ကာကွယ်ရေးဦးစီးချုပ်(လေ)တပ်ကြပ်ကြီးစာရေးအဖြစ်မှ၁၉၈၈ခုနှစ်လူထုဆန္ဒပြပွဲကြီး
တွင်မျိုးချစ်တပ်မတော်သားတဦးအဖြစ်ပူးပေါင်းပါဝင်ခဲ့သောဒေါ်နုနုအေးသည်ယနေ့
နိုဝင်ဘာ၉ရက်ညနေ၅နာရီ၅၀မိနစ်တွင်မဲဆောက်မြို့မယ်တော်ဆေးခန်း၌ကွယ်လွန်
သွားခဲ့ပါသည်။
ဒေါ်နုနုအေးသည်၁၉၈၈ခုနှစ်စစ်တပ်မှအာဏာသိမ်းပြီးချိန်တွင်ကျောင်းသားများနှင့်
အတူလွတ်မြောက်နယ်မြေသို့ရောက်ရှိလာခဲ့ပြီးABSDFတပ်ဖွဲ့ဝင်တဦးအဖြစ်မာနာ
ပလောနယ်မြေရှိကျောင်းသားတပ်ရင်းတခုဖြစ်သောသံလွင်စခန်းတွင်တွင်ခက်ခဲ
ကြမ်းတမ်းမှုများကြားမှနှစ်ပေါင်းများစွာတိုက်ပွဲဝင်ရပ်တည်ခဲ့သည်။
ပြောင်းရွှေ့နေရာချထားမှုအစီအစဉ်များအရအမေရိကန်နိုင်ငံသို့ရေက်ရှိသွား
ခဲ့သော်လည်းပြီးခဲ့သော၂၀၀၇ခုနှစ်ကမဲဆောက်မြို့သို့ပြန်လည်ရောက်ရှိလာကာ
တော်လှန်ရေးတာဝန်များကိုဆက်လက်ဆောင်ရွက်ခဲ့သည်။ကျမ်းမာရေးမကောင်း
သည့်ကြားမှပင်ဆောင်းပါးများရေး၍အတွေ့အကြုံနှင့်ယုံကြည်ချက်များကိုမျှဝေ
ခဲ့သည်။
သူနောက်ဆုံးရေးခဲ့သောဆောင်းပါးတွင်ရေးခဲ့သလို
“ယုံကြည်ချက်ဖြင့်အသက်ရှင်နေပါတယ်”
ဟုဆိုခဲ့သောဒေါ်နုနုအေးသည်သူမအလွန်မြင်ချင်တွေ့ချင်ခဲ့သည့်အနာဂါတ်
ဒီမိုကရေစီနိုင်ငံတော်ကြီးကိုမစောင့်ဆိုင်းနိုင်တော့ပဲကျဆုံးခဲ့ရပြီးဖြစ်ရာ
Saffron toward ဘလော့မှဝမ်းနည်းကြေကွဲရပါကြောင်း
အလေးအနက်မှတ်တမ်းတင်အပ်ပါသည်။
ဒေါ်နုနုအေး၏ရုပ်ကလပ်ကိုမဲဆောက်တောရကျောင်းတွင်ထားရှိမည်ဟုသိရပါသည်။
ဒေါ်နုနအေးနောက်ဆုံးရေးခဲ့သော“စနစ်ဆိုး၏သားကောင်များ”အမည်ရှိဆောင်းပါးကို
ဖေါ်ပြပေးလိုက်ပါသည်။
Saffron toward Group
October 18, 2008
ပေးပို့သူ - အမေဒေါ်နုနုအေး
၁၉၈၈ ခုနှစ် လူထု အုံကြွမှု အရေးအခင်းကြီးမှာ အမေတို့က လေတပ်အနေနဲ့ ရှေ့ ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ စစ်တပ်က အာဏာသိမ်းတော့လည်း အညံ့မခံဘဲ အမေအပါအ၀င်တပ်မတော်သား တချို့  ဟာ ကျောင်းသားတွေနဲ့ အတူ နယ်စပ်ကို ထွက်လာခဲ့ကြပါတယ်။ လွတ်မြောက်နယ်မြေကို ရောက်ရှိဖို့ အမေတို့တွေဟာ (၂) ရက်နဲ့ (၃) ည လုံးလုံး မနေမနား ပင်ပန်းဆင်းရဲမှု ဒုက္ခကို ကြံ့ကြံ့ခံကာ အားမာန်အပြည့်နဲ့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ ကို ရောက်ရှိပြီးတဲ့နောက် လက်နက်ဆိုလို့ အပ်တစ်ချောင်း တောင် မရှိတဲ့ နုနယ်တဲ့ ကျောင်းသားငယ်လေးတွေကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့လို့ စစ်အာဏာရှင် တွေကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ပွဲဝင်ဖို့ သမိုင်းပေးခဲ့တဲ့ အခြေအနေအရ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ဖွဲ့စည်းခဲ့ရာမှာ အမေတို့ တပ်မတော်သားတွေ အနေနဲ့လည်း ကျရာနေရာ တတ်နိုင်တဲ့ တာဝန်ကို ယူခဲ့ပါတယ်။တော်လှန်ရေး နယ်မြေထဲမှာ နှစ်ပေါင်းများစွာ ဘ၀ကို အဓိပ္ပာယ်ရှိရှိ မြှပ်နှံခဲ့ရလို့ အဲဒီ အချိန်က အဖြစ်အပျက်တွေကို နောင်ဘ၀အထိတောင် မမေ့နိုင်အောင် လွမ်းမော တမ်းတခဲ့ရ ပါတယ်။ နောင်တဆိုတာလည်း အမေတို့မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်တဲ့အထိ ယနေ့ထက်တိုင် ဒီမိုကရေစီအရေးအတွက် စိတ်အားပြင်းထန်လျက်ပါ။ ဒါကြောင့် နောင်လာနောင်သားတွေအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်စနစ်ကို ချူပ်ငြိမ်းအောင် တိုက်ပွဲဝင်ကြဖို့ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ကို ယူကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။နောက်တခု ပြောချင်တာက အခုအချိန်ဟာ အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်နေလို့ ဒီမိုကရေစီ ဘက်တော်သားတွေအားလုံး ညီညီညွှတ်ညွှတ် တိုင်တိုင်ပင်ပင်နဲ့ ပူးပေါင်းဆောင်ရွက် ကြပါလို့ ပြောကြားချင်ပါတယ်။
အမေတို့ရဲ့  သံလွင်စခန်းဆိုတာကတော့ သောင်းရင်းမြစ်နဲ့ သံလွင်မြစ်ဆုံတဲ့ နေရာဖြစ်ပါတယ်။ ဒီမိုကရေစီကို ချစ်တဲ့သူတွေရဲ့  ဆုံစည်းရာ နေရာလေး တစ်ခုဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ အနှစ်(၂၀) နီးပါးက အဲဒီနေရာမှာ ဘုရားတစ်ဆူ ကို အမေတို့ တော်လှန်ရေး ဘက်တော်သားတွေက အမှတ်တရအဖြစ် တည်ထားပူဇော်ခဲ့ပါတယ်။ အမေတို့ရဲ့  တပ်ရင်းတစ်ခုထဲမှာတောင် လူအင်အားဟာ (၁၇၀၀) အထိ ရှိခဲ့ပါတယ်။ လွမ်းမောဖွယ်၊ နာကျည်းဖွယ်၊ ကြေကွဲဖွယ် ပေးဆပ်ခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ အဲဒီ တော်လှန်ရေး နယ်မြေမှာ စစ်အာဏာရှင်ကို ပုန်ကန်နေတဲ့ အမေ့ရဲ့  ဇာတ်လမ်းလေးတွေကို မျိုးဆက်သစ် လူငယ်လေးတွေ သိအောင် အမေ အသက်ရှင်စဉ်မှာ ပြောပြသွားချင်တယ်။ အဲဒီ တော်လှန်ရေး နယ်မြေမှာ အမေဟာ ငှက်ဖျားဒဏ်ကို အပြင်းအထန် (၂၂) ကြိမ် တိတိ ခံစားခဲ့ရပြီး ၀ိဥာဉ်တောင် လွင့်မျောခဲ့ရတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်ခဲ့ရပါတယ်။ မပြီးဆုံးသေးတဲ့ တာဝန်တွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေနဲ့ ပြင်းထန်လှတဲ့ အမေတို့ရဲ့  အဲဒီတုန်းက ဘ၀ဟာ လူဖြစ်ရတာ ပီသ တယ်လို့ ခံစားခဲ့ရတဲ့အထိ အားအင်တွေ အပြည့်နဲ့ပေါ့။ ဗိုလ်မှူးကြီး အေးမြင့် ပြောခဲ့သလိုဘဲ သားတွေ သမီးတွေကို ထားခဲ့ရတဲ့ အမေတို့ဟာ မိဘတွေကို ခွဲခဲ့ရတဲ့ ကျောင်းသားတွေနဲ့ တောထဲမှာ နေကြတော့ သားသမီး ငတ်နေတဲ့ အမေနဲ့ မိဘကို တမ်းတ ငတ်မွတ်နေတဲ့ သားသမီးတွေရဲ့  ဘ၀ စဉ်းစားတာ ကြည့်ကြပါတော့။ ခိုင်မြဲတဲ့ သံယောဇဉ် နဲ့ နုနယ်ဖြူစင်လှတဲ့ လူမမယ် ကျောင်းသားလေးတွေ အားလုံးရဲ့  “အမေ ဘ၀” ဟာ အင်မတန်ကို ကဗျာဆန်လှတာပေါ့။ ဒီမိုကရေစီ ရမှ အမျှဝေပါ အမေလို့ မှာကြားရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ ရင်သွေးတွေရဲ့  အသံတွေဟာ အမေ့ရဲ့  ရင်ဘတ်ထဲမှာ ယနေ့တိုင် သိမ်းထားရဆဲပါ။
ဗမာစစ်တပ်က KNU တွေကို “ငပွေး” လို့ ခေါ်ကြတဲ့အတိုင်း တောထဲက ကရင်တွေရဲ့  ကိုယ်ခန္ဓာမှာ ပွေးတွေ ပေါက်နေတာကို မြင်ရတယ်။ အမေတို့လည်း ၀ဲ တွေ ပေါက်ကြတယ်လေ။ အမေတို့ဟာ သံလွင်မြစ်ကမ်းနံဘေးမှာ ရေဆင်းချိုးရတဲ့အခါ သဲတွေနဲ့ ယားလှတဲ့ ၀ဲ တွေကို ပွတ်ကြရတယ်။ ကျောင်းသားကလေးတွေ ရိက္ခာအတွက် လှေကလေးနဲ့ ဈေးဝယ်ထွက်သွားရင် အမေက ကမ်းနဖူးမှာ ထိုင်ကြည့်ရင်း ပြန်အလာကို မျှော်ရတယ်။ အချိန်တန်လို့ ပြန်မရောက်တဲ့ နေ့တွေလည်း ရှိတယ်။ တချို့ လည်း နအဖတပ်နဲ့ တွေ့ပြီး တိုက်ပွဲမှာ ကျဆုံးခဲ့သလို တချို့ လည်း အချိန်တန်လို့ အမေ စိတ်ပူရတဲ့အခါ ပြန်လာတော့ အမေ့မှာ ဖက်ပြီး ငို ရတယ်။ ဖြစ်စဉ်တခုမှာ ကျောင်းသားလေး တချို့ဟာ ရှေ့တန်းမှ ပြန်လာလာချင်း အမေ့ရင်ခွင်ထံ မောကြီးပန်းကြီး ၀င်လာကာ သူ့ရဲ့  သူငယ်ချင်း ကျဆုံးသွားလို့ မျက်ရည် စက်လက် နှပ်ချေးသုပ်ရင်း သူ့မျက်နှာကို ပွတ်ပွတ်ပြီး “အမေ... ဒီကောင်တွေကို သားပြန်ချမယ်၊ မခံနိုင်ဘူး” လို့ ပြောဆိုလိုက်တဲ့ မြင်ကွင်းဟာ အမေ့ရဲ့  နှလုံးသားကို တိုက်ရိုက် ထိမှန်စေပါတယ်။ တခါတလေ ဈေးဝယ်သွားတဲ့ ကျောင်းသားတွေဟာ အကြာကြီးနေမှ ပြန်လာတော့ အမေက စိတ်ပူလို့မေးတဲ့အခါ “၀ယ်လာတဲ့ ကြက် လွတ်သွားလို့ လိုက်ဖမ်းနေ ရတာကြောင့် ကြာ သွားတယ် အမေလို့” ပြောတော့ အမေ့မှာ ငိုရခက်၊ ရယ် ရခက် စိတ်တိုရသေးတယ်။ တိုက်ပွဲနဲ့ ရင်ဆိုင်ရတာ သေရတာ မကြောက်လို့ နှစ်ပေါင်းများစွာတောထဲမှာ နေခဲ့ပေမဲ့ နုငယ်တဲ့ ကလေးတွေ ဖျားနာပြီး သေတော့ အမေ့မှာ နာကျည်း ခံစားရတယ်။
မာနယ်ပလော ဌာနချုပ်ကို ခွေးအိပ်တောင်ဆိုတဲ့ တောင်ကြီးက စီး ပြီး မိုးထားတယ်။ ခွေးအိပ်တောင်လို့ ခေါ်ဆိုတဲ့အတိုင်း အဲဒီ တောင်ကို အဝေးကနေ ကြည့်ရင် ခွေးတစ်ကောင် အိပ်နေသလိုမျိုး ဖြစ်နေတယ်။ အောက် က တက်ပြီး တိုက်ရင်လည်း မရ၊ တောင်ကြီး မိုးနေလို့ အပေါ်ကနေ ဗုံး ကြဲ တိုက်ရင်လည်း မရတဲ့ အဲဒီ ဌာနချုပ်ကို တခုတည်းသော လမ်းကြောင်းရှိတာ သိနေတဲ့ DKBA တွေက နအဖကို လမ်းပြ လိုက်ရာမှာ အမေတို့ အတိုက်အခံတွေ မှီခို အားထားရာ မာနယ်ပလော ဌာနချုပ်ကြီးလည်း ရန်သူ့လက်ထဲ ကျဆုံးသွားရတယ်။ အမေ့ အနေနဲ့ အဲဒီ ဖြစ်ရပ်ကို သား ကိုဖိုးတရုတ် ပြောသလို သင်ခန်းစာ ယူပြီး ယနေ့ နအဖကို တိုက်မယ်ဆိုရင် စစ်တပ် အောက်ခြေကို စည်းရုံးပြီးမှ သူ့လူ ကိုယ့်ဘက်သား ဖြစ်အောင် လုပ်ကာ တိုက်ယူဖို့ တိုက်တွန်းချင်တယ်။ အခုဆိုရင် တပ်မတော် အတွင်းမှာ အောက်ခြေ အရာရှိနဲ့ အကြပ်တပ်သားတွေဟာ တပ်မှူးတွေကို ပုန်ကန်တိုက်ခိုက်နေကြတာ မကြာခဏ ကြားသိနေရပါတယ်။ ပြည်သူတွေနဲ့ ထပ်တူ တပ်မတော်သား တွေဟာလည်း စစ်ကျွန်အဖြစ် နွံနစ်နေကြတယ်။ စစ်ပြေးတွေလည်း များနေကြတယ်။ သူတို့ကို ဒီမိုကရေစီ ဘက်တော်သားတွေက လက်မခံမှာ စိုးလို့ သူတို့မှာ ပြေးစရာ မြေမရှိလို့ရယ် အာဏာရှင်တွေကို တိုက်ခိုက်ဖို့ အခြေအနေ မပေးလို့သာ မှေးနေကြရတာ ဖြစ်ပါတယ်။တကယ်တော့ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ မရှိလို့ စစ်အာဏာရှင်တွေဟာ တနေ့မှာ မုချကျဆုံးရမယ်လို့ အမေယုံကြည်တယ်။ နောက်ဆုံးတစ်ခုအမေ ပြောရရင် “ယုံကြည်ချက်နဲ့ အသက်ရှင်နေပါတယ်”....။