အမေရိကန်ကြီး စီးပွားပျက်နေပြီတဲ့။ အမျိုးမျိုးပြောကြတယ်။ အမေရိကန်ဆိုတာကလည်း ကမ္ဘာပေါ်မှာ ပညာရှင်ဆိုသူတွေ အပေါဆုံး တိုင်းပြည်တွေထဲက တခုမဟုတ်လား။ ပြောမှပေါ့..။ကောင်းနေတုန်းကတော့ စီမံခန့်ခွဲမှု ညံ့တယ်လို့ လေသံတောင်မဟ ခဲ့သူတွေက “ပျက်မှာပေါ့ အစိုးရစီမံခန့်ခွဲမှုစနစ်ညံ့တာကိုး”လို့ ပြောပြန်တယ်။ ကွန်မြူနစ်ဘက် လှည့်ထားတဲ့ ပြောင်းဦးကို အကြမ်းဖက်ဝါဒီတွေဘက် ထိုးချိန်လိုက်တော့ ဒါမှ တို့ခေါင်းဆောင်ကွလို့ သံကုန်ဟစ်သူတွေက အခုတော့ “ပျက်မှာပေါ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုပြီး တမိုးလုံး ဖျောက်ဆိပ်လုပ်တာကိုး” လို့ ဆိုကြတယ်။
“ရီပတ်ဘလီကင်တွေ သွေးဆာလို့တိုင်းပြည်ပျက်တာ” လို့ ပြောသူတွေကို “ရီပတ်ဘလီကင် ဖြစ်ဖြစ် ဒီမိုကရက်ဖြစ်ဖြစ် အရင်းရှင်စနစ်ဆိုတာ ဒီအတိုင်းဖြစ်ကိုဖြစ်ရမှာ”ဆိုပြီး “စကတည်းက ငါမပြောလား သမားတွေ” က ပညာရှိလေသံနဲ့ တရားပြတယ်။ “ပြည်တွင်းက ဘဏ္ဏာအရင်းရှင်ကြီးတွေ၊ စီးပွားရေး သမားတွေနဲ့ လုပ်ငန်းရှင်တွေ မသမာလို့” ဆိုပြီး “အတွင်းပြန်ခတ်”တဲ့ သူက ခတ်တယ်။ အရင်တုံးက အမေရိကန်တွေကို ကျားကန်ပြီးအားသန်လာခဲ့သူတွေက အခုတော့ အမေရိကန်ဆို ကန်တန်တန် လုပ်ပြချင် နေပြီ။ “ဆရာလောက်ဆိုတော်ရောပေါ့.. ဆရာကြီးလို့ အခေါ်မခံချင်ပါနဲ့တော့” “ဒေါ်လာနေရာမှာ တခြားခိုင်မာတဲ့ ငွေတခုခု ပြောင်းသုံးကြရင် ဘယ့်နှယ်လဲ” လို့ မေးဆတ်သူတွေလည်း ဆတ်နေပြီ။ တခါတုန်းက အာရှတိုက်ရဲ့လူမမာကြီးလို့ ကင်ပွန်းတပ်ခံခဲ့ရဖူးတဲ့ နဂါးကြီးကလည်း အမြီးတရမ်းရမ်းနဲ့ မီးပန်းတွေမှုတ်မှုတ် ပြနေချိန်ဆိုတော့..အင်း..။
အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေး၊ စီးပွားရေးစတာတွေမှာ တိုက်ရိုက် ချိတ်ဆက်ထားတဲ့နိုင်ငံတွေလည်း မသက်သာလှဘူး။ ဘယ်သူ လက်ခံခံ မခံခံ အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေလိုဖြစ်နေတာဆိုတော့ တိုင်းပြည်တိုင်းလိုလို အနည်းနဲ့အများတော့ အဖျားခတ်မိကြတာချည်းပါပဲ။ ဘယ်လိုဘဲဖြစ်ဖြစ် အမေရိကန် တွေကတော့ ကျွဲထက် ပိုမပိန် အောင် ဘီုသီဘတ်သီနဲ့ ပြန်အဖတ်ဆည် နေတာလည်း အမှန်ပါပဲ။ ထူးခြားတာက ကျနော်တို့ ဗမာနိုင်ငံက စစ်ဗိုလ်တွေကတော့ အေးဆေးပါတဲ့။ ဘာမှမဖြစ်ပါဘူးတဲ့။ သူတို့ကို မထိခိုက်ပါဘူးတဲ့။
ဒီနေရာမှာ သူတို့ပြောတဲ့ “သူတို့” ဆိုတာ ဘယ်သူ့ကို ပြောတာလည်းဆိုတာတော့ အားလုံးလည်းသိပြီးသားမို့ ဘာမှမပြောလိုပါဘူး။ ထားပါတော့လေ။ ကျနော် စိတ်ဝင်စားတာက ဒီမှာ (အမေရိကားမှာ) ရောက်နေကြတဲ့ ကျနော်တို့ အပေါ်ရော ဒီဂယက်က ဘယ်အထိ ပွတ်တိုက် နေသလဲလို့ စစ်ကြည့်မိတယ်။ ကျနော်တို့လို့ ဆိုတဲ့နေရာမှာလည်း ပညာနဲ့အခြေခံလုပ်ရတဲ့ လုပ်သားတွေကို မဆိုလိုပါဘူး။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေကိုပြောတာပါ။ အရင်ကဆို အထည်ချူပ်စက်ရုံမှာ လျှောက်မယ့်သူက အထည်ချူပ်တတ်ရင်၊ သန့်ရှင်းရေးအလုပ်လျှောက်မယ့် သူက သန့်ရှင်းရေး လုပ်တတ်ရင်၊ စက်ပစ္စည်းတွေကို ကိုင်တွယ်မောင်းနှင်ရတဲ့ အလုပ်လျှောက်မယ့်သူက အဲဒါတွေကို ကိုင်တွယ်မောင်းနှင်တတ်ရင် ရပြီ။ မတတ်သေးရင်လည်း အလုပ်လုပ်ရင်း သင်ပေးသေးတာ။ ရွေးချယ်စရာတွေလည်း အထိုက်အလျောက်ရှိတယ်။ ဒီမှာ မကြိုက်သေးရင် ဟိုမှာ.. ဟိုမှာမကြိုက်တော့ရင်ဒီမှာ..ပြောင်းဖို့လည်း သိပ်မခက်ဘူး ဆိုပါတော့။ အင်္ဂလိပ် စကား ပြောတတ်လား.. ဆိုတာကတော့ မေးရိုးမေးစဉ်အနေနဲ့ မေးတာလောက်ပါ။
အခုတော့ ဒီလိုမဟုတ်တော့ဘူး အာလူးကြော်စက်ရုံမှာ အလုပ်သွားလျှောက်လျှောက်၊ တည်းခိုခန်းလိုဟာမျိုးမှာ သန့်ရှင်းရေး အလုပ် သွားလျှောက်လျှောက် အရင်ဆုံးမေးတဲ့ စကားက အင်္ဂလိပ်စကားပြောတတ်လား..တဲ့။ ခက်တော့တာပေါ့။ ကဗျာဆရာ “မြေနု” ပြောသလို တသက်လုံး “စစ်မက်နဲ့ကြီးပြင်း၊ ပြေးလွှားရင်းစာငတ်၊ ဘာတတ်လို့လဲ.. ဆရာရယ်”ဆိုသူတွေကို အင်္ဂလိပ်စာတတ်လား ဆိုတော့။ ခမျာများ လက်ပူတိုက် အင်္ဂလိပ်စာလေး၊ စကားလေး အပြေးအလွှား သင်ယူကြရှာပါရဲ့။
ဒါပေမယ့် အလုပ်ရှာရတာဟာ “ကျောက်စရစ်တောမာ ခေါင်ခေါင်မှာ၊ အတောင်ပံကျွတ်သည့် ကြိုးကြာ၊ ရေရှာ၍ မရသကဲ့သို့” ဆိုတာလောက် မခက်ပေမယ့်၊ လွယ်တော့ မလွယ်လှပါဘူး။ ပြဿဒ်က စလောင်တဲ့မီးကိုး။ ဒီမှာညည်းကြတယ်။ တချို့များ ချူသံတောင်ပါရဲ့။ ထိုင်း လိုနိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အဖြစ် လုပ်နေကြတဲ့ ဗမာ အလုပ်သမားတွေနဲ့ ပြည်တွင်းက ဗမာ အလုပ်သမားတွေသာ ကြားရင် ဘယ်လိုနေမလဲ မပြောတတ်ပါဘူး။ ဘယ်နားသွားသွား မကြားချင်ချင်.. ကြားချင်ချင် ကြားရတတ်တဲ့ အသံပါ။
တချို့ကတော့ ဒီစီးပွားပျက်လှိုင်း ကိုယ့်ကိုယ်ဆောင့်လာရင်တောင် အသာလေးရှောင်ပေးလိုက်ရုံဘဲလို့ ပေါ့ပါ့ပါးပါး ခံယူထားသူတွေ အသံလည်းကြားရတယ်။ ကောင်းပါတယ်။ ငရဲကလာသူအတွက် ပြာပူဆိုတာ အေးဆေးပါဆိုတဲ့သဘော။ တချို့ကတော့ နေသေးသပ ချုံထဲကလို့ ကြုံးဝါးပြီး ပြန်ကောင်းလာချိန်ကို မျှော်တလင့်လင့်နဲ့ပါ။ ဒါလည်းမဆိုးပါဘူး။ အားမတန်ချိန်မှာ မာန်လေးနည်းနည်း လျှော့ထားသလိုပေါ့၊ တချို့လည်း ခြိုးခြံချွေတာရေး အစီအစဉ်လေးတွေဆွဲလို့။ ဒါလည်း ကောင်းတာပါပဲ။ ရှိတာလေးနဲ့ ဝအောင်စား ဆိုတဲ့ အစဉ်အလာ ဆိုဆုံးမမှုကနေ သွေဖည်မသွားသေးဘူးလို့ ယူစရာပါ။
ကျနော်ကလည်း ဒီကို မုန့်ဝေချိန်နဲ့လွဲပြီး တုတ်ဝေချိန်နဲ့ တည့်တည့်တိုး ရောက်သူဆိုတော့ “မုန့်ဝေချိန် ရွှေထီးဆောင်း ဇာတ်လမ်း” တွေ ပြန်ကြားရတယ်။ ဝမ်းသာတာပေါ့။ ကိုယ့်လူမျိုးတွေ ကောင်းစားခဲ့တာဘဲဟာ။ ဒုက္ခသည်(အစစ်)တွေ အနေနဲ့ ရောက်လာကြပြီး ဒီလိုနိုင်ငံမှာ ကိုယ်ပိုင်အိမ်နဲ့၊ ကားကောင်းကောင်းနဲ့၊ အလုပ်ခိုင်ခိုင်နဲ့ နေနိုင်ဖို့ဆိုတာ လွယ်မှမလွယ်ပဲကိုး။ ကိုယ့်လူမျိုးတွေထဲက တချို့နေနိုင်တာမြင်တော့ ပီတိဖြစ်မိတယ်။ “တုတ်ဝေချိန် ဗိန်းဘောင်းတိုက်သံ” တွေကိုတော့ မရောက်လာခင် ကတည်း နားစွန်နားဖျားတွေ ကြားခဲ့ရပါတယ်။ရောက် ရောက်ချင်းလည်း ဆောက်နဲ့ထွင်းခံခဲ့ရပါတယ်။
အမေရိကန်အနေနဲ့ “ကိုင်သမျှမြေ ရွှေပြန်ဖြစ်ဖို့” ကို သိပ်မျှော်လင့်မထားဘဲ ရောက်လာသူ ဆိုတော့ နေသာဖြေသာရှိပါတယ်။ ကြာတော့ “မုန့်ဝေချိန်အလွမ်းဇာတ်”တွေ ပြန်ကတာမြင်ရင် အထည်ကြီးပျက် ပျက်ပြနေလားလို့ တွေးမိချင်လာတယ်။ တခါတခါ စိတ်အချဉ်တောင် နည်းနည်းပေါက်မိတယ်။ ပြောတော့မပြောမိခဲ့ပါဘူး။
“ဟိုတုန်းကများ ကားဆို ဇီးရိုးမိုင်းလေ့ဂ်ျမှ Zero Mileage ဆိုတာက ကားအသစ်ကျပ်ချွတ်ကို ပြောတာပါ။ သူများစီးပြီးသား တပတ်ရစ်တွေ မသုံးဘူးဆိုတဲ့သဘော)၊ “ပစ္စည်းဆိုရင်လည်း ဘယ် အမှတ်တံဆိပ်မှ” တို့ “ဈေးဝယ်ရင် ဘယ်ကုန်တိုက်ကြီးတွေမှ” တို့၊ “အပြင်ထွက်စားရင်လည်း ဘယ်ဆိုင်မှာမှ” တို့ “ကိုယ့်အိမ်နဲ့ ကိုယ်နေတာ၊ အပတ်မင့်န် တွေမှာမနေဘူး”တို့ ဘာတို့ညာတို့ပေါ့လေ။ အဲဒါတွေကြားမိတော့ အပြောဝံ့ လှပါလားလို့တော့ တွေးမိပါတယ်။
လက်ထဲရှိတဲ့ ငွေယားလေးနဲ့ ဘဏ်ကအတိုးနဲ့ ချေးယူလိုက်တာလေးနဲ့ ပေါင်းပြီး လက်ငင်း ပေးတန်သလောက်ပေးထား၊ ကျန်တာကို လစဉ်အရစ်ကျလေးသွင်းပြီး နေလိုက်ရင် (အလုပ်ကလည်း မြဲနေမယ်ဆိုရင်ပေါ့လေ) ဘယ်လောက်ဆို ကိုယ်ပိုင်အိမ်လေးနဲ့နေနိုင်ပြီ။ စမတ်ကျကျလေးဖြစ်သွားပြီ ဆိုတဲ့ အိပ်မက်လှလှလေးတွေ တိမ်ဖြစ်သွားတာမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ကားဖိုး၊ အိမ်ဖိုးတွေ မပေးနိုင်တော့လို့ ကားတွေ အိမ်တွေပြန်အပ်ရလိုက်ရတာကို ဘဝတခု စာအပျက် အမှတ်နဲ့ “သိမ်ငယ်သံ” တွေကြားတော့ ဘာပြောရမှန်း မသိသလိုဖြစ်မိတယ်။လူမည်း မိသားစုတစု အဲသလိုကြုံရတဲ့ဒဏ်မခံနိုင်လို့ ဆိုပြီး တမိသားစုလုံး သတ်သေသွားကြတဲ့အကြောင်း တီဗီထဲ ကြားလိုက်တော့ ဒီလူတွေ တို့လောက် ခံနိုင်ရည် မရှိဘူးလို့ ကြံဖန်တွေးမိတယ်။
ဒီကို ဘယ်လိုပုံစံနဲ့ ရောက်လာရောက်လာ အလုပ်သမားတွေအဖြစ်နဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေကြ ရသူတွေရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်ကရတဲ့ခံစားခွင့်၊ အလုပ်ကြောင့်ရရှိလာတဲ့အကျိုး စတာတွေ မှာလည်း ထိုင်းက ဗမာအလုပ်သမားတွေနဲ့ရော ဗမာပြည်က ဗမာအလုပ်သမားတွေနဲ့ရော မတူပါဘူး။ နိုင်းယှဉ်ချက်အရ ပြောကြကြေးဆိုရင်တော့ ဒီမှာက အပုံကြီးသာပါတယ်။ တနာရီကို ၈ဒေါ်လာ လောက်ရတဲ့ အလုပ်ကလေးတခုလောက် ပုံမှန်ရသွားပြီ၊ မြဲသွားပြီဆိုရင် ကားလေးတစီးလောက်တော့ အရစ်ကျချေတဲ့စနစ်နဲ့ ဝယ်လို့ ရသွားပြီ။ (ကားဆိုတာကလည်း ဒီမှာတော့ မရှိမဖြစ် လူ့အသုံးအဆောင်ပစ္စည်းပါ) အပတ်မင့်န် ကောင်းကောင်းလေးတွေမှာ ရေပူရေအေးနဲ့ လေပူလေအေးနဲ့(ဒါလည်း ရာသီဥတုလိုအပ်ချက်အရ) နေပြီး၊ ပုံမှန်လေး စားလို့ သောက်လို့ နေနိုင်နေပါပြီ။ နောက်ပြီး အလုပ်ကအခြေအနေ မကောင်းလို့ အနားပေး လိုက်တယ် Lay off ပေါ့လေ) ဆိုရင်လည်း အလုပ်လက်မဲ့ ကြေးလေးလျှေက်ပြီး စားနေလို့ရသေးတယ်။ ဒီလို Lay off စားနေချိန်မှာ အစိုးရက အိမ်လခ မီးလခ(လျှပ်စစ်ခ) ထောက်ပံ့ပေးတဲ့ ရုံးတွေသွားပြီး လျှောက်ကြမယ် ဆိုလည်း တစိတ်တပိုင်းတော့ ရနေကြ သေးတယ်။ ပညာအခံရှိသူတွေကျတော့ (လူရည်လေးလည်း လယ်မယ် ဆိုရင်) Lay off စားချိန်ဆို ကျောင်းလေးဘာလေး တက်လိုက်ရင် ပညာသင်ချေးငွေတို့ ထောက်ပံ့ကြေးလေး တို့နဲ့ ဖူဖူလုံလုံလေးရှိကြပါတယ်။ဒီအချိန်အတွင်းမှာ နောက်ထပ် အလုပ်သစ်ပြန်ရှာရင်း စားလို့နေလို့ ရနေသေး ပါတယ်။
ဆိုလိုတာက အလုပ်လက်မဲ့ဖြစ်တာချင်း အတူတူ ပူစရာတော့နည်းသေးတယ်၊ ဆင်းရဲတာချင်းအတူတူ ကိုယ်ပိုင်ကားလေးနဲ့ ဆင်းရဲတယ်၊ အနှိမ်ခံရတာချင်းအတူတူ လူလို့တော့ အသိအမှတ်ပြုခံကြရသေးတယ်။ ဘာပဲပြောပြော ကိုယ့်မြေမဟုတ်ပေမယ့် ရပ်နေလို့ ရသေးတယ်။ ကိုယ့်ရေမဟုတ်ပေမယ့် အဝသောက်လို့ ရတယ်။ ကိုယ့်လေမဟုတ်ပေမယ့် အဆုတ်တွေ ပြည့်သွားအောင် ရှူရှိုက်ခွင့်ရှိတယ်။ ကုန်ကုန် ပြောရရင် လွတ်လပ်တဲ့ ကောင်းကင်တခု အောက်ကနေ မနက်ဖြန်တွေကို မစားရဝခမန်း ယုံလို့ ရနေပါသေးတယ်။
ဆုံးရှူံးစရာ ကျန်သေးတဲ့ ဆုံးရှူံးမှုတွေကို ကြုံနေချိန်တွေမှာ ဆုံးရှူံးစရာ ဘာမှ မကျန်တော့အောင် ဆုံးရှူံးနေရ သူတွေ ဘက်ကို ငဲ့ကြည့်လိုက်တော့ “မုန့်ဝေချိန်အလွမ်းဇာတ်” တွေကိုရော၊ “တုတ်ဝေချိန် ဗိန်းဘောင်း တိုက်သံ”တွေ ကိုပါ တဝက်တပျက် ဥပက္ခာစိတ်နဲ့ “နားအဝင် ယဉ်တတ်လာပြီ” လို့သာ ဆိုချင်ပါတယ်။