2.13.2009

အကြောက်တရားများ



ငယ်စဉ်ကတည်းက အရိုးစွဲခဲ့သော အကြောက်တရားများ


ကျွှန်တော်တို့ ဘ၀မှာ လူမှန်းသိကတည်းက အရာရာမှာ ကြောက်နေခဲ့ရတာပါ။ ငယ်စဉ်လူမှန်း သိတတ်စ ကတည်းက အမေက ပြောမရတဲ့ အခါရပ်ကွက်ထဲက အမူးသမားနဲ့ခြောက် ဒါမှမဟုတ် အမှိုက်သိမ်း ချေးကျုံးတဲ့ ကုလားကြီးနဲ့ ခြောက်လို့ကြောက်ရ။ ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့ ကျောင်းအုပ်ဆရာကြီးကို မော်တောင် မကြည့်ရဲအောင် ကြောက်ရ၊ အရိုက်ကြမ်းတဲ့ အတန်းပိုင်ဆရာကို ကြောက်ရနဲ့၊ ကျွန်တော့်သူငယ်ချင်း တယောက်ဆို အပေါ့သွားချင်တာ ဆရာကို ခွင့်မတောင်းရဲလို့ အတန်းထဲမှာ သေးထွက်ကျတဲ့ အထိ ကြောက်ခဲ့ရတာပါ။

အပိုတွေလို့ တချို့ ငယ်သူတွေ ထင်ကြရင် ကိုယ့်ပါတ်ဝန်းကျင်က အသက်လေးဆယ် တန်းလောက်သူတွေကို မေးကြည့်ပါ။ ကျောင်းမှာဆိုလဲ အဆင့်ဆင့် ကြိုးကိုင်ဖို့ သူတို့ဖွဲ့ထားခဲ့တဲ့ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စတာတွေကို မဖြစ်မနေ ၀င်ခိုင်းတာတွေကို မငြင်းဝံ့အောင် ကြောက်ခဲ့ရတာတွေ၊ ၀န်ထမ်းတွေဆိုလဲ ပါတီဝင်မှ၊ ဖေါင်ကြီးသင်တန်း တက်မှဆို ရာထူးမတက်မှာ ကြောက်လို့ ဇွတ်မှိတ်ပြီး လုပ်ကြရတာတွေ အများကြီးပါ။

ဆင့်ပွါးလာသော ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကြောက်တရားများ

အဲဒါတွေ မဟုတ်ဘဲ လမ်းဘေး ဈေးရောင်းတော့ မြူနီစပယ်ကြောက်ရ၊ ဆိုင်ခင်း ရောင်းပြန်တော့ မချိမဆန့် အခွန်အခတွေနဲ့ ဈေးလူကြီးဆိုတာကို ကြောက်ရ၊ ရပ်ကွက်ထဲနေပြန်တော့ ရပ်ကွက်ကောင်စီ (အခုရအဖ) ဆိုတာတွေ ကြောက်ရ၊ အခုတခါ လမ်းဘေးက အလုပ်မရှိ အကိုင်မရှိတွေကိုနေ့တွက်ပေးပြီး စွမ်းအားရှင်တွေ ဆိုတဲ့ တံဆိပ်ကပ် လူတွေကို နှိပ်စက်လို့ ကြောက်ကြရပြန်ရော၊ ယူနီဖေါင်း မပါတာတွေတောင် ဒီလောက် ကြောက်နေရမှ ယူနီဖေါင်း ဝတ်ထားတဲ့ ရဲတို့ စစ်တပ်တို့ဆို ပြောဖို့တောင် မလိုတော့ပါဘူး။ ဒါတောင် ကျွန်တော်တို့ နေခဲ့တာ ရန်ကုန်မြို့ကြီး မှာပါ။

တောနယ်တွေဆို စဉ်းစားသာကြည့်ပါတော့။ အညိုရောင် အမဲရောင်စတဲ့ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေ တွေမှာ ဆိုရင်တော့ ပေါ်တာဆွဲခွင့် လိုင်စင်ရ၊ မုဒိမ်းကျင့်ခွင့်လိုင်စင်ရ၊ လူသတ်ခွင့်လိုင်စင်ရတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေပေါ့။

ရုပ်ပိုင်းဆိုင်ရာ ကြောက်နေရတာတောင် အားမရနိုင်ကြသေးဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ချိုးနှိမ်မှူ အမျိုးမျိုးတွေနဲ့ စနစ်တကျ ဖိနှိပ်ခံရပါသေးတယ်။ ဘာသာရေး အဆုံးအမတွေထဲက လိုသလို ထုတ်နှုတ်ပြီး စိတ်ပိုင်းဆိုင်ရာပါ ချိုးနှိမ်ကြပြန်ပါတယ်။ ကိုယ့်ထက် တနာရီ တမိနစ် တစက္ကန့်ပဲ ကြီးသူကိုတောင် လေးစားရမယ် ဆိုတာမျိုးတွေက အစချီလို့ အရပ်ဘက်မှာ၊ စစ်တပ်ထဲမှာ အထက်အရာရှိ အဆင့်ဆင့်ကို လုံးဝ ပြန်မလှန်ရဲအောင် ချိုးနှိမ်ထားလိုက်တာ၊ ကိုယ့်ထက် တဆင့်လောက် မြင့်သူကိုတောင် အဲဒီလောက် ကြောက်ရအောင် ချိုးနှိမ်ထားမှတော့ ဗိုလ်ချုပ်မှူးကြီးလောက် ကြီးတဲ့ အကောင်ကြီးကို မော်တောင် မကြည့်ဝန့်တာ အဆန်းတော့ မဟုတ်ပါဘူး။

အကြောက်တရားအပေါ် ရင်ဆိုင်အံတုခဲ့ဘူးသည့် ဖြစ်စဉ်များ

အဲဒီလိုရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ ချိုးနှိမ်ခံခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၈၈အရေးအခင်း လောက် ကြီးမားတဲ့ အရေးအခင်းကြီး ဖြစ်ပွါးခဲ့ရတယ်ဆိုတာ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် မယုံနိုင် လောက်အောင် ပါဘဲ။ တဖက်က ပြန်ကြည့်မယ်ဆိုယင်တော့ ဒီလောက်တောင် ကြောက်ရသူတွေကို အဲဒီလို ပြန်တုန့်ပြန် ချင်လာလောက်အောင် ဘယ်လောက်အထိ မတရားမှူတွေကို ပြည်သူလူထုတွေ ခါးစည်း ခံခဲ့ရတယ်ဆိုတာ ပြနေတာပါဘဲ။

တသက်လုံး လူတကာကို အနိုင်ကျင့်လာခဲ့တဲ့ အာဏာရှင် နေဝင်း တယောက်ကတော့ လူထုအား ဆိုတာ ဒါပါပဲလား ဆိုတာ သေသည်အထိ သတိရသွားမှာပါ ။မ.ဆ.လရဲ့ အမွေခံသား န.အ.ဖဆိုတဲ့ စစ်ဗိုလ်များကလဲ ဒီနည်းလမ်းကိုသာ အားထားရာအဖြစ် ယူမှတ်ပြီး လက်နက်နဲ့ခြောက်၊ အာဏာနဲ့ခြောက် ဖိနှိပ်မှုတွေနဲ့ ခြောက်ပြီး ပြီး ဒီလမ်းကို ဆက်ရှောက်နေကြပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ပိုပိုပြီး ဖိနှိပ်လာခဲ့ပါတယ်။

လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းတာမျိုးတွေ၊ တကယ့်ရာဇဝတ်သားကြီးတွေလို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချတာမျိုးတွေ ကစလို့ နည်းစုံလမ်းစုံနဲ့ မီးကုန်ယမ်းကုန် ဖိနှိပ်လို့ မလှန်နိုင်အောင်ကို ဖိလုပ်ခဲ့တာပါ။ ဒါပေမယ့် သူတို့အောင်မြင်တယ်၊ မအောင်မြင်တယ် ဆိုတာကိုတော့ အဆင့်ဆင့် ဖြစ်ပွားလာခဲ့တဲ့ လူထုအုံကြွမှူတွေ ကျောင်းသား လုပ်ရှားမှူတွေကို ကြည့်ယင် သိနိုင်ပါတယ်။ အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ တကမ္ဘာလုံးကိုတောင် တုန်လှူပ်စေခဲ့တဲ့ သက်သေပါပဲ။

ကျွန်တော်တို့ ပြည်သူလူထုတွေဟာ အခါအခွင့်ကြုံတိုင်း သူတို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ဆန္ဒ၊ စစ်အာဏာရှင် စနစ်အပေါ် ခါးသီးတဲ့ သဘောထားကို စစ်အာဏာ သိမ်းခံရပြီးတဲ့ ၈၈ခုနှစ် နောက်ပိုင်း အဆမတန် ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ အမျိုးမျိုးသော အကြပ်အတည်းတွေ ကြားထဲမှာ သူတို့ဘဝ ရှင်သန်ရေး အတွက်၊ မသေရုံတမယ် စားသောက် နေထိုင်ရေးအတွက် ရုန်းကန် လှုပ်ရှားနေရင်းနဲ့တောင် အကြိမ်ပေါင်း မြောက်များစွာ ထုတ်ဖေါ် ပြသခဲ့ ကြပါတယ်။

ဒီမိုကရေစီ နည်းလမ်းကျကျ တရားမျှတစွာ ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဒီမိုကရေစီအရေး လှုပ်ရှား သူတွေဟာ ဘာမဲဆွယ်လှုပ်ရှားမှုမှ မလိုပဲ အိမ်မှာအိပ်နေရင်တောင် အချိန်တန်တဲ့အခါ သူတို့မဲပုံးတွေ ပြည့်နေမှာပါ။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲဟာ သက်သေပါပဲ။ ကျွန်တော်ဆိုလိုချင်တာက ပြည်သူလူထုတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံအချက်တွေကို ရယူပိုင်ဆိုင်လိုတဲ့ ဆန္ဒတွေ အမြဲ ရှိနေပါတယ် ဆိုတာပါပဲ။ တနည်း ပြောရရင် ကျွန်တော်တို့ ပြည်သူလူထုမှာ နိုင်ငံရေးနိုးကြားမှု အပြည့်အဝရှိတယ် လို့ ဆိုလိုချင်တာပါ။

ဆန္ဒပြရင် ပစ်သတ်မယ်ဆိုပြီး မောင်းတင်ထားတဲ့ သေနတ်ပြောင်းတွေရှေ့မှာ ချီတက်ဆန္ဒ မပြရဲတာနဲ့၊ ပြီးခဲ့တဲ့ စက်တင်ဘာ အရေးအခင်းတုန်းက ရေသန့်ဘူးလေး လှူမိတာတောင် ဖမ်းဆီးချုပ်နှောင်တတ်တဲ့ န.အ.ဖကို တရားဝင်မဆန့်ကျင်ရဲတာကို နိုင်ငံရေးမနိုးကြားဘူးလို့တော့ အလွဲ မသုံးသပ်ကြ စေချင်ပါဘူး။ သူသူကိုယ်ကိုယ် ဘယ်သူမဆို ကိုယ့်အသက် ဆုံးရှုံးရမှာ၊ ဒို့အရေးလို့ တခွန်းလေး အော်မိတာနဲ့ နှစ်ရှည်လများ ထောင်ထဲမှာ သွားနေရမှာကို ကြောက်တာဟာ တရားနည်းလမ်း ကျပါတယ်။ နဂိုကတည်းကို စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့ရဲ့ အာဏာသက် ရှည်ရေးအတွက် အကြောက်တရားကို စနစ်တကျ ပျိုးထောင် ပေးခဲ့တာပါ။

ကြောက်စိတ်ကို ဘယ်လို ဖယ်ရှားနိုင်ပါမလဲ

ပြည်သူလူထုတရပ်လုံး တခဲနက် ပူးပေါင်း ပါဝင်လာဖို့ဆိုတာ ကျွန်တော်အထက်မှာ ဖေါ်ပြခဲ့ သလိုပဲ ပြည်သူလူထု ရင်ထဲမှာ အရိုးစွဲနေတဲ့ အဲဒီအကြောက်တရားကို ဘယ်လို ဖယ်ထုတ်ပေးရမလဲ ဆိုတာအဓိက ကျတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာတပြည်လုံးက ပြည်သူတွေရင်မှာ စူးဝင်နေတဲ့ အဲဒီအကြောက်တရားဆိုတဲ့ သပ်တချောင်းကို ဆွဲနှုတ်ပေးနိုင်တဲ့နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့နေ့ပါပဲ။

ကျွန်တော်ရည်ညွန်းတဲ့ ပြည်သူလူထုဆိုတာ သာမန်အရပ်သူ အရပ်သားတွေ သာမကပဲ ဌာနအသီးသီးက အရပ်ဖက်ဝန်ထမ်းတွေ၊ စစ်အာဏာရှင် လက်တဆုပ်စာကလွဲရင် အောက်ခြေဝန်ထမ်း လက်နက်ကိုင် အသီးသီးတွေလည်း အကြုံးဝင်ပါတယ်။ စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့ လက်ဝေခံတချို့ကလွဲရင် အားလုံးဟာ
အကြောက်တရားနဲ့ ချုပ်ကိုင်ခံနေရတာပါ။

အဲဒီလူတွေအားလုံးသာအမှန်တရား(သို့) မိမိတို့ရဲ့ သဘောဆန္ဒကို ဖေါ်ထုတ်တာဟာ ကြောက်စရာ မဟုတ်ဘူးဆိုတာ နားလည်လာခဲ့မယ် ဆိုရင် ရှေ့ဆက်ရေးရမယ့် ကျွန်တော်တို့ မြန်မာ့နိုင်ရေးသမိုင်းမှာ စစ်အာဏာရှင်စနစ်ဆိုတာ သက်ဦးဆံပိုင်ဘုရင်စနစ်လို သမိုင်းထဲမှာ သင်ရတဲ့ အဖြစ်မျိုးကို ရောက်သွားမှာ ကျိန်းသေပါပဲ။

တကယ်တော့ စာမျက်နှာ အနည်းငယ်လောက်နဲ့ အကြောက်တရားကို ဖြေရှင်းလိုက်ရင် ပြဿနာတွေ အားလုံးပြေလည်သွားမယ်လို့ ရေးပြရတာ လွယ်ပါတယ်၊ လက်တွေ့ လူထုကြားမှာ ဖြေရှင်း ဆောင်ရွက်ကြဖို့ လုပ်ဆောင်ရာမှာတော့ အင်မတန်သိမ်မွေ့ပြီး လက်ဝင်တဲ့အလုပ်ပါပဲ။ ကြောက်နေတာကို မကြောက်ပါနဲ့လို့ ပြောဖို့ လွယ်ပေမယ့် အဲဒီအကြောက်တရားက တကယ် လွတ်မြောက်အောင် လုပ်ပေးဖို့ကတော့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် မလုပ်နိုင်အောင် ခက်ခဲတဲ့ အလုပ်မျိုးတော့လဲ မဟုတ်ပါဘူး။

ကာယကံရှင်များ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ရန် လိုပါသည်

အကြောက်တရားဆိုတာ လူတွေရဲ့ ရင်ထဲမှာ စူးဝင်နေတဲ့ သပ်တချောင်းလို့ ကျွန်တော်တင်ပြခဲ့ ပြီးပါပြီ။ ဆူးဆိုတာ စူးဝင်တုန်းကလဲ နာသလို၊ ဆူးရှိနေတုန်းမှာလဲ နာကျင်ခံစားနေရတာပါပဲ။ ပြန်နှုတ်မယ်ဆိုရင်လဲ အဲဒီနာကျင်မှု နှစ်ရပ်ပေါင်းပြီး ပိုတောင် ခံစားရမှာ ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တဲ့ သဘောက ဝေဒနာရှင် ကိုယ်တိုင်မှာ အဲဒီဆူးကို တကယ်နှုတ်ချင်တဲ့ ဆန္ဒနဲ့ ပူးပေါင်း ပါဝင်မှ ဒီဝေဒနာကို ကုစားနိုင်မယ် ဆိုတာပါပဲ။ ဆူးဆက်ရှိနေရင် အမြေ့မြေ့နဲ့ ဘဝ တလျောက်လုံး နာကျင်နေမယ်ဆိုတာကို တကယ်သဘောပေါက်သလို ဆူးနှုတ်တဲ့အချိန်မှာ တခဏတာ အပြင်းအထန် နာကျင်မှု ခံစားရပေမယ့် ဆူးထွက်ပြီးတဲ့ အချိန်ကစလို့ ကျမ်းမာ ပျော်ရွင်စွာ နေထိုင် သွားနိုင်မယ်ဆိုတာ ကာယကံရှင် ကိုယ်တိုင် လက္ခံဖို့ လိုပါတယ်။ အဲဒီလိုပါပဲ ကျွန်တော်တို့ ပြည်သူတွေကိုလည်း အကြောက်တရားနဲ့ ဆက်နေသွားမယ် ဆိုရင် အာဏာရှင်စနစ်ရဲ့ သားစဉ် မြေးဆက်ရဲ့ အောက်မှာ ကျွန်သက်ရှည်သွားမယ်။

အကြောက်တရားကို ပယ်ဖျောက်မယ်ဆိုယင်တော့ လက်တလောမှာ ခါးသီးပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံရင် ကြုံနိုင်ပေမယ့် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေကတော့ ဒီမိုကရေစီရဲ့ ချိုမြိန်တဲ့ အသီးအပွင့်တွေကို ခံစား နိုင်မှာ ဖြစ်ပါတယ်ဆိုတာ ပြည်သူတွေ ကိုယ်တိုင်နားလည်ပြီး ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဖြစ်လာဖို့ ပထမအဆင့်အနေနဲ့ လိုအပ်ပါတယ်။

ကြောက်စိတ်များကို သရုပ်ခွဲကြည့်ခြင်း

ဒီအကြောက်တရားကို ဖြေရှင်းဖို့ ယျေဘူယျအားဖြင့် သဘောတူပြီဆိုရင် ဖြစ်နိုင်ခြေရှိမယ့် အခြေခံ အချက်ကလေးတွေကို ကျွန်တော်တို့ ဝိုင်းစဉ်းစားနိုင်ပါပြီ။ လောကမှာ ကြောက်နည်း ကြောက်ဟန်တွေ အမျိုးမျိုးရှိပါတယ်၊ သေရမှာ ကြောက်တာ၊ ဖမ်းဆီးခံရမှာ ကြောက်တာ၊ မိမိတို့ စည်းစိမ်ဥစ္စာတွေ၊ ပျက်ဆီးးဆုံးရှုံးမှာ ကြောက်တာ၊ ကိုယ့်ကို မှီခိုနေတဲ့လူတွေ ခိုကိုးရာမဲ့ ဖြစ်မှာ ကြောက်တာ ဒါတွေဟာ ကြီးမားတဲ့ ကြောက်ရွံ့မှူ (အကြောက်ကြီး)လို့ ပြောလို့ ရပါတယ်။

ကျောင်းမှာ ဆရာကိုကြောက်တာ၊ အကောင်ဘလောင်တွေကို ကြောက်တတ်တာ၊ သရဲတစ္ဆေကို ကြောက်တတ်တာ ၊ အခြားအခြားသော အရိုးစွဲနေတဲ့ အကြောက်တရား တချို့ဟာ ပင်ကို ပါလာခဲ့တဲ့ အကြောက်သေးလို့ ပြောလို့ရပါတယ်။

ယုတ္တိဗေဒနည်း ကျကျ စဉ်းစားကြည့်မယ်ဆိုယင်၊ ပုံမှန်အားဖြင့် လူတွေဟာ အကြောက်သေးတွေကို ဖြေရှင်းလို့ ရပေမယ့် အထက်က ပြောတဲ့ အကြောက်ကြီးတွေကို ကျဖြေရှင်းရခက်လိမ့်မယ်လို့ ယူဆစရာရှိပါတယ်။ တကယ်တမ်းမှာတော့ လူတွေဟာ အဲဒီအကြောက်သေးတွေကို သေသည့် တိုင်အောင် ဆက်ကြောက် သွားကြပါတယ်။ ဥပမာ-သရဲကြောက်တဲ့လူဟာ တသက်လုံး အဲဒီလိုပဲ ဆက်ကြောက်သွားတာပါ။

အကြောက်ကြီးလို့ ပြောတဲ့ ဖမ်းဆီင်္းခံရမယ့် ရာဇဝတ်မှုမျိုးတွေ၊ မိမိစည်းစိမ်ဥစ္စာ ပြုတ်ပြုတ်ပြုန်း သွားစေတဲ့ လောင်းကစားမှုမျိုးတွေကိုတော့ ဘဝတလျောက်လုံးမှာ စိတ်ခံစားမှူကိုလိုက်လို့ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိကြပါတယ်။ တကယ် နာကျည်းခံပြင်းလာတဲ့ အခါမှာလဲ အဲဒီကြောက်စိတ်တွေဟာ ခွန်အားအဖြစ် ပြောင်းသွားတတ်ပါတယ်။ ရေရှည်ခိုင်မာတဲ့ စနစ်ကျတဲ့ အင်အားမျိုးတော့ မဟုတ်ပါဘူး။ ကောက်ရိုးမီးလို ဟုန်းကနဲ့ တောက်လာပြီး အချိန်အတော်ကြာတဲ့ အခါပြန်ပျောက် သွားတတ်ပါတယ်။ အထက်ပါ ဥပမာကို ကြည့်မယ်ဆိုရင် အရိုးစွဲနေတဲ့ အကြောက်သေး ကပိုလို့ ဖြေရှင်းရ ခက်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲမှာ ရှိနေတဲ့ အခြေအနေက အဲဒီနှစ်မျိုး ရောထွေးနေတယ်ဆို သေသေချာချာ သုံးသပ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ ရှိနေတဲ့ မခံချင်စိတ်ကြောင့် မကြာခဏ ဆိုသလို ဆန္ဒပြ လှူပ်ရှားမှူတွေထဲမှာ ပူးပေါင်း ပါဝင်လာခဲ့ပြီး လူထု အုံကြွမှူတွေ ဖြစ်လာပေမယ့် စစ်အာဏာရှင်တွေက အင်အားသုံး ဖြိုခွဲလာတဲ့အခါ အရိုးစွဲနေတဲ့၊နှစ်ပေါင်းများစွာ ဖိစီးလာခဲ့တဲ့ အကြောက်တရားကြောင့် အလွယ်တကူ ပြန်ပြီး ပြိုကွဲသွားပါတယ်။

ရိုးစင်းသော နည်းလမ်းတချို့

ကြီးမားတဲ့ အကြောက်တရားကို မခံချင်စိတ် ပြင်းပြလာတဲ့ အချိန်မှာ ဖယ်ရှားဖေါ်ထုတ်ပေး နိုင်သလို အရိုးစွဲ နေတဲ့ အငုံ့စိတ်(သို့)အကြောက်သေးကိုပါ ဖယ်ရှားပေးဖို့ လိုပါတယ်။ တိရိစ္ဆာန်တွေမှာ ငယ်စဉ် ကတည်းက ကြောက်ခဲ့ရတဲ့ အကောင်ကို ဘယ်လောက်ပဲ အကောင်ကြီးလာပေမယ့် ဘယ်တော့မှ မလှန်ရဲတော့ သလိုပါပဲ။ န.အ.ဖဟာ ဒီအချက်ကို အခွင့်အရေးယူပြီး လူထုကို ငယ်နိုင်လို လုပ်နေတာပါပဲ။ ဒါပေမယ့် အဲဒီအကြောက်သေးတွေကို ဖြေရှင်းဖို့ အင်မတန်ရိုးစင်းတဲ့ နည်းလမ်းတချို့ရှိပါတယ်။

အင်္ဂလိပ်စကား အီဒီယမ်မှာ(Face it)ဆိုတဲ့ အသုံးလေးတခု ရှိခဲ့ဘူးပါတယ်။ သူတို့ဆီမှာ လွန်ခဲ့တဲ့ နှစ်အတော်ကြာ လောက်က ပြဇတ်တွေ ကတဲ့အချိန်မှာ တချို့သရုပ်ဆောင်တွေဟာ ဇတ်ခုံရဲ့အရှိန်ကို ကြောက်တာရော ပရိတ်သတ်ကို ကြောက်တာရောနဲ့ တုန်လှုပ် ခြောက်ခြားနေတဲ့အခါ သူတို့အချင်းချင်း အားပေးတဲ့ အနေနဲ့ (Don’t worry man , face it )လို့ ပြောလေ့ပြောထ ပြောထရှိပါတယ်။ အဓိပ္ပါယ်ကတော့ ရင်ဆိုင်ရမယ့် အတူတူ ရင်ဆိုင်လိုက်စမ်းပါလို့ ပြောတာပါပဲ။ အဲဒီစကားတလုံးနဲ့ ကြောက်စိတ်ကို ဖယ်ရှားပြီိး ရင်ဆိုင်ရင်းနဲ့ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဖြစ်သွားတဲ့လူတွေ အများကြီးရှိခဲ့တယ်လို့ မှတ်သားခဲ့ရဘူးပါတယ်။ သူတို့သာ အဲဒီကြောက်စိတ်ကို ရင်မဆိုင်ခဲ့ဘူး ဆိုရင် အောင်မြင်ကြော်ကြားတဲ့ သူတွေဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တင်ပြချင်တဲ့ အချက်က အဲဒီရိုးစင်းတဲ့ အချက်ကလေးပါပဲ။ ဘာကိုကြောက်နေသလဲ ဆိုတာ သေသေချာချာ တွေးခေါ်သုံးသပ်ပြီး ရင်ဆိုင်မှ ပြေလည်မယ်ဆိုရင် ဆိုင်လိုက်ပါဆိုတာပါပဲ။ မြန်မာစကားပုံနဲ့
ပြောရင် "လာမယ့်ဘေး ပြေးတွေ့ " ဆိုတဲ့ သဘောပါ။

စိတ်ပညာရဲ့ သဘောတရားကို နားလည်တဲ့ တချို့ မိဘတွေ ဟာလဲ သူတို့သားသမီးတွေရဲ့ အကြောက် တရားကို သိမ်မွေ့စွာနဲ့ ဖြေရှင်းပေး တတ်ကြပါတယ်။ ဥပမာ သရဲ ကြောက်တတ်တဲ့ ခလေးကို မကြောက်နဲ့လို့ မပြောပဲ ညဘက်မှာ သူတို့ မလုပ်ရဲတဲ့ အလုပ်မျိုးကို နဲနဲချင်း တိုးလုပ်ခိုင်းရင်းနဲ့ အကြောက်တရားကို ဖျောက်ပေး တတ်ကြပါတယ်။ တနည်းဆိုရင် သူတို့ကြောက်နေတဲ့ အရာနဲ့ မသိမသာ ရင်ဆိုင်ခိုင်း တာပါပဲ တကယ် ရင်ဆိုင်ကြည့်လို့ ဘာမှမဖြစ်မှန်း သိလာတဲ့အခါ အဲဒီအကြောက်တရားဟာ အလိုလို ပျောက်ပျက်သွားပါတယ်။

ကျွန်တော်အင်္ဂလိပ်စာ သင်တန်းတက်တော့ အဲဒီ (Face it) ဆိုတဲ့စကားလုံးလေးကို သိလာတဲ့အခါ နှစ်ခြိုက်လို့ ကျွန်တော်ကြောက်တဲ့ ရှောင်လွှဲလို့လည်း မရတဲ့ကိစ္စ တော်တော်များများကို အဲဒီလိုပဲ ရင်ဆိုင်ခဲ့ဘူးပါတယ်။ ရာနှုန်းပြည့် မဟုတ်ပေမယ့် ၉၀ ရာခိုင်နှုန်းလောက်ဟာ ကျွန်တော်ကြောက်ခဲ့သလို ဖြစ်မလာပါဘူး။ ကျန်တဲ့၁၀ရာခိုင်နှုန်း လောက်ကလဲ အဲဒီကိစ္စကို ရှောင်လွှဲမနေပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အတွက် ဖြေရှင်းဖို့ အချိန်ပိုရခဲ့ပါတယ်။

ကြုံခဲ့ပြီးသော အဖြစ်အပျက်များမှ သင်ခန်းစာများ

အခြားအခြားသော မြောက်များစွာသော ဥပမာတွေ ထပ်ပေးနိုင်ပေမယ့် စာဖတ်သူတွေမှာလည်း ကျွန်တော့်လိုပဲ ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ဘူးတဲ့ လူတွေချည်းပဲမို့ ထပ်မံ မတင်ပြတော့ပါဘူး။ လူတိုင်းသာ မတရားဘူးလို့ထင်တဲ့ ကိစ္စတွေကို အကြောက်တရားနဲ့ ကြိတ်မှိတ်ငုံ့ခံမနေပဲ ကိုယ့်အသိ စိတ်ဓါတ်နဲ့ ကိုယ်ဝိုင်းဝန်းရင်ဆိုင်ကြမယ်ဆိုရင် မတရားတဲ့သူတွေဟာ ပြေးစရာမြေတောင် ရှိမှာမဟုတ်ပါဘူး။ ကျောက်တောင်ကြီးကို ခေါင်းနဲ့ ဆောင့်ရင်တော့ ခေါင်းကွဲမှာအမှန်ပါ။ ဒါပေမယ့် မဖြစ်မနေ လုပ်သင့်လုပ်ထိုက်တယ်လို့ ကိုယ့်စိတ်ထဲက ယုံကြည်လာပြီ ဆိုယင်တော့ ဖြစ်နိုင်မယ့် နည်းလမ်းဟာ ထွက်ပေါ်လာမှာပါ။

၁၉၈၈ခုနှစ် အရေးအခင်းတုန်းက မြေနီကုန်းကြက်တန်းအနီးမှာ ကျောင်းသားငယ်လေး တွေကို ဒိုင်းတွေတုတ်တွေကိုင်ထားတဲ့ လုံထိန်းတွေက ရိုက်နှက်နေတဲ့အချိန်မှာ အနားမှာရှိတဲ့ ပြည်သူလူထုက မတရားတာကို သိတဲ့စိတ်နဲ့ ဝိုင်းဝန်း ပါဝင်ပတ်သတ်လာတဲ့ အခါ လုံထိန်းတွေ ခွေးပြေး ဝက်ပြေးပြေး ကြရပါတယ်။ ဒါလဲမတရားတာကို လူထုအားနဲ့ရင်ဆိုင်နိုင်တဲ့ သက်သေပြချက်တခုပါ။

နောက်တခါ ဆန္ဒပြပြည်သူလူထုထဲကို သေနတ်နဲ့ပစ်တဲ့ ကုန်သွယ်ရေးရုံး အပေါ်က လက်နက် အပြည့်အစုံနဲ့ တပ်စိတ် တစိတ်ကို ၁၉၈၈မှာ လက်နက်မဲ့ ပြည်သူလူထုကြီးက ဝိုင်းဝန်းညာသံပေးပြီး ဖမ်းဆီး လက်နက် သိမ်းနိုင်ခဲ့ ပါတယ်။

၈၈အရေးအခင်းကာလမှာလဲ အုပ်ချုပ်ရေး ပျက်သွားတဲ့အချိန်မှာ ကိုယ့်ရပ်ကွက်ကို ကိုယ်စည်းရိုးကာလို့ ကိုယ့်လုံခြုံရေးကို ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် တာဝန်ယူခဲ့ ကြရတာပါ။ ဘယ်မသမာသူ တယောက် ဒါမှမဟုတ် စစ်ကားတစီးမှ ကျူးကျော်မဝင်ရောက်နိုင်ပါဘူး။ တကယ်ဆိုယင် အဲဒီအချိန်ဟာ အရပ်ဖက်အုပ်ချုပ်ရေးရဲ့ အစပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှ မြို့နယ်၊ မြို့နယ်မှ တိုင်းနဲ့ပြည်နယ်၊ အဲဒီကမှ တပြည်လုံးအထိ အရပ်ဘက် အုပ်ချုပ် ရေးကို ဖေါ်ဆောင်နိုင်တဲ့ အချိန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေး ဆက်မယူနိုင် ခဲ့ကြပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်းတဲ့အချိန်ကစလို့ ပစ်တော့ခတ်တော့မယ်ဆိုတဲ့ အကြောက်တရားက ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ စုစည်းမှုတွေကို တခုပြီးတခုဖြိုခွဲသွားတာပါ။ ပစ်ခတ်ဖြိုခွဲခံရတဲ့ နေရာက လက်ချိုး ရေလို့ရပါတယ်။ သူ့အလိုလျောက် ပြိုကွဲသွားတဲ့ နေရာတွေက ရေတွက်လို့တောင် မရပါဘူး။ ဒါဟာ အကြောက်တရားက ပေးတဲ့ ဆုံးရှုံးမှုတခုပါ။

၁၉၉၀ ရွေးကောက်ပွဲမှာလဲ ကျွန်တော်တို့ရဲဝံ့စုစည်းစွာနဲ့ တခါအောင်ပွဲခံနိုင်ခဲ့ပြန်ပါတယ်။ ပြီးမှ နအဖ ခြိမ်းခြောက်ထုတ်ပြန်တဲ့ ဥပဒေတွေကို ကြောက်တဲ့စိတ်နဲ့ ရှုံးခဲ့ရပြန်တာပါ။ ကျွန်တော် ထင်သာမြင်သာတဲ့ ဥပမာတခု နောက်ဆုံးပေးချင်ပါသေးတယ်။

လူမိုက်အစုတ်အပြတ်တွေကို ကောက်သင်းကောက်ထားတဲ့ စွမ်းအားရှင်ဆိုတဲ့ နအဖရဲ့ နေ့စားလူမိုက်တွေ လှည်းတန်းမှာ မစုစုနွေးတို့အဖွဲ့တွေကို အတင်းဝင်ဆွဲနေတဲ့ အချိန်မှာ ဒီလှည်းတန်း အနီးဝန်းကျင်မှာ လူဦးရေ ဟာ မရှိဘူးဆိုရင် ၅၀၀နီးပါးလောက် ရှိပါတယ်။ စွမ်းအားရှင်ဆိုတဲ့ ကလေကချေ အုပ်စုတွေက လွန်ရောကျွံရော ၂၀ယောက်ကျော်ပါပဲ။ ကျွန်တော်အဲဒီဓါတ်ပုံကို ဒီဆောင်းပါးရေး နေတဲ့အချိန်မှာ ကြည့်ရင်း စဉ်စားမိတာ တခုက အဲဒီလှည်းတန်း ပရိတ်သတ် နေရာမှာ ဟိုတုန်းက မြေနီကုန်းက ပရိတ်သတ်သာဆိုရင် အဲဒီ စွမ်းအားရှင် ဆိုတဲ့ လူတွေ ခွေးပြေး ဝက်ပြေး ပြေးရမှာပါ။

မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်နေကြသူ တွေကို မတရားနိုင်ထက်စီးနင်း လုပ်ခံနေရမှန်းလဲလည်း သိပါရဲ့ နဲ့ဝင်ပါတ်သက်ရင် ငါပါ ဒုက္ခဖြစ်လိမ့်မယ် ဆိုတဲ့ အကြောက်တရားကြောင့် ပြည်သူလူထု အများကြီး ကြားမှာ အဲဒီလက်တဆုတ်စာ လူတစုက မတရား လုပ်နိုင်တာပါ။ ဒီနေ့အထိလည်း လူကြား သူကြားထဲမှာပဲ လိုင်စင်ရ အာဏာ ပါးကွက်သား များလို အနိုင့်ထက် ပြုကျင့် နိုင်နေကြတာပါ။

ပြည်သူလူထု ပိုင်ဆိုင်သောအရာ

ကျွန်တော် နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာက တိုင်းပြည်အုပ်ချုပ်မှု အာဏာဆိုသည်မှာ မိမိတို့ ပြည်သူလူထု ပိုင်ဆိုင်သော အရာဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့မှာ ကိုယ့်ကို အုပ်ချုပ်မယ့်သူကို ရွေး ချယ်ပိုင်ခွင့်၊ အများ သဘောတူတဲ့ ဥပဒေတွေ ပြဌန်းပိုင်ခွင့်၊ တရားစီရင်နိုင်တဲ့ အာဏာကို မိမိတို့သဘောကျတဲ့ သူကို အပ်နှင်း ပိုင်ခွင့် စတာတွေ အပါအဝင် အများပြည်သူနဲ့ သက်ဆိုင်သမျှ အားလုံးဟာ ပြည်သူအားလုံး ပိုင်ဆိုင်တဲ့ အရာတွေဖြစ်ပါတယ်။

မိမိပိုင်ဆိုင်တဲ့အိမ်ကို တပါးသူ ဝင်ရောက် နိုင်ထက်စီးနင်း လုပ်ရင် ပြန်လည်တွန်းလှန်ရမယ် ဆိုတာ လူတိုင်း သိကြပါတယ်။ ကိုယ့်ရဲ့ လူပီသတဲ့ အခွင့်အရေးအားလုံးကို အနိုင်ထက် ပြုကျင့် သိမ်းယူထားတဲ့ သူတွေကို တွန်းလှန်ဖယ်ရှားဖို့ ဆိုတာ ပိုတောင် လုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ရဲပိုင်ဆိုင်မှုတွေ ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ အတွက် မိမိတို့ကို ဖိစီး ခြိမ်းခြောက်နေတဲ့ အဲဒီ အကြောက်တရားတွေကို လက်တွေ့ နည်းလမ်းရှာ ရင်ဆိုင်ကြည့်တဲ့ နည်းနဲ့ ရဲရဲဝံ့ဝံ့ အဖြေရှာ ရင်ဆိုင် ကြည့်ကြပါစို့လို့ တင်ပြလိုက်ပါတယ်။



D-Wave
ယခုဆောင်းပါးကို ၂၀၀၈ ဂျူလိုင်လ ၇ ရက်နေ့က ဖေါ်ပြပြီး ဖြစ်ပါသည်။ အချိန်အခါနှင့် တိုက်ဆိုင်၍ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment