Showing posts with label fear. Show all posts
Showing posts with label fear. Show all posts

3.24.2009

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံခြင်းမှ လွတ်ကင်းရေး

အပိုင်း ၇
ဒေါ်ခင်ကြည်က ကျမတို့ကို သူမတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များစွာကို ပြောပြတတ် ပြီး “စု” လည်း ဤအဖြစ်အပျက်အားလုံးကို သိထားပြီးဖြစ်ပါသည်။ ဒေါ်ခင်ကြည်သည် အလုပ်တာဝန်မှ အငြိမ်း စားယူပြီးနောက်မှာပင် အများနှင့် ဆက်ဆံရာ၌ အလွန်သိုသိပ်ခြင်း၊ မှန်ကန်စွာ ဆုံးဖြတ်ခြင်းတို့ ရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာမူ အများသိပြီးဖြစ်သည့်အတိုင်း လက်ရုံးရည်ရော၊ နှလုံးရည်ပါ ပြည့်ဝရအောင် တသက်တာလုံး ကြိုးပမ်းခဲ့ပါသည်။

စု၏ သဘောသဘာဝနှင့် ကြံ့ခိုင်သော စိတ်ဓါတ်တို့၏ ဇစ်မြစ်ကို လေ့လာစူးစမ်းရာတွင် ကျမ၏ရည် ရွယ်ချက်မှာ ဥပမာအားဖြင့် မြေကြီးကိုအမှီပြုကာ အလွန်ထူးဆန်းရှားပါးသော အဖူးအပွင့်ကလေးတစ်ခု ဖြစ်ပေါ် လာရသကဲ့သို့ပင် မိဘနှစ်ဦးကို အရင်းခံပြီး ဤထူးခြားပြောင်မြောက်သော ရင်သွေးတစ်ဦး ဖြစ်ထွန်းလာရပုံကို ဆက်သွယ်ကြည့်ရန်ဖြစ်ပါသည်။

“စု” နှင့် ကိုယ်ကျင့်တရား ဖြောင့်မတ်ခြင်း၊ တည့်မတ်သော ရည်ရွယ်ချက်ပန်းတိုင် ရှိခြင်း၊ မလျော့သော ဇွဲလုံ့လနှင့် စူးစူးစိုက်စိုက် ရည်မှန်းချက်သို့ရောက်အောင် ကြံဆောင်တတ်ခြင်း စသော အရည်အသွေးများသည် အခက်အခဲနှင့် ရင်ဆိုင်ရသောအခါများတွင် စိတ်ဓါတ်ကျလေ့ မရှိခြင်း၊ ဘယ်အရာကိုမဆို အကောင်းဘက်မှ ကြည့်တတ်ခြင်း၊ သူတပါး၏ ဆိုလိုရင်းကို နားလည်တတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှုများ ရန်မူမှုများနှင့် တွေ့ကြုံရ သောအခါ ဣနြေ္ဒမပျက်ခြင်း၊ သန္နိဌာန်ခိုင်ခြင်း စသည်တို့နှင့်လည်း အတူတွဲလျက် ရှိနေပါသည်။ သူမ အောက် စဖို့ဒ်တွင် ပညာသင်ကြားခဲ့သောနှစ်များ၊ အိမ်ထောင်ရှင်မဘဝနှင့် သူမ၏ သားနှစ်ယောက်ကို ပြုစုပျိုးထောင်ရမှု၊ အင်အားချိနဲ့သူများနှင့် သက်ကြီးရွယ်အိုများအပေါ် ဂရုစိုက် စောင့်ရှောက်တတ်မှု၊ သူမ၏ ကျယ်ပြန့်သော သူငယ်ချင်း မိတ်ဆွေအသိုင်းအဝိုင်း၊ ပိုမိုတိုးပွားလာသော သူမ၏ စိတ်ဝင်စားမှုများ၊ သူမ၏အဆိုအရ သူမခင်ပွန်းသည်ကို စံနမူနာပြု၍ အားကျအတုယူပြီး ပညာထူးချွန်အောင် လေ့လာလိုက်စားမှု၊ နောက်ပိုင်းနှစ် များတွင် ရရှိခဲ့သော အတွေ့အကြုံများ အားလုံးတို့ကို စုပေါင်းလိုက်သောအခါတွင် ရလဒ်မှာ ရင့်ကျက်မှု၊ လိုက်လျောညီထွေ ဆက်ဆံတတ်မှု အလွန်အရေးပါသော စိန်ခေါ်မှုများကို လိုလားစွာ ကိုင်တွယ်နိုင်စွမ်း ရှိလာမှုတို့ပင် ဖြစ်ပါသည်။ အတိုပြောရလျှင် “စု”သည် ဖိနှိပ်ခံနေရသော ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ရာ၊ အားထားရာ ဖြစ်လာပါသည်။

ယခု လက်ရှိအခြေအနေတွင် သူမအတွက် အချိန်သည် ရပ်တန့်လျက် ရှိနေသကဲ့သို့ ထင်ရသော်လည်း သူမ၏ အရည်အသွေးများ ပိုမိုစူးရှတောက်ပြောင်လာမှုကိုမူ မတားဆီးနိုင်ပါ။ သူမကို ဖိနှိပ်ချုပ်ချယ်ရသော လူတစုကိုယ်တိုင်ကပင် သူမကို အထင်မကြီးဘဲ မနေနိုင်ကြဟု ယူဆပါသည်။ မြန်မာပြည်သူ၊ ပြည်သားများ အပေါ် လွှမ်းခြုံလျက်ရှိသည့် “ကြောက်ရွံ့ခြင်းဆိုသော မှိုင်းထုကြီး” ကို ဖြိုခွဲပစ်ရန် သူမ၏ ကြိုးပမ်းချက်များမှာ အလွန်မွန်မြတ်လှသော ရည်မှန်းချက်တရပ်ဖြစ်ပြီး၊ ဤရည်မှန်းချက် အောင်မြင်အောင် တိုက်ပွဲဝင်ရန်အတွက် သူမတွင် ကာယစွမ်းရည်၊ ဥာဏ်စွမ်းအား၊ ဖြူစင်သောကိုယ်ကျင့်တရားတို့နှင့်လည်း ပြည့်စုံပြီးဖြစ်ပါသည်။ အရေးတော်ပုံ အောင်ပါစေ။

“စု”နှင့် သူမ၏ မိသားစုတို့အကြောင်းကို အထက်ပါအတိုင်း ကျမရေးခဲ့သည်မှာ အချိန်အတော်ကြာ သွားပြီဖြစ်ပါသည်။

ဤအချိန်အတွင်း ကျွန်မတို့၏ မြန်မာပြည်သူများ မည်သို့သောအခြေအနေများ ကြုံတွေ့နေကြရပါသ လဲ။ “စု” တစ်ယောက်ရော ဘယ်မှာလဲ။ မြန်မာပြည်သူ၊ ပြည်သားများ ကောင်းစားရေးအတွက် ကြိုးပမ်းနေ သည်ဟု အသံကောင်းလွှင့်နေသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)က သူတို့အပြော နှင့်ညီအောင် ဘာတွေများလုပ်နေကြပါသလဲ။

ဝမ်းနဲစရာကောင်းလောက်အောင်ပင် ကျမတို့ မြန်မာပြည်သူလူထု၏ ဘဝများမှာ ပင်ပန်းဆင်းရဲမှုနှင့် နာကျင်မှုများ ပြည့်နှက်လျက်ရှိနေဆဲဖြစ်ပါသည်။ သာမန်လူတစ်ယောက်အတွက် လူနေမှုအဆင့်အတန်းမှာ လည်း နိမ့်ကျမြဲသာဖြစ်ပါသည်။ နဝတ က ဈေးကွက်တွင် လူသုံးကုန်များ ပို၍ ပေါများလာပါသည်ဟု ဆိုသော် လည်း ကုန်ဈေးနှုန်းများမှာ တက်မြဲတက်လျှက်သာ ဖြစ်နေပါတော့သည်။ မြန်မာတပြည်လုံးကို ကြောက်ရွံ့ခြင်း က လွှမ်းမိုးထားဆဲဖြစ်ပါသည်။ တပ်မတော် ထောက်လှမ်းအဖွဲ့ဝင်များကလည်း ထုံးစံအတိုင်း နေရာအနှံ့ ရှိနေ ပါသည်။ မည်သူမှ တစ်ဦးပေါ်တစ်ဦး မယုံကြည်ရဲကြပါ။ ဥပဒေနှင့်မညီသော တဖတ်သက်အမိန့်စီရင်ချမှတ်ခြင်း များ၊ တရားမျှတမှုမရှိခြင်းနှင့် တပ်မတော်ကသာ ကြီးစိုးခြယ်လှယ်ခြင်းတို့လည်း ဆက်၍ဖြစ်ပွားနေပါသည်။ အာဏာချုပ်ကိုင်ထားသော တပ်မတော်အတွင်း အဂတိလိုက်စားမှုများအကြောင်းကိုလည်း လူတိုင်းအသိပင်ဖြစ် ပါသည်။ မည်သည့်ဝေဖန်မှုကိုမှ ခွင့်မပြု၊ လက်ခံကြပါ။ လွတ်လပ်စွာပြောဆိုခွင့်ဆိုသည်မှာလည်း လုံးဝမရှိပါ။

နဝတ က ၎င်းတို့၏ ကန့်သတ်ချုပ်ချယ်မှုပေါင်းများစွာထဲမှ အနည်းငယ်ကို အလျော့ပေးသယောင် ဟန် ပြသော်လည်း ၎င်းတို့အပေါ်တွင် လူထုက ယုံကြည်လာအောင် မလုပ်နိုင်ပါ။ ထိုင်း၊ တရုတ်နှင့် မြန်မာတို့မှောင်ခို ကူးခြင်းလုပ်ငန်းကို တရားဝင်ခွင့်ပြုပြီး လမ်းများ ဖွင့်ပေးလိုက်ခြင်းသည်လည်း ဆင်းရဲသားများ၏ ဘဝများကို မည်သို့မျှ မချောင်လည်စေပါ။ စစ်အစိုးရက တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ပိုမိုခင်မင်ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် စစ် လက်နက်များ ဝယ်ယူနိုင်ရန်နှင့် ဖက်စပ်စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြံဆောင်ချက်များမှာလည်း မြန် မာပြည်သူပြည်သား အပေါင်းတို့၏ အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွက် ဆင်းရဲ တွင်းပို၍ နက်စေပါသည်။ နိုင်ငံအတွင်မှ သဘာဝသယံဇာတများကို မတန်တဆ ဈေးများလျော့၍ရောင်းပြီး ရ သည့်ငွေဖြင့် လူနည်းစုတိုင်းရင်းသားများနှင့် ဖြစ်နေသော မဆုံးနိုင်သည့် ပြည်တွင်းစစ်ပွဲများတွင် အသုံးပြုရန်အ တွက် လက်နက်များဝယ်ယူကြပါသည်။

နဝတ က သူတို့ပြောသမျှကို ခေါင်းညိတ်မည့်သူများဟု ယူဆရသော နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်အချို့ကို ရွေးချယ်ခေါ်ယူပြီး အမျိုးသားညီလာခံတရပ် ကျင်းပနေပါသည်။ သူတို့က “ပါတီစုံဒီမိုကရေစီ စနစ်ကို အရင်းခံသော အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရန်” ကြိုးပမ်းနေသည်ဟု ပြောပါသည်။ သူတို့ရွေးချယ် ခေါ်ယူထားသော “ဟုတ်ကဲ့” ဟုသာဖြေရမည်ဟု ယူဆရသည့် ပါတီကိုယ်စားလှယ်များထဲမှပင် အချို့က နောင် အနာဂတ်တွင်လည်း စစ်တပ်က ယခုလိုပင် နိုင်ငံရေးတွင် ဦးစီးဦးဆောင်ပြုသော အခန်းကဏ္ဍမှပါဝင်နိုင်ရန် အ ဆိုပြုသည်ကို ကန့်ကွက်ခဲ့ကြပါသည်။ စူးစမ်းလေ့လာသူများက ဤအမျိုးသားညီလာခံကို လက်ရှိအာဏာရှင် များအနေနှင့် အာဏာကို အချိန်အကန့်အသတ်မရှိ ဆုပ်ကိုင်ထားနိုင်အောင် အကွက်ဆင်ထားသော လုပ်ရပ်တ ခုသာဖြစ်သည်ဟု သတ်မှတ်ကြပါသည်။

နဝတ အစိုးရသည် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်သော လုပ်ရပ်များအတွက် ကဲ့ရဲ့ရှုတ် ချမှု အမျိုးမျိုးခံရပါသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်များတွင် ထိုသို့သော ဝေ ဖန်ကန့်ကွက်သည့် ဆုံးဖြတ်ချက်စာတမ်းများ ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၂ခုနှစ်တွင် ထုတ်ပြန်သောကြေငြာချက် တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက သတ်သတ်မှတ်မှတ် အမည်နှင့်တကွ ထုတ်ဖော်ကာ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ အခြားထိန်းသိမ်းခံနေရသည့် နိုင်ငံရေးသမားများအား လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ဂျီနီဗာမြို့၌ကျင်းပသော ဆွေးနွေးပွဲတွင် နိုင်ငံရေးအ ကျဉ်းသားများအား လွှတ်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး အတိုက်အခံအဖွဲ့၏ အထင်ရှားဆုံးခေါင်းဆောင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နဝတ က ဆက်၍ဖမ်းဆီးထားခြင်းကိုလည်း ရှုတ်ချခဲ့ပါသည်။ ဤကော်မ ရှင်က မြန်မာပြည်အတွင်း၌ ဆက်လက်ဖြစ်ပွားနေသော ပို၍ဆိုးဝါးလာသည့် လူ့အခွင့်အရေးချိုးဖောက်ကျူးလွန် မှုများ၊ ဥပမာ ရွာများကို ရွာလုံးကျွတ် အဓမ္မပြောင်းရွှေ့စေခြင်း၊ ပြည်သူများကို အတင်းအကြပ် စစ်တပ်အတွက် ပေါ်တာများအဖြစ်ခိုင်းစေကာ အစာမကျွေးဘဲထားခြင်း၊ စစ်ကြောင်းအရှေ့မှ မိုင်းရှင်းရာတွင် လူများကိုအသုံးချ ခြင်း၊ စစ်ပွဲများမှ ဖမ်းဆီးသော စစ်သုံ့ပန်းများကိုရော၊ နိုင်ငံရေးအကျဉ်းသားများကိုပါ လူမဆန်စွာ ညှဉ်းပမ်းနှိပ် စက်ခြင်းများအပါအဝင် အခြားမြောက်များလှစွာသော လူ့အခွင့်ရေးချိုးဖောက်မှုများကို သွားရောက်လေ့လာပြီး ပြန်လည်တင်ပြ အစီရင်ခံရန်အတွက် အထူးကိုယ်စားလှယ်အဖွဲ့များအား နှစ်ကြိမ်စေလွှတ်ခဲ့ပါသည်။

နဝတအစိုးရသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တလေးတစားဆက်ဆံမှုကို ဆုံးရှုံးခဲ့ပြီး ယခု မှသာ ပြုပြင်ထားသော အသွင်တမျိုးအား ကမ္ဘာ့နိုင်ငံများကို တင်ပြရန် ကြိုးစားနေပါသည်။ အချည်နှီးပါတည်း။ ယောင်္ကျား၊မိန်းမ ကလေးများပါမကျန် ဘုန်းတော်ကြီးများအားလုံးတို့မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီလွတ်လပ်ခွင့် နှင့် လူ့အခွင့်အရေးများကို တောင်းဆိုခဲ့ကြသူများဖြစ်ပြီး ထိုမြန်မာပြည်သူလူထုအပေါင်းအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို မည်သည့်အခါမှ မေ့နိုင်ကြမည်မဟုတ်ပါ။ ယခုတိုင် ပြင်းထန်ကြမ်းတမ်းရက်စက်သော နည်း မျိုးစုံဖြင့် အတိုက်အခံမှန်သမျှကို နှိမ်နင်းချေမှုန်းနေရာတွင် အထူးသဖြင့် လူမဆန်သော ညှင်းပမ်းနှိပ်စက်မှုများ အသုံးပြုနေကြသည်ကို လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် အစိုးရများက စုံစမ်းသိရှိခဲ့ကြပြီး ရှုတ်ချကန့်ကွက်ခဲ့ ကြပါသည်။ နဝတ၏ အသိသာအထင်ရှားဆုံးသော အပြစ်တခုမှာ ၁၉၉၀ပြည့်နှစ် မေလတွင်ကျင်းပခဲ့သော ရွေး ကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် “စု” တည်ထောင်ခဲ့ပြီး နိုင်ငံရေးမြေပုံပေါ်ကိုတင်ခဲ့သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ အာဏာလွှဲပြောင်းရေးကိစ္စကို မရေရာဝေးကွာလှသည့် အနာဂတ်ဆီသို့ ရွှေ့ ဆိုင်းထားခြင်းပင်ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများအလယ်တွင် နဝတ စစ်အစိုးရ၏ ဂုဏ်သိက္ခာမှာ ကျဆင်းခဲ့ရသ၍ “စု” မှာမူ သူမ၏ နိုင်ငံတွင်း၌သာမက တကမ္ဘာလုံး၏အမြင်တွင် ဂုဏ်ရှိန်မြင့်တက်ကျော်ဇောလျက် ရှိနေပါတော့ သည်။ သူမကို အကျယ်ချုပ်နှင့်ဖမ်းဆီးထားပြီး လူမြင်ကွင်းမှ ဖယ်ရှားထားသည့်ကြားကပင် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ၁၉၉၀ မေလရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများဆုံး အနိုင်ရခဲ့ပါသည်။ ကမ္ဘာ့နေရာအနှံ့အပြား က သူမကို ဂုဏ်ထူးများ၊ ဆုများ အမြောက်အများ အပ်နှင်းခဲ့ပါသည်။ ထိုအထဲမှ အမြင့်မားဆုံးဆုတစ်ခုမှာ သူမ ၏ အကြမ်းမဖက်သော ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနှင့် သူမ၏ ပြည်ထောင်စုသားများအတွက် လူ့ အခွင့်အရေးရရှိအောင် ရပ်တည်ချက်၊ ကြိုးပမ်းချက်များအတွက် ၁၉၉၁ခုနှစ်တွင် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသော နိုဘဲလ်ငြိမ်းချမ်းရေးဆုပင်ဖြစ်ပါသည်။ နိုဘဲလ်ကော်မတီ၏ သဘာပတိက ဆုပေးပွဲတွင် မိန့်ကြားခဲ့သော မိန့်ခွန်း တွင် “သူမသည် ယခုအခါ၌ မြန်မာနိုင်ငံတွင်သာမက ကျန်အာရှတခွင်နှင့် အခြားသော ကမ္ဘာ့နေရာအနှံ့အပြား တို့တွင် ပေါ်ပေါက်နေသော အကြမ်းဖက်မှုတို့ကို ဆန့်ကျင်တိုက်ဖျက်ရေးနှင့် လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးတို့အတွက် လှုပ်ရှားမှုများ၏ အထိန်းအမှတ် သင်္ကေတတစ်ခုပင်ဖြစ်ပါသည်” ဟု ပြောသွားပါ သည်။

၁၉၉၃ခု နှစ်ဦးပိုင်းက တောင်အာဖရိကမှ ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့တူးတူးနှင့် တိဘက်ဘုန်း တော်ကြီး ဒလိုင်လားမားတို့အပါအဝင် အခြားနိုဘဲလ်ဆုရှင်များပါဝင်သည့် အဖွဲ့တဖွဲ့က ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးရန် အထူးတိုက်တွန်းခဲ့ပါသည်။ သို့သော် အရာမထင်ခဲ့ပါပေ။ ထိုအဖွဲ့က သတင်းစာရှင်း လင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။ နဝတနှင့် ကမ္ဘာတဝှမ်းသို့ အသံလွှင့်ခဲ့ပါသည်။ သူတို့က “ဒေါ်အောင်ဆန်းစု ကြည် ကမ္ဘာတဝှမ်းတွင် လွတ်လပ်ခြင်း၏ အထိန်းအမှတ်သင်္ကေတတစ်ခုဖြစ်ပြီး မြန်မာပြည်သူလူထုတရပ်လုံး ကိုလည်း စိတ်ဓါတ်တက်ကြွအောင် လှုံ့ဆော်နိုင်ဆဲပင်ဖြစ်ပါသည်။ သူမကို လွတ်လပ်ခွင့်ပြန်ပေးရန် သင့်ပါ သည်” ဟု ပြောခဲ့ပါသည်။

အင်းလျားကန်ဘေးမှ သူမ၏ နေအိမ်အတွင်း တဦးတည်း အချိန်ကြာရှည်စွာ ချည်နှောင်မှုခံနေရသည် မှာ ယခုဆိုလျှင် ငါးနှစ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော “စု” အကြောင်းကို ကျမတွေးနေမိပါသည်။ ဤသို့သော ဆိုးဝါးလှသည့် အခြေအနေမျိုးကို ရင်ဆိုင်နိုင်အောင် ဘယ်အရာကများ သူမကို စွမ်းဆောင်ပေးနေ ပါလိမ့်။

သူမအကောင်အထည်ဖေါ် ကြံဆောင်လျက်ရှိသည့် ရည်မှန်းချက်မှာ အထူးမွန်မြတ်လှပြီး မလွဲမသေမု ချ အောင်မြင်ရလိမ့်မည်ဟူသော မည်သို့မျှ ယိုင်နှဲ့ဖျက်ဆီးပစ်၍ မရနိုင်သည့် ခိုင်မာသောယုံကြည်ချက်တစ်ခု သူမတွင် ရှိပါလိမ့်မည်။

ဒီမိုကရေစီနှင့် မြန်မာပြည်သူအပေါင်းအတွက် လူ့အခွင့်အရေများရရှိအောင် ကြိုးပမ်းချက်များအပေါ် တွင်လည်း “စု” က သူမ၏ မိသားစုထံမှ အဆုံးစွန်သော ယုံကြည်မှု၊ နားလည်မှုနှင့် ထောက်ခံအားပေးမှုများကို ရထားပါသည်။ “စု” ထံတွင် ပင်ကိုယ်စွမ်းရည်သတ္တိများ ရှိထားပြီးဖြစ်ပါသည်။ စူးရှထက်မြက်သော စိတ်စွမ်း အားနှင့် အသိဥာဏ်၊ အလိမ္မာများလည်း ပြည့်စုံပြီးဖြစ်ပါသည်။ စည်းစနစ်လည်းကျပြီး သူမ၏ဘဝကို ပညာဗဟု သုတရှာဖွေခြင်းနှင့် ဗုဒ္ဓဘာသာတရားတော်များကို လေ့လာကျင့်ကြံခြင်းအားဖြင့် ဖြည့်ဆည်းတတ်ပါသည်။

သူမ၏ဖခင် ဗိုလ်ချုပ်၏ စွမ်းဆောင်ချက်များ၊ မြန်မာပြည်သူလူထုအပေါ်ထားသော ဗိုလ်ချုပ်၏ မေတ္တာ စေတနာနှင့် လူထုတရပ်လုံးကလည်း ဗိုလ်ချုပ်ကို လေးစားချစ်ခင်စွာ သတိရလျက်ရှိနေကြောင်းများကို “စု” အ မြဲစဉ်းစားနေလိမ့်မည်ဟု ကျမထင်ပါသည်။

သူမက အမျိုးသားပြန်လည်စည်းလုံးညီညွှတ်မှု ရရှိရေးနှင့် ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းပြီး သဘော ထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေးအတွက် အဓိပ္ပါယ်ရှိသော စေ့စပ်ဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်အောင် နဝတ အစိုးရကို ယခင်ကလည်းဖိတ်ခေါ်ခဲ့ပြီး ယခုထိလည်း ဖိတ်ခေါ်နေဆဲဖြစ်ပါသည်။

“စု” သည် ကျမတို့၏ မြင်ကွင်းများမှ ပျောက်နေသော်လည်း ကျမတို့၏ အတွေးများထဲမှ မည်သည့်အခါ မှ ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပါ။ မြန်မာပြည်သူပြည်သားများရော၊ ပြည်ပတွင်ရောက်နေသူ မြန်မာတိုင်း ရင်းသားများပါ အားလုံးက “စု” ကိုသတိရနေပြီး၊ “စု” အကြောင်းကို တွေးတောလျက် ရှိနေကြပါသည်။ ကမ္ဘာ ကလည်း “စု” လွတ်မြောက်လာမည့်နေ့ကိုလည်း စောင့်မျှော်လျှက်၊ မြန်မာပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်အောင် လမ်းပြခေါ်ဆောင်ရမည့် သူမ၏ ကံကြမ္မာကို သူမဖြည့်ဆည်းခွင့်ရတော့မည့် ထိုအချိန်အခါ ကို စောင့်ကြည့်နေကြပါသည်။ “စု” သည် ပြည်သူလူထုနှင့်အတူ ရှိနေပါသည်။ “စု” သည် ပြည်သူလူထုဘက်မှ သာ ရပ်တည်ပါသည်။မြန်မာပြည်သူလူထု၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်များကို “စု” ကဖြည့်စွမ်းပေးမည်ဆို သည်ကို စိုးစဉ်းမျှပင် သံသယမဖြစ်မိပါ။

”စု” လွတ်မြောက်လာမည့်နေ့ကိုသာ ကျမတို့အားလုံး မျှော်လင့်တကြီး စောင့်စားနေမိကြပါတော့သည်။


မသန်းဧ

၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ

3.12.2009

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

ကုလသမဂ္ဂရုံး၌ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် “စု” သည် ဆက်လက်တာဝန်မထမ်းတော့ဘဲ သားသမီးများနှင့် သိုက်သိုက် ဝန်းဝန်းရှိမည့် အိမ်ထောင်သည်ဘဝကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သို့နှင့် ဘဝသစ်တရပ်စပါတော့သည်။ ဤအချိန်မှစသော ဖြစ်စဉ်များမှာ အများသိပြီးဖြစ်ပါ သည်။ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်သည် နှစ်အတော်ကြာကပင် ဟိမဝန္တာနိုင်ငံလေးဖြစ်သော ဘူတန်၌ ဘုရင့်သားသမီးများ၏ စာပြဆရာအဖြစ်၎င်း အစိုးရဘာသာပြန်ဌာန အကြီးအကဲအဖြစ်၎င်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ “စု” လည်း ဘူတန်၌ တနှစ်ခန့်နေခဲ့ပါသည်။ ဘူတန်သည် ကုလသမဂ္ဂအဖွဲ တွင်းသို့  မကြာသေးမီကမှ ဝင်ခဲ့သဖြင့်“စု” သည် ချက်ချင်းပင် ဘူတန် နိုင်ငံခြားရေးရုံး၌ ကုလသမဂ္ဂကိစ္စများဆိုင်ရာ အကြံပေးအရာရှိအဖြစ် အလုပ်ရပါသည်။ “စု” တို့ ဇနီးမောင်နှံသည် သားဦး “အလက်ဇန္ဒား”အား မျက်နှာမြင်ရန် အင်္ဂလန်သို့ပြန်လာပါသည်။ မိုက်ကယ်ကား လန်ဒန်တက္ကသိုလ်၌ ပါရဂူဘွဲ့ သင်တန်းစတင်ပြီး၊ များမကြာမီ အောက်စဖို့ဒ်ပညာရှင် အလုပ်ခွင်ထဲဝင်လိုက်ပါသည်။ ဒုတိယသား “ကင်မ်”ကို ၁၉၇၇ ခုနှစ်တွင် ဖွားမြင်ပါသည်။ “စု” လည်း ကလေးများအား ပြုစုပျိုးထောင်ခြင်း၊ ရန်ကုန်ရှိ မိခင်ထံ အလည်အပတ်သွားခြင်းတို့ဖြင့် အေးဆေးစွာနေခဲ့ပါသည်။

မိသားစုကို ကြည့်ရှုထိန်းသိမ်းရင်း “စု” စာပေများ စ၍ရေးသားပါသည်။

စာဖတ်ဝါသနာသန်သည့်အလျောက် သူမသည် အင်္ဂလိပ်နှင့်ပြင်သစ်ဘာသာစာအုပ် အမြောက်အမြား စုဆောင်းထားပါသည်။ မိုက်ကယ်၏ တိဗက်စာပေ ရေးရာ သုတေသနများနှင့်ဆိုင်သော စာအုပ်စာတမ်းများလည်း တနေ့ထက်တနေ့များပြားလာပါသည်။ သို့နှင့် သူတို့၏ အောက်စဖိုဒ်နေအိမ်မှာ စာအုပ်များနှင့်ပြည့်လျှံနေပါသည်။

ကလေးများလည်း စာဖတ်ဝါသနာပါသူများအဖြစ် ကြီးပြင်းလာပါသည်။ “စု” သည် သူမ ဖခင်၏အထုပ္ပတ္တိရေးရန် စတင်စဉ်းစားပါသည်။ ဂျပန် ဘာသာ၏စကား ကို ဇွဲကြီးစွာဖြင့်စူးစူးစိုက်စိုက် သင်ပါတော့သည်။ မြန်မာပြည်အကြောင်းရေးထားသော အင်္ဂလိပ်နှင့် မြန်မာ စာအုပ်များ၊ ဂျပန်ပြည်အကြောင်း ရေးထားသော အင်္ဂလိပ်နှင့် ဂျပန်စာအုပ်များ တဖြည်းဖြည်း စုဆောင်းမိလာသည်။ ဖခင် အထုပ္ပတ္တိ စာအုပ်ပြုစုရန် သုတသနစတင်ပါသည်။ လန်ဒန်ရှိ အရှေ့ တိုင်းနှင့် အာဖရိကဆိုင်ရာကျောင်း၌ ပါရဂူဘွဲ့ယူရန်လည်း စတင်စီစဉ်ပါသည်။ ထိုအချိန်က သူမ၏လုပ်ကိုင်လှုပ်ရှားမှုများသည် လုံ့လကြီးခြင်းနှင့် သန္နိဋ္ဌာန်ခိုင်ခြင်းကိုပြသသည်ဟု ဆိုရပေမည်။ ၁၉၈၅ ခုနှစ်တွင် ဂျပန်နှင့်ဆက်စပ်သော သူမ ဖခင်၏ ဘဝအစိတ်အပိုင်းနှင့်ပတ်သက်၍ သုတေသနပြုရန် တိုကျိုတက္ကသိုလ်က ကမ်းလှမ်းသော ပညာသင်ဆုကို “စု” လက်ခံလိုက်ပါသည်။ ဂျပန်-မြန်မာအစည်းအရုံးဝင်များကို တွေ့ဆုံကာ၊ ၎င်းတို့မှတဆင့် သူမ ဖခင် နှင့် သိကျွမ်းခဲ့သော အသက်ရှင်ဆဲရှိနေသည့် ဂျပန်များနှင့် အဆက်အသွယ်ပြုခဲ့ပါသည်။ တွေ့ဆုံသူတိုင်းက သူမအား ထိုစဉ်က အဖြစ်အပျက်များ အကြောင်း တခုမဟုတ်တခု ပြောပြကြပါသည်။ ဂျပန်များအကြောင်း ဗဟုသုတတိုးပွားလာပြီးအဆက်အသွယ်များလည်း ကျယ်ပြန့််လာပါသည်။ ထိုအချိန်၌ မိုက်ကယ်သည် အိန္ဒိယပြည်ပြောက်ပိုင်း ဆင်းမလားမြို့ ရှိ အိန္ဒိယနိုင်ငံ အဆင့်မြင့် စာပေ လေ့လာရေးဌာန၌ သုတေသနပညာရှင်တဦးဖြစ် ရောက်ရှိနေပါသည်။

သားကြီးက အောက်စဖို့ဒ်တွင် ကျောင်းအိပ်ကျောင်းစားအဖြစ် နေခဲ့ပြီး၊ သားငယ်က “စု” နှင့် တိုကျိုသို့ပါလာပါသည်။ ၁၉၈၆ ခုနှစ်တွင် ကျမကို တိုကျိုတက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ရိပ်သာ၌ သူတို့နှင့်အတူ လာနေရန် “စု” က ဖိတ်ခေါ်ပါသည်။ ကျမလည်း သုံးလခန့်သွားနေဖြစ်ပါသည်။ ဂျပန် များနှင့်၎င်း၊ ဘာသာရပ်အမျိုးမျိုးလေ့လာရန် ဂျပန်ပညာသင်ဆုများရရှိထားသော နိုင်ငံတကာမှ ပညာရှင်များနှင့်၎င်း “စု” ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိပါသည်။

ဂျပန်၌ ဖြစ်မြောက်မှုအတော်ရှိသည်ဟု စု ယူဆပါသည်။ နောက်နှစ်နှစ်တွင် ဆင်းမလားရှိ မိုက်ကယ်ထံသို့ “စု” သားငယ်နှင့် အင်္ဂလန်မှ သားကြီးပါ ရောက်လာကာ မိသားစုအားလုံး ပြန်ဆုံကြပါသည်။ မိုက်ကယ် အလုပ်လုပ်နေသောဌာန၌ “စု” လည်း သုတေသန ပညာရှင်အဖြစ် ခန့်အပ်ခြင်းခံရပါသည်။ ၁၉၈၇ ခုနှစ်တွင် ကျမ အိန္ဒိယ၌ ရှိသည်ဖြစ်ရာ သုတေသနရှိသူတို့တိုက်ခန်း၌ တလခန့် ပျော်ပျော်ပါးပါး သွားလည် နိုင်ခဲ့ပါသည်။

ဌာနတည်ရှိရာ အဆောက်အဦးကြီးသည် လွတ်လပ်ရေးမရမီအချိန်ကာလက ဗြိတိသျှဘုရင်ခံချုပ်များနှင့် ၎င်းတို့၏ရုံးအဖွဲ့များ နွေရာသီတွင် နေထိုင်ရာ အိမ်တော် ဖြစ်ပါသည်။

ထိုနှစ်တွင်ပင် ဒေါ်ခင်ကြည်သည် မျက်စေ့မှတိမ်ကို ခွဲစိတ်ကုသရန်အတွက် လန်ဒန်သို့ရောက်လာပါသည်။ ခွဲစိတ်မှုများ အောင်အောင်မြင်မြင်ရှိသဖြင့် ဆေးကုသမှုကြောင့်မသက်မသာရှိရသော်လည်း ဒေါ်ခင်ကြည်အတွက် စိတ်ရွှင်လန်းချမ်းမြေ့ဖွယ်အချိန် ဖြစ်ပါသည်။ “စု” သည် ဆင်းမလားမှ သူမ၏ အလုပ်ကို ရပ်ထားခဲ့ကာ မိခင်ကို ပြုစုရန် ရောက်လာပါသည်။ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်အလုပ်လုပ်နေသာ သူမ အကိုလည်း ဆယ်ရက်ခန့် အလည်ရောက်လာပါသည်။ ကျမလည်း လန်ဒန်၌ ရှိသည့် အလျောက် ဒေါ်ခင်ကြည်ကို နေ့တိုင်းလိုလိုပင် တွေ့ဖြစ်ပါသည်။ အခြားမိတ်ဆွေဟောင်းများ၊ မိတ်ဆွေသစ်များလည်း လာ၍ သတင်းမေးကြကာ ရယ်ရယ်မောမော ရှေးဟောင်းနှောင်းဖြစ်များအကြောင်း ပြောလိုက်ကြနှင့် ရွှင်လန်းချမ်းမြေ့ဖွယ် ဖြစ်ပါ သည်။ ဒေါ်ခင်ကြည် တည်းနေသော တိုက်ခန်းသည် သစ်သီးများ၊ ပန်းများနှင့် မြန်ဆန်စွာရောဂါပျောက်ကင်းကျန်းမာစေရန် ဆုတောင်း ပို့သသော ကဒ်များနှင့်ပြည့်နေပါသည်။ “စု” သည် အိမ်ထောင်မပြုမီက၎င်း၊ အိမ်ထောင်ပြုပြီးသောအခါ၌၎င်း မြန်မာပြည်ရှိမိခင်ထံ မှန်မှန် အလည်သွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် သား မြေးများ ကြီးပြင်းလာသည်ကို မြင်ခဲ့ရပြီး မျက်စေ့မခွဲမီနှစ်တွင် မိမိ၏ရန်ကုန်အိမ်၌ ကလေးများ၏ ရှင်ပြုမင်္ဂလာပွဲကို ကိုယ်တိုင်ကြီးကြပ်ပြီးကျင်းပခဲ့ပါသည်။ လန်ဒန်တွင် နှစ်နှစ်ကြာနေပြီးနောက် ဒေါ်ခင်ကြည်သည် မျက်စိများ အတော်အခြေအနေကောင်းလာပြီဖြစ်၍ မြန်မာပြည်သို့ ရွှင်လန်းစွာပြန်သွားပါသည်။ လန်ဒန်ကို အလည်ရောက်စဉ်က မည်မျှ စိတ်ချမ်း မြေ့ခဲ့ကြောင်း၊



ဘူတန်နိုင်ငံ တောင်ပေါ်ခရီး ၁၉၇၁ ခုနှစ်



ခင်ပွန်းမိုက်ကယ်အဲရစ်နှင့်အတူ၊ မော်လမြိုင်မြို့ တွင် ၁၉၇၃ ခုနှစ်


သားဦးအလက်ဇန္ဒား

မြင့်ဆန်းအောင်

နှင့်အတူ

၁၉၇၃




သားများကို ၁၉၈၇ ခုနှစ်တွင် ရှင်ပြုစဉ်က ဝဲမှယာ ကင်မ် ရှင်တေဇ၊ ဦးပဉ္ဇင်း၊

ရွှေကြက်ယက်ဆရာတော်ပျံလွန်၊ဦးပဉ္ဇင်း၊အလက်ဇန္ဒား ရှင်ပညာ

၎င်းတို့နှင့် တွေ့ဆုံခဲ့ရသည်ကိုလည်း ပီတိဖြစ်ရကြောင်း စသဖြင့်မိတ်ဆွေအများအပြားကို စာရေးအသိပေးပါသည်။ သို့သော် ရန်ကုန် ပြန်ရောက်၍မှ ဆယ်လ မပြည့်မီ နောက်နှစ် ၁၉၈၈ မတ်လကုန်ပိုင်းတွင်ပြင်းထန်သော လေဖြတ်ခြင်းဒဏ်ကို ခံရပါသည်။ “စု”၊ မိုက်ကယ်နှင့် သားနှစ်ယောက်သည် အိန္ဒိယမှ အောက်စဖို့ဒ်သို့ ၁၉၈၇ စက်တင်ဘာလအတွင်း ပြန်ရောက်လာခဲ့ကြပြီး တက္ကသိုလ် ပညာရှင်များ လောကတွင် ပြန်လည်နေသားကျစအချိန်၌ ဒေါ်ခင်ကြည် လေဖြတ်ကြောင်းသတင်း ရောက်လာပါသည်။ “စု” လည်း ချက်ချင်းပင် ရသည့်လေယာဉ်ဖြင့်မိခင်အား ပြုစုရန် ရန်ကုန်သို့ လိုက်သွားပါသည်။

၁၉၈၈ ခုနှစ် မြန်မာပြည်အတွင်း အဖြစ်အပျက်များကို အများသိပြီးဖြစ်ပါသည်။ နှစ်ဦးပိုင်းက ဆန္ဒပြကျောင်းသားများ သေနတ် ပစ်ခတ်ခြင်း ခံကြရစဉ်က စ၍ပြဿနာများ၊ ပေါ်ပေါက်မည့်အလားအလာများ ရှိခဲ့ပါသည်။ နောင်တွင် ဆန္ဒပြပွဲများ ပိုမိုကြီးထွားလာကာ အကြမ်းဖက်မှုများလည်း ဖြစ်ပေါ်လာလေသည်။ ၈-၈-၈၈ နေ့သည်ပြည်သူပေါင်းမြောက်မြားစွာ ချီတက်ဆန္ဒပြကြပြီး ဒီမိုကရေစီတောင်း ဆိုသောနေ့ ဖြစ်ပါသည်။

ဤဆန္ဒပြချီတက်ပွဲများကိုနှိမ်နင်းရန် အစိုးရတပ်များကပစ်ခတ်သတ်ဖြတ်ခဲ့ ကျဆုံးဒဏ်ရာရသူများအရေအတွက်မှာ နောင်တနှစ်ကြာ တွင် ပီကင်းမြို့ တီယံအာမင်ရင်ပြင်၌ သေကြေပျက်စီးမည့် တရုတ်ပြည်သူဦးရေထက် များစွာပိုမိုပါသည်။ “စု” ခေါင်းရှောင်နေ၍ မဖြစ် တော့ပါ။ ဤလက်သစ် အကြမ်းဖက် အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်ပြည်သူလူထုကို ခေါင်းဆောင်ပေးနိုင်မည့် သူမ၏ဖခင်ကား မရှိ တော့ပြီ။ အဖေ့သမီးပီသစွာ သူမ ပါဝင်လှုပ်ရှားရပေ တော့မည်။

“စု” သည် တည်ထောင်ပြီးစ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံတဝှမ်း စည်းရုံးရေး ဆင်းပါသည်။ ဤစည်းရုံးရေးခရီးများ၏ ရည်ရွယ်ချက်မှာ အဖွဲ့ချုပ်ရုံးများ ဖွင့်လှစ်ရန်သာမက ဦးနေဝင်း၏ ဖိနှိပ်ချုပ်ချယ်သော စစ်အာဏာရှင်စနစ် နောက်ပိုင်းတွင်တော့ အရပ်သားအရေခြုံ စစ်အစိုးရ လက်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရ၍ စွဲကပ်နေသော ကြောက်ရွံ့စိတ်များမှ မြန်မာနိုင်ငံသူနိုင်ငံသားများ ရုန်းထွက်လွတ် မြောက်နိုင်စေခြင်းငှာ လမ်းပြနှိုးဆော်ရန် ဖြစ်ပါသည်။ “စု” က အင်္ဂလိပ်ရော၊ မြန်မာပါ ဘာသာစကားနှစ်မျိုးလုံးတွင် နိုင်နင်းကျွမ်းကျင်ပါသည်။ မြန်မာဘာသာ စကားကိုအသုံးပြုကာ သူမ၏ ဖခင်ကဲ့သို့ပင် မြန်မာပြည်သူလူထု၏ ရင်ထဲအတွေးထဲသို့ရောက်အောင် စွမ်းဆောင်ပါသည်။ သူမ၏ အတွေးအမြင်များနှင့် ဆောင်ရွက်ချက်များကို ကမ္ဘာသို့တင်ပြရန်အတွက် အင်္ဂလိပ်ဘာသာစကားကိုသုံးပါသည်။ ထိုင်းမှိုင်းဖွယ်ရာဘဝ၌ နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး မကြာခင်ကမှဆန္ဒပြရန် နိုးကြားလာခဲ့ကြသော မြန်မာပြည်သူလူထုကို လှုံ့ဆော်စည်းရုံးပေးရန် မြန်မာဘာသာစကားသည် အရေးအပါဆုံး ဖြစ်ပါသည်။ ဤသို့ ပြည်သူလူထုကို လှုံ့ဆော်စည်းရုံးရန်အတွက် “စု” သည် ကိုယ်စိတ်နှစ်ပါးလုံးအလွန်ပင်ပန်းစွာ အားထုတ်ရသည့်အပြင် မရေမတွက်နိုင်လောက်အောင် အန္တရာယ်မျိုးစုံနှင့် စွန့်စားမှုများကိုလည်း ကြုံတွေ့ရပါသည်။ အထူးသဖြင့် စစ်အစိုးရက ထုတ်ပြန်ထားသော အမိန့်အရ လူ လေးဦးထက်ပို၍ စုဝေးခြင်းသည် ဥပဒေနှင့်ဆန့်ကျင်ပြီးစစ်တပ်က အင်အားသုံးကာ လူစုခွဲခွင့် ရှိပါသည်။

တခါတွင် စစ်အစိုးရ၏ အမိန့်ထုတ်ပြန်ထားချက်နှင့်အညီဟု ထင်ပါသည်။ ကြည်းတပ်မှ ဗိုလ်ကြီးတဦးက “စု” နှင့် သူမ၏ စည်းရုံးရေး အဖွဲ့ဝင်တို့ကို ရှေ့ဆက် သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပြီးသေနတ်များဖြင့်ချိန်ကာ လမ်းခရီးကို ပိတ်ဆို့ပါသည်။ “စု” က အလွန် တည်ငြိမ်စွာဖြင့် သူမ၏အဖော်များကို ဘေးသို့ ဖယ်၍ စောင့်နေရန်မှာပြီး သူမက လမ်းကို တဦးတည်းသာဆက်၍သွားပါသည်။ သူမက လိုအပ်လျှင် အသက်တချောင်း ကိုသာစွန့်ရန်နှင့် ယင်းမှာလည်း သူမ၏ အသက်သာ ဖြစ်စေရမည်ဟု ယတိပြတ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤလုပ်ရပ်သည် အလွန်ရဲရင့်ပြီးအောင်မြင်မှုလည်း ရခဲ့ပါသည်။ အကြောင်းမှာ ထိုနောက်ဆုံးအချိန်ပိုင်းကလေးမှာပင် ဘေးမှ ဗိုလ်မှူးတယောက်ကကြားဝင်၍ ပစ်ခတ်မည်ကို တားဆီးခဲ့ပါသည်။ တခါတရံ “စု” က သူမမိခင် ဒေါ်ခင်ကြည်၏

စည်းကမ်းစနစ်ကျစွာ သွန်သင်ထိန်းကြောင်း လမ်းညွှန်မှုအောက်တွင် သူမ ကြီးပြင်းလာခဲ့ရပုံများကို ပြောပြတတ်ပြီး ဤသို့သော ပဲ့ပြင်သွန်သင်မှုများ ကြောင့်ပင်လျှင် ဘဝတွင်တွေ့ကြုံရသော မထင်မှတ်သည့် အခက်အခဲ၊ ဒုက္ခများကို ကျော်လွှားအောင်မြင်နိုင်ခြင်းဖြစ် ပါသည်။ ဆိုခဲ့ပြီးသော အဖြစ်အပျက်များ မှာလည်း ဤကဲ့သို့သော အခက်အခဲအကြပ်အတည်းများစွာထဲမှ တခုသာ ဖြစ်ပါသည်။ ဤ အဖြစ်အပျက်အကြောင်းကို ကြားရ၊ဖတ်ရသည့်အခါ ကျမ အနေနှင့် ဒေါ်ခင်ကြည်ကို တဖန်ပြန်လည် သတိရစေပါသည်။ အခါ ပေါင်းများစွာ သူမလည်း လက်ရုံးရည်၊ ဖြတ်ထိုးဉာဏ်နှင့် ဆုံးဖြတ်ချက်၊ ထိုးထွင်းဉာဏ် မိမိအလိုသို့ပါအောင် ဆွဲဆောင် စည်းရုံး တတ်မှုနှင့် လူအများနှင့် ပြေပြစ်အောင် ဆက်ဆံတတ်မှုတို့ကို အသုံးချကာ အကျဉ်းအကြပ်ထဲမှ လွတ်အောင် ဆိုးဝါးသော ဘေးအန္တရာယ်မှ ဖယ်ရှားနိုင်အောင် ကြံဆောင်နိုင်ခဲ့ပါသည်။

1.02.2009

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး (အပိုင်း၅)

“စု” မှာ ဖတ်ရှုကျက်မှတ်ရန် စာအုပ်တသေတ္တာလည်း ပါလာပါသည်။ နှစ်ပေါင်းများစွာ လွတ်လပ်ရေး ရုန်းကန်မှု ဒဏ်ကို ခံခဲ့ရသူများအား ကူညီ ထောက်ပံ့ရန် စီမံကိန်းများကို ကွပ်ကဲနေသော အဖွဲ့အစည်းတခုနှင့် ကျမတို့ ဆက်သွယ်ပါသည်။

စီမံကိန်းတရပ်၏ တာဝန်ခံဖြစ်သူ လူငယ်တဦးလာရောက်၍ ၎င်းတို့လုပ်ငန်းအကြောင်း ရှင်းပြပါသည်။ လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံး ခဲ့သော ရဲဘော်များ၏ ကျန်ရစ်သူဇနီးများအတွက် နေအိမ်များ ဆောက်လုပ် နေကြရာ အဲလ်ဂျီးရီးယန်းလူမျိုးများသာမက နိုင်ငံတကာမှလူငယ် များပါ ဝင်ရောက်ကူညီရန် ဖိတ်ခေါ် ကြိုဆိုကြောင်း ပြောပါသည်။ “စု” လည်း ထိုဆောက်လုပ်ရေး စခန်းတွင် ရက်သတ္တပတ်အတော်ကြာ သွားရောက် နေထိုင်ကာ လုပ်အားပေးခဲ့ပါသည်။ အလုပ်သွန်သင်ကြီးကြပ်သူမှာ ရုရှားလူမျိုးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များမှာ အဲလ်ဂျီးရီးယား၊ ပြင်သစ်၊ လက်ဗနွန်၊ ဟော်လန်နှင့် ဂျာမနီ စသောတိုင်းပြည်များမှ လူငယ် များ ဖြစ်ပါသည်။ အစားအသောက်နှင့် နေရာထိုင်ခင်း ပေးသော် လည်း လုပ်ခမပေးပါ။

“စု” ၏ မိတ်ဆွေများသည် သူမအား ကာဗီးလီး (Kabyle) တောင်တန်းများသို့ လက်ထပ်မင်္ဂလာပွဲတပွဲ တက်ရောက် ကြည့်ရှုရန် ခေါ်သွား ဖူးသည်။ ကျမတို့နှစ်ဦးအတူ ဆဟာရသဲကန္တာရအစပ်ရှိ မြို့လေးတမြို့ တိုင်အောင်လည်း ခရီးရှည်ထွက်ခဲ့ပါသည်။ နွေရာသီအပူရှိန် ပြင်းထန် လွန်းလှသဖြင့်ထိုထက်လွန်၍ မသွား နိုင်ခဲ့ပါ။ နောက် အလည်အပတ်ခရီးတရပ်အနေနှင့် ရောမခေတ်က ဆောက်လုပ်တည်ခဲ့သော မြို့ပျက်ကြီး ရှိရာသို့သွားခဲ့၏။ ထိုမြို့ပျက်တွင်းရှိ လဟာပြင်ဇာတ်ရုံကြီး၏ ကျောက်ပြားခင်းထားသော တလင်းပြင်ပေါ်တွင် ဘင်ဘဲလား၏ သစ္စာခံများက ဘင်ဘဲလား အသက်ရှည်ပါစေဟု စာလုံးကြီးများနှင့် ရေးထား ပါသည်။ “စု” မော်ရော်ကို သို့ ခရီးတခေါက်ထွက်ခဲ့ပြီး စပိန်နိုင်ငံ တောင်ဘက်ကမ်းခြေကိုလည်း ခြေချမိသည် ဆိုသလောက်တော့ ရောက်ခဲ့ပါသည်။ ထို့နောက် ပြန်လည်စာဖတ်ပြီး ကျောင်းပိတ်ရက်အဆုံး တွင် ကျေကျေနပ်နပ်ကြီးနှင့် အောက်စဖို့ဒ်သို့ပြန်သွား နိုင်ခဲ့ပါသည်။

ဘွဲ့ရပြီးနောက် “စု” သည် လပိုင်းမျှ စာသင်ပို့ချခြင်းနှင့် သမိုင်းဆရာ ဟယူးတင်ကာ (Hugh Tinker)နှင့်အတူ သုတေသနလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးသောအခါ နယူးယောက်ရှိ ကျမနှင့်လာ၍နေပါသည်။ အဲလ်ဂျီးယားတွင် လေးနှစ်မျှ တာဝန်ထမ်းဆောင် ပြီးနောက်ပိုင်း ကျမကုလသမဂ္ဂဌာနချုပ်သို့ ပြန်ရောက် နေပါသည်။ မိသားစုမိတ်ဆွေတဦးဖြစ်သူ ဖရင့်ထရေ ဂါ (Frank Trager) က ၎င်း အပြည်ပြည်ဆိုင်ရေးရာ ပါမောက္ခ အဖြစ် ဆောင်ရွက်နေသော နယူးယောက်တက္ကသိုလ်၌ “စု” ဘွဲ့ လွန်သင်တန်းတက်ရန် စီစဉ်ပါသည်။

ပါမောက္ခထရေဂါသည် အမေရိကန် ထောက်ပံ့ရေးအစီအစဉ်တခုဖြင့် မြန်မာပြည်တွင် နှစ်အတန်ကြာ နေခဲ့ဖူး ပါသည်။ သူသည် အရှေ့တောင် အာရှနှင့် အရှေ့ဖျားနိုင်ငံများတွင် ကျယ်ပြန့််စွာ ခရီးလှည့်လည်ဖူးကာ၊ ထိုဒေသများ၏ ကိစ္စအဝ၀တို့တွင် စိတ်ဝင်စားသူတဦးဖြစ်ပါသည်။ သူရေးသော “ဘားမား၊ ပဒေသရာဇ်နိုင်ငံမှ သမတနိုင်ငံသို့” အမည်ခံစာအုပ် ထွက်ခဲ့သည်မှာလည်း မကြာသေးပါ။ သူသည် “စု” ၏ တိုးတက် မှုကို ဂရုတစိုက်လေ့လာပါသည်။

ကျမတို့နေရာမြို့လယ် မန်ဟတ်တင် (Midtown Manhatteည) မှ နယူးယောက်တက္ကသိုလ်သို့ သွားရသော ဘတ်စ်ကားခရီး မှာ အတော် ရှည်ပြီးကားမူးတတ်သော “စု” အတွက် ပင်ပန်းခက်ခဲပါသည်။

ဘတ်စ်ကားမှတ်တိုင်မှ ပန်းခြံတခုကိုဖြတ်ပြီး၊ ဝါရှင်တန်ရင်ပြင် (Washington Square) သို့သင်တန်းတက်ရန် “စု” သွားရသော လမ်း၌ ကျက်စားလေ့ရှိသော လူကြမ်းများ၏ အန္တရာယ်ကလည်း ရှိပါသေးသည်။ ကုလသမဂ္ဂ ရုံးသို့ ကျမတို့နေအိမ်မှ ခြောက်မိနစ်လောက်သာ လမ်းလျှောက်ရပါသည်။ သို့ဖြင့်လောလောဆယ် “စု” ကုလသမဂ္ဂတွင် အလုပ်ဝင်ပြီးနောက်မှ စာဆက်သင်ရန် စိတ်ကူးပေါ်ပါသည်။ အလုပ် လျှောက်လွှာများ၊ ထောက်ခံစာများ၊ တွေ့ဆုံမေးမြန်းခြင်းများနှင့် ဖြစ်ရိုးဖြစ်စဉ် ကြန့်ကြာမှုနှင့် အခက်အခဲများကို ကျော်လွန်ပြီးသောအခါ “စု” ကုလသမဂ္ဂဝန်ထမ်းတဦး ဖြစ်သွားပါတော့သည်။ သုံးနှစ်ကြာမျှ “စု” ကုလသမဂ္ဂတွင် အလုပ်လုပ်ပြီး နောက်ဆုံးနှစ်နှစ်တွင် အုပ်ချုပ်ရေး နှင့် ဘတ်ဂျက်ပြုစုရေးဆိုင်ရာ အကြံပေး ကော်မတီကို အထောက်အကူပြုရသော ကုလသမဂ္ဂရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ပါသည်။ ကော်မတီဝင် များသည် မိမိတို့နိုင်ငံများ၏ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ထားရခြင်းမဟုတ်ဘဲ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများတွင် ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ခြင်းခံရသူများ ဖြစ်ပါသည်။ ကုလသမဂ္ဂနှင့် အရံအဖွဲ့ အစည်းများ အားလုံးအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့များကဲ့သို့သော အထူး အေဂျင်စီများ၏ စီမံကိန်းအစီအစဉ်များနှင့် ဘတ်ဂျက်များကို ထို ကော်မတီက လေ့လာမှတ်ချက်ချ ပြင်ဆင်ပြီး သဘောတူညီမှုရရန် တင်ပြရပါသည်။

အလုပ်များခက်ခဲသော်လည်း ကုလသမဂ္ဂလုပ်ငန်းများ၏ ကုန်ကျစရိတ်ကို အသေးစိတ်စီစစ်ရခြင်းနှင့် ထက်မြက် ထူးချွန်သော အဖွဲ့ဝင်များ တို့ကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ထိုအဖွဲ့ဝင်များနှင့် “စု” ကောင်းစွာ သိကျွမ်းလာပါသည်။

ကုလသမဂ္ဂဝန်ထမ်းများသည် ညနေပိုင်းနှင့် သတင်းပတ်ကုန်ပိုင်း အားလပ်ချိန်များ၌ ပရဟိတလုပ်ငန်းများတွင် လုပ်အားပေးလေ့ ရှိကြ ပါသည်။ မန်ဟတ်တင်ရှိ ကျမတို့နေအိမ်မှ ဘတ်စ်ကားနှင့်သွားလျှင် ဆယ်မိနစ်ခန့် သာဝေးသော ဘဲလ်ဗယူး (Belleview) ဆိုသည်မှာ နယူးယောက်ဆေးရုံကြီးတခု၏ အစိတ်အပိုင်းဖြစ်ပါသည်။ မြို့ကြီးရှိ အဆင်းရဲဆုံး၊ ကုမရသော ရောဂါစွဲကပ်နေသူများနှင့် ခိုကိုးရာမဲ့များ အတွက်ဖြစ်ပါသည်။ ဘဝကို ရင်မဆိုင်နိုင်တော့ဘဲ ကိုယ်စိတ်နှစ်ဖြာပြိုလဲလုမတတ် ဖြစ်နေသူများကို ထိုဆေးရုံသို့ ခေါ်လာလေ့ရှိပါသည်။ လူမမာများအား စာဖတ်ပြပေးရန်၊ အဖော်ပြုရန် အစီအစဉ်များတွင်ပါဝင်ရန် အမျိုးသမီး၊ အမျိုးသားများ အမြဲ အလိုရှိနေပါသည်။

ထိုအစီအစဉ်တွင် “စု” ပါဝင်၍ အပတ်စဉ်နာရီပေါင်းများစွာ လုပ်အားပေးပါသည်။ ဤကား သူမမိခင်၏ ပရဟိတလုပ်ငန်း အစဉ်အလာအရ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ထိုအချိန်က မြန်မာနိုင်ငံမှ ဦးသန့်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ပါသည်။ ဟဒ်စင်မြစ်ကို လှမ်း၍မြင်ရသော သူ၏အိမ်ကြီးသည် ရီးဗားဒေးလ် (Riverdale) အရပ်တွင်ရှိပြီး ကျမတို့နေအိမ်မှ ကားနှင့် တနာရီခန့် သွားရပါသည်။ ဦးသန့်အိမ်၌ တည်ခင်းကျင်းပသော တနင်္ဂနွေနေ့ ထမင်းစားပွဲများမှာ ကျမတို့အဖို့ အလွန် စိတ်ရွှင်လန်းဖွယ်ရာဖြစ်ပါသည်။ အခြား မြန်မာမိတ်ဆွေများလည်း လာကြပြီး ကျမတို့အကြိုက် မြန်မာ အစားအစာများ ကျွေးမွေးလေ့ရှိပါသည်။ ဦးသန့်၏ မြေးတဦးဦး၏ မွေးနေ့ကဲ့သို့သော အထူးနေ့များတွင် မြန်မာ များအပြင် နိုင်ငံတကာမှ ကုလသမဂ္ဂအမြဲတန်း ကိုယ်စားလှယ်များကိုပါ ဖိတ်ကြားဧည့်ခံပါသည်။

အစားအစာမှာမူ အစဉ်အမြဲ အကောင်းဆုံးမြန်မာ ထမင်းဟင်းများဖြစ်ပါသည်။ ဦးသန့်မိသားစုက နွေးထွေး ပျူငှာကာ ဧည့်ဝတ်ကျေ လှပါသည်။ ကျမတို့ကမူ ဧည့်သည်တွေ သိပ်မများသော ထမင်းစားပွဲများကို ပိုမို၍နှစ်သက်သော်လည်း၊ ထိုအခါများ၌ပင်လျှင် လူမှုရေး၊ နိုင်ငံရေး၊ ကမ္ဘာ့အခြေအနေ၊ ဦးသန့် ကိုင်တွယ် နေရသော ပြဿနာများ စသည်တို့ကို စိတ်ပါလက်ပါ ဝိုင်းဝန်းဆွေးနွေးနိုင်ခြင်းမရှိပါ။ ဦးသန့်၏ အိမ်ရှင် အနေနှင့် ဆောင်ရွက်ရသော တာဝန်အဝ၀ကြောင့် ထိုကဲ့သို့စကားဝိုင်း ဆွေးနွေးပွဲများ မဖြစ်နိုင်ခဲ့ဟု ထင်ပါသည်။

မြန်မာနိုင်ငံမှ ကုလသမဂ္ဂအမြဲတန်းကိုယ်စားလှယ်ဖြစ်သူ ဦးစိုးတင်၏ ဖိတ်ကြားဧည့်ခံပုံများမှာမူ အနည်းငယ် ကွာခြားပါသည်။ သူလည်း ရီးဗားဒေးလ်၌ပင် ဦးသန့်၏ဂေဟာလောက် ကြီးကျယ်ခမ်းနားခြင်းမရှိသော အိမ်တလုံး၌ နေပါသည်။ အထွေထွေ ညီလာခံကြီးကျင်းပ ချိန်ဖြစ်သော စက်တင်ဘာလ ဒုတိယအပတ်မှ ဒီဇင်ဘာလလယ်ခန့် အတွင်းဆိုလျှင် ဦးစိုးတင်သည် အလုပ်ကိစ္စများ၊ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် အခြားကိုယ်စားလှယ်အဖွဲ့များကို ဧည့်ခံကျွေးမွေးရခြင်းဖြင့် မအားမလပ် ဖြစ်နေလေ့ရှိပါသည်။ အခြား အချိန်များတွင်မူ နယူး ယောက်ရှိ မြန်မာများကို သူ၏အိမ်သို့ ဗုဒ္ဓဘာသာပွဲတော် အခါသမယများ၌ ဖိတ်ခေါ် လေ့ရှိပါသည်။ ကျမတို့သည် သူ၏ ဇနီးနှင့် သားသမီး များကို ခင်မင်နှစ်သက်ပါသည်။ ဦးစိုးတင်သည် သဘောထား ကြီးသူ ဖြစ်သည့်အလျောက် မြန်မာများကို သိုးများ၊ ဆိတ်များဟူ၍ ခွဲခြားပြီး မဆက်ဆံပါ။ ဆိတ်များဆိုသည်မှာ ဦးနေဝင်းလက်အောက် မြန်မာနိုင်ငံ၏အခြေအနေကို ဝေဖန်သူတို့ဖြစ်ပြီး၊ သာမန်အားဖြင့် သံရုံးအရာရှိ များ၏ “ပ” ထားခြင်းကို ခံရတတ်ပါသည်။ ဦးစိုးတင်အိမ်၌ကား အခြေအတင် ဆွေးနွေး ငြင်းခုန် နိုင်ပါသည်။ တခါတရံ အငြင်းအခုန်မှာ ပြင်းထန်သော်လည်း အများအားဖြင့် ဗွေမယူတမ်း၊ ခင်မင်သော သဘော ဆောင်ပါသည်။

တချိန်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပဆဲအချိန်အတွင်း ကျမနှင့် “စု” ကို ဦးစိုးတင်အိမ်သို့ ထမင်းစား ဖိတ်ပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်အ ချို့က ကျမတို့နှင့်တွေ့လိုကြောင်း ပြောပါသည်။

ဦးစိုးတင်သည် အစဉ်ယဉ်ကျေးဖော်ရွေသူ တဦးဖြစ်သော်လည်း ဤဖိတ်ကြားပုံမှာမူ ထူးခြား နေသဖြင့် တခုခုတော့ တခုခုပဲဟု ကျမ ထင်မိပါသည်။ သူ၏ ရီးဗားဒေးလ်နေအိမ်သို့ ကျမတို့နေ့လယ်လောက် ရောက်သွား ပါသည်။ ပန်းများ၊ ရွက်လှပင်များ၊ အနက်နှင့် ရွှေရောင် ခြယ် မြန်မာယွန်းထည်များနှင့် ပြည့်နေသော လေးထောင့်ပုံ ဧည့်ခန်းကြီးအတွင်းရှိ ဆိုဖာများနှင့် ကုလားထိုင်များကို အခန်းဘေးကိုကပ်၍ ရွှေ့ထားပြီး၊ ကော်ဖီပန်းကန်တင် စားပွဲကြီးများကို ထိုင်ခုံများရှေ့တွင်စီထား၏။ ဆိုဖာများနှင့် ကုလားထိုင်များ ပေါ်တွင် အထွေထွေညီလာခံ တက်ရန် ရောက်နေသော မြန်မာသံအမတ်ကြီးများ တသီတတန်းကြီး ထိုင်နေကြ၏။ ကျမတို့နှင့် မတွေ့ ဖူးသေးသော သူများအား မိတ်ဆက် ပေးပြီး “စု” ကို အခန်းတဖက်စွန်း၌ လူကြီး နှစ်ယောက်အကြားတွင် ထိုင်စေပါသည်။ ကျမကိုမူ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး မောင်လွင် ရှိရာနှင့် မဝေးလှသော လူနှစ်ဦးအကြား၌ ထိုင်စေပါသည်။

ဦးစိုးတင်၏ဇနီးက သစ်သီးဖျော်ရည်များ လိုက်၍ကမ်းခြင်း၊ အာလူးကြော် စသော သွားရည်စာများကို စားပွဲများ ပေါ်ချခြင်း စသည့်ဝတ္တရားများ ပြီးစီးသည်နှင့် အထူးဧည့်သည်တော်များနှင့် ထိုက်တန်အောင် ချက်ပြုတ် ထားသော ထမင်းပွဲကိုအပြီးသတ်စီမံရန် ကပ်လျက်အခန်းထဲသို့ ထွက်သွားပါသည်။ အားလုံး အလ္လာပသလ္လာပ စကားများ ပြောကြပါသည်။ ဦးစိုးတင်သည် ယဉ်ကျေးစွာ ပြုံးနေသော်လည်း အနေရ ခက်နေပုံရပါသည်။ ရောက်ရှိ နေသော လူစုလူဝေးက “စု” အပေါ်တွင် စီရင်ချက်တမျိုးမျိုးချရန် စိုင်းပြင်းနေသည်မှာ ထင်ရှားပါသည်။

ဘယ်လို စီရင်ချက်မျိုးချမည်ကိုတော့ ကျမ မတွေးနိုင်ဖြစ်နေပါသည်။ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ဦးဆောင် တိုက်ခိုက် ပါတော့သည်။ “စု” မည်ကဲ့သို့ ကုလသမဂ္ဂ၌ အလုပ်လုပ်နေပါသနည်း၊ မည်သည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပါသနည်း၊ သူမမိခင်သည် သံအမတ် ကြီး မဟုတ်တော့သဖြင့် “စု” အနေနှင့် သံတမန်များ ဆိုင်ရာ နိုင်ငံကူးလက်မှတ်ပြန်အပ်ရမည် ဖြစ်ပါသည်။ ယခုထိ ပြန်မအပ်ရသေးဆိုသည် မှာ မှန်ပါသလား။ သံတမန်များဆိုင်ရာ နိုင်ငံကူးလက်မှတ်ကို ဆက်လက်ကိုင်ထားခြင်းမှာ ဥပဒေနှင့်မညီကြောင်း သူမ သိမည်ဖြစ်ပါသည်။ အလွန်မှ နည်းလမ်းမကျသောကိစ္စ ဖြစ်သဖြင့် အမြန်ဆုံးပြင်ဆင်ရန် လိုပါသည်။ တစု တဝေးလုံးက ဦးလွင်ပြောသမျှကို မျက်နှာလိုမျက်နှာရ အောက်ကျို့သောအသွင်ဖြင့် ထောက်ခံသံများပြုကာ “စု” ကို ဝိုင်းကြည့်နေကြပါတော့သည်။ “စု” က အနေမပျက် တည်ငြိမ်စွာရှိနေခြင်းမှာ ကျမအတွက် အတော် စိတ်သက်သာရာ ဖြစ်စေပါသည်။

သူမက ဣနြေ္ဒရှိရှိ လေအေးအေးနှင့် ပြန်ဖြေပါသည်။ နိုင်ငံကူးလက်မှတ်အသစ်ရရန် လန်ဒန်ရှိ မြန်မာသံရုံး၌ သူမ လျှောက်ထားသည်မှာ အချိန်အတော်ကြာသွားပြီ ဖြစ်သော်လည်း ယခုတိုင်အဖြေမရသေးကြောင်း၊ မည်ကဲ့သို့သော အကြောင်းကြောင့် ဤမျှထူးထူးခြားခြား ကြန့် ကြာနေရသည်ကို မပြောနိုင်ကြောင်း၊ နယူးယောက်သို့ သူမ ပညာသင်ရန်လာခဲ့ရာ၌၊ ရှိလက်စနိုင်ငံကူးလက်မှတ်ကိုပင် ကိုင်ဆောင် ခဲ့ရ ကြောင်း၊ စားဝတ် နေထိုင်ရေးအတွက် အလုပ်ရှာရန် လိုနေသည့်အချိန်၌ ကံအားလျော်စွာ ကုလသမဂ္ဂ၌ အလုပ် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားပြရန် နိုင်ငံကူးလက်မှတ်မှာ လိုအပ်ချက် ဖြစ်ကြောင်း၊ လပေါင်းများစွာကပင် လျှောက်ထားခဲ့သော နိုင်ငံကူး လက်မှတ်ကို လန်ဒန်သံရုံးမှ ပို့ပေးရန် စောင့်နေလျက်ပင်ဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ် အသစ်ရောက်သည်နှင့် အဟောင်းကို ဝမ်းသာစွာ ပြန်အပ်မည်ဖြစ်ကြောင်း၊ နိုင်ငံခြား၌ အလုပ်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလက်မှတ် သံတမန်ဆိုင်ရာပဲဖြစ်စေ၊ ရိုးရိုးပဲဖြစ်စေတမျိုးမျိုး လိုအပ် သည်ကို အခန်းတွင်းရှိ ဦးလေးအား လုံး နားလည်ကြမည်ဟု သူမ ယူဆကြောင်း၊ “စု” က ယဉ်ကျေး သိမ်မွေ့သော အသံနေအသံထားနှင့် တိကျကောင်းမွန်သော မြန်မာစကားလုံးများကိုသုံး၍ ပြောသွား ပါသည်။

လန်ဒန်မှ မြန်မာသံအမတ်က ထကာ “စု” အနေနှင့် နိုင်ငံကူးလက်မှတ်အသစ်ရရန် လျှောက်ထားခဲ့သည်မှာ လပေါင်းများစွာရှိပြီ ဖြစ်ကြောင်းကို အတည်ပြုကာ ထုံးစံအတိုင်း လျှောက်လွှာကို ရန်ကုန်သို့ပို့ထားကြောင်း ပြောပါတော့သည်။ အဘယ့်ကြောင့် လပေါင်းများစွာ ကြာပြီဖြစ်သော်လည်း အကြောင်းမပြန်သေးသည်ကို သူ မသိရကြောင်းလည်း ပြောပါသည်။ အမှန်အားဖြင့် မြန်မာပြည်၌ ဤသို့ နည်းတူ နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်ပေါ်စေသော ရှုပ်ထွေးပွေလီလှသည့် ဗျူကရက်ယန္တရားနှင့် အလုပ်အကိုင်မပီပြင်မှုများ အကြောင်းကို အခန်း တွင်းရှိ ကျမတို့အားလုံး သိရှိပြီးဖြစ်ပါသည်။

ထိုအခါမှ အခြားသံအမတ်များကလည်း “စု” အနေနှင့် မိမိလုပ်ခဲ့ပုံမှလွဲ၍ အခြားရွေးချယ်ရာလမ်းမရှိခဲ့ဟု သဘောတူကြပါတော့သည်။ ကိုယ်စားလှယ်အဖွဲ့အကြီးအကဲ၏ မျက်နှာထားကား မတင်မကျဖြစ်လာ၏။ တောင်းပန်သကဲ့သို့သောလေသံနှင့် အစကအခြေအနေကို လုံးစေ့ပတ်စေ့ နားမလည်ခဲ့ကြောင်း၊ ရန်ကုန် ပြန်ရောက်သော အခါ နိုင်ငံကူးလက်မှတ်ရုံးက လုပ်စရာရှိသည်များကို လျင်မြန်စွာလုပ်ရန် သူကိုယ်တိုင် ညွှန်ကြား လိုက်မည်ဖြစ်ကြောင်း ပြောပါသည်။ ဤပုဂ္ဂိုလ်ကြီးများမှာ “စု” ထက် အသက်အားဖြင့် ကြီးကြ သူများဖြစ်ကြ သော်လည်း ကောင်းသောအရည်အချင်းအားဖြင့် ကြီးသူများမဟုတ်ဟု ကျမထင်မိပါသည်။

ကျမလည်း ချက်ကောင်းယူကာ နိုင်ငံကူးလက်မှတ်တွေ လုံးလုံးမလိုတော့တဲ့နေ့ မြန်မြန် ရောက်ပါစေလို့ ကျမတို့ မျှော်လင့်ရမှာပဲ ဟု ပြောလိုက်ပါသည်။ ထို့နောက် ကျမတို့ နေ့လယ်စာစားကြပါသည်။

အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ထဲတွင် မြန်မာပြည်အခြေအနေများကို ကျမတို့ပွင့်ပွင့်လင်းလင်း ဆွေးနွေး၍ ရသော မိတ်ဆွေတဦး ပါဝင်ပါ သည်။ ထိုမိတ်ဆွေကား “စု” ၏ ဝေဖန်ချက်များ သိပ်ရဲလွန်းသည်ဟု ယူဆသော အခါများ၌ “စု” က ယုံကြည်ချက်အရ သတ္တိရှိရုံမက၊ အဆက်အနွယ်အရလည်း သတ္တိရှိတာကိုးဟု နောက်ပြောင် လေ့ရှိ၏။ သူမ ဆိုလိုသည်မှာ “စု” သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သမီး ဖြစ်သဖြင့် တော်တော်နှင့် နှိမ်လို့ရမည်မဟုတ်၊ ကျမအထင်မှာတော့ “စု” သည် သွေးသားအရထက် စိတ်ဓာတ်အရ သူမ မိဘနှစ်ပါး၏ သမီး ပီသပါပေသည်။

12.18.2008

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး အပိုင်း(၄)

ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူဇနီး ဒေါ်ခင်ကြည်သည် မိမိအတွက်သာမက တမျိုးသားလုံးအတွက်ပါ ကြေကွဲဖွယ်ရာဤ အဖြစ်ဆိုးကြီးနောက်ပိုင်း၌ သူမဘဝကို ပြန်လည်ပျိုးထောင်ရပါတော့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၊ ထို့နောက် လူမှုဝန်ထမ်းဌာနတို့၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၏။ မအားမလပ် အလုပ် တာဝန်များအထဲ နစ်မြုပ်နေစဉ်ပင် ကံကြမ္မာ၏ဒဏ်ကို နောက်တဖန်ခံရပြန်၏။ ဒုတိယသားဖြစ်သူ အောင်ဆန်းလင်းခမျာ ရန်ကုန်နေအိမ်အတွင်းရှိ ရေကန်ဘောင်ရိုးပေါ် ကစားနေစဉ် လိမ့်ကျကာ ရေနစ်သေဆုံးသွားရှာသည်။ အောင်ဆန်းလင်းသည် “စု” အထူးချစ်မြတ်နိုး အားကိုးသောအကို ဖြစ်၍ “စု” အဖို့ထိုအ ဖြစ်ဆိုးကြီးကြောင့် စိတ်တုန်လှုပ်ထိခိုက်ခဲ့ရမှုသည် အတော်နှင့် ပျောက်ကွယ်သွားခြင်း မရှိနိုင်ခဲ့ပါ။ “စု” သည် သူမ၏ အကိုကို မည်သည့်အခါမျှ မမေ့နိုင်သကဲ့သို့သူမ၏ဖခင်ကိုလည်း မည်သည့်အခါမျှ မမေ့နိုင်ခဲ့ပါ။ ဖခင်၏ဘဝဇာတ်ကြောင်း၊ စာပေအရေးအသား၊တိုင်းသူပြည်သားများအား ဆော်ဩချက်များနှင့် ၃၂ နှစ်တာ သက်တမ်းအတွင်းဖြစ်ပျက်ခဲ့သော အံ့ဩဖွယ်ရာစွမ်းဆောင်ချက်များကိုလေ့လာခြင်းမှာ “စု” အတွက် အဆက်မပြတ် နိုင်သော စွဲလမ်းချက်တရပ် ဖြစ်ပါသည်။

ဒေါ်ခင်ကြည်သည် သားသမီးများအား ငယ်စဉ်ကပင် သူတို့၏ ဖခင်ပေးခဲ့သော အမွေအနှစ်ကို အမြဲသတိရနေစေရန် ကြိုးပမ်းခဲ့၏။ ဗိုလ်ချုပ်၏ ရဲဘော်ရဲဖက်များနှင့် သူထူထောင်ခဲ့သော တပ်မတော်မှအဖွဲ့ဝင်များက ဗိုလ်ချုပ်၏ မိသားစုအပေါ် ထားရှိသော သံယောဇဉ်မှာ ပျက်ကွက်သွားခြင်းမရှိခဲ့ပါ။ ထို့ ကြောင့် “စု” က တပ်မတော်သားများလက်ပေါ် ကြီးပြင်းလာခဲ့ သည်ဟု ပကတိရှိရင်းအတိုင်း ပြောနိုင်ပါသည်။ အရည်အချင်းကြွယ်ဝ၊ အတွေ့အကြုံများပြား၊ ရာထူးရာခံမြင့်မားသော မြန်မာ လူကြီးလူကောင်းအများအပြား ဒေါ်ခင်ကြည်နှင့် ရင်းနှီးခင်မင်စွာဆက်ဆံခြင်းသည်လည်း သားသမီးများအပေါ် ဩဇာသက် ရောက်မှုရှိခဲ့၏။

နှစ်ပေါင်းများစွာ နိုင်ငံတော်ဝန်ထမ်းတဦးအဖြစ် ပြောင်မြောက်စွာ တာဝန်ထမ်းရွက်ခဲ့သော တရားသူကြီးချုပ်ဦးမြင့်သိန်းဆိုလျှင် တသက်တာ ရင်းနှီးခင်မင်သော မိတ်ဆွေကောင်းတဦးဖြစ်ပါသည်။ ရိုသေလေးစားမှု၊ ကြည်ညိုမှု၊ ချစ်ခင်မှု စသောအရှိန်အဝါ များက သူနှင့်သူမ၏ မိသားစုတို့အပေါ် လွှမ်းခံထားပါသည်။ ဒေါ်ခင်ကြည်သည် မိမိ၏ သားသမီးများအား မြန်မာ့လူမှုရေးနှင့် ကိုယ်ကျင့်သီလ၏ တန်ဖိုးကိုအလေးထားပြီး၊ ဗုဒ္ဓဘာသာတရားကို ယုံကြည်ကိုင်ရှိုင်းရန် သွန်သင်ဆုံးမခဲ့၏။ ကျမ၏ အမြင်အရ ဝတ်စား၊ သွားလာ၊ နေထိုင်မှုအရပ်ရပ်နှင့် စပ်လျဉ်း၍ လူအများမြင်ကွင်းတွင်လည်းကောင်း၊ အိမ်တွင်းအသိုင်းအဝိုင်းတွင် လည်းကောင်း၊ “စု” သည် မြန်မာ့ယဉ်ကျေးမှုအရ စံတင်လောက်ပါသည်။ ဥပမာတခု ပေးရမည်ဆိုလျှင် မိမိထက် တနှစ်၊ တရက်၊ တမနက်ကြီးသူမှန်သမျှကို ကိုယ်အမူအယာ၊ နှုတ်အမူအယာအရ ရိုသေလေးစားသမှုပြုခြင်းဖြစ်သော လူကြီးများရှေ့မှ ဖြတ်သန်းသွားသောအခါ ခါးညွှတ်ခြင်း၊ လူကြီးများထံပါးတွင် ကျုံ့ကျုံ့ယုံ့ယုံ့နေထိုင်ခြင်း၊ ယဉ်ကျေးလေးစားသော အသံနေ အသံထားနှင့် စကားလုံးများကို ရွေးချယ်သုံးခြင်း၊ စသည်တို့မှာ “စု” အတွက် အရိုးစွဲနေသော အမူအကျင့်များဖြစ်ပါသည်။ ဤကဲ့သို့  ထင်ရှားလှသော မြန်မာဆန်မှုတို့ကြောင့် “စု” ကိုမြန်မာများက ချစ်မြတ်နိုးကြပြီး နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်သော်လည်း “စု” ၏ မြန်မာပီသမှုမှာ မှေးမှိန်ယိမ်းယိုင်သွားသည်ဟူ၍ မရှိခဲ့ပါ။ မြန်မာနိုင်ငံလူထုကြီးအား စွဲဆောင်၍ ၎င်းတို့ ၏ အတက်ကြွဆုံး၊ အူလှိုက်သည်းလှိုက် ထောက်ခံမှုကို “စု” ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်း တချက်မှာ သူမ၏ မြန်မာပီသမှုပင်ဖြစ်ပါသည်။

၁၉၆၀ ခုနှစ်တွင် ဦးနုအစိုးရသည် ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပါသည်။ ထိုရာထူးနေရာတွင် ၁၉၆၂ ခု ဦးနေဝင်းက စစ်အာဏာသိမ်းပိုက်ပြီးနောက်ပိုင်း၌ပင် ဒေါ်ခင်ကြည် ဆက်လက်တာဝန်ထမ်း ဆောင်နိုင်ခြင်းသည် သူမအားရိုသေလေးစားမှုအတိုင်းအတာမည်မျှ ကြီးမားကြောင်းကိုပြသပါသည်။ အလုပ်သက်တမ်းပြီးဆုံး၍ အငြိမ်းစားယူသောအခါ ဒေါ်ခင်ကြည်သည် အင်းလျားကန်ဘောင်ရှိ မိမိအိမ်၌ ပြန်လည်နေထိုင်ပါသည်။ အင်းလျားကန်ဘောင် တလျောက်တွင် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးလောကမှ အထင်ကရပုဂ္ဂိုလ်အများအပြား နေထိုင်ကြပါသည်။ ယခု “စု” လည်းထို အင်းလျားကန် နေအိမ်တွင်ပင် အကျယ်ချုပ် ဘဝနှင့် အထိန်းသိမ်းခံ နေရပါသည်။

နယူးဒေလီမြို့ သို့  မိခင်နှင့်အတူ ရောက်လာစဉ်က “စု” သည် ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးများနှင့် ၁၅ နှစ်အရွယ် ကလေးမလေး ဖြစ်ပါသည်။ ယေရှုနှင့်မေရီ ကွန်ဘင့်ကျောင်း (Convent of Jesus and Mary)နှင့် လေဒီရှယ်ရီရမ်ကောလိပ် (Lady Shri Ram College) တို့ ၌ ဆက်လက်ပညာသင်ပါသည်။ သူမ၏ အိန္ဒိယမိတ်ဆွေအသိုင်းအဝိုင်းမှာ ကျယ်ပြန့်် လာပါသည်။ မဟတ္တမဂန္ဒီနှင့် ဂျဝါဟာလာနေရူးတို့၏ တိုင်းပြည်ကို စူးစမ်းလေ့လာ နားလည်နိုင်ရန် “စု” အဖို့အခွင့်ကောင်း ဖြစ်ပါသည်။ “စု” ၏ ဖခင်လည်း ဤတိုင်းပြည်ကို ရောက်ဖူးပြီးနေရူးနှင့် တွေ့ ဆုံဆွေးနွေးကာ ရင်းနှီးခင်မင်သော နားလည်မှု ရရှိခဲ့ပါသည်။ “စု” ၏ မိခင်သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရချိန်တွင် နေရူးက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

“စု” ဗဟုသုတ အတွေ့အကြုံ ကျယ်ပြန့််စေရန် သူမ၏မိခင် စီစဉ်ပေးသော ကိစ္စများအနက် ဂျပန်ပန်းအလှပြင်နည်း၊ အနုပညာ သင်ခြင်းနှင့် မြင်းစီးသင်ခြင်းတို့ ပါဝင်ပါသည်။ အိန္ဒိယနိုင်ငံ သမ္မတကြီး၏ကိုယ်ရံတော်တပ်ဖွဲ့ လေ့ကျင့်ရာ မြင်းစီးကွင်း၌ အိန္ဒိယအရာရှိကြီးများ၏ သားသမီးများ၊ နိုင်ငံတကာ သံအမတ်များ၏ သားသမီးများနှင့် ပန်ဒစ်နေရူး၏ မြေး၊ အင်ဒီရာဂန္ဒီ၏ သား ဖြစ်သူ ဆန်ဂျေးတို့ နှင့် “စု” တွေ့ဆုံလေ့ရှိပါသည်။ နံပါတ် ၂၄ အက္ကဘာလမ်း (24 Akbar Road) ရှိ နေအိမ်တွင် စန္ဒယား ဆက်သင်ရပါသည်။ ထိုသံအမတ်နေအိမ်သည် ကြီးမား၍ အလွန်ခန့်ညားတင့်တယ်သော ပန်းဥယျဉ်ပျိုးထားသည့် (24 Akbar Road) ခြံဝင်းကျယ်ကြီးအတွင်း တည်ရှိပါသည်။ အဆင့်အမြင့်ဆုံး အိန္ဒိယအရာရှိကြီးများအတွက် သတ်မှတ်ထားသော အိမ်မျိုး ဖြစ်ပြီးအစိုးရက ဗြိတိသျှလက်ထက်ကကဲ့သို့ပင် လှပကောင်းမွန်စွာ ထိန်းသိမ်းထားပါသည်။ ဒေါ်ခင်ကြည်ကို အထူးလေးစား သောအားဖြင့်ထိုနေအိမ်ကို ပေးထားခြင်း ဖြစ်ပါသည်။

“စု” အထူးနှစ်သက်မက်မောသော ဝါသနာမှာ စာဖတ်ခြင်းပင်။ သူမ၏ စာအုပ်စာပေမြတ်နိုးမှုကို အားပေးခဲ့သော ဦးအုန်းကို “စု” အစဉ် ချစ်ခင်ကျေးဇူးတင်စွာ သတိရလေ့ရှိပါသည်။ သတင်းစာဆရာတဦးဖြစ်ခဲ့သော ဦးအုန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အကျွမ်းဝင်ခဲ့သူတဦးဖြစ်ပြီးစစ်ပြီးခေတ်၌ လန်ဒန်တွင် ဖဆပလအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ တာဝန်ထမ်းဆောင်ပါသည်။ နောင်တွင် မော်စကိုမြို့တော်သို့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအ ဖြစ် ခန့်အပ်ခြင်းခံရပါသည်။ သူသည် “စု” အား ဖတ်သင့်



ပန်ဒစ်နေရူးနှင့် ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်နှင့် “စု” ဒေလီမြို့တွင်

ဖတ်ထိုက်သည့် မြန်မာနှင့် အင်္ဂလိပ်စာအုပ် စာရှင်းရှည်ကြီးများ ပေးသူများအနက် တဦးအပါအဝင် ဖြစ်ပါသည်။ “စု” ၏ အသိ ပညာ အတွေးအခေါ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို ပို၍သတိပြုမိပြီး စိတ်ဝင်စားခဲ့သူမှာ အလွန်နာမည်ကြီးခဲ့သော ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၏ တချိန်က အယ်ဒီတာ ဖြစ်ခဲ့ပြီး “စု” ၏ ဖခင်နှင့်အတူ တက္ကသိုလ်တွင်ရှိခဲ့သော ဦးညိုမြပင် ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဦးညိုမြ ကို စာနယ်ဇင်းသမားတဦးနှင့် အလွန်နာမည်ရသော စာအုပ်များစွာကို ရေးသားသည့် စာရေးဆရာ တဦးအဖြစ် လူသိများလာပါသည်။ သူက တခြားသူများထက်ပင်ပိုပြီး “စု” ဖတ်ရန် အင်္ဂလိပ်နှင့် မြန်မာစာအုပ်ပေါင်းများစွာကို လမ်းညွှန်ပေးခဲ့ပါသည်။ ဦးညှိုမြ လက်ဆောင်ပေးခဲ့သော အလွန်အဖိုးတန်သည့် ဟားဗက်ဂန္တဝင် စာအုပ်တွဲ တစုံလုံး (Harvard Classics) ကို အလွန်တန်ဖိုးထားပြီး မကြာခဏ ဖတ်ခဲ့ကြောင်းလည်း “စု” က ယခုထိ သတိရနေပါသည်။ ဤစာအုပ်များက “စု” ကို စာပေလောကတံခါး ဖွင့်ပေးခဲ့ပါသည်။ “စု” ၏ စာဖတ်ဝါသနာမှာ အိန္ဒိယမရောက်မီကပင် အမြစ်တွယ်ပြီးဖြစ်ပါသည်။

နယူးဒေလီမြို့ ဆင်ခြေဖုံးအစွန်အဖျားရှိ မေရော်လီ (Mehrauli) ရပ်ကွက်တွင် ဂရုတစိုက်ထိန်းသိမ်းထားနိုင်ခြင်း မရှိသည်မှာ ကြာပြီဖြစ်၍ ပျက်စီးယိုယွင်းနေသည့် အာသောကဝိဟာရအမည်တွင်သော ဗုဒ္ဓဘာသာဌာနတခုရှိပါသည်။ ထိုဌာန ပြန်လည်ရှင် သန်လာနိုင်စေရန် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့်ဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများမှ သံအမတ်များ၏ အကူအညီကို ဒေါ်ခင်ကြည် ရယူခဲ့ပါသည်။ ဤလုပ်ဆောင်မှုကြောင့် ဒေလီရှိ ဗုဒ္ဓဘာသာဝင်များနှင့် အိန္ဒိယနိုင်ငံအခြားဒေသများမှ ဗုဒ္ဓဘာသာ ဝင်အချို့အတွက် ပြန်လည်အသက်ဝင်လာပြီဖြစ်သော အာသောကဝိဟာရသည် နှစ်စဉ်ကျရောက်သော ဗုဒ္ဓဘာသာပွဲတော်ကြီး များ ကျင်းပရာ၊ ဘုရားဝတ်ပြုရာ ကမ္မဋ္ဌာန်း ဘာဝနာစီးဖြန်းရာဌာန ဖြစ်လာပါသည်။

အမျိုးသားရေးကိစ္စများဆိုင်ရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများဆိုင်ရာ အခမ်းအနားကြီးငယ်အများအပြားတို့တွင် “စု” ပါဝင်ကူညီ ခဲ့၏။ ဒေါ်ခင်ကြည်သည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအား မှန်မှန်ပင့်ဖိတ် ဆွမ်းကပ် တရားနာလေ့ရှိ၏။ “စု” ၏ အကိုလည်း ကျောင်းပိတ်ရက်များအတွင်း အင်္ဂလန်မှ ရောက်လာသောအခါ ဤကိစ္စများတွင် ပါဝင်ဆောင်ရွက်ပါသည်။ အမေနှင့်သမီးကို မြန်မာများ ချစ်ခင်လေးစားသည့်အတိုင်း ဒေါ်ခင်ကြည်၏ လုပ်ဖော်ကိုင်ဖက် သံတမန် များနှင့် ပန်ဒစ်နေရူးမှအစချီ၍ အိန္ဒိယအစိုးရအဖွဲ့ ဝင်အပေါင်းတို့ကလည်း ချစ်ခင်လေးစားကြပါသည်။ အိန္ဒိယတွင် ရရှိခဲ့သော

အတွေ့အကြုံများသည် “စု” အတွက် အင်မတန် အရေးပါစိတ်အားထက်သန်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ ယခုတိုင် သူမ အိန္ဒိယနိုင်ငံ အပေါ် ထားရှိသောမေတ္တာနှင့် သံယောဇဉ်တို့မှာ ခိုင်မာလျက်ရှိပါသည်။ ထိုအချိန်က ဒေလီရှိ ဗြိတိသျှမဟာမင်းကြီးမှာ ဆာပေါလ်ဂိုးဘုသ်(Sir Paul Gore-Booth) နောင်အခါ လောဒ်ဂိုးဘုသ်၊ (Lord Gore-Booth) ဖြစ်ပါသည်။ ယခင် မြန်မာနိုင်ငံတွင် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က သူနှင့်သူ၏ ဇနီး ပက်တြီရှာ (Patricia) တို့ သည် ဒေါ်ခင်ကြည်နှင့်

ကောင်းစွာသိကျွမ်းခဲ့၏။ ထိုခင်မင်ရင်းနှီးမှုမှာ အိန္ဒိယ၌ ပြန်လည်ဆန်းသစ်ရှင်သန်လာပါသည်။ သိုံနှင့် “စု” အောက်စဖို့ဒ် တက္ကသိုလ်သို့  ပညာသင်ရန် သွားသောအခါ ပေါလ်နှင့် ပက်တြီရှာတို့ က မိဘကိုယ်စား ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ယူခဲ့၏။ “စု” သည် သူတို့၏ မိသားစုဝင်တဦးကဲ့သို့၊ သူတို့သားနှစ်ယောက်နှင့်သမီးနှစ်ယောက်တို့၏ ညီအမရင်းချာတဦးကဲ့သို့ ဖြစ်လာပါသည်။ ထိုမိသားစုအိမ်တွင်ပင် ၎င်းတို့၏မိတ်ဆွေများအပြင်၎င်းတို့ ဖိတ်ကြားဧည့်ခံသော နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများကို “စု” သိကျွမ်းခွင့်ရခဲ့ပါသည်။ ထိုပုဂ္ဂိုလ်များ၏ အသွင်အပြင်၊ အမူအကျင့်၊ အပြောအဆိုနှင့် ထူးခြားသော

ဓလေ့စရိုက်ကလေးများကို “စု” စိတ်ဝင်စားစွာ လေ့လာခဲ့၏။ ထိုပုဂ္ဂိုလ်များမှာ သူမ ဝင်ရတော့လုဆဲဖြစ်သည့် ကျယ်ဝန်းလှသော ကမ္ဘာလောကမှ ပုဂ္ဂိုလ်များပင် မဟုတ်ပါလား။

နွေရာသီကျောင်းပိတ်ရက်များအတွင်း “စု” သည် မိခင်ရှိရာ နယူးဒေလီသို့ပြန်လေ့ရှိ၏။ သို့သော် တနှစ်တွင် ကျမနှင့် အဲလ်ဂျီး ယားစမြို့  (Algiers) တွင် လာနေပါသည်။ ကျမသည် နယူးဒေလီ ကုလသမဂ္ဂပြန်ကြားရေးဌာနမှ အယ်လ်ဂျီးရီးယားနိုင်ငံ (Algeria) ၏ မြို့တော်သို့ပြောင်းရွှေ့ကာ အလားတူဌာနတခုဖွင့်ရန် တာဝန်ပေးခြင်း ခံရပါသည်။ အယ်လ်ဂျီးရီးယားသည် ၁၉၆၂ ခုနှစ်တွင် ချားလ်ဒီဂိုးလ် (Charles de Gaulle) အစိုးရနှင့် အေဗီယန်စာချုပ် (Treaty of Evian) ကို လက်မှတ်ထိုးပြီး လွတ်လပ်ရေးရခဲ့သည်မှာ မကြာသေးပါ။ ပြင်သစ်ထံမှ လွတ်လပ်ရေးရရန် ရှစ်နှစ်ကြာရုန်းကန်မှုနောက်ပိုင်း တဖြည်းဖြည်းနာလန် ထူဆဲနိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် အယ်လ်ဂျီးယားစမြို့တွင် နေရာထိုင်ခင်း အလွန်ရှားပါးနေခြင်း၊ ပျက်စီးယိုယွင်းနေသော ရပ်ကွက်ဒေသများ ပေါများနေခြင်း၊ အခြေအနေကောင်းမွန်သော ဟိုတယ်များနည်းပါးနေခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လွန်စွာမှ ကန့်သတ်ထားခြင်းတို့မှာ အံ့ဩဖွယ်ရာမဟုတ်ပါ။ ဖွင့်လှစ်စရုံးများ၊ ကုလသမဂ္ဂရုံးများနှင့် ဝင်ရောက်လာဆဲ စီးပွားရေးလုပ်ငန်းများသာမက အဲလ်ဂျီးရီးယန်းလူမျိုးများကပါ အိမ်နေရာများနှင့် လုပ်ငန်းခွင်နေရာများရရှိရန် သဲသဲမဲမဲ လုံးပမ်းရှာဖွေနေရပါသည်။ အဲလ်ဂျီးရီးယားတွင် ကြာမြင့်စွာအခြေချနေထိုင်ခဲ့သောပြင်သစ်လူမျိုး မြောက်မြားစွာမှာ ဤတိုင်းပြည် မှ ထွက်ခွာသွားကြပြီးဖြစ်သော်လည်း အခြားလူသစ်များမှာ ဝင်လာမစဲ ဖြစ်ပါသည်။ ထိုသူများမှာ စစ်မှုထမ်းမည့်အစား၊ ပရဟိတလုပ်ငန်းအမျိုးမျိုးတို့တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရန် ရွေးချယ်သောပြင်သစ်အမျိုးသားလူငယ်များ၊ကျောင်းဆရာ၊ ဆရာမများ၊ ထောက်ပံ့ရေး စီမံကိန်းအလုပ်သမားများနှင့် အလည်အပတ်သက်သက်လာသူများ ဖြစ်ကြပါသည်။

စု ရောက်လာချိန်မှာ ဟွာရီဘူမီဒီယန် (Houari Boumedienne) က အာမက်ဘင်ဘဲလား(Ahmed Ben Bella) အား

စုနှင့် ဒေါ်သန်းအေးအယ်လ်ဂျီးရီးယားရောက်ရှိနေစဉ်


စံနမူနာထားလောက်အောင် သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းပွဲပြုလုပ်ကာ ဖြုတ်ချအပြီး ရက်အနည်းငယ် အတွင်း ဖြစ်ပါသည်။ ဖိတ်ကြားခံရသော ဧည့်ခံပွဲများစွာသို့ သွားရမည်ထက် “စု” က အဲလ်ဂျီးရီးယန်း လူမျိုးများနှင့် တွေ့ဆုံကာ ၎င်းတို့ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသမျှကို လေ့လာရန် ပိုမို၍ စိတ်ထက်သန်ပါသည်။

12.11.2008

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

(အပိုင်း ၃)

ဗိုလ်ချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များ အလုပ်တာဝန်မှ အားလပ်သော ညနေများတွင် ကျမကို ဗိုလ်ချုပ်တို့ တည်းခိုနေသော ဟိုတယ်ဧည့်ဆောင်၌ ထမင်းစားရန် ဖိတ်ခေါ်လေ့ရှိပါသည်။ ထမင်းစားသောက်ပြီးသောအခါ ဓာတ်မီးလင်းဖို ခပ်မှိန်မှိန်လေးကို ဝိုင်းရံကာ စစ်မဖြစ်မီကအကြောင်းများ၊ ဂျပန်များထံမှစစ်ပညာသင်ကြားစဉ်ကအကြောင်းများ၊ အနာဂတ်အတွက် မျှော်လင့်ချက် ထားနိုင်သော ပစ္စုပ္ပန်ကာလအကြောင်းများ စသည်တို့ကို ဆွေးနွေးကြပါသည်။ စစ်အတွင်းမြန်မာပြည်အကြောင်းနှင့် စစ်ပြီးစ ကာလ၌ ဗြိတိသျှအစိုးရက ဗိုလ်ချုပ်၏တောင်းဆိုချက်များကို လက်ခံလာစေရန် လှုပ်ရှားရုန်းကန်ခဲ့ရပုံ အကြောင်းတို့ကိုကား များစွာ ပြောလေ့ပြောထမရှိပါ။ အဖွဲ့ တဖွဲ့ လုံးအတွက် ကိုယ်ရောစိတ်ပါသက်သာစေရန် အပန်းဖြေချိန်ပင်ဖြစ်ပါသည်။ စစ်အတွင်း ကာလတွင် ကျမက နယူးဒေလီရှိအိန္ဒိယပြည်လုံးဆိုင်ရာ အသံလွှင့်ဌာန၌ အလုပ်လုပ်နေခဲ့ပါသည်။



ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် ၁၉၄၂ ခုနှစ်တွင် ထိမ်း မြား လက်ထပ်စဉ်က


ဗိုလ်ချုပ်အောင်ဆန်းနှင့်မိသားစု။ရှေ့ တန်းတွင် ထိုင်နေသူမှာအောင်ဆန်းစုကြည်




ဗိုလ်ချုပ်အောင်ဆန်းကစုစုကို ပွေ့ ချီထားစဉ်

ထိုဌာနမှ ဘာသာစကားအမျိုးမျိုးဖြင့်ဂျပန်များ သိမ်းပိုက်ထားသောအာရှနယ်မြေများသို့အသံလွှင့်ပါသည်။ ထို့ နောက် ဆန်ဖရန်စစ္စကို (San Francisco) သို့သွား၍ ယခု ဗွီအိုအေ (VOA) ခေါ် ထိုစဉ်က အမေရိကန်ပြည်ထောင်စုစစ်ပြန်ကြားရေးရုံး၌ အလားတူအလုပ်မျိုး လုပ်ပါ သည်။ မြန်မာပြည်မှရောက်လာသော မိတ်ဆွေများနှင့်မတွေ့ ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ကွဲကွာနေကြရစဉ်အတွင်း ဖြစ်ကြောင်းရယ်တဲ့ကုန်စင်အောင် ပြောရန်အချိန်ပင် မလောက်နိုင်ပါ။

ထိုဓာတ်မီးလင်းဖို မှိန်မှိန်လေးကို ဝိုင်းရံနေကြသည့် လူစုထဲ ပါဝင်သူများမှာ ဗိုလ်ချုပ်နှင့် သူ၏ ကိုယ်ရံတော်၊ ကိုယ်စားလှယ်အဖွဲ့  ဝင်အချို့၊ ဘီဘီစီ၌ အလုပ်လုပ်နေသော မြန်မာတဦးနှင့် ရံဖန်ရံခါ ကျမကဲ့သို့သော ဧည့်သည်များဖြစ်ကြပါသည်။ ရဲဘော် သုံးကျိပ်ဝင်တဦးဖြစ်ပြီး၊ ဂျပန်ခေတ်ကာလအတွင်းက အမည်ခံအရလွတ်လပ်သောမြန်မာနိုင်ငံ၏ စစ်သံမှူးအဖြစ် တိုကျိုတွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်စင်္ကြာလည်း ထိုလူစုထဲတွင် ပါဝင်သည်။

စကားအနည်းငယ်စဲသောအချိန်များ၌ သူက ဂျပန်တွင်နေစဉ်က တတ်ခဲ့သော အလွမ်းအဆွေးသီချင်းများဆိုပြီး၊ ကျမတို့က မြန်မာသီချင်းများ ဆိုကြပါသည်။ ဗိုလ်ချုပ်က သူ၏မိသားစု၊ ဇနီးနှင့်သားသမီးသုံးယောက်အကြောင်း၊ အငယ်ဆုံးမှာ မိန်းကလေး ဖြစ်ကြောင်းတို့ကို ပြောလေ့ရှိပြီး၊ ယင်းတို့ အတွက် လက်ဆောင်များဝယ်ပေးပါဟု ကျမကိုပြောပါသည်။ သို့နှင့် ကိုယ်စားလှယ် အဖွဲ့  အလုပ်ကိစ္စများ ပြီးစီး၍ လန်ဒန်မှပြန်သွားသောအခါ သူ၏မိသားစုဝင် တဦးချင်းစီအတွက် ကျမဝယ်ပေးလိုက်သော လက် ဆောင်များ ဗိုလ်ချုပ်နှင့် အတူပါသွားပါသည်။ စုအတွက် စာအုပ်ကြီးတခု ဝယ်ပေးလိုက်ပါသည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ထိုစာအုပ်ကြီးကို စုက မပျက်မစီးကောင်းမွန်စွာ ထိန်းသိမ်းထားလျက်ရှိသေးသည်ကို တွေ့ ရ၍ ကျမ ကျေနပ် အံ့အားသင့်ရပါသည်။

ကိုယ်စားလှယ်အဖွဲ့  မပြန်မီ ရက်အနည်းငယ်အလိုတွင် မိမိတို့ပြီးစီးလုပ်ဆောင်နိုင်ခဲ့သော ကိစ္စအဝ၀နှင့်ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ အသံလွှင့်ရန် စာတမ်းတစောင်ကို ဗိုလ်ချုပ်ပြင်ဆင်ထားပါသည်။

အသံလွှင့်မည့်နေ့တွင် ကျမတို့က ဗိုလ်ချုပ်နှင့် သူ၏ကိုယ်ရံတော်တို့အား ဘီဘီစီ စားသောက်ဆိုင်၌ဆုံပြီး နေ့လည်စာအတူ စားရန်ဖြစ်ပါသည်။ ထိုနေ့ လည်စာစားပွဲမှာ ပျော်ရွှင်အားရဖွယ်မဟုတ်ခဲ့ပါ။ ထမင်းစား စားပွဲသည် ဆိတ်ငြိမ်နေပြီး ဗိုလ်ချုပ်၏ မျက်နှာမှာခြိမ်းတော့မည့်မိုးကဲ့သို့အုံ့မှိုင်းနေ၏။ ဘီဘီစီမြန်မာပိုင်း အစီအစဉ် ဌာနမှူးဖြစ်သူ အင်္ဂလိပ်အမျိုးသား တဦးက အင်္ဂလိပ်လို ဘာသာပြန်ထားသော ဗိုလ်ချုပ်မိန့်ခွန်း၏ အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ပြင်ဆင်ခဲ့ပြီး၊ မူရင်းမြန်မာစာတမ်းကိုလည်း အလားတူပြင်ဆင်ရမည်ဟု အကြပ်ကိုင်နေပါသည်။ ဘီဘီစီမှ ထုတ်လွှင့်သော မိန့် ခွန်းများပါ နိုင်ငံရေးအကြောင်းအရာများနှင့် ပတ်သက်၍ ထားရှိသော စည်းမျဉ်းကန့်သတ်ချက်များနှင့် ကိုက်ညီရန်ဖြစ်သည်ဟု ရှင်းလင်းပြပါသည်။

ဤအဖြတ်အတောက်များကို လက်ခံလိုက်ရမည်လော၊ အသံလွှင့်အစီအစဉ်ကိုပဲ ဖျက်သိမ်းလိုက်ရမည်လောနှင့်ဗိုလ်ချုပ်မှာ စိတ် ဒွိဟဖြစ်နေ၏။ ဗိုလ်ချုပ်၏မိသားစုအတွက် လက်ဆောင်များယူလာသော ကျမက စားသောက်ခန်းသို့အနည်းငယ်အရောက် နောက်ကျပါသည်။ ကျမရောက်သွားပြီးနောက်ပိုင်း တဖြည်းဖြည်းတင်းမာမှုနှင့် စိတ်မချမ်းမြေ့မှုများ မေ့လျော့ပါးသွားကာ နေ့လည်စာစားပွဲ စတင်ပါတော့သည်။ ထို့နောက် ဗိုလ်ချုပ်က မြန်မာနိုင်ငံသူနိုင်ငံသားများထံ အသံလွှင့်အစီရင်ခံရန် ထွက်သွား ပါသည်။ သို့သော်လည်း ကြိုတင်အသိပေးခြင်းမရှိဘဲနှင့် သူ၏စာတမ်းကို မပြုလုပ်သင့်ဟု သူယူဆသော တည်းဖြတ်မှုများ ပြုလုပ်ခြင်းကြောင့်မည်မျှမကျေနပ်မနှစ်မြို့ ဖြစ်ရကြောင်းကိုရှင်းရှင်းလင်းလင်းကြီး သိသာစေခဲ့၏။ ဤသည်ကား ဗိုလ်ချုပ်၏ အသွင်တဖုံ။

ကိုယ်စားလှယ်အဖွဲ့၏ အလုပ်လည်း ပြီးဆုံး၍ပြန်ချိန်လည်း နီးလာလေပြီ။ ဗိုလ်ချုပ်အား ဧည့်ခံကြည်ရှုခဲ့သော အင်္ဂလိပ်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဧည့်ခံပွဲကြီးကျင်းပပါသည်။ ဧည့်ပရိသတ်လည်းအတော်များပါသည်။ ဗြိတိသျှပါလီမန်အမတ်များ၊ ကိုယ်စားလှယ်အဖွဲ့၏ အလုပ်ကိစ္စအဝ၀ အဆင်ပြေချောမွေ့စေရန် တာဝန်ယူခဲ့သော အဆင့်မြင့်အရာရှိကြီးများ၊ သတင်းစာ အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ မြန်မာပြည်နှင့်မြန်မာပြည်၏ အနာဂတ်တွင် စိတ်ဝင်စားကြသူများနှင့် လာရောက်နိုင်သော မြန်မာမှန်သမျှတို့အသီးသီးပါဝင်ကြပါသည်။ ဧည့်ခံပွဲမတိုင်မီညက ဗိုလ်ချုပ်က ကျမကို ဧည့်ခံပွဲ၌သီချင်း ဆိုရန် ပြောပါသည်။ ကျမကလုပ်ရိုးလုပ်စဉ် ဟုတ်မည်မထင်ဟုပြောကာငြင်းခဲ့၏။ ဧည့်ခံပွဲနေ့၌ ဂျပန်များ ဝင်လာသည်အထိ မြန်မာပြည်တွင် အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သော အင်္ဂလိပ်မိတ်ဆွေဟောင်းတယောက်ထံ ကျမအလည်သွားခဲ့၏။ သူ၏အိမ်ရှိရာအရပ်မှ လန်ဒန်သို့ အပြန်ခရီးမှာနှေးကွေးလှ၍ ကျမနှင့်အတူပါလာသော မိတ်ဆွေများဧည့်ခံပွဲအရောက် နောက် ကျမည်စိုးကာ ရင်တမမဖြစ်နေ၏။ ဧည့်ခံပွဲမမီလိုက်က ဗိုလ်ချုပ်တို့နှင့် နောက်ဆုံးတွေ့ရမည့် အခွင့်အရေးလွတ်သွားမည် ထင်ကာ ကျမတို့ ပူပန်နေကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ကမန်းကတန်း အဝတ်အစားလဲပြီး ရောက်သွားသောအခါ ဗိုလ်ချုပ်က စောင့်နေပါသည်။ အချမ်းပြေ မုန့်အနည်းငယ် စားသောက်ပြီးနောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်တင်ထားသော စန္ဒယားရှိရာသို့ ခေါ်သွားပြီး၊ မြန်မာအမျိုးသမီးလေးတယောက်က သီချင်းဆိုဧည့်ခံပါမည်ဟု ပရိသတ်အားကြေညာလိုက်ပါ သည်။ ကျမလည်း သီချင်းဆိုရပါတော့သည်။ ထိုညက ဆိုခဲ့သော သီချင်းများမှာ အင်္ဂလိပ်သီချင်းတပုဒ်၊ ပြင်သစ်သီချင်းတပုဒ်နှင့်

မြန်မာသီချင်းတပုဒ်တို့ ဖြစ်ပါသည်။ ယခု ပြန်လည်တွေးကြည့်သောအခါ နောက်ဆုံးတပုဒ်ကိုသာ ဆိုခဲ့သင့်သည်ဟု ကျမ ထင်မိပါသည်။ သို့သော်လည်း ထိုသီချင်း ကို မြန်မာများကသာ နားလည်နှစ်သက်ကြမည်ဖြစ်ပါသည်။ ထိုသီချင်းမှာ ကျမတို့ အားလုံးသိကြသော လှိုင်ထိတ်ခေါင်တင်၏ စိန်ခြူးကြာညောင်ဘောလယ် ဖြစ်ပါသည်။ ပရိသတ်က ယဉ်ကျေးစွာဩဘာ ပေးကြပါသည်။ ထို့နောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်မှ ဆင်းရန် လာခေါ်ပြီး၊ ကျမ၏ အဆိုကို သူ မည်မျှသဘောကျ နှစ်သက်ကြောင်း ပြောပါသည်။




အောင်ဆန်းဦး၊ ဒေါ်ခင်ကြည်၊ အောင်ဆန်းလင်းနှင့် စုစု ထိုင်နေသူ၁၉၄၈ ခုနှစ်




စုစု ခြောက်နှစ်သမီးအရွယ်၁၉၅၁ ခုနှစ်

ကိုယ်စားလှယ်အဖွဲ့  အထူးလေယာဉ်နှင့် လန်ဒန် မြို့မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားချိန်၌ တတိုင်းပြည်လုံး နှင်းစိုင်နှင်းခဲများနှင့် ဖုံးလွှမ်းထားဆဲပင် ဖြစ်ပါသည်။ နှုတ်ဆက်ရန် အဆင့်မြင့်အင်္ဂလိပ်အရာရှိများ အဖွဲ့ကြီးတဖွဲ့ ရောက်နေပါသည်။ ကျမတို့ မြန်မာအချို့လည်း ကိုယ်စားလှယ်များ၊ အခြားသူများနှင့်အတူ ဟုန်းဟုန်းတောက်နေသည့် မီးလင်း ဖိုကြီး၏ အပူရှိန်နှင့်နွေးနေသော ဧည့်ကြိုခန်းမကြီး၌ သွားရောက်စုဝေးနေပါသည်။ ကျမတို့အားလုံး ဝိုင်းထိုင်စကားပြော ကြပါသည်။ ခဏကြာသောအခါ ဗိုလ်ချုပ်က အင်္ဂလိပ်များအကြားမှ ထလာပြီးကျမတို့နှင့် စကားပြောပါသည်။ ကျမကိုပြုံးပြီး “ကျနော်တို့ နှင့် ဗမာပြည်ကိုလိုက်ခဲ့ပါလား” ဟု ပြောပါသည်။ ထို့ နောက် ကျမတို့ အပေါင်းအဖော်တစု နှင်းခဲများအကြားရပ်ပြီး ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ရှိရာသို့လျှောက်၍ ထွက်ခွာသွားနေသည်ကို ငေးမျှော်ကြည့်ရင်း လက်များဝှေ့ရမ်း နှုတ်ဆက် ကြပါသည်။ ဆောင်းနေ့ကလေး၏ လွမ်းဖွယ့်အသွင်နှင့် မိတ်ဆွေများနှင့် ခွဲခွာရခြင်း၊ အထူးသဖြင့် ဗိုလ်ချုပ်နှင့် ခွဲခွာရခြင်း တို့ကြောင့်ကျမတို့ တတွေ ဝမ်းနည်းတသသ ဖြစ်နေကြပါသည်။ ဗိုလ်ချုပ်ခမျာ တိုတောင်းလှသော ဘဝသက်တမ်းလေးမျှသာ ကျန်တော့သည်ကိုကား ကျမတို့ မည်ကဲ့သို့မျှ မမှန်းဆမိခဲ့ကြပါ။ ဂျပန်ခေတ်နှင့် စစ်ဒဏ်တို့ကြောင့်ပျက်စီးယိုယွင်းနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်၍ မြန်မာပြည်တွင် ခေတ်သစ်ထွန်းစေမည်ဟူသည့် ဗိုလ်ချုပ် သယ်ဆောင်သွားသော မျှော်မှန်း ချက်များမှာ နိုင်ငံရေးပြိုင်ဘက်တဦး၏ ပယောဂကြောင့် ထိုနှစ်တွင်ပင် ပြိုကွဲခဲ့ရပါတော့သည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ် အခန်းအတွင်းသို့  လူသတ်သမားများ အတင်းဝင်ရောက်လာကာ စက်သေနတ်များဖြင့် အလယ်တွင် ထိုင်နေသော ဗိုလ်ချုပ်ကို ဦးစွာပစ်ခတ်ပြီးအခြားပုဂ္ဂိုလ် ရှစ်ဦးကိုပါ လုပ်ကြံသတ်ဖြတ်သွားပါသည်။

နှစ်စဉ်နှစ်တိုင်း တနိုင်ငံလုံး သတိတရယူကျုံးမရ ဖြစ်ရသော အာဇာနည်နေ့ ၊ ၁၉ဇူလိုင်၁၉၄၇ ခုနှစ် ဖြစ်ပါသည်။

12.03.2008

ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံခြင်းမှ လွတ်ကင်းရေး

(ဒုတိယပိုင်း)

ဗားစလဗ် ဟာဗဲလ်၏ စကားဦး

ဗားစလဗ်ဟာဗဲလ် (Vaclav Havel) သည် အထူးရိုလေးစားခြင်းခံရသော ပြဇာတ်နှင့် စာရေးဆရာဖြစ်ပြီး၊ ယခုအခါတွင် ချက် (Czech) နိုင်ငံ၏ သမ္မတ ဖြစ်သည်။ ချာတာ“၇၇” ဟု ထင်ရှားသော လူ့ အခွင့်အရေးလှုပ်ရှားမှုကို “၁၉၇၇” ခုနှစ်၌ စတင် တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဤလှုပ်ရှားမှုကြောင့်ချက်ကိုစလိုဗားကီးယား (Czechoslovakia) တွင် ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ခြင်းဖြစ်၏။ တပါတီအာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ထောင်ချခံရခြင်း၊ နေအိမ်တွင်အကျယ်ချုပ် ဖြင့်ဖမ်းဆီးခံရခြင်းစသည့် အတွေ့ အကြုံများ ရှိခဲ့သူ ဖြစ်သဖြင့်“ဗားစလဗ်ဟာဗဲလ်” သည် အောင်ဆန်းစုကြည်အပေါ်တွင် အထူး စာနာထောက်ထား၊ ရိုသေလေးစားသူဖြစ်သည်။ သူမကို “၁၉၉၁” ခုနှစ်၌ နိုဘဲလ်ငြိမ်းချမ်းရေးဆုပေးရန် အဆိုပြုသူများထဲတွင် ၎င်းပါဝင်သည်။

==================================================================

ဒေါ်အောင်ဆန်းစုကြည်သည် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာအတွက် အာဏာရှင် စနစ်အား ဆန့် ကျင်သည့် သူမ၏ တိုက်ပွဲကို ယခုအခါ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုလိုက်ခြင်းပင်ဖြစ်သည်။ သူမသည် ဤဆုနှင့် အလွန်ပင် ထိုက်တန်သူတဦးဖြစ်သည်။ သူမသည် ရှင်းလင်းပြတ်သားသားခိုင်မာစွာ ပြောဆိုသူဖြစ်သည်။ သူမအား နှုတ်ဆိတ်သွားစေရန် ရည်ရွယ်၍ နိုင်ငံခြားသိုUအမြဲတမ်းသွားရောက်နေထိုင်ပါရန် ဆွဲဆောင်ကမ်းလှမ်းလာသည် ကို သူမက လက်မခံဘဲ ငြင်းပယ်ထားပါသည်။ အကျယ်ချုပ်ကျခံနေရသည့်ဘဝတွင် သစ္စာတရားကို စောင့်ထိန်းလျက်ရှိသည်။ အာဏာမဲ့သူ တို့၏ စွမ်းအားကို သူမကအလွန်ထင်ရှားစွာ ဥပမာပြနေပါသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် သူမအား အဆိုပြုခဲ့ရသည်ကို ကျနော် လေးနက်စွာ ဂုဏ်ယူမိသည့်အလျောက် သူမအား ရွေးချယ်လိုက်သည် ကို ကောင်းချီးဩဘာပေးကြသူများတွင် ကျနော် အပါအဝင် ဖြစ်သည်။

မြန်မာပြည်၌ ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရန် ဦးတည်သောတိုက်ပွဲတွင် ဘဝကို မြုပ်နှံထားခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် သူမ၏တိုင်းပြည်၌ တရားမျှတမှုရှိရန်အတွက်သာမက မိမိတို့ ၏ပန်းတိုင်ကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာရွေးချယ်လိုသူ အားလုံးအတွက်ပါ ရဲရင့်စွာပြောဆိုနေခြင်း ဖြစ်ပါသည်။

ကမ္ဘာတခွင်လုံးတွင် လွတ်လပ်မှုရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်နေသမျှကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ဖော်ပြောဆိုချက်ကဲ့သို့ သော ပြောဆိုမှုများသည် အခြားသူများကိုပါ လှုံ့ ဆော်သိမ်းသွင်းလာလိမ့်မည်ဖြစ်ပါသည်။ လွတ် လပ်ရေး တောင့်တသည့် ဟစ်ကြွေးသံသည် ဥရောပအလယ်ပိုင်းမှထွက်ပေါ်လာသည်ဖြစ်စေ၊ ရုရှားမှဖြစ်စေ၊ အာဖရိကမှ ဖြစ်စေ၊ သို့ မဟုတ် အာရှမှဖြစ်စေ တသံတည်းထွက်နေပါသည်။ ၎င်းမှာ လူသားအားလုံးကို လူ့ ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံပါရန်နှင့် လူသားအားလုံးတွင် မျှော်လင့်ချက်ရှိရန် လိုအပ်သည်ဟူသော ဟစ်ကြွေးသံပင်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍၎င်း၊ သူမ၏ စကားများသည် မြန်မာနှင့်ကမ္ဘာ့အခြေခံအယူအဆကို ရောင်ပြန်ဟပ်နေ၍၎င်း၊ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။ လူသား၏ သန္ဓေပါဂုဏ်သိက္ခာ၊ လူသားနှင့်ခွဲခွာ၍မရသော ညီမျှသောအခွင့်အရေးများ ကို အသိအမှတ်ပြုသည့် အယူအဆ၊ လူတိုင်းတွင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်နှင့်ဆင်ခြင်တုံတရားရှိသည်ကို လက်ခံထားသောအယူအဆ၊ လူလူချင်းညီအကိုမောင်နှမသဖွယ် မေတ္တာထားရန်အကြံပြုသောအယူအဆ စသည့်အတွေး အခေါ်အယူအဆတို့ သည် မိမိတို့ ၏ တန်ဖိုးထားမှုများနှင့်မည်ကဲ့သို့ ဆန့် ကျင်ဘက် ဖြစ်နိုင်မည်ကို မြန်မာနိုင်ငံသူနိုင်ငံသားများ အနေနှင့် နားမလည်နိုင်အောင် ဖြစ်ရပေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားထားပါသည်။ ရဲရင့်သတ္တိရှိသော ဤအမျိုးသမီးအား နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းသည် တရားမျှတမှုကို ကြိုးစားရှာဖွေနေကြသူ ကျနော်တို့ အားလုံးအတွက် သူမကပြောဆိုနေသည်ကို ရှင်းလင်းစွာပြသလိုက်ခြင်းပင် ဖြစ်ပါသည်။

“ဗားစလဗ် ဟာဗဲလ်”

“ဒေါ်သန်းအေးရေးသားသော စုနှင့် မိတ်ဆက်ခြင်း”

ဒေါ်သန်းအေး ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ၌ ရောက်ရှိနေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ ဆုံခဲ့သည်။ ထို့ နောက် သူမ သည် ဒေါ်ခင်ကြည်၏ မိတ်ဆွေဖြစ်လာပြီးအောင်ဆန်းစုကြည်နှင့် ဘဝတလျောက်လုံးတွင် ချစ်ခင်ရင်းနှီးသူဖြစ်သည်။ ဒေါ်သန်းအေးကို ထိုခေတ်က “အဆိုတော်ဘိလပ်ပြန်သန်း”ဟု လူသိများခဲ့၏။ ဆရာမအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ပြီးသောအခါတွင် ကမ္ဘာ့ကုလသမဂ္ဂ၌ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီး ဖြစ်လာသည်။ ကုလသမဂ္ဂတွင် “နှစ်ပေါင်း ၂၅ နှစ်ကြာ” အမှုထမ်းပြီးနောက် အငြိမ်းစားယူကာ ယခုအခါ ဩစတြီးယားနိုင်ငံ၌ နေထိုင်လျက်ရှိသည်။

=================================================================

စတြာစ်ဘောက်မြို့(Strasbourg) ၌ ၁၂ နိုင်ငံပါဝင်သောဥရောပပါလီမန်သည် “၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ”တွင် တည်ငြိမ် သိက္ခာရှိသော အထူးစည်းဝေးပွဲကျင်းပကာ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်စွာတွေးခေါ်မှု အတွက် “၁၉၉၁ ခုနှစ် ဆာခါရော့” (Sakharov) ဆုကို ချီးမြှင့်လိုက်ပါသည်။ ယခင်နှစ်များက တောင်အာဖရိကမှ နယ်လ်ဆင် မန်ဒဲလား (Nelson Nandela)/ ဆိုဗီယက်ပြည်ထောင်စုမှ အနာတိုလီမာချန်ကို(Anatoly Marchenko) နှင့် ချက်ကိုဆလို ဗက်ကီးယားနိုင်ငံမှ အလက်ဇန္ဒားဒုဗ်ချက် (Alexander Dubcek) တို့ အား အလားတူ ဂုဏ်ပြု ခဲ့ပါသည်။ ပါလီမန်ဥက္ကဌဖြစ်သူ ဘာရွင်ခရက်စ်ပို(Baron Crespo) က ခန့်ညားထယ်ဝါသော စပိန်ဘာသာစကားနှင့် မြွက်ကြားလိုက်သော ကြေညာချက်ကို ကျမတို့ နားကြပ်များထဲမှ ဘာသာပြန်က အင်္ဂလိပ်စကားနှင့်ပြန်ပြောလိုက်သည်မှာ ကျနော်တို့သည် ဤဆု ကို ရဲရင့်သော အာရှသူတဦးအား ချီးမြင့်လိုက်ပါသည်။ ဤအမျိုးသမီး၏ အမည်သည် လွတ်လပ်ခြင်းနှင့်ဒီမိုကရေစီအတွက် အကြမ်းမဖက်သော နည်းနှင့် တိုက်ပွဲဝင်ခြင်းတို့နှင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။ မိန့်ခွန်းအပြီး၌ ဥက္ကဌကြီးသည်အခမ်းအနား စင်မြင့်ပေါ်၌ ဖခင်နှင့်အတူ ထိုင်နေသော “ကင်မ်” ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် “မောင်ထိန်လင်း” အား ဆုလက်မှတ်ကို အပ်နှင်းလိုက် ခြင်းဖြင့် တိုတောင်းသော်လည်း စိတ်လှုပ်ရှားဖွယ်အတိဖြစ်သော အခမ်းအနားကို နိဂုံးချုပ်လိုက်ပါသည်။

မိတ်ဆွေသူငယ်ချင်းများ က “စု” ဟူ၍ ခေါ်လေ့ရှိသော သူမသည်ကား ဤဆုကို ကိုယ်တိုင်လာရောက် လက်မခံနိုင်ရှာပါ။ သူသည် မြန်မာစစ်အစိုးရ၏ အကျဉ်းကျခံတဦးအနေနှင့် ရန်ကုန်မြို့၌အထိန်းသိမ်းခံဘဝ သုံးနှစ်မြောက်သက်တမ်းကို စတင် ရင် ဆိုင်လျက် ရှိပါသည်။





ဗြိတိသျှဝန်ကြီးချုပ် အတ္တလီ၏ အမှတ် ၁၀ ဒေါင်းနင်းလမ်း လန်ဒန်မြို့ နေအိမ်တွင် “၁၉၄၇ ခုနှစ် ဇန္နဝါရီ” ၌ တွေ့ ဆုံစဉ်

ဝဲမှ ယာ ဦးဘဘေ၊ မစ္စတာကလီမန့် အတ္တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွတ်၊ လော့ဒ်ပီသစ်လောရင့်



မိခင်ကိုယ်စား သားငယ်“ကင်မ်” ထိန်လင်းက လွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာ ဆာခါရော့ဆုကို ၁၉၉၁ ခုနှစ်“ဇူလိုင်လ ၁၀” ရက်နေ့ တွင် လက်ခံရယူစဉ်

ယခု ထောင်ဒဏ်ကျခံနေရသော ဦးကြည်မောင်နှင့်အတူ ၁၉၈၉ ခုနှစ်၌ တွေ့ ရစဉ်
ဤဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ဤဂုဏ်ပြုချီးမြင်းခြင်းတို့ ကို ဖြစ်ပေါ်လာစေခဲ့သော “စု” ၏ ဘဝလမ်းကြောင်း ကို စဉ်းစားသုံးသပ် ရင်း ကျမကိုယ်ကိုကျမမေးခွန်းအမျိုးမျိုး ထုတ်နေမိပါသည်။ ဒါတွေဟာ ဘယ်လိုကဘယ်လို ဖြစ်ပေါ်ခဲ့တာပါလိမ့်၊ ဒီလိုအခြေအနေဆိုးတွေ၊ ဖိစီးချုပ် ချယ်မှုတွေကို ခံနိုင်စွမ်းပေးတဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ် ရဲ့ အရင်းအမြစ်ဟာဘာပါလိမ့်၊ ဘယ်ကများ ထွက်ပေါ်လာပါလိမ့်၊ ဘယ်လောက် ကြာဦးမယ်မသိအောင် ဆက်လက်ထိန်းသိမ်းခံနေရဦးမှာနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ကွင်းထဲ သူမ စွမ်းဆောင်ခဲ့ သမျှကို စစ်အစိုးရက တမင်တကာ တိုက်ဖျက်နေတာတွေကို သူမ ဘယ်လိုများမြင်ပါလိမ့်။ သူမသည် ထိုဇာတ်ကွင်းထဲသို့  ၁၉၈၈ ခုနှစ်၌ နိုင်ငံရေးပါတီတရပ် တည်ထောင်စဉ်က ဝင်ရောက်ခဲ့ပါသည်။ သူမအား ဖမ်းဆီးလိုက်ပြီး၁၀ လခန့် အကြာတွင် ကျင်းပခဲ့သော ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ ထိုပါတီက အပြတ်အသတ်အနိုင်ရခဲ့ပါသည်။ ကျမ၏ အထင်အမြင်အရ၊ စု၏ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်နှင့် အများနှင့်မတူတမူထူးသော သဘောသဘာဝတို့ ၏ ခိုင်မြဲသောဇစ်မြစ်သည် မေ့ပျောက်၍ မရနိုင်သော သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သတိရတမ်းတဖွယ်ရာ အရည်အချင်းများနှင့်သူမ၏ ထူးခြားသောမိခင် ဒေါ် ခင်ကြည် ၏ ပြုစုပျိုးထောင်မှုတို့ ပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဇာတ်လမ်းသည် မြန်မာ့သမိုင်း၏ တစိတ်တပိုင်း ဖြစ်၍ အများကသိပြီး၊ မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ နောက်ဆုံးမှတ်တမ်းတရပ်ကို သူ့ သမီးကိုယ်တိုင်ပြုစုခဲ့ပါသည်။ ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံအတွင်းသို့ဂျပန်တပ်မတော်နှင့်အတူ ရှေ့ဦးမှ ချီတက်မည့် ရဲဘော်သုံးကျိပ်ခေါင်းဆောင်အဖြစ် ဂျပန်တို့ထံမှ စစ်ပညာသင်ကြားခဲ့ပုံ၊ ဂျပန်တို့လက်အောက်ခံအဖြစ် နေခဲ့ရသော အတုအယောင်လွတ်လပ်ရေးကာလ နောက်ပိုင်း၌ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရန် ဝင်ရောက်လာသော မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံ၊ နောက်ဆုံး စစ်ပြီးခေတ်၌ လုံးဝလွတ်လပ်ရေးတောင်းဆိုချက်ကို ဗြိတိသျှတို့လိုက်လျောရသည်အထိ အပတ်တကုတ် ကြိုးပမ်း လှုပ်ရှားခဲ့ပုံ စသည်တို့  ကို စာရေးဆရာအများက အသေးစိတ် ရေးသားတင်ပြပြီး ဖြစ်ပါသည်။ ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိ ကိုမူစေ့စေ့ငှငှ မှတ်တမ်းတင်ထားခြင်း မရှိပါ။

ဗိုလ်ချုပ်နှင့်ပတ်သက်၍ ကျမသတိရနေသော အချက်အချို့မှာ အထူးအောက်မေ့လွမ်းဆွတ်ဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကိစ္စများကို အတ္တလီ (Attlee) အစိုးရနှင့်ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကိုခေါင်းဆောင်ကာ ဗိုလ်ချုပ် ရောက်လာ သော “၁၉၄၇ ခုနှစ် ဇန္နဝါရီလ” မှာ အင်္ဂလန်နိုင်ငံ၌ အဆိုးဆုံးဆောင်းကာလ၏ ရာသီဒဏ်ကို အလူးအလဲခံနေရချိန် ဖြစ်ပါသည်။ လန်ဒန်မြို့လယ်၌ နှင်းစိုင်နှင်းခဲများသည် ရှင်းလင်း၍မထားနိုင်လောက်အောင် ထူထပ်စွာပုံနေပြီး ကိုယ်စားလှယ် အဖွဲ့ တည်းခိုရာဒေါ်ချက်စ်တာဟိုတယ် (Dorchester Hotel) သွားလမ်းကိုပင် ပိတ်ဆို့လုမတတ်ဖြစ်နေပါသည်။ စစ်ပြီးစခေတ် ခြိုးခြံစွာနေထိုင်ရေးစနစ်သည် အားလုံးအပေါ် သက်ရောက်မှုရှိသဖြင့်မြန်မာများလည်း အခြားလန်ဒန်တွင်နေထိုင်သူ လူအများ နည်းတူ နေ့ စဉ် နာရီပေါင်းများစွာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရသည့်ဒုက္ခကို ကောင်းကောင်းကြီး ရင်ဆိုင်နေကြ ရပါသည်။ ဟိုတယ်ခန်းများတွင် မီးသွေးမီး၊ ထင်းမီးတို့ နှင့် ဟုန်းဟုန်းတောက်နေသော မီးလင်းဖိုကြီးများမရှိပါ။ သေးငယ်သော ဓာတ်မီးလင်းဖိုကလေးများသာ ရှိပါသည်။ အနေရအထိုင်ရ မသက်သာလှသောအချိန် ဖြစ်သော်လည်း၊ မျှော်လင့်ခြင်းနှင့် စိတ်ဓာတ်တက်ကြွခြင်းတို့မြင့်မားနေချိန်လည်းဖြစ်ပါသည်။ ဗိုလ်ချုပ်သည် လန်ဒန်ရှိမြန်မာများအားလုံးနှင့်တွေ့ဆုံနိုင်ရန် ဂရုတစိုက်စီစဉ်ခဲ့၏။ လန်ဒန်ရှိမြန်မာများဆိုသည်မှာ ပညာသင်နေသူများ၊ အလုပ်လုပ်ကိုင်နေထိုင်နေသူများ၊ ခရီးသွားရင်း လာရင်း ခဏတဖြုတ်ရပ်နားနေသူများနှင့် ကျမကဲ့သို့ ခပ်ကြာကြာ အလည်အပတ်ရောက်နေသော ဧည့်သည်များဖြစ်ကြပါ သည်။

စိုဟိုရပ်ကွက် (Soho) ရှိ မြန်မာထမင်းဆိုင်တဆိုင်တွင် ဗိုလ်ချုပ်အား ဂုဏ်ပြုသည့်ဧည့်ခံပွဲကျင်းပကြပါသည်။ အတော်အတန် ပြည့်ကြပ်နေသော ဧည့်ပရိသတ်ကို နှုတ်ခွန်းဆက်စကား ပြောပြီးနောက် ဗိုလ်ချုပ်က ကျမတို့တဦးချင်းနှင့် ခင်မင်ရင်းနှီးစွာ စကားပြောပါသည်။ ဗိုလ်ချုပ်၏ ရနံ့သင်းသော ဂုဏ်သတင်းများ ကျမတို့ထံ ရောက်ခဲ့သည်မှာအတန်ကြာပါပြီ။ လူအများ အသိ အမှတ်ပြုရသော သူ၏အရှိန်အဝါ၊ တောက်ပြောင်လှသော သူ၏တည်ကြည်ဖြောင့်မတ်မှု၊ အတိုက်အခံများအား ကိုင်တွယ်ရာ၌ လိမ္မာပါးနပ်ပုံ ဂျပန်ခေတ်အတွင်းကဂျပန်များနှင့်၊ စစ်ပြီးခါနီးနှင့် စစ်ပြီးခေတ်၌ အင်္ဂလိပ်များအပါအဝင်၊ သူနှင့်ဆက်ဆံလုပ်ကိုင် ရသူများနှင့် အဆင့်အမြင့်ဆုံး အာဏာပိုင်များ၏ လေးစားခြင်းကိုရယူနိုင်ပုံ၊ သူလိုလားသည့် လွတ်လပ်ရေးဆွေးနွေးပွဲများအား အကောင် အထည်ဖော်နိုင်သည့်အဆင့်တိုင်အောင် မြန်မာနိုင်ငံကိုသယ်ဆောင်လာခဲ့သော သူ၏လှုပ်ရှားမှုများစသည့် ကိစ္စ အပေါင်းကို အားလုံးသိနှင့်ကြပြီး ဖြစ်ပါသည်။ ဤအမျိုးသားသူရဲကောင်းကြီးသည် ကျမတို့တဦးချင်းစီ၏နက်ရှိုင်းသော ရိုသေ လေးစားမှုကို ရရှိပြီးဖြစ်ပါသည်။ သူ၏ရိုးသား၍ ဟန်ပန်မပါသော ခင်မင်မှုသည်ကျမတို့၏ အသဲနှလုံးများကိုပါ သိမ်းကြုံး လိုက်ပါတော့သည်။

မျိုးမြင့်ချို စုစည်းတင်ပြသည်။

11.28.2008

ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး

ယခုအပတ်မှစ၍ ဒေါ်အောင်ဆန်းစုကြည်ရေးသားသော ဆောင်းပါးများ၊ မိန့်ခွန်းများနှင့်သတင်းစာ ရှင်းလင်းပွဲများကို ပေါင်းစည်း၍ ဒေါက်တာအောင်ခင်တည်းဖြတ် ထုတ်ဝေထားသည့် Freedom From Fear “ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး” စာအုပ်အား အပတ်စဉ် အပိုင်းလိုက်ခွဲ၍ ဖေါ်ပြပေးသွားပါမည်။ စာနှင့်ဓါတ်ပုံများကို ကိုမျိုးမြင့်ချိုက ရှာဖွေစုဆောင်းပေးပါသည်။

အပိုင်း(၁)

“ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး”

အောင်ဆန်းစုကြည်

“စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့် စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံ ရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံ ရဲ့မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကိုသဘောပေါက်ရမယ်” “အောင်ဆန်း”

“အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံအယူအဆများကိုရောင်ပြန်ဟပ် နေ၍ လည်းကောင်း၊ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ” “ဗားစလဗ်ဟာဗဲလ်”

“အောင်ဆန်းစုကြည်သည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်၏ အကောင်းဆုံး အင်္ဂါလက္ခဏာများဟု သူမယူဆထားသည်များ ကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းအင်္ဂါလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ

ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်” နိုဘဲလ်ကော်မတီဥက္ကဌ” (၁၉၉၁)

စာရေးသူ၏ အမှာ

စာရေးခြင်း၊ မိန့် ခွန်းပြောခြင်း၊ စကားပြောခြင်းစသော လုပ်ရပ်များ၏ အဓိကရည်ရွယ်ချက်တခုကား လူအချင်းချင်း နားလည်မှုတိုးပွားစေရန်ဖြစ်သည်ဟု ကျမယူဆပါသည်။ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့ ကို ကမ္ဘာက ပိုမို၍ သိရှိနားလည်စေရန်ရည်ရွယ်၍ ဤစာအုပ်ပါဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတနိုင်ငံကို အမှန်တကယ် အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားသားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမယုံကြည်ပါသည်။

“၁၉၈၈-၈၉” ခုနှစ်များအတွင်း ကျမပြောကြားခဲ့သော မိန့် ခွန်းများနှင့်သတင်းစာရှင်းလင်းပွဲများ၏ ဦးတည်ချက်သည် ဒီမိုကရေစီ သဘောတရားများနှင့် ဒီမိုကရေစီစနစ်ကို တည်ထောင်လိုသူတို့ ၏ အတွေးအခေါ်၊ အမြင်တို့ ကို အများပြည်သူဝေဖန်သုံးသပ်နိုင် ရေးပင် ဖြစ်ပါသည်။

ဆောင်းပါးများ၊ မိန့် ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများကို စုပေါင်း၍ စာအုပ်ထုတ်ဝေလိုက်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ ရေးများကို နားလည်သုံးသပ်လိုသူများအတွက် အထောက်အကူ ဖြစ်နိုင်မည်ဟု မျှော်လင့်ပါသည်။

ဤစာအုပ်ကို ထုတ်ဝေနိုင်ရန် အားပေးကူညီခဲ့သူ တို့ အား ကျေးဇူးတင်လျက်ရှိပါသည်။ များပြားလှသော အလုပ်တာဝန်များကြား မှ စေတနာပြည့်ဝစွာဖြင့်အဓိကဘာသာပြန်သူအဖြစ်လည်းကောင်း စာတည်းဖြတ်သူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည့် ဒေါက်တာအောင်ခင်“လန်ဒန်” ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

အောင်ဆန်းစုကြည်

စာတည်း၏ အမှာ

လွန်ခဲ့သော ရှစ်နှစ်ခန့်  “၁၉၈၅” ခုနှစ်ကဖြစ်သည်။ နှင်းထူထပ်စွာကျနေသည့် ထိုနှစ် ဆောင်းရာသီတနေ့ တွင်ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဆုံးအကြိမ်ကျနော် တွေ့ ဆုံခဲ့ရသည်။ ထိုစဉ်က အင်္ဂလန်တွင် ရန်ကုန်တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဖက်ဟောင်း သမိုင်းဆရာဆရာမများ ရောက်ရှိနေခိုက်ဖြစ်သဖြင့်အောက်စဖို့ ဒ်တက္ကသိုလ်တွင် တနေ့ စုဝေးကြသည်။

ထိုနေ့ ၌ပင် ဒေါ်အောင်ဆန်းစုကြည်တို့  ဇနီးမောင်နှံက သူတို့ အိမ်တွင် လက်ရည်ပွဲပြင်ဆင်ထားသဖြင့် ကျနော်တို့  သမိုင်းအုပ်စု သွားကြသည်။ ကျနော်နှင့် ကျနော့်ဇနီးအပါအဝင် အားလုံးဧည့်သည် ရှစ်ယောက် ရှိ၏။

ဒေါ်စုကိုယ်တိုင် လုပ်ထားသော ကိတ်မုန့် များ စားသောက်၍ တပျော်တပါး ရှိလှသည်။ ကျနော်သည် ဒေါ်စု၏ခင်ပွန်း ဒေါက်တာ မိုက်ကယ် အဲရစ်နှင့်သာ စကားပြောရသည်ကများပြီး ဒေါ်စုမှာမူအမျိုးသမီးဝိုင်းတွင် လက်မလည်နိုင်အောင်ဧည့်ခံရင်း စကား လက်ဆုံကျနေသည်က များ၏။

ဒေါ်စုတို့ အိမ်မှာ အတော်လေးကျယ်ဝန်းသည်ဟု ဆိုနိုင်သော်လည်း ကုလားထိုင်များ၊ စားပွဲများနှင့်စာအုပ်စင်များကလွဲ၍ ကျနော် ဘာမျှမတွေ့ မိ။ လင်မယားနှစ်ယောက်စလုံးရိုးရိုးကုပ်ကုပ်နှင့် စာပေလိုက်စားသူများ ဖြစ်သည်ဟူ၍သာ ကျနော့်စိတ်ထဲ၌ မှတ်ချက်ချမိသည်။

ထိုနေ့  တွေ့ ဆုံ ပြီးနောက်ပိုင်း ကျနော်နှင့် ဒေါ်စုတို့ ဇနီးမောင်နှံ လုံးဝ အဆက်အသွယ် မရှိသလောက် ဖြစ်သွားသည်။ “၁၉၈၈” ခုနှစ်ရောက်မှ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံတွင် ဒေါ်စု ဇောက်ချ၍ လုပ်ကိုင်နေသည်များကို သတင်းစာများတွင် ဖတ်ရ သည်။ လူကြုံများနှင့်ပါလာသော ဗွီဒီယိုအခွေများတွင်လည်း ဒေါ်စုကိုတွေ့ ရသည်။ ကျနော်သည် မဆလခေတ်ကို စက်ဆုပ်ရွံရှာ ပြီး“မဆလ” ဒဏ်ကိုလည်း မခံနိုင်သည့်အဆုံး နိုင်ငံခြားထွက်လာခဲ့သူဖြစ်သည်။ ဒေါ်စုမှာမူလွတ်လပ်နေရာမှ အမိနိုင်ငံသို့ ပြန်ရင်း မိမိ၏ ယုံကြည်ချက်အတိုင်း ဒီမိုကရေစီထွန်းကားရေးအတွက် တိုက်ပွဲဝင်ရုန်းကန်နေသူဖြစ်သည်။ ဒေါ်စုကို ရိုးသား ဖြောင့်မတ် သိမ်မွေ့ သော အိမ်ရှင်မတဦးအဖြစ်သာ သိရှိထားခဲ့သဖြင့် ရေရှည်တိုက်ပွဲတွင် ခံနိုင်ရည်ရှိပါ့မလားဟု အစတွင် ကျနော် သံသယ ဖြစ်မိသည်။ သို့ သော် ဒေါ်စု ဦးဆောင်သည့် ဒီမိုကရေစီတိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ထိုသံသယစိတ် တို့  လွင့်စင်ကွယ်ပျောက်ကုန်တော့သည်။

ဒေါ်စု အင်္ဂလိပ်ဘာသာဖြင့်ရေးသား၍ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် တည်းဖြတ်ထုတ်ဝေသော "Freedom From Fear" စာအုပ်ကို “၁၉၉၁” ခုနှစ် ဒီဇင်ဘာလတွင် ဖတ်လိုက်ရသည်။ ထိုစာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထုတ်ဝေသင့်သည်ဟု ကျနော် တွေးမိသည်။ ထိုစာအုပ် ကို တကယ်တမ်း မြန်မာပြန်ရာတွင် ကျနော် အဓိကအခန်းမှပါဝင်လာရမည်ဟု ထိုစဉ်က မထင်မှတ်ခဲ့ပါ။ ကျနော် နောက်ဆုံး မြန်မာပြန်ဆိုရေးသားထုတ်ဝေခဲ့သည့် အတွေ့ အကြုံမှာ “၁၉၇၁” ခုနှစ်က ဖြစ်သည်။ နှစ်ပေါင်း “၂၀” ကျော်ခန့်  မြန်မာပြန်ထုတ်ဝေသည့် အလေ့အထ ပြတ်လပ်နေခဲ့သဖြင့်အစတွင် ဒေါ်စုစာအုပ် ကို မြန်မာပြန်ရန် မဝံ့မရဲ ဖြစ်မိသော်လည်း မြန်မာတိုင်းရင်းသားတိုင်း ဖတ်ရှုသင့်သည့်စာအုပ်ဟု ယုံကြည်သည့်အတွက် အတတ်နိုင်ဆုံး အားထုတ် ပြန်ဆိုခဲ့ရသည်။ အထူးသဖြင့်မြန်မာစာဖတ်ပရိသတ်အတွက် ရည်စူးထားသည့်အလျောက် အင်္ဂလိပ်စာအုပ်နှင့်မတူဘဲ တမူ ထူးခြားနေမှာ အမှန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေးဖခင်ဟု လူတိုင်းလိုလို ငယ်စဉ်ကတည်းက သိရှိထား ခဲ့ကြသော်လည်း ဗိုလ်ချုပ်၏ အတွေးအခေါ်အယူအဆများ ကို လေးလေးနက်နက် နားလည်သဘောပေါက်မိသူ အလွန်နည်းပါး လိမ့်မည်ထင်သည်။ ထိုလူနည်းစုထဲတွင် ဒေါ်စု အထင်ရှားဆုံးဖြစ်မည်မှာပြောရန်မလိုဟု ယုံကြည်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်အယူအဆများပေါ်တွင်အခြေခံ၍ မိမိကိုယ်ပိုင်ယုံကြည်ချက်များကို တည်ဆောက်ထားသော ဒေါ်စု၏အတွေး အခေါ် ကို မြန်မာတိုင်းရင်းသားတိုင်းသိရှိနားလည် သဘောပေါက်ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် “၁၉၆၂” ခုနှစ်မှ “၁၉၈၈” ခုနှစ်အထိပြည်သူလူထု ယုံကြည်အားထားလောက်သည့် နိုင်ငံရေးခေါင်းဆောင်မျိုး ပေါ်ပေါက်ရန် အခွင့်အလမ်း မရှိခဲ့ပါ။ “၁၉၈၈” ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ပေါ်ပေါက်လာသည့်အခါတွင်မှ ကိုယ်ကျိုးစွန့် ၍ တိုင်းပြည်အတွက် အနစ်နာခံလုပ်ကြမည့် ငယ်ရွယ်သောခေါင်းဆောင်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအထဲတွင်ဒေါ်စုသည် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးအမွေကို ဆက်ခံမည့်သူအ ဖြစ်၎င်း၊ငြိမ်းချမ်းသောနည်းဖြင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုရယူနိုင်မည့်သူအဖြစ်လည်းကောင်း၊ တပ်မတော်သားတို့ ကရိုသေလေးစားရသူအဖြစ်၎င်း၊ အများပြည်သူ၏ ယုံကြည်ကိုးစား မှုရယူထားသူအ ဖြစ်၎င်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မည့်သူအဖြစ်လည်းကောင်း ပေါ်ထွက်လာပါသည်။

ကွယ်လွန်သူ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင် ရေးသား၍ “၁၉၅၀” ခုနှစ်က ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် “မြန်မာနိုင်ငံ တော်သမိုင်း” စာအုပ်တွင် မြန်မာ့ရှေးဟောင်းသမိုင်းပညာရှင်ကြီး ပါမောက္ခ “ဂျီအိပ်ခ်ျလုစ်” က “ဗမာမဟုတ်သော နိုင်ငံသားများ အပေါ် ကွယ်လွန်သူအောင်ဆန်း ထားရှိသော သဘောထားများကို ကျနော် များစွာလေးစားမိပါ၏။ မြန်မာနိုင်ငံ စည်းလုံးရေးကို “ဓား”ဖြင့်မဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ပီသစွာ လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိ ကြိုးပမ်းရာတွင် “ကျန်စစ်သား” လွန်သည်မှစ၍

အောင်ဆန်းသည် ပထမဆုံးသော ဗမာဖြစ်သည်ဟု ကျနော် ယူဆပါသည်” ဟု ၎င်း၏ အမှာစာတွင် မှတ်တမ်းတင်ထားသည်။

ဒေါ်စုသည် ဖခင်လုပ်သူ၏ ခြေရာအတိုင်း လိုက်နိုင်မည်ဟု ကျနော်ယုံကြည်၏။ သို့ သော် မြန်မာနိုင်ငံ၌ ဒီမိုကရေစီထွန်းကားရန် ဒေါ်စုတဦးတည်း အနစ်နာခံကြိုးပမ်း၍ ရမည်မဟုတ်၊ လူတိုင်းက မိမိတို့ ၏ ကိုယ်ကျိုးသက်သက်ကိုသာ ကြည့်မနေဘဲ၊ အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအရေးတို့ အတွက် တတ်နိုင်သ၍ တာဝန်သိသိကူညီမှသာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကား၍ စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရရှိနိုင်မည် ဖြစ်သည်။

စာအုပ်ပါ အသုံးအနှုန်းများကို နေ့ စဉ်သုံး မြန်မာစကားနှင့် အနီးစပ်ဆုံးဖြစ်စေရန်ရည်ရွယ်ထားသဖြင့် ဥပမာ“ကျွန်မ” “ကျွန်တော်” ဟူသော စာလုံးပေါင်းကို မသုံးဘဲ “ကျမ”“ကျနော်” ဖြင့်အစားထိုး သုံးစွဲထားသည်။ မူရင်း မြန်မာစကားတွင် မိမိကိုယ်မိမိ “ငါ” ဟူ၍ ရည်ညွှန်းသော်လည်း အာဏာရှင်ဘုရင်များခေတ်တွင် “ကျွန်”ဟူသော ဝေါဟာရ ခေတ်စားလာခဲ့၍ “ငါ” ဟူသော မူလအသုံးအနှုန်းမှာ ဘုရားစာများတွင်သာ ကျန်နေတော့မည်ဖြစ်သည်။

စာအုပ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီကြသည့် လန်ဒန်မြို့မှ အရှင်ဥတ္တရ၊ ဦးစိန်ကျော်လှိုင်နှင့်အခြား မြန်မာပြန်ဆို ကူညီသူများအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာပြန်ဆိုရာ၌ တစုံတရာ ချွတ်ယွင်းမှုရှိမည်ဆိုလျှင် ကျနော့် တွင်သာ တာဝန်ရှိပါသည်။

ဒေါက်တာအောင်ခင်

လန်ဒန်

“၇- ၉- ၉၃”