ဤစာအုပ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တို့ကို အတွင်းကျကျ လေ့လာထားပြီး အတွေ့အကြုံ ကြွယ်ဝမျှတစွာ သုတေသနပြု တင်ပြထားသည်။ သုတေသန ပြုမှုတခုက ရှမ်း၊ ကရင်၊ ကချင် အပါအဝင် ၁၃၅ မျိုးသော မြန်မာနိုင်ငံ၏ လူမျိုးစုများ အကြောင်းနှင့် သူတို့၏ေ၀၀ါးရှုပ်ထွေးဖွယ် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၊ နိုင်ငံရေးပါတီများ၊ တိုးတက် ဖြစ်ပေါ်ရေး အတွက် ကြိုးပမ်းနေကြ မှုများကို ဆယ်စုနှစ်များစွာ ရှည်ကြာနေသည့် ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ် ကုန်သွယ်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတောမသတ် ကျူးလွန်ကာ နိုင်ငံတော် တည်ဆောက် နေသည့် မြန်မာစစ်တပ်၏ နောက်ခံကားချပ် ပေါ်တွင် မည်သို့ တင်ပြနိုင်ပါအံ့နည်းဟု မေးခွန်းထုတ်ဖွယ် ရှိနေသည်။
ကိုလိုနီခေတ် ကာလမှစ၍ အနောက်တိုင်း စာရေးဆရာ ၂ ဦးကသာ မျှတစွာ ဤအကြောင်းကို ရေးသားခဲ့ဖူးသည်။ တဦးမှာ မာတင်စမစ် ဖြစ်ပြီး သူ၏ “မြန်မာနိုင်ငံ၊ ပြည်တွင်း ပုန်ကန် ခြားနားမှုနှင့် တိုင်းရင်းသား နိုင်ငံရေး” (Burma-Insurgency and the Politics of Ethnicity) စာအုပ်မှာ စွယ်စုံကျမ်းသဖွယ် ပြည့်စုံလှသည်။ နောက်တဦးမှာ ဘာတေးလ် လစ်တနာ (Bertil Lintner) ဖြစ်ပြီး ၎င်းက “ပုန်ကန်မှုများနှင့် မြန်မာနိုင်ငံ” (Burma in Revolt) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည်။ ဤစာအုပ် ၂ အုပ်က ပဟေဠိသဖွယ် ရှုပ်ထွေး လှသည့် မြန်မာနိုင်ငံ၏ တိုင်းရင်းသား အရေးကို သေချာစွာ ဖော်ပြထားခဲ့သည်။
မာတင်စမစ်၏ စာအုပ်က ပဋိပက္ခနှင့် တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာကို ရေးသားဖော်ပြထားပြီး ဘာတေးလ် လစ်တနာ၏ စာအုပ်က ပဋိပက္ခ၊ နိုင်ငံတော် တည်ဆောက်မှုနှင့် မူးယစ်ဆေးဝါးပြဿနာ အကြောင်းတင်ပြထားသည်။
ယခု အက်ရှ်လေဆောက်သ်၏ စာအုပ်ကမူ ဤအကြောင်းအရာ အားလုံးကို ခြုံငုံတင်ပြထားခြင်းဖြစ်ပြီး လက်ငင်း ဆွေးနွေးငြင်း ခုန်နေကြသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အဓမ္မနေရာ ပြောင်းရွှေ့ချထားမှုများ၊ ထို့အပြင် မြန်မာနိုင်ငံတွင် တရွေ့ရွေ့ပြောင်း လာနေသည့် “တိုင်းရင်းသားတို့၏ ၀ိသေသလက္ခဏာ” ကို ပညာရပ်ပိုင်းဆိုင်ရာ ချဉ်းကပ်၍ ဆွေးနွေးတင် ပြထားသည်။
ဤစာအုပ်၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများအရေး ဆွေးနွေးသုံးသပ်ရာ၌ ပိုမို ရှုပ်ထွေးပွေလီသည့် အကြောင်းများနှင့် အသေးစိတ် အချက်များကို ထပ်မံဖြည့်ဆီးပေးရန် ဖြစ်သည်။ တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ဒေသများနှင့် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသစ်ပေါ်ပေါက် ကြီးထွားလာနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ စစ် အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသားအုပ်စုများကို အကျပ်ကိုင် တက်ရောက်ခိုင်းမှုနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများ၏ မမျှမတ ဆိုးကျိုးသက်ရောက်ရပုံများကိုပါ ထည့်သွင်းဖော်ပြထားသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖျက်ဆီးခံရမှုကြောင့် ဖြစ်ရသည့် ပြဿနာများကို အချိန်မီ နောက်ဆက်တွဲဖြည့်၍ ဖော်ပြထားသည့်ပြင် ကာလကြာရှည် ဒုက္ခခံစားခဲ့ရ၍ အုပ်စုအသီးသီး ကွဲပြားနေကြသည့် တိုင်းရင်းသားများအနေနှင့် မဟာဗျူဟာကျကျ ပြန်လည်တွေးခေါ် ချည်းကပ်ပါက ယခုအခါ အခွင့်အလမ်းများ ပေါ်ပေါက်နေလေပြီဟု အက်ရှ်လေ ဆောက်သ်က အကြံပြုထားသည်။ သူက ဤသို့ချဉ်းကပ်ပုံကို “ပြန်လည်ဆန်းစစ်ခြင်း၊ ပြုပြင် ပြောင်းလဲရေးများလုပ်ဆောင်ခြင်းနှင့် ပြန်လည် ထိတွေ့ဆက်ဆံခြင်း” ဟု အမည်ပေးထားသည်။
စာရေးသူက ကချင်နှင့် မွန်အပစ်အခတ်ရပ်စဲရေး အဖွဲ့များအပေါ် အနီးကပ်လေ့လာ၍ ပုံကြမ်းဆွဲ ဖော်ပြခဲ့သေးသည်။ ထို့အပြင် ၀နှင့် ကိုးကန့်အထူးဒေသများတွင် ကြုံတွေ့နေရသော ဘိန်းပပျောက်ရေးနှင့် ရှေ့မတိုး နောက်မဆုတ်သာ ဖွံ့ဖြိုး ရေး အကြပ်အတည်းကိုလည်း ဆန်းစစ်တင်ပြထား၏။ ကရင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ရေလည်စွာ ရှင်းပြထားသော်လည်း ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်စောဘိုမြကိုယ်တိုင် ရန်ကုန်သွား၍ လမ်းဖောက်ခဲ့သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုခရီးစဉ်ကိုမူ ခြွင်းချန်ထားကြောင်း တွေ့ရှိရသည်။
တိုးပွားလာသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအကြောင်း ဖော်ပြချက်မှာ စိတ်အားတက်ဖွယ် ကောင်းလှသလို အထူးအရေးပါလှသည်။ မြန်မာနိုင်ငံအတွင်း ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးကိစ္စ ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ရာထောင်ချီ၍ ရှိနေသည့်အကြောင်းကို အက်ရှ်လေ ဆောက်သ်က ၎င်းတို့၏လုံခြုံရေး မထိခိုက် ရလေအောင် ရေးသားတင်ပြထားသည်။
ထိုအဖွဲ့အစည်းများ ပိုမိုအားကောင်းသန်စွမ်းလာစေရန် နိုင်ငံတကာ မိသားစုက ကူညီပံ့ပိုးနိုင်မည့် နည်းလမ်းများ ရှာဖွေသင့်သည်ဟု ဆောက်သ်က ပြောထားသည်။ သို့သော်လည်း စစ်တပ်၏ အာဏာဖွဲ့စည်းပုံကို ရှောင်ကွင်းဆောင်ရွက် နိုင်ရန်လိုအပ်ပြီး စစ်အစိုးရက တင်းကျပ်စွာ ထိန်းချုပ် ဖွဲ့ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကဲ့သို့ အဖွဲ့မျိုးကိုလည်း သတိထားရန် လိုအပ်သည်ဟု ဆိုထားသည်။
စာအုပ်၏ နောက်ဆုံးအခန်းဖြစ်သည့် “လူမှုအဖွဲ့အစည်းကို အသစ်မြင်ယောင်ကြည့်ခြင်း” ကဏ္ဍ၌ တိုင်းရင်းသားအုပ်စု များအနေနှင့် ဗဟိုအစိုးရ၊ နိုင်ငံတကာမိသားစုနှင့် ပူးပေါင်းဆက်စပ်၍ ငြိမ်းချမ်းမှုတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ကိုင်နိုင်ရန် လမ်းညွှန်ထားသည်။
ဆောက်သ်က ဆွေးနွေးရာတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနှင့် အထူးအရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နိုင်သဖြင့် စစ်အစိုးရကော နိုင်ငံတကာမိသားစုကပါ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် ရည်မှန်းပို့ဆောင်ပေးနိုင်မည့် ယာဉ်တခုသဖွယ် သဘောထားသင့်သည်ဟု ဆိုသည်။
“လူသားချင်းစာနာမှု ကူညီရေးကဏ္ဍသည် နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာဖွယ်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ပိုမို ပွင့်လင်းသည့် ဆွေးနွေးမှုများ ဖြစ်လာနိုင်ပြီး ဗဟိုနှင့် အစွန်အဖျားတို့ ဆက်ဆံရေးကိစ္စ ပိုမိုဆွေးနွေးလာနိုင်သည်။ လိုအပ်သည့်အချက်မှာ နိုင်ငံတကာအစိုးရနှင့် ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းများအကြား ပိုမို အရည်အသွေးမြင့်သည့် ထိတွေ့ဆက်ဆံရေးပင် ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရေးသားတင်ပြခဲ့သည့် အက်ရှ်လေ ဆောက်သ်၏ တောက်ပြောင်ထင်ရှားသော အစီရင်ခံစာ များ၊ ဆောင်းပါးများကို စောင့်ကြည့်ဖတ်ရှုနေသူများ အနေနှင့်တော့ ၎င်း၏အရေးအသားမှာ ယခင်ကတွေ့ဖူးနေကျ ပုံစံအတိုင်း အကျွမ်းတ၀င် ဖြစ်နေသည်ဟု ယူဆနိုင်သည်။
သာမန် စာဖတ်သူများအတွက်မူ ဤစာအုပ်က ပြဿနာကိစ္စအများအပြားကို စုစည်းပေးထားသည့် အဖိုးတန် စာပေါင်းချုပ် ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း အသေးစိတ်အချက်အများအပြား ပါရှိနေမှုကြောင့် ရံဖန်ရံခါ ရှုပ်ထွေးဖွယ်၊ အဆက် အစပ်မရှိသလိုလည်း ဖြစ်နေနိုင်သည်။
သေချာဖော်ပြထားသည့် ဇယားချပ်များ က အစွန်းထွက်ဖွယ်အငြင်းပွားမှုများ၊ ရှင်းလင်းထင်ရှားသည့် အပစ်အခတ် ရပ်စဲရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများအကြောင်းကို သိမြင်စေနိုင်ပါသည်။ ဤပုံကားချပ်များကို ကြည့်ခြင်းဖြင့် ရှုပ်ထွေးလှသည့် အမယ်ဘုတ်သူ့ချည်ခင် ပြဿနာများအပေါ် စာရေးသူက အစဆွဲ ဆုပ်ကိုင်မိသည့် အကြောင်းကိုလည်း မြင်တွေ့ နိုင်ပါသည်။
သို့သော် စာအုပ်၏ အားနည်းချက်ဟု ဆိုနိုင်သည့် အချက်တခုမှာ အနောက်တိုင်းဖွံ့ဖြိုးရေး အေဂျင်စီများ၏ အခန်း ကဏ္ဍနှင့် နိုင်ငံတကာတွင် မြန်မာ့အရေး စည်းရုံးတိုက်တွန်းမှုများအကြား ဆွေးနွေးငြင်းခုန်နေရမှုများကို မျှတရန် ကြိုးစားဖော်ပြလွန်းမှုပင် ဖြစ်ပါသည်။ သူက ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့များ၊ လုပ်ငန်းများကို “စီးပွားရေးလုပ်ငန်းကြီး” ဟူ၍ နှိမ်ကာ အကြိမ်ကြိမ် သုံးနှုန်းဖော်ပြ ထားသည်ကို မနှစ်မြို့ဖွယ် မြင်တွေ့ရ သည်။
အက်ရှ်လေ ဆောက်သ်သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်မလာမီ ကယ်ဆယ်ရေး လုပ်သားတဦးအဖြစ်၊ သုတေသီတဦးအဖြစ် ကာလ ကြာရှည်ဆောင်ရွက်ရင်း အရည်အသွေး ထက်မြက်လာအောင် ကြိုးစားနေခဲ့သူတဦး ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများအနေနှင့် စစ်အစိုးရ၏ အာဏာရှင်ဆန်ဆန် ဖွဲ့စည်းပုံ နှင့်သော်လည်းကောင်း၊ ၀အဖွဲ့ ကိုးကန့်အဖွဲ့ စသည့် တာဝန်ယူမှု မရှိလှသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ နှင့်သော်လည်းကောင်း ဆက်ဆံလုပ်ကိုင်ရင်း နိုင်ငံရေးအရ အပေးအယူပြုရမည့် အကြပ်အတည်း၊ အားနည်းချက်၊ ဆုံးရှုံးရနိုင်သည့် အခြေအနေများကို ဖော်ပြရန် သူက ပျက်ကွက်ခဲ့သည်။
သို့သော်လည်း ကုလသမဂ္ဂနှင့် တခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများက နယ်စပ်ဒေသအခြေစိုက် အသေးစား လုပ်ငန်းငယ်များ၊ အဖွဲ့အစည်းများကို “စီးပွားရေးလုပ်ငန်းကြီး” (industry) ဟု နှိမ်၍ ခေါ်ဆိုနေပြန်သည်။ အမှန်တွင် ဤအုပ်စုများထဲမှ အနည်းငယ်ကသာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရေးအတွက် ဆောင်ရွက်နေကြပြီး ဤအချက်ကိုလည်း အက်ရှ်လေ ဆောက်သ်က ဖော်ပြရန် ခြွင်းချန်ခဲ့သည်။ စာအုပ်၏ ဖွံ့ဖြိုးရေးအကူအညီများဆိုင်ရာ နိုင်ငံရေးအခန်းကဏ္ဍမှာမူ ကံမကောင်း အကြောင်းမလှစွာ အားနည်းလှပါသည်။
မည်သို့ပင် ဆိုစေကာမူ ဤစာအုပ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးကဏ္ဍတွင် လုပ်ဆောင်နေကြသူများ၊ လာလတံ့သော ၀န်ထမ်းများ အားလုံး မဖြစ်မနေဖတ်သင့်သည့် စာအုပ်ဖြစ်ပါသည်။ ထိုမျှမက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေကြသူ ပြည်သူများအတွက် လိုအပ်နေသည့် နိုင်ငံတကာမိသားစု၏ အခန်းကဏ္ဍကို ဆက်လက် ဆွေးနွေးငြင်းခုန်နိုင်ရန် ပံ့ပိုးပေးမည့် အခြေခံမှတ်တမ်းတခုလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအပေါ် အက်ရှ်လေ ဆောက်သ်က တန်ဖိုးထား လေးစားမှုရှိသည်ကိုတွေ့ရသည်။ ထို့ပြင် သူလေ့လာခဲ့သည့် အကြောင်းအရာအပေါ် မျှတစွာ ချဉ်းကပ်ဆောင်ရွက် အောင်မြင်နိုင်ခဲ့သည်ဟု သုံးသပ်ချင် ပါသည်။
David Scott Mathieson ရေးသားသည့် Burma’s Ethnic Jigsaw Puzzle ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဒေးဗစ် စကော့ မီသီဆင် (David Scott Mathieson) သည် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပညာရှင် ဖြစ်ပါသည်။
No comments:
Post a Comment