အများစုက ဂျွန်ယက်တောကို ဆေးရုံတင်ထားရဆဲ အချက်အပေါ် မူတည်၍ အမှုကို နောက်ထပ် ရွှေ့ဆိုင်း လိမ့်မည်ဟု သုံးသပ်ပြောဆိုနေကြပါသည်။ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများကလဲ ထိုကဲ့သို့ပင် ယူဆနေ ကြကြောင်း ပြောပြကြပါသည်။ မျက်မြင် သက်သေများ၏ ပြောပြချက်အရ မနက်ဖြန်တွင် ယခင်နေ့များ ထက်ပိုမို လုံခြုံရေးတင်းကြပ်ထား လိမ့်မည် ဟု ပြောပြကြပါသည်။
ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ တဦးက မနက်ဖြန်တွင် ယခင်နေ့များကဲ့သို့ အင်းစိန်ကုန်း တံတားမှ စတင်ပိတ်ဆို့မည့် အစား အင်းစိန် မီးရထား ဘောလုံးကွင်း မရောက်ခင်ဘက်မှ စတင်ပိတ်ဆို့ပြီး အခြား လမ်းကြောင်း တခု ဖြစ်သော စော်ဘွားကြီးကုန်းဘက်မှ လာမည့်လမ်းကြောင်းကို လမ်းသစ်လမ်းဘက်မှ စတင်ပိတ်ဆို့ ရန် ပြင်ဆင် ထားကြကြောင်း သိရပါသည်။
ရည်ရွယ်ချက်မှာ ပြီးခဲ့သော ရုံးချိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ အင်းစိန်ပန်းခြံတွင် စုရုံး ခဲ့ကြ ခြင်းမျိုး မဖြစ်စေရန် သို့မဟုတ် ထောက်ခံသူများကို အင်းစိန်ထောင် နှင့်ပိုမို ဝေးသွားစေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများက ပြောကြပါသည်။
မည်သို့ပင် ဖြစ်စေ နအဖတို့မှ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်မည် ဖြစ်ရာ ထိုသို့ ချမှတ်သည့် နေ့တွင် ထောက်ခံသူများကို အင်းစိန်ထောင်နှင့် အဝေးဆုံးတွင် ရှိနေစေရန် ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားခြင်း ဖြစ်သည်ဟု အများက သုံးသပ်နေကြပါသည်။




