခွင့် ရရှိနေကြ သည်မှာ မြန်မာ့နိုင်ငံရေးဆောင်ရွက်သူများ ကြောင့်သာ ဖြစ်လိမ့်မည်ဟု ကျနော်ထင်ပါသည်။ တစ်ကယ်တွေးလျှင် တစ်ကယ် သိပါလိမ့်မည်။

တကယ်တော့ မြန်မာ့အရေး ဆောင်ရွက် နေသူများအား ကျနော်တို့ က ကျနော်တို့ မလုပ်နိုင် သည်များကို လုပ်ကိုင်နေကြသူများ အဖြစ် ဂုဏ်ပြု လေးစားထိုက်ပါသည်။ ယနေ့ အချိန်သည် ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နှင့် ရင်ဆိုင်နေရသော ကာလ ဖြစ်သလို မြန်မာ့ နိုင်ငံရေးသည်လည်း ရုန်းမထွက်သာသော အကြပ် အတည်းနဲ့  ရင်ဆိုင် နေရချိန်လည်း ဖြစ်ပါသည်။ ဒီလို အချိန်မျိုးမှာ မြန်မာ့ အရေး ဆောင်ရွက်သူ အချင်းချင်း သွေးစည်း ပူးပေါင်း ရမည်သာ ဖြစ်ပါသည်။ အဖွဲ့အစည်း အားလုံး ညီညွတ်ရေးကို ဦးတည်ကာ မုသားဝါဒကို ရှောင်ရှား သင့်ပါသည်။ မကြာသော ကာလသည် ၂၀၁၀ တည်းဟူသော ခုနှစ်ကို ဦးတည်နေပြီလည်း ဖြစ်သဖြင့် အားလုံး သွေးစည်း ညီညွတ်ရေး တည်းဟူသော လမ်းစဉ်အောက်တွင် ဥမကွဲသိုက်မပျက် အတူတကွ ရှိနေသင့်ပြီသာ ဖြစ်သည်။ မိမိတကယ် စေတနာထား သည်ဆိုလျှင် ထိုစေတနာ၏ တန်ဖိုးကို နားလည်ဖို့ လိုပါသည်။

မိမိတို့  မလုပ်နိုင်သည်ကို ဘေးဖယ်ပြီး လုပ်နိုင်သည့် ခွန်အားကို သုံးကာ အားသွန် ခွန်စိုက် လုပ်ဆောင်ရေးကို ဦးတည် ကြရမည်သာ ဖြစ်ပါသည်။ မဟုတ်မမှန်သောမုသားကို ပြောဆို နေကြမည့်အစား အောင်မြင်ရေး တည်းဟူသော အဖြေကို ရှာဖွေကြပါစို့  ဟု တိုက်တွန်း လိုက်ရ ပါသည်။
ပညာကျော်
(အောင်မြင်လိုက မုသားပယ်ကြ )

No comments:

Post a Comment