1.23.2009

ဧရာဝတီ အယ်ဒီတာ့အာဘော်

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး နှိုးဆော်မှုကို လျစ်လျူရှူ မနေသင့်

E-mail Print
ရန်ကုန်မှ လာသည့် သတင်းများအရ အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အကျဉ်းကျ ခံနေရရာ ခြံတွင်း၌ တကိုယ်တည်း ကျင်းပဆင်နွှဲ ခဲ့ရသော်လည်း ယခုနှစ်တွင်တော့ တိတ်ဆိတ်၍ မနေခဲ့ဟု ဆိုပါသည်။

၂၀၀၃ ခုနှစ်ကတည်းက သော့ခတ်ပိတ်ဆို့ထား ခံနေရသည့် ခြံတံခါးနောက်ရှိ သူ၏အိမ် ထဲတွင် နိုဘဲငြိမ်းချမ်းရေး ဆုရှင်က လွတ်လပ်ရေးတိုက်ပွဲဝင်ကာလက သီချင်းများ ကျယ်လောင်စွာ ဖွင့်၍ ရှိနေခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်များက ပြောပြကြသည်။

ဒေါ်စုက အနီရောင် နောက်ခံပိုစတာတွင် အ၀ါရောင်ဆေးဖြင့် သူ၏ဖခင် လွတ်လပ်ရေးတိုက်ပွဲဝင် ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့် "တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" ဟု ရေးထားသည်ကိုလည်း အိမ်ရှေ့မှပင် မြင်ကြရ သေးသည်။

ရန်ကုန်မြို့နေ လူထုများအကြားနှင့် သံတမာန်အသိုင်းအ၀ိုင်းတွင်မူ ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာ နိုင်ဖွယ် ရှိသည်ဟု ကောလာဟလများလည်း ပျံ့နှံ့နေသေးသည်။ အကယ်၍ ဒေါ်စုသာ ပြန်လွတ် လာခဲ့ပါက ဖြစ်ပေါ်လာ သည့် မေးခွန်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင် သူ၏ လုံခြုံရေးကို မည်သူက အာမခံ ပါမည်နည်း။ မေးခွန်းထုတ် စရာ ရှိနေသည်။

လူအများက စိုးရိမ်နေကြသည်မှာ ဒေါ်စုက အန်တုလှုပ်ရှားမှုများ ပြန်လည်စတင်လာပါလျှင်လည်း စစ်အစိုးရနှင့် လက်ပါးစေ လက်မရွံ့များအတွက် ဒေါသဖြစ်ဖွယ်၊ နောက်တကြိမ်ပစ်မှတ်ထား တိုက်ခိုက်ဖွယ် အကြောင်းဖြစ်နေသည်ဟု မြင်၍ စိုးရိမ်ပူပန်နေကြသည်။ အချို့သော အနောက်တိုင်းသံတမာန်များကပင် ဒေါ်စု လုံခြုံရေးကို အာမခံနိုင်ရန် တဖြည်းဖြည်း လွတ်လပ်ခွင့်များပေးလာသည့် ပုံစံမျိုးကို အကြံပြုပြောဆိုနေကြသည်။

ဧရာဝတီမဂ္ဂဇင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးကြည်ဝင်းတို့ လွန်ခဲ့သည့် တနင်္လာနေ့က တွေ့ဆုံမေးမြန်း နိုင်ခဲ့ရာ၊ ဒေါ်စုကို တွေ့ဆုံရန် တင်ပြတောင်းဆိုချက်ကိုပင် အာဏာပိုင်များက ယခုတိုင် အကြောင်းမပြန်သေးကြောင်း ပြောပြခဲ့သည်။ သို့သော်လည်း ဒေါက်တာတင်မျိုးဝင်းကို ဇန်န၀ါရီလ ၁ ရက်နေ့ တွင် တွေ့ဆုံခွင့် ပေးခဲ့ပြီး၊ သူက ဒေါ်စု ကျန်းမာစွာ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆရာဝန်နှင့် မတွေ့မီ ၂-ရက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်လူငယ် ၉ ဦးက ဒေါ်စုလွတ် မြောက်ရေးအတွက် ရန်ကုန်မြို့တွင် လမ်းလျှောက်ဆန္ဒပြကြသည့်အတွက်လည်း ဖမ်းဆီးခံခဲ့ရသေးသည်။ ထိုသူများ၏ တောင်းဆို ချက်မျှသာ မဟုတ်ပါ။ ထင်ရှားသည့် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာမိသားစု၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကြိမ်ကြိမ် တောင်းဆိုချက်များကိုလည်း စစ်အစိုးရက မကြားချင်ယောင်ဆောင် လျစ်လျူပြုထားခဲ့ သည်။

တနှစ်ဆန်းလာသော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်က မရေရာ မသေချာရှိနေဆဲပင် ဖြစ်သည်။ လွတ်လပ်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေက "လက်ငင်းကာလနှင့် အနာဂတ်အတွက် နိုင်ငံ၏ အခြေအနေမှာ မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေရသည်" ဟု ဆိုခဲ့သည်။ သူ၏ အကဲဖြတ်ချက်ကို ကျန်သည့်မြန်မာ နိုင်ငံသား အများစုကလည်း သဘောတူလက်ခံကြပါသည်။

သို့သော်လည်း စစ်အစိုးရ၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပေးပို့လာသည့် လွတ်လပ်ရေးနေ့ သ၀ဏ်စကား တွင်တော့ ဤအမြင်နှင့် ဆန့်ကျင်နေပါသည်။ ဗိုလ်ချုပ်သန်းရွှေက "နိုင်ငံတော်၏ လမ်းပြမြေပုံ ၇-ဆင့် အောင်မြင်ထမြောက်စေရေးအတွက် ပြည်ထောင် စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမို ကရေစီ နိုင်ငံတော်သစ်ကြီး တည်ထောင်ရန် သံန္နိဌာန်ပြု ပိုင်းဖြတ်ထားကြောင်း" ပြည်သူများကို သ၀ဏ်လွှာပါးခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေက ယခုနှစ်သတင်းစကားတွင် မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေကြသည့် အနောက်နိုင်ငံများကို ယခင်ကာလက ရည်ညွှန်းပြောဆိုခဲ့သလို "ကိုလိုနီလက်သစ်ဝါဒီများ" ဟု ထပ်မံ စွပ်စွဲ ပြောဆိုမှုများ လည်း ရှိခဲ့သည်။

"နိုင်ငံသားအားလုံးသည် အမိမြေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး ရန် ကြိုးပမ်းနေသည့် ကိုလိုနီလက်သစ်ဝါဒီများကို သတိထား စောင့်ကြည့်ရန်လိုကြောင်း..." လည်း သူက ပြောဆိုခဲ့သည်။

နိုင်ငံတော်အကြီးအကဲ ဖြစ်သူနှင့် ဇနီးက ပုံမှန်တည်ခင်းဧည့်ခံလေ့ရှိသည့် လွတ်လပ်ရေးနေ့ညစာစားပွဲတွင် မတက်ရောက်ဘဲရှိနေသည်ကို ထူးထူးခြားခြား တွေ့ကြရသည်။ သို့သော်လည်း လွတ်လပ်ရေးနေ့မတိုင်မီ အစောပိုင်း ရက်သတ္တပတ်များက နာဂစ်မုန်တိုင်းသင့်ဒေသများကို ခရီးလှည့်လည်နေခဲ့သည်ကို တွေ့ကြရပြီး၊ လွန်ခဲ့သည့် ဒီဇင်ဘာလ မေမြို့ရှိ ကာကွယ်ရေးစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ မိန့်ခွန်း ပြောခဲ့သည်ကိုလည်း တွေ့ခဲ့ကြရသေးသည်။

ဤသို့ လွတ်လပ်ရေးညစာစားပွဲတွင် ဗိုလ်ချုပ်သန်းရွှေ ပျက်ကွက်နေသည့်အတွက်ကြောင့် လေ့လာသူများက ဗိုလ်ချုပ် သန်းရွှေ နာမကျန်း၍လော၊ သို့မဟုတ် ခရီးပန်းနေ၍လောဟူ၍လည်း သို့လောသို့လော စောကြောခဲ့ကြသေးသည်။ သို့ မဟုတ် သူပြောသည့် "လမ်းပြမြေပုံ"ကို ထောက်ခံသူ အနည်းအကျဉ်းမျှသာ ရှိ၍ စိတ်ဓါတ်ကျဆင်းနေခြင်းလည်း ဖြစ်နိုင် ပါသေးသည်။

မည်သည့်အကြောင်းကြောင့် ဗိုလ်ချုပ်သန်းရွှေ ညစာစားပွဲ တက်ရောက်ရန် ပျက်ကွက်သည်ဖြစ်စေ၊ သူ့ကို နိုင်ငံရေးစင်မြင့် တွင် တွေ့ရနည်းလေ၊ နိုင်ငံအတွက် ကောင်းလေပင် ဖြစ်ပါသည်။ နောက်ထပ်မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များ က ပိုမိုတာဝန်ယူသင့်နေပြီဖြစ်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။

ဤသို့ စိတ်ပျက်ခံစားရဖွယ် အခြေအနေများ ရှိနေသော်လည်း၊ မြန်မာပြည်သူများအနေနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ သာယာဝပြောမည့်အရေးအတွက် ယုံကြည်ထားချက်များ လုံးဝ ပျက်ပြားမသွားသင့်သေးပါ။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အကြိုတွင်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်သူများ ဗြိတိသျှကိုလိုနီလက်အောင်မှ လွတ်မြောက်ခဲ့သည့် ၆၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ကောင်းမွန်ပျော်ရွှင်ရှိစေ ကြောင်း ဆန္ဒပြုသည့် ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

"ဤနေ့ အခါသမယတွင် မြန်မာပြည်သူများအတွက် မိမိတို့က အနွေးထွေးအလှိုက်လှဲဆုံး ဆန္ဒမွန်ပြုလိုပါသည်" ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။ "ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့သည့် လွတ်လပ်ရေးတိုက်ပွဲကို မိမိတို့ ပြန်၍ကြည့်သည့်အခါ မိမိတို့ (အမေရိကန်ပြည်ထောင်စု) နိုင်ငံ၏ သမိုင်း ကိုလည်း ပြန်လည်အမှတ်ရစေပါသည်" ဟု ဆိုခဲ့သည်။

ဤကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ် ရေးအပေါ် မြော်မြင်ချက်များ၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိသည့် မြန်မာနိုင်ငံဖြစ်ထွန်းလာစေရေး မြော်မြင်ချက်များနှင့်အတူ တကွ ရပ်တည်ပါကြောင်း ဖော်ပြခဲ့သည်။

၎င်းကြေညာချက်တွင်ပင် အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူများ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အသီးအပွင့်ရလဒ် များခံစားနိုင်မည့်နေ့ကို ရည်မျှော်ဆန္ဒပြုကြောင်းလည်း ဖော်ပြခဲ့သည်။ "ဤသို့နေ့သစ်များ မကြာမီဖြစ်ပေါ်လာမည်ဟု မိမိ တို့က စိတ်အားထက်သန်စွာ မျှော်လင့်ပါသည်" ဟု ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း လက်တွေ့တွင်မူ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုက စိတ်ပျက်ဖွယ်ပင် ဖြစ်နေသည်။ ဦးအောင်ရွှေပြောကြားခဲ့သည့် စိတ်ပျက်ဖွယ် သုံးသပ်ချက်ကို လူအနည်းစုကသာ တုံ့ပြန်ငြင်းဆိုကြမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ဒေါ်စုက အိမ်တွင် ပိုစတာတင်ထားသည်၊ သီချင်းများ ဖွင့်ထား၍ လွတ်လပ်ရေးပွဲကို တကိုယ်တည်း ကျင်းပနေခဲ့သည်ဟူသော သတင်းများကပင် အချို့သောသူများအတွက် မျှော်လင့်ချက်အင်အား ဖြစ်စေပါသည်။ သူက ပိုစတာတွင် ရေးသားထားသည့် "တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကိုရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ" ဟူသော သတင်းစကားသည်ပင် မြန်မာနိုင်ငံသားများစွာက အဓိပ္ပါယ်ရှိလွန်းလှသည်ဟု ကောက်ယူအားတက်နေကြပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသို့ တိုက်တွန်းစကားဖြစ်သည်ဟု ယူဆနေကြ သည်။

ဝေဖန်သူများက ပြောဆိုကြရာတွင် လွန်ခဲ့သည့် နှစ်-၂၀ ကာလအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အခွင့် အလမ်းများ ရသော်လည်း ရယူဆုပ်ကိုင်ရန် ပျက်ကွက်ခဲ့သည်၊ ပြတ်ပြတ်သားသား မဆောင်ရွက်နိုင်ခဲ့ကြဟု ဆိုကြပါ သည်။ သူတို့က သူတို့ပါတီတည်မြဲရေးအတွက်သာ ရပ်တည် လှုပ်ရှားနေသည်ဟု ဆိုခဲ့ကြသည်။

၂၀၀၇ ခုနှစ်၊ "ရွှေဝါရောင်တော်လှန်ရေး" ကာလတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုအုံကြွမှု နောက်မှ နောက် မြီးဆွဲ ဖြစ်နေခဲ့ပြီး၊ သံဃာများနှင့် တက်ကြွလှုပ်ရှားသူများက ရဲရင့်စွာ ရှေ့မှဦးဆောင်တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုကာလ ဗိုလ်ချုပ်သန်းရွှေက "လမ်းပြမြေပုံ" နှင့် "စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ" ကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေ သည့် သေရေး ရှင်ရေး အချိန်မှာပင် သူတို့က ဘေးမှထိုင်၍ ကြည့်နေကြသည့်နှယ် ရှိနေပြန်သည်။

၂၀၀၉ ခုနှစ်၊ နှစ်သစ်ကူးက စိတ်ပျက်ပြားဖွယ်ရာ သတင်းများနှင့် စခဲ့သော်လည်း၊ ဒေါ်စုကတောင်းဆိုခဲ့သည့် ပိုစတာစာသားက မြန်မာနိုင်ငံသားထု တရပ်လုံး ကို နှိုးဆော်လှုတ်ခတ်စေခဲ့ပါသည်။ ထိုမျှမက စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံတကာ မိသားစုများကိုပါ လှုပ်နှိုးတိုက်တွန်းလိုက်သော သတင်းစကား ဖြစ်နေပါတော့သည်။ ။

No comments:

Post a Comment