12.17.2008

သူတို့အတွေး သူတို့အမြင်(ဆောင်းပါး)

ဗိုလ်ချုပ်လမ်းစဉ်နှင့် သူ့ခေတ် စနစ်အခြေအနေ

ဆောင်းပါးရှင် - နေသု (မျိုးချစ်တပ်မတော် အရာရှိဟောင်း တဦး )



တိုင်းတပါး လူမျိုးခြားတို့အောက်မှာ ကျွန်ဘ၀ဖြင့် နစ်မွန်းကျပ်တည်းမှု ပြင်းထန်နေသော ကိုလိုနီခေတ်တွင် မြန်မာတို့သည် ၀ံသာနုစိတ်ဓါတ်များ ဒီရေအလား ပွားများလာခဲ့ကြသည်။ ကိုယ့်နိုင်ငံကို တကယ် ချစ်ခဲ့ကြသည်။ ကိုယ့်လုမျိုးကို တကယ် ကာကွယ် စောင့်ရှောက်လိုစိတ် ပြင်းပြခဲ့ကြသည်။ အမျိုးဘာသာ သာသနာအတွက် ရဲရင့်သော မျိုးချစ်စိတ်ဓါတ်တို့ဖြင့် တိုင်းပြည်လွတ်လပ်အောင်၊ လူမျိုးအရ လွတ်လပ်အောင် တက်ညီလက်ညီ ကြိုးစားခဲ့ကြသည်။

မိမိတို့သင်ခဲ့ရသည့် မြန်မာ့သမိုင်း ရာဇ၀င်များအရ တပြည်လုံး ဟုန်းဟုန်းထ မြည်ကြွေး ပွက်ညံ သော လူထုအရေးတော်ပုံကြီးများ၊ သပိတ်မှောက်ပွဲကြီးများ၊ ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲကြီးများနှင့်အတူ အင်္ဂလိပ် ကိုလိုနီ လက်အောက်မှ မြန်မာတို့သည် ကိုယ်ပိုင်လွတ်လပ်သော တိုင်းနိုင်ငံအဖြစ် နေထိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ကြကြောင်း ကျနော်တို့ သိခဲ့ကြသည်။ အတွေးစိတ်ထဲတွင် ရှေးမြန်မာတို့၏ နိုင်ငံချစ်စိတ်ပြင်းပြမှု၊ သူရသတ္တိ ရဲဝံ့မှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေး စိတ်ဓါတ် မှန်ကန်မွန်မြတ်မှုတို့ကို အားကျ လေးစားခဲ့ကြသည်။

ထိုစဉ်က ကိုလိုနီ အစိုးရ အင်္ဂလိပ်တို့သည် တိုင်းတပါးလူမျိုးခြား ဖြစ်သော်လည်း အရေခြုံ ဟန်ဆောင် ကောင်းသည့် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သောကြောင့် ဖက်ဆစ်စနစ်လောက် မဆိုးဝါး မရက်စက်ကြောင်း သမိုင်းတို့ကပင် ဆိုနေပြန်သည်။

အမျိုးသားခေါင်းဆောင် လူထုခေါင်းဆောင် တပ်မတော် ခေါင်းဆောင် ဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း သည် သခင်ဘ၀ဖြင့် ၀ံသာနုစိတ်ဓါတ် ပြင်းထန်စွာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်သောကြောင့် နယ်ချဲ့အစိုးရက တော်လှန်ဆန့်ကျင်သူ နိုင်ငံရေးသမား သခင်အောင်ဆန်းကို နိုင်ငံရေး ပြစ်ဒါဏ်အဖြစ် ထောင်ဒါဏ် (၁၇) ရက် (မှတ်ချက် ၁၇ နှစ် မဟုတ်ပါ) ချမှတ်ခဲ့၏။ ထိုအချိန်မှာ ၁၉၃၉ ခုနှစ်ဖြစ်သည်။


ထောင်သွင်းအကျဉ်းချခံနေရသော သခင်အောင်ဆန်း၊ သခင်နုအပါအ၀င် အခြားနိုင်ငံရေး လှုပ်ရှားသူများစွာ တို့ကိုလည်း အထူး ဘီအတန်းအစားတွင် ထားပြီး အစားသောက် ၊ စာအုပ်စာတမ်းက အစ အားလုံးပြည့်စုံစွာဖြင့် အကျဉ်းစံခဲ့ရကြောင်း သမိုင်းမှတ်တမ်းတွင် ဖတ်မိ၏။ ယနေ့ မြန်မာနိုင်ငံ စစ်အစိုးရခေတ်နှင့်တော့ လားလားမှ မဆိုင်သော အခြေအနေဖြစ်ပေသည်။

ဆိုလိုချင်သည်မှာ မြန်မာနိုင်ငံသည် နယ်ချဲ့အစိုးရ တိုင်းတပါး အုပ်ချုပ်မှုအောက်တွင် နေခဲ့ရစဉ်က လူတန်း စေ့သည်ဟု ဆိုနိုင်သော အခြေခံလူသားရပိုင်ခွင့် လူ့အခွင့်အရေး ကိုရခဲ့၏။

ထိုမှတဖန် ဂျပန်ဖက်ဆစ်ခေတ် ရောက်ခဲ့သော် ဆိုးဝါးသော ဖက်ဆစ်စနစ်၏ ရက်စက်လှသော သတ်ဖြတ် ညှဉ်းဆဲမှုများ၊ ဖမ်းဆီးနှိပ်စက်မှုများ၊ လူမဆန်သည့် အုပ်ချုပ်မှုစနစ်များကို ကြုံခဲ့ရပြန်သည်။

လွတ်လပ်ရေးအတွက် ကြိုးပမ်းလက်စဖြစ်သော အမျိုးသားခေါင်းဆောင်များသည် ဖက်ဆစ်အောက်မှ လွတ်မြောက်ရန် လူတန်းစား အလွှာ အသီးသီး ပူးပေါင်းပါဝင်သော လက်နက်ကိုင်တော်လှန်ရေးကြီးများ ဆင်နွဲကာ တိုက်ပွဲဝင်ခဲ့ပြန်သည်။

ထိုသို့သော နယ်ချဲ့ များဖြစ်သည့် အင်္ဂလိပ်နှင့် ဖက်ဆစ် ဂျပန်တို့ကို မြန်မာတမျိုးသားလုံးအား ဦးဆောင် တော်လှန်ခဲ့သူ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ် နိုင်ငံရေး နည်းဗျူဟာ နည်းပရိယာယ်သည် ဘယ်သို့ရှိပါသနည်း။ သူ့လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားကြီး တဦး၏ ပြောဆိုချက် ကိုပင် ထပ်ဆင့်တင်ပြပါရစေ။

(၂၉.၇.၄၇ ထုတ် သတင်းစာ တစောင်ပါ) ထိုစဉ်က ၀န်ကြီးချုပ် ဦးနု၏ မိန့်ခွန်းပါ ကောက်နှုတ်ချက်များကို ရှုလျှင် ဗိုလ်ချုပ်၏ လမ်းစဉ်ကို သိမြင်နိုင်ပါသည်။

ဗိုလ်ချုပ်ရဲ့ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဟာ လုံးဝလွတ်လပ်သော သမ္မတ နိုင်ငံသာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက လုံးဝလွတ်လပ်ရေး အရောက်သွားနေတုန်းမှာ ငြိမ်းချမ်းစွာ သွားနိုင်တဲ့နည်းနဲ့ အစွမ်းကုန် ရှာသွားမယ်။ ဒါနဲ့မှ မရရင် ချမယ်ဆိုတာ သူ့လမ်းစဉ်ပဲ။

တချို့က ဗိုလ်ချုပ်ဟာ စေ့စပ်ရေး သမားဖြစ်ပြီ၊ ဒူးထောက်သမားဖြစ်ပြီ လို့တောင် ပြောကြဆိုကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးလမ်းစဉ်ကို ချီတက်တဲ့ နေရာမှာ ကြမ်းတဲ့ နေရာမှာ သူ့ထက်ကြမ်းတာ မရှိဘူး။ နုတဲ့အခါမှာလည်း ထိုနည်းပဲ။ ရာဇ၀င်ကို ပြန်ကြည့်ပါ။ အင်္ဂလိပ်ကို ချဖို့ တော်ပြီ ဆိုရင် ထချလိုက်တယ်။ ဂျပန်ကိုမောင်းထုတ်သင့်ပြီ ဆိုရင်လည်း သူ့ထက်ကြမ်းတဲ့သူ မရှိဘူး။ အဲဒီအခြေအနေတွေကို ပြန်ပြီး သုံးသပ်လိုက်တော့ ကြမ်းတဲ့နည်းနဲ့ မသင့်သေးရင် ငြိမ်းချမ်းသာယာတဲ့ နည်းနဲ့ ရဖို့လမ်း ရှိတယ်လို့ ဆုံးဖြတ်ထားတယ်။

အဲဒီ မိန့်ခွန်းကောက်နှုတ်ချက်တွေကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်ဟာ မလိုအပ်ပဲ အကြမ်းဖက် တော်လှန်ရေး သွေးထွက်သံယိုမှုကို မဖြစ်စေလိုသူ ပြည်သူပြည်သားတို့ အသက်အိုးအိမ်၊ စည်းစိမ်ကို မလိုအပ်ပဲ ထိခိုက်နစ်နာဆုံးရှုံးစေခြင်း မဖြစ်စေလိုသူဟု ယူဆနိုင်ပါသည်။ တိုင်းပြည်နှင့် လူထုကို တကယ်စေတနာ ထားသော လူထုခေါင်းဆောင် တဦးအနေဖြင့် အပြစ်မဲ့သော မည်သည့် နိုင်ငံသားတစ်ဦးကိုမဆို မလိုအပ်ဘဲ သွေးထွက်သံယို အကြမ်းဖက်လုပ်ဆောင်မှုမျိုး မလုပ်စေလိုသော ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ကြောင်း ပေါ်လွင်နေပေသည်။

ထိုကဲ့သို့ သူ့ခေတ် သူ့စနစ်နှင့် သူ့နောက်လိုက် ပြည်သူလူထု၏ စိတ်ဓါတ်ခွန်အား၊ ကာယအင်အား၊ လက်နက်အင်အား၊ စည်းလုံးညီညွတ်မှု အင်အားတို့ပေါ် မူတည်ပြီး နိုင်ငံရေး ပရိယာယ် ကြွယ်ဝစွာဖြင့် ဦးဆောင်လှုပ်ရှား နိုင်ငံရေး ကစားသွားနိုင်သဖြင့်သာ နယ်ချဲ့ ဗြိတိသျှတို့ အကြပ်ရိုက်ပြီး လွတ်လပ်ရေး မပေးလျှင် မရတော့သည့် အခြေအနေကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်မှန်သော ခေါင်းဆောင်မှုဖြင့် ပြည်သူကို ဦးဆောင်ပြီး လမ်းစဉ်မှန်မှန်ဖြင့် ဦးဆောင်မှုပေးသွားနိုင်သည့် ခေါင်းဆောင်ကောင်းဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

ဒီမိုကရေစီ အရေခြုံသော နယ်ချဲ့ဗြိတိသျှ စနစ်နှင့် ၀ါဒဖြန့် လိမ်ညာမှု ကမ်းကုန်ပြီး ရက်စက်ကောက်ကျစ် အကြမ်းဖက် ဖိနှိပ်မှု အစွမ်းကုန်သော ဖက်ဆစ်စနစ်တို့ကို လိုအပ်သောအချိန် လိုအပ်သော နိုင်ငံရေး နည်းဗျူဟာနှင့် တော်လှန်ရေး နည်းနိသျည်းတို့ကို ကွက်စေ့ပိုင်နိုင်စွာ ကစားဦးဆောင်သွားနိုင်သော ခေါင်းဆောင်မှု လုပ်နည်းလုပ်ဟန်ကို ယနေ့ခေတ်အမြင်ဖြင့် ကျွန်ုပ်တို့ သုံးသပ် အတုယူမှ ယနေ့ မိမိတို့ ကြုံတွေ့နေရသော အကျပ်အတည်း ဖိစီးမှုများမှ ရုန်းထွက်နိုင်ရေးလမ်းစဉ်ကို မြင်နိုင်မည် ထင်ပေသည်။

ဗိုလ်ချုပ်တို့ခေတ်က တော်လှန်ရမည့်သူသည် တိုင်းတပါးသား၊ လူမျိုးခြား၊ ဒီမိုကရေစီဗန်းပြပြီး အရင်းရှင် ကိုလိုနီ စနစ်ဖြင့် ဂုတ်သွေးစုပ် အမြတ်ထုတ်လိုသူ နှင့် ပိရိပါးနပ်စွာ ၀ါဒဖြန့်ပြီး နောက်ကွယ်မှ ရက်စက်မှု ကမ်းကုန်သော ဖိနှိပ်ချုပ်ချယ်မှုဖြင့် အုပ်ချုပ်ရေး စနစ်တည်ဆောက်သည့် ဖက်ဆစ် တိုင်းတပါးလူမျိုးခြားသား ဖြစ်သည်။ တော်လှန်လိုစိတ် ပြင်းပြသည့် သူတို့သည် မိမိတို့ လူမျိုးတူချင်းဖြစ်သည်။ မြန်မာနိုင်ငံသား အားလုံးနီးပါးသည် ၀ံသာနု စိတ်ပြင်းပြသူများ ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့၏ ပြတ်သားသော နောက်လိုက်များအဖြစ် ရဲဝံ့စွန့်စားရန် အသင့်ရှိနေကြသူ ပြောက်ကျားများအဖြစ် ချက်ချင်း အသွင်ပြောင်းနိုင်သူ များဖြစ်သည်။ ယနေ့ခေတ် မိမိတို့ နိုင်ငံကြုံတွေ့နေရသော အခြေအနေသည် ဗိုလ်ချုပ်တို့ ခေတ်ကနှင့် လွန်စွာ ကွာခြားသည့် နိုင်ငံရေး အခြေအနေ ဖြစ်နေပေပြီ။

ဆင်ခြင်သုံးသပ် ပြုပြင်ပြီး ထည့်သွင်းတွက်ချက်ရမည့် အထွေထွေ အခြေအနေများကို လိုအပ်သည့် အနေအထား ပရိယာယ် ကြွယ်ကြွယ်ဖြင့် လုပ်ဆောင်နိုင်ရန် လိုပေပြီ၊ ပြည်ချစ် တိုင်းချစ် စိတ်ဓာတ်၊ မိမိတို့အနာဂတ်နှင့် မိမိတို့မျိုးနွယ်စုများ အနာဂတ်အရေးအတွက် အရာရာစတေး ပေးဆပ်ရန်အသင့်ရှိသူ မျိုးချစ်မြန်မာများ အနေဖြင့် သုံးသပ်ချက် အထွေထွေ ချည်းကပ်မှု အဖုံဖုံနှင့် တော်လှန်ရေး မဟာဗျူဟာ ပြောင်မြောက်စွာ အသုံးပြုပြီး ညီညွတ်စည်းလုံးမှု အင်အားထုဖြင့်သာ တော်လှန်ရေး ပန်းတိုင်သို့ ချည်းကပ်နိုင်မည် ဖြစ်ပါကြောင်း ဗိုလ်ချုပ်၏ လမ်းစဉ် ဗိုလ်ချုပ်၏ နိုင်ငံရေး မဟာဗျူဟာသည် အတတ်နိုင်ဆုံး တိုင်းပြည် နိုင်ငံသားတို့ မနစ်နာ မပင်ပန်းစေဘဲ နိုင်ငံကောင်းစားရေး ကြိုးပမ်းရန်သာဖြစ်ပြီး ဘယ်လိုမှ အကြမ်းမဖက်လျှင် မဖြစ်တော့သည့် အခြေအနေ ဆိုပါကလည်း ရဲဝံ့ပြောင်မြောက်စွာ တနိုင်ငံလုံး အုံးအုံးထ တော်လှန် ဆန့်ကျင်ခြင်းနည်းကို သုံးမည် ဖြစ်ကြောင်း အလေးအနက် သတိမူကာ ဆင်ခြင်အတုယူ သင့်ပေသည်။

ကိုဖိုးတရုပ်ဘလော့မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment