1.14.2009

၂၀၀၉ နှင့် ပြည်တွင်းစာနယ်ဇင်း

မင်းနိုင်သူ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

နအဖအမည်ခံ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းညွှန်မြေပုံအတိုင်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ လွတ်လပ်ရေးနေ့သ၀ဏ်လွှာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထပ်မံအတည်ပြု ပြော လိုက် တာကြောင့် ၂၀၀၉ ခုနှစ်ဟာ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲမှုတွေနဲ့အတူ မြန်မာ့စာနယ်ဇင်း လောက ဟာလည်း အပြောင်းအလဲတွေ ကြုံတွေ့လာရမှာပါ။

ဖဆပလအစိုးရလက်ထက်က အတန်အသင့် လွတ်လပ်မှုရရှိခဲ့တဲ့ မြန်မာစာနယ်ဇင်းလောကဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း တက်ချိန်ကစလို့ လွတ်လပ်စွာရေးသားဖော်ပြခွင့် မရရှိကြတော့ပါဘူး။ အဲဒီအချိန်ကတည်းက စ လို့ အာဏာရှင်စနစ်ပန္နက်တိုင် ခိုင်ခိုင်ကြီး စိုက်ထူခွင့်ရခဲ့ကြတဲ့ စစ်အာဏာရှင်တွေဟာ မီဒီယာကို ကြိုးကိုင်နိုင်မှ သာ အာဏာတည်မြဲမှုရှိမယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့ကြပါတယ်။

ဒီလိုစစ်အာဏာရှင်တွေရဲ့ သက်တမ်းတလျှောက် ဖိအားတွေအောက်ကသာ လူးလွန့်လှုပ်ရှားခဲ့ရတဲ့ မြန်မာ့ စာနယ်ဇင်း တွေဟာ ၂၀၀၉ ခုနှစ်မှာ ပိုမိုပြင်းထန်တဲ့ဖိအားတွေကို ရင်ဆိုင်ကြရတော့မှာပါ။ အာဏာရှင်တွေ အောက် အသက်ပျောက်ခဲ့ရတဲ့ စာနယ်ဇင်းတွေ၊ အင်းစိန်အလည်တခေါက် ရောက်ခဲ့ကြရတဲ့ စာနယ်ဇင်း ဆရာ တွေ ဒုနဲ့ဒေးရှိခဲ့တဲ့ သမိုင်းအစဉ်အလာအပြင် ၂၀၀၈ နှစ်ကုန်ပိုင်းနဲ့ ၂၀၀၉ နှစ်စပိုင်းလေးမှာတင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ၂၀၀၉ ခုနှစ်မှာတော့ မြန်မာ့စာနယ်ဇင်းတွေအနေနဲ့ ပိုမိုပြင်းထန်တဲ့ ဖိအားပေးမူတွေ ခံရ တော့ မယ်ဆိုတာကို တပိုင်းတကဏ္ဍ မီးမောင်းထိုးပြသွားခဲ့ပါတယ်။

ဒေါင်းယောင်ဆောင်တဲ့ကျီး

ဒီမိုကရေစီအင်အားစုတွေ၊ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့ ပြည်ပမီဒီယာတွေရဲ့ ပြောဆိုရေးသားချက်တွေကို အပြင်းအထန်ကြောက်တတ်တဲ့ စစ်အစိုးရဟာ သူတို့ရဲ့ ၀ါဒဖြန်ချိမှုတွေ၊ တိုက်ခိုက်ရေးသားမှုတွေကိုတော့ သူတို့ ပိုင် သတင်းစာတွေမှာ သာမကဘဲ ပုဂ္ဂလိကဂျာနယ်တွေရဲ့ စာမျက်နှာတွေကိုပါ အနုကြမ်းစီး ရေးသားနေ ခဲ့တာပါ။ ပေါ်လစီဆောင်းပါးတွေ၊ ကြွေးကြော်သံတွေကို ဘာသာရေးစာစောင်ပါမကျန် ထည့်သွင်း ဖော်ပြ ခိုင်း ပါတယ်။

ဒီလိုပေါ်လစီဆောင်းပါးတွေ ရေးသားဖော်ပြနေရာကနေ ဒီနှစ်နှစ်ဆန်းပိုင်းမှာတော့ ပြည်တွင်း ဂျာနယ်လစ် တွေရဲ့ သတင်းရေးသားဟန်မျိုး အသွင်ပြောင်းရေးသားလာပြန်ပါတယ်။ အန်အယ်လ်ဒီလူငယ် (၉) ဦးရဲ့ ဆန္ဒပြမှု ဟာ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ရဲ့ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုတွေကြောင့်ဆိုတဲ့ ခေါင်းစီးတပ်ကာ သတင်းပုံစံ ရေးသားလာတာပါ။ ဒီသတင်းကို ပုဂ္ဂလိကစာနယ်ဇင်းအချို့မှာ မထည့်မနေရ ထည့်သွင်း ခိုင်းခဲ့ တာလို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀န်းက ဆိုပါတယ်။

“သတင်းပုံစံပေါ့ဗျာ။ ကျနော်တို့ သတင်းထောက်တွေရေးတဲ့ ပုံစံမျိုးရေးလာပြီး ထည့်ခိုင်းတာပါ။ သူတို့ဆောင်းပါး တွေကို လူမဖတ်ဘူး။ စာမျက်နှာတွေ ကျော်ကျော်သွားလေ့ရှိတယ်ဆိုတာကို သူတို့သိတော့ ဂျာနယ်သမားတွေ ရေးလေ့ရှိတဲ့ ပုံစံမျိုးပြောင်းပြီး ရေးလာတာပေါ့။ ပြောရရင်တော့ ဒေါင်းယောင်ဆောင်တဲ့ ကျီးပေါ့။ ဘာပဲ ပြော ပြော ဒါကို စာဖတ်ပရိသတ်က သိပါတယ်” လို့ ပြည်တွင်းအယ်ဒီတာတဦးက ဆိုပါတယ်။ဒါဟာ ၂၀၁၀ ရွေး ကောက်ပွဲ အကြိုကာလမှာ နအဖဟာ သူတို့ပိုင်မီဒီယာတွေကသာမက လူထုနဲ့နီးစပ်တဲ့ ပုဂ္ဂလိက စာမျက်နှာ တွေ ပေါ်ကပါ လိုသလို ရေးသားသွားမယ်ဆိုတာကို ဖော်ညွှန်းလိုက်တာပဲဖြစ်ပါတယ်။

အုတ်ရောရောကျောက်ရောရော

နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်တွင်းစာနယ်ဇင်းတွေမှသာမက ပြည်ပစာနယ်ဇင်းတွေမှပါ အတိုက်အခံ အင်အားစုတွေအကြား သတင်းမှားတွေပေးဖို့ ကြံစည်နေရောလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာ စရာ အကြောင်းတရပ်လည်း ရှိနေပြန်ပါတယ်။

စစ်အစိုးရအလိုကျ လှုပ်ရှားရေးသားသူလို့ အတိုက်အခံတွေ ယူဆထားတဲ့ ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ရေး သား ခဲ့တဲ့ ဂျာမနီ အခြေစိုက် ဒီပီအေသတင်းပါ ရေးသားချက်တွေဟာ ဒီမေးခွန်းပေါ်ထွက်လာစေတဲ့ အကြောင်း တရပ်ပါ။ အန်အယ်လ်ဒီပါတီအလုပ်အမှုဆောင် ဦးဝင်းတင်ကို မေးမြန်းရေးသားထားတယ်ဆိုတဲ့ ရေးသားချက် တွေဟာ မှန်ကန်မှုမရှိဘူး ၊ သူရဲ့ပြောဆိုချက်တွေ မဟုတ်ဘူးလို့ ဦးဝင်းတင်က တရားဝင် စာထုတ်ငြင်းဆိုထားပြီး မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းကိုလည်း တိုင်ကြားစာပေးပို့ထားပါ တယ်။

ဒါဟာ နအဖရဲ့ နောက်ကွယ်မှ ကြိုးကိုင်မှုနဲ့အတူ အုတ်ရောရောကျောက်ရောရောလုပ်လိုတဲ့ စမ်းသပ်ချက် တရပ် ဆိုရင်တော့ နအဖကြံစည်မှု အထမြောက်မမြောက်ဆိုတာဟာ ပြည်ပမီဒီယာတွေဟာ နအဖလက်ကိုင် တုတ်တွေကို ဘယ်အတိုင်းအတာအထိ လက်ခံမလဲဆိုတာအပေါ် တည်မီပါလိမ့်မယ်။

ဘယ်သွားနေလဲ မောင်ရေခဲ

ရွေးကောက်ပွဲအကြိုကာလမှာ ပြည်တွင်းစာနယ်ဇင်းသမားတွေဟာ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကိုပါ အထိပါး ခံရ နိုင်တယ် ဆိုတာကို မကြာမီက လွတ်လပ်ရေးနေ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးက ခေါ်ယူ မေးမြန်း ခံခဲ့ရတဲ့ ဗြူတီးမဂ္ဂဇင်းအယ်ဒီတာ ဦးထွန်းဝင်းငြိမ်းနဲ့ နီးစပ်သူတဦးက အခုလိုပြောပါတယ်။

“သူက ၀ါရင့်နိုင်ငံရေးသမားကြီးတွေကို တွေ့ဆုံမေးမြန်းပြီး သတင်းဆောင်းပါးရေးခဲ့တာပေါ့။ သူရေးပြီးလို့ စိစစ် ရေး တင်ထားချိန်မှာပဲ သူရေးထားတာကို ၀ါရင့်နိုင်ငံရေးသမားကြီးတွေဆီ သွားပြတယ်။ ၀ါရင့်လွတ်လပ် ရေးနေ့ အခမ်းအနားမှာပေါ့။ နောက်တော့ သူ့ဆောင်းပါးကို စိစစ်ရေးကဖြုတ်တဲ့အပြင် သူ့ကိုခေါ်ပြီး ဗိုလ်မှူးတင့်ဆွေက ခင်ဗျား ၀ါရင့်နိုင်ငံရေးသမားတွေဆီသွားပြီး statement ထုတ်ဝေခဲ့တယ်ဆိုတာ ဟုတ်သလား၊ ဘာလားနဲ့ မေး တယ် ဗျ။ စာပေစိစစ်ရေးက စာပေစိစစ်ရုံတင်မဟုတ်တော့ဘဲ ပုဂ္ဂလိက သွားလာ လှုပ်ရှားမှုတွေကိုပါ စိစစ်နေတဲ့ သဘောပေါ့။”

ဒီနှစ်ပိုင်းမှာ စိစစ်ရေးရုံးဟာ စာမူစိစစ်မှုအပြင် နအဖထောက်လှမ်းရေးတွေနဲ့မပြတ် ဆက်သွယ်မူ လုပ်ပြီး စောင့် ကြည့် သွားမယ့် အလားအလာတွေရှိနေတယ်လို့လည်း ရန်ကုန်စာနယ်ဇင်းသမားတွေက ခန့်မှန်းကြပါတယ်။

ကြိုးတန်းပေါ်မှာ

ရန်ကုန်မြို့ခံစာဖတ်ပရိသတ်တဦးကတော့ “ကျနော်တို့ကတော့ သိတယ်ဗျာ။ ဘယ်ဂျာနယ်ကတော့ အခက်အခဲ တွေ ကြားကနေ ရသလောက် သိသင့်သိထိုက်တာတွေ ချပြနေတယ်။ ပေးနေတယ်ဆိုတာ သိတယ်။ နောက်ပြီး ဘယ်ဂျာနယ်ကို ဘယ်လိုလူမျိုးကိုင်နေတယ်ဆိုတာလည်း တော်တော်များများ သိကြပါတယ်ဗျာ။ သူတို့ အဖွဲ့ အစည်း တွေက ထုတ်တဲ့ ရွှေနိုင်ငံ၊ လိုက်ဖ်နယူး၊ ဒို့ကျေးရွာ အဲဒီလိုမျိုး ဂျာနယ်တွေဆို ဈေးကွက်မှာ တောင် မတင် ကြဘူးဗျာ။ အဲဒါသိလို့ပေါ့။ စာဖတ်ပရိသတ်ကသိပါတယ်ဗျာ။ ဘယ်ဂျာနယ် ဘယ်မူနဲ့သွားနေ တယ်ဆိုတာ သိကြပါတယ်” လို့ ဆိုပါတယ်။

ပြည်တွင်းစာနယ်ဇင်းတွေဟာ ၂၀၀၉ ခုနှစ်မှာ နအဖရဲ့ ဖိအားတွေကို ပိုမိုခံစားကြရမယ်လို့ ၀ါရင့် သတင်းစာ ဆရာကြီး တွေနဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေကလည်း တညီတညွတ်တည်း မှန်းဆထားကြပါတယ်။ ပြည်တွင်း စာနယ်ဇင်း တွေအနေနဲ့ နအဖ ဖိအားတွေအပြင် တဖက်မှာလည်း စာဖတ်ပရိသတ်ရဲ့ ဖိအားတွေ ရှိနေ ပြန်တယ် ဆိုတာ အထက်ပါရန်ကုန်မြို့ခံရဲ့ ပြောဆိုမှုက သက်သေပြုနေပြန် တဲ့အတွက် ၂၀၀၉ ခုနှစ်ဟာ ပြည်တွင်း စာနယ်ဇင်း တွေအဖို့ ကြိုးတန်းပေါ် လျှောက်လှမ်းရမယ့် အခြေအနေဖြစ်နေ ကြောင်းပါခင်ဗျား……။

No comments:

Post a Comment