1.11.2009

သိမှတ်ဖွယ်ရာထိုင်းနိုင်ငံအရေး…



ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သူဌေးကြီးတက်ဆင်နဲ့ သူ့ရဲ့ကျောထောက်နောက်ခံအစိုးရတွေကို ပြုတ်ကျ သွားအောင် လပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီရေးပြည်သူ့တပ်ပေါင်းစု People Alliance for Democracy (PAD) က သူတို့အစီအစဉ်ရှိရှိ တိုက်ပွဲဝင် သွားခဲ့ကြတဲ့အပေါ် အစိုးရတွေ ပြုတ်ကျကုန်ပြီးတော့ အခု အဂတိလိုက်စားမှုကင်းမဲ့တဲ့ အစိုးရပေါ်ထွက်ရေးလမ်းကြောင်းပေါ် မှာ ရောက်ရှိ လာခဲ့ကြတယ် ဆိုတာ ကြားလိုက်ကြမယ် ထင်ပါတယ်။

အဲဒီတိုက်ပွဲကာလမှာ လူတချို့ဟာ ရဲအပါအ၀င် တခြား တက်ဆင်ထောက်ခံတဲ့ အနီရောင်ဝတ် လူတစုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြတယ်၊ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ အနီရောင်အ၀တ်အစားဝတ်ထားတဲ့ အစိုးရလက်ကိုင်ဒုတ်တွေနဲ့ အ၀ါရောင်ဝတ် PAD ဆန္ဒပြသူတွေအကြား အဓိကရုဏ်းတွေဖြစ်တယ်။ လမ်းမတွေပေါ်မှာ ဟိုဘက်ဒီဘက် ရုန်းရင်းဆန်ခတ် တိုက်ခိုက်ကြတာတွေလည်းရှိတယ်။ အဓိကကတော့ PAD အဖွဲ့ရဲ့လူထုရှိတဲ့နေရာကို ငွေပေးငှားထားတဲ့ အနီရောင်ဝတ် အစိုးရလက်ကိုင်ဒုတ်တွေက ဒုတ်၊ ဓား၊ လက်နက်တွေနဲ့ လာပြီးတိုက်ခိုက်ကြတာများတယ်။ PAD ဘက်ကလည်း ဆိုင်ကယ်ဦးထုပ်တွေကို အကာအကွယ်အဖြစ်ဆောင်းထားပြီး ဒုတ်တွေ၊ ဂေါက်ရိုက်တံတွေနဲ့ ပြန်ချကြတယ်။ အဲဒီလိုဖြစ်တဲ့အခါ PAD က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ထိုင်းအမျိုးသမီးငယ်တဦးကို ခင်ဗျားတို့က အကြမ်းမဖက်တဲ့လှုပ်ရှားမှုတွေလုပ်နေတယ်ဆိုပြီးတော့ ဒီလို တဦးနဲ့တဦးအပြန်အလှန်တိုက်ခိုက်နေကြတဲ့အခါ ခင်ဗျားတို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို မထိခိုက်ဘူးလားလို့ မေးကြည့်မိတော့ သူက “ဟုတ်တယ် ကျမတို့က အကြမ်းမဖက်ဆန္ဒပြနေကြတာဘဲလေ။ ရှင်တို့တွေ့တဲ့အတိုင်းဘဲ ဒီမှာ အစိုးရရဲ့ ရဲတွေ ကျမတို့ကို လာပြီးအတင်းဝင်ဖြိုခွဲတဲ့အခါ ကျမတို့က ဘာမှပြန်မလုပ်ပါဘူး။ လူထုအင်အားနဲ့ဘဲ ပိတ်ဆို့တားဆီးခဲ့ကြတာပါ။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ ဘာမှန်းမသိတဲ့ လမ်းဘေးကလူတွေက ကျွန်မတို့ကို လက်နက်တွေနဲ့လာတိုက်ခိုက်တာမျိုးဆိုရင်တော့ ကျမတို့ကိုယ် ကျမတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်။ ကျမတို့ကိုယ်ကျမတို့မကာကွယ်ရင် အနားမှာ ကျမတို့ကိုကာကွယ်မယ့်သူ ဘယ်သူမှမရှိဘူးမဟုတ်လား။ ဒါဟာ ကျမတို့ရဲ့အခွင့်အရေးပါ။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကိုယ်ရောက်ရှိနေတဲ့စနစ်က မှန်ကန်တယ် မမှန်ကန်ဘူးဆိုတာကို အစိုးရအဖွဲ့ကထွက်ပြီး အဲဒီ PAD နဲ့ပူးပေါင်းခဲ့တဲ့လွှတ်တော်အမတ်တဦးက “အထဲမှာ ပြုပြင် ပြောင်းလဲရေး လုပ်နေလို့တော့ အများစုအရွေးခံထားရတဲ့ အုပ်စုကြီးထဲမှာ ဘယ်လိုမှဖြစ်မှာမဟုတ်လို့ ထွက်လာပြီး လူထုနဲ့ပူးပေါင်းတာပါ” လို့ပြောခဲ့တယ်။ တက်ဆင်ပြုတ်ကျပြီးနောက်ပိုင်းမှာလည်း မဲတွေကို ငွေနဲ့ဝယ်ပြီးကလိန်ကျခဲ့ကြတော့ တက်ဆင်ရဲ့ရုပ်သေးတွေဘဲ မဲနိုင်ပြီး အစိုးရဖွဲ့နှိုင်ခဲ့တယ်လေ။ အဲဒီအချိန်တုန်းက အစိုးရအပါအ၀င် စာနယ်ဇင်းတွေက PAD အဖွဲ့က သူပုန်ထတယ် ဆိုပြီး အကြီးအကျယ် ရေးခဲ့ကြသေးတယ်။ အစိုးရကိုပုန်ကန်တဲ့လူတွေကို ဘယ်နည်းနဲ့ဘဲ ပုန်ကန်ပုန်ကန် အဲဒီလိုအစိုးရတိုင်းက သူတို့ကိုဆန်ကျင်လာတဲ့အတွက် သူပုန်လို့အမည်ပေးကြတာပါဘဲ။ PAD ကလည်း သူတို့ရဲ့ လှုပ်ရှားမှုကြာလာတာနဲ့အမျှ တိုင်းပြည်နစ်နာတော့မယ်ဆိုတာကိုသိတော့ ပွဲဖြတ်ဘို့ အစိုးရအဆောက်အဦတွေ၊ လေယာဉ်ကွင်း တွေကို လူထုအင်အားနဲ့ သိမ်းပြီး စိမ်ခေါ်ခဲ့တယ်။ ရဲတပ်ဖွဲ့တွေကို အစိုးရအနေနဲ့ သုံးခဲ့ပေမယ့် စိတ်ဓါတ်ပြင်းတဲ့ PAD ဦးဆောင်တဲ့ ဆန္ဒပြလူထုကို မကျော်လွှားနှိုင်ခဲ့ဘူး။ တိုင်းပြည်ရဲ့ အကြီးဆုံးဝင်ငွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းနေရတော့ အစိုးရလည်း ထွက်ပေးရတော့တာပေါ့။ အခုဆိုရင် PAD အဖွဲ့ဝင်တွေရဲ့အပြောအရတော့ အဂတိလိုက်စားမှုမရှိတဲ့ ဒီမိုကရေစီစံနစ်ကို ဦးတည်ရေးက ၇၅% လောက်တော့ အောင်မြင်ခဲ့တယ်ဆိုဘဲ။ ဟုတ်လဲဟုတ်ပါတယ် အခု ထိုင်းနိုင်ငံကသတင်းစာတွေက အဲဒီ PAD ရဲ့လှုပ်ရှားမှုကို အကြမ်းဘက်လှုပ်ရှားမှုလို့ ဘယ်သူမှမပြောကြတော့ဘူး။ ဒီမိုကရက်တစ်ပါတီရဲ့ အစိုးရသစ်အနေနဲ့ အခက်အခဲတချို့ကို ရင်ဆိုင်နေရတယ်ဆိုပေမယ့်လည်း ထိုင်းနိုင်ငံရေးက အကောင်းဘက်ကို ဦးတည်နေတယ်လို့ပြောလို့ရပါတယ်။ ဒါကလည်း စိတ်ဓါတ်တခုတည်းနဲ့တွင်မဟုတ်ဘဲ စနစ်တကျ အစီအစဉ်နဲ့တိုက်တဲ့တိုက်ပွဲရဲ့ အောင်မြင်မှုရလာဒ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရတဲ့သက်သေတခုမဟုတ်ပါလား။


ကိုဘိုးရန်

No comments:

Post a Comment