ကျွန်တော် ရေးနေသော နောက်ဆုံးအိမ်မက် အပိုင်း(၅)ကို ဆက်ရန် အားထုတ်ခဲ့ သော်လည်း အချိန် မလုံလောက်သဖြင့် ဆက်ရေးရန် စိတ်ရှိသော်လည်း မရေးနိုင်ခဲ့။ ရသည့် အချိန်လေးတွင်ကြိုးစား ကြည့်မိသော်လည်း ခံစားချက်တို့က ထိုအချိန်ကနှင့် ထပ်တူမဖြစ်ပေ။ ရေးလိုလျှက် ရေးချင်သည့် အကြောင်းက ပေါ်မလာပဲ။ တကယ် ရေးလိုစိတ်မရှိသည့် အကြောင်းရပ်များကသာ ခေါင်းထဲသို့ ဝင်လာနေသည်။
စိတ်ခံစားမှု နောက်သို့ ကိုယ်က လိုက်တတ်သည်။ အခုတော့ အတွေးနောက်သို့ အရေးက လိုက်မိလေပြီ။ ရှိစေတော့ နောက်ဆုံးအိမ်မက် အပိုင်းငါးအဖြစ် အတွေးတွင် ရှိသည်ကိုသာ ရေးတော့မည်။ အိမ်မက်တို့ သဘောကိုက အစီအစဉ် မကျတတ်လေသည်ပဲ။ နောက်ဆုံး အိမ်မက်၏ အပိုင်းအစ တခုအဖြစ်သာ မှတ်ယူဖတ်ရှုပေးရန်သာ မေတ္တာရပ်လို ပါတော့သည်။
ညီညွတ်ရေးသည်တေးချင်းမဟုတ်
ဤကား ခေါင်းစဉ်ငယ် တခုဟုသာ မှတ်ယူပေးစေလိုသည်။ ညီညွတ်ရေးသည် တေးမဟုတ်ဟု ဆိုပါသည်။ အားလုံးလဲသိပြီးသားပင် ဖြစ်သည်။ သို့စင်လျှက် ကျွန်တော် အဘယ့်ကြောင့် ထိုစကားကို အပိုလုပ်၍ ဆိုနေရပါသနည်း။ ညီညွတ်ရေးကို တေးပမာလုပ်၍ ဆိုပင်ဆိုနေ သော်လည်း ကိုယ်ဆိုနေသည်မှာ တေးချင်းလား၊ ဆေးစာလား မကွဲပြားသည့် သူများကြောင့်ပင် ဖြစ်ပါသည်။
ဆက်ပြောရပါမည်။ ညီညွတ်ရေးသည် တေးချင်းပမာ ထပ်ကာထပ်ကာ ဆိုနေရမည် မဟုတ်ပဲ လက်တွေ့ အကောင်အထည် ဖေါ်ရမည့် အရာပင်ဖြစ်သည်။ အကြွင်းမဲ့ ညီညွတ်ရေးဆိုသည်မှာ မရှိနိုင်ပါ။ လူတိုင်းလူတိုင်း အကြိုက်တူညီမှုသည် မရှိနိုင်ပါ။ ထို့သို့ဆိုလျှင် ဘယ်အတွက် ကိုယ့်အကြိုက်နှင့် မကိုက်ညီတိုင်း ကိုယ်နှင့်မတူညီတိုင်း ရန်သူပမာ တိုက်ခိုက်နေကြ ပါသနည်း။
တခါတရံ ထိုအဖြစ်တို့က လက်ဝှေ့ပွဲတခုနှင့် ပမာတူသည်။ ထိုးနေရသူမှာ သူ့အခက်အခဲ၊ သူ့သက်လုံ၊ သူကြုံနေရသည့် ဒုက္ခကို သူသာသိသည်။ ဘေးမှကြည့်နေသူသည် (ပွဲကြည့်ပရိတ်သတ်သည်) မသိနိုင် မမြင်နိုင် မခံစားနိုင်ပါ။ ထို့ကြောင့် အားမလိုအားမရ ဖြစ်သည့်အခါ ထိုးလိုက်ပါလား၊ ချလိုက်ပါလား၊ အသုံးမကျသည့်ကောင် စသည်ဖြင့် ဝိသေသပြုကြသည်။ တကယ့်လက်တွေ့တွင် ကိုယ်တိုင်ထိုးကြည့်မှ ထိုအခက်အခဲကို သိပေမည်။ သို့မှသာ ကိုယ်ချင်းစာတတ်မည်။ ပညာရှင်များသာ ပကတိ အခြေနေမှန်ကို သိနိုင်ပါလိမ့်မည်။ ထိုပွဲသည် တကယ်ကစားနေသော ပွဲလား လုပ်ပွဲလား ဆိုသည်ကို နားလည်လိမ့်မည်။
ထို့ကြောင့် ကိုယ်တကယ်မသိ၊ တကယ်နားမလည်သော အခြေအနေတွင် အတင်းဝင်၍ စွက်ဖက်နေခြင်းသည် ဇတ်ထဲမှ လူပျက်များပြောကြသလို ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဘူး ဆိုသည့် ပျက်လုံးလို ဖြစ်နေသည်။ ထပ်၍ ပြောချင်ပါသည်။ ညီညွတ်ရေးသည် အမှန်ပင် တေးမဟုတ်ပါ။ ပါးစပ်မှ တေးဆိုသလို အထပ်ထပ် ဆိုနေသော်လည်း လက်တွေ့တွင် ဘာမှ အကောင်အထည် မပေါ်လာလျှင် အလကားပင်။ ပို၍ဆိုးသည်မှာ ညီညွတ်ကြ၊ ညီညွတ်ကြဟု ပြောနေရင်း ကိုယ့်လုပ်ရပ်က အကွဲအပြဲ လမ်းစပေါ် ခြေချနေသည် ဆိုလျှင် မလျှော်ကန်ပါဟုပင် ပြောရပေတော့မည်။
ယခုတလောတွင် ပြန်လည်ဖွဲ့စည်းရေး (Reformed)ဆိုသည့် အသံများ နားနှင့်မဆန့်အောင် ကြားနေရသည်။ ကျွန်တော့်အနေနှင့် ပြောစရာ တခုပဲရှိပါသည်။ ဘာကြောင့် လွန်ခဲ့သော လေးနှစ် ငါးနှစ်ကတည်းက ဘာကြောင့် မလုပ်ပါသနည်း ဟုဖြစ်သည်။ သို့မဟုတ်လျှင် လွန်ခဲ့သော ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးစ အချိန်ကလုပ်သင့်သည်။ ရှိစေတော့ အခုမှပင် မဖြစ်မနေ လုပ်မှဖြစ်မည်ဆိုလျှင် ကျွန်တော့တွင် မေးခွန်း အချို့ရှိပါသည်။
ထိုသို့ ပြုပြင်ပြောင်းလဲခြင်းသည် ဘယ်တော့ ပြီးမြောက်၍ ဘယ်တော့ အကောင်အထည် ပေါ်ပါမည်နည်း။ ၂၀၀၉တွင်လား? ၂၀၁၀တွင်လား? ထိုသို့ပြီးလျှင်ကော ရှေ့လုပ်ငန်းစဉ်များက ဘာပါလဲ။ ထိုရှေ့လုပ်ငန်း စဉ်များက ၂၀၁၀မတိုင်ခင် မည်သို့သော အကျိုးသက်ရောက်မှု ဖြစ်စေ ပါမည်လဲ?။
နအဖကတော့ ပြတ်သည်။ ဖမ်းစရာရှိသည်များ ဆက်ဖမ်းသည်။ ထောင်ချစရာရှိသည်များ ဆက်ချသည်။ ဟိုရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားများ၏ ရှေ့နေများကို ထောင်ချသည်။ တနေ့က ဘလော့ကာ နေဘုန်းလတ်ကို ထောင်အနှစ်နှစ်ဆယ်ချသည်။ ဒီနေ့၈၈ကျောင်းသား ခေါင်းဆောင်များကို ထောင်၆၅နှစ်ချသည်။ တွေ့ဆုံဆွေးနွေးရေး အကြောင်းကို လေသံပင်မဟ။ အဘယ်ကြောင့် ထိုသို့ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ယူဆပါသလဲ?။
ကျွန်တော်သာ အဖြေပေးရမည်ဆိုလျှင် မမှု၍ လုပ်သည်ဟုသာ ဖြေပါမည်။ အတိုက်ခံများ၏ လှုပ်ရှား ဆောင်ရွက်မှုများသည်၎င်း၊ လက်ရှိ နိုင်ငံတကာမှ ဝေဖန် ဖိအားပေးနေမှု များသည်၎င်း သူတို့အတွက် မှုလောက်စရာ မရှိ၍ဖြစ်သည်။ နောက်တခုမှာ သူတို့ အပိုင်တွက်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် လမ်းကြောင်းရှင်းနေခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်အနေနှင့် ပြောလိုသည်မှာ (Reformed) လုပ်လိုလျှင်လည်း လုပ်ပါ။ ဖြစ်လာမည့် အကျိုးအပြစ်ကိုတော့ သေချာစွာ တွက်ချက်သင့်ပါသည်။ အလေးအနက် စဉ်းစား သင့်သည်မှာ ယခုအချိန်အထိ နအဖတို့အတွက် မှုလောက်စရာ မရှိသေး ဆိုသည့် အချက်ပင် ဖြစ်သည်။
Reviewသည် မည်သည့် အချိန်တွင်မဆို လုပ်နိုင်ပြီး အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ Reformed ကတော့ တခါတရံ ပြန်လည် တည်ငြိမ်မှုရရန် နှစ်နှင့်ချီပြီး ကြာတတ်ပါသည်။
အကြံပေးလိုသည်မှာ ဘာပဲလုပ်လုပ် ၂၀၁၀ကို ခေါင်းထဲ ထည့်ထားရန်သာ ဖြစ်သည်။ ၂၀၁၀ကျော်မှ အလုပ်စနိုင်မည့် Reformedမျိုးတော့ လုပ်ရန်သင့်မသင့်ကို နိုင်ငံရေး ခေါင်းဆောင်များ စဉ်းစားရမည့် အချက်ပင်ဖြစ်သည်။ ညီညွတ်ရေးသည် လက်တွေ့လုပ်ရမည့် အလုပ်သာဖြစ်ပြီး နုတ်တက်ရွရွ တေးဆိုရမည့် အရာမဟုတ်ပါ။
အလုံးစုံ တူညီညီညွတ်ခြင်းသည် ဖြစ်ရန်လွယ်မည် မဟုတ်သော်လည်း အများသဘောတူညီ လုပ်နိုင်သော အလုပ်တခုတော့ ရှိနိုင်ပါသည်။ တူညီရာများမှ တခုချင်း တွဲလုပ်သွားလျှင် အကွဲအပြဲ ဇာတ်လမ်းတို့ ဖြစ်ပေါ်လေမည်မဟုတ်။ ပင်လယ်သမုဒ္ဒရာတို့သည်ပင် ချောင်းမြောင်း ငယ်လေးများက စတင်ဖြစ်တည်ခဲ့သည် မဟုတ်ပါလော။
ရွက်စိမ်း