အာဏာရှင် စစ်အစိုးရပိုင်းတွင် လူအပြောင်းအလဲသာရှိနိုင်သော်လည်း မူအပြောင်းအလဲတော့ ဖြစ်လာ နိုင်စရာ မရှိဘူး ဆိုဒါ ကျနော်တို့ သိထားကြပြီး ဖြစ်ပါသည်။ အာဏာရှင်များမှာ စစ်သားများဖြစ်သည်နှင့် အညီ နိုင်ငံရေး ကို စစ်ဗျူဟာတစ်ခု ကဲ့သို့ အသုံးပြုပြီး ရန်သူ(အတိုက်အခံ)များကို နည်းမျိုးစုံဖြင့် လှည့်ဖျား နိုင်စွမ်းရှိသည်။ တနည်းအားဖြင့် မိမိတို့ထံတွင် ရှိနေသော အာဏာကို မိမိတို့ အစဉ်လက်စွဲကိုင်ရေး ဟူသည့် မူဝါဒ ကိုဦးတည်ပြီး အတိုက်အခံ အင်အားစုများနှင့်  ကမ္ဘာ့နိုင်ငံများကို စစ်သုံ့ပန်း သဖွယ် အသုံးပြုကာ (ထိုးစစ် ၊ခံစစ် ၊ခွာစစ်) ဗျူဟာ များဖြင့် ချော့တခါ၊ ခြောက်တလှည့် မာယာပရိယာယ်ကို အသုံးပြု ကာကွယ်နေခြင်း ဖြစ်သည်ကိုလည်း အားလုံး မြင်တွေ့ နေကြရသည်။
အာဏာရှင်များကို အပြင်ရုပ်ပိုင်း ဆိုင်ရာအရ ကြည့်ပါလျှင် မတူကွဲပြားနေသည်ဟု ထင်ရသော်လည်း မိမိတို့ထံတွင် ရှိနေသော အာဏာကို မိမိတို့ လက်စွဲကိုင်ရေး ဟူသည့် ခံယူချက်ဦးတည်ချက်မှာမူ အာဏာရှင် ခေါင်းဆောင် အားလုံးတို့၏ တူညီနေသောအဓိက အချက်တစ်ခုလည်း ဖြစ်ပါသည်။ သို့ ပါ၍ အချင်းချင်း မတူညီ ကွဲပြားနေမှုများ အားလုံးကို အာဏာအဓွန့်ရှည် တည်မြဲရေးဟူသော မူဝါဒ တစ်ခုက အာဏာရှင် အားလုံးကို ထိန်းကျောင်းထားခြင်းဖြစ်သည်။
အတိုက်အခံအင်အားစုများ တွင်မူ "ဒီမိုကရေစီ" အရေးဆိုသည့် ဦးတည်ချက်ကို ဦးတည်ပြီး တမျိုးသားလုံး လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဟူသော မူဝါဒကို ယနေ့ လက်စွဲပြု တိုက်ပွဲဝင် နေကြသည် ဟု ထင်ပါသည်။
ဤသို့ တိုက်ပွဲဝင်ရာတွင်မူ တိုင်းရင်းသား လူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများ ဟူ၍ နှစ်မျိုးတွေ့ရပါသည်။ တိုင်းရင်းသား လူမျိုးစုများ ဆိုသည်မှာ (တိုင်းရင်းသားအဖွဲ့ အစည်းများ အားလုံးကို ဆိုလိုခြင်း)ဖြစ်ပါသည်။ နိုင်ငံရေး အင်အားစုများ ဆိုသည်မှာ (ပါတီ အဖွဲ့ အစည်းများနှင့် ကျောင်းသားအစရှိသည့် အဖွဲအစည်း အင်အားစုများ အားလုံး)ကို ဆိုလိုခြင်း ဖြစ်ပါသည်။
(က) နိုင်ငံရေးအင်အားစုများ။
နိုင်ငံရေး အင်အားစုများအားလုံးသည် စစ်မှန်သော ဒီမိုကရေစီ အရေး ဦးတည်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဝါဒကို လက်ကိုင်ပြု လိုကြသည်။ သို့ သော် ပါတီအဖွဲ့ အစည်း၊ နိုင်ငံရေးအင်အားစုများ မူဝါဒနှင့် ဦးတည်ချက် များမှာ တူညီနေကြသော်လည်း လမ်းစဉ် ကွဲပြားနေကြသည်။
ဤသို့ ကွဲပြားရခြင်းမှာ-
(၁) အဖွဲ့ အစည်းတစ်ခုကို ပီပီပြင်ပြင် ပုံစံပေါ် အောင်မဆောင်ရွက်နိုင်ခြင်း၊
(၂) ရှိပြီးအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊
(၃)တစ်ဦးတစ်ယောက်၏ ဦးဆောင်မှု အသွင်ဆောင်နေသော အဖွဲ့အစည်း ပုံပေါ်နေခြင်း၊
(၄)တစ်ဦးတစ်ယောက်၏ အားနည်းချက်ကိုသာ ရှာဖွေနေကြခြင်း၊
(၅)ခေါင်းဆောင်ဖြစ်ရေးသာ လုံးပန်းနေကြရခြင်း၊
(၆)ကိုယ့်စိတ်ကူးကိုကိုယ် ပုံဖေါ်နေကြခြင်း၊
(၇)နေရာ အစားထိုး မူဝါဒပြောင်းလဲနိုင်မှု မရှိခြင်း၊
(၈)ပုဂ္ဂိုလ်ရေးကို ဦးစားပေးနေကြခြင်း၊
(၉)အချင်းချင်း လေးစားသော ခေါင်းဆောင်မရှိခြင်း၊
(၁၀)နိုင်ငံရေး အရေခြုံသူများ ပါဝင်နေခြင်း၊
(၁၁)အခွင့်အရေး နိုင်ငံရေးသမားများ ရှေ့ ထွက်လာခြင်း၊
(၁၂)ဦးဆောင်နိုင်စွမ်း ရှိသူများ ခေါင်းဆောင်မဖြစ်ခြင်း၊
(၁၃)ပြည်သူတရပ်လုံး အသိအမှတ်ပြု ခေါင်းဆောင်မရှိခြင်း၊
(၁၄)ရရှိနေသော လုပ်ပိုင်ခွင့်များကို နေရာတကျ မသုံးစွဲနိုင်ခြင်း၊
(၁၅)ရန်သူ့နောက်လိုက် လမ်းစဉ်ကိုသာ ကျင့်သုံးနေကြခြင်းတို့ကြောင့် ဖြစ်ပါသည်။
(ခ)တိုင်းရင်းသားလူမျိုးစုများ။
တိုင်းရင်းသား လူမျိုးစုများအားလုံးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟူသော ဦးတည်ချက်ကို လက်ကိုင်ပြု ထားကြသည်။ သို့သော် ခိုင်မာသည့် နိုင်ငံရေးလမ်းစဉ်တခုကို ပူးပေါင်း ချမှတ်နိုင်ခြင်းမရှိပေ။ ဤသို့ ဖြစ်ရခြင်းမှာ-
(၁)တိုင်းရင်းသားအချင်းချင်းသွေးကွဲနေကြခြင်း၊
(၂)လက်နက်နှင့် လက်နက်မဲ့ ပူးပေါင်းမရနိုင်ခြင်း၊
(၃)လူမျိုးနွယ်စု တစ်ခုချင်းစီ၏ လွတ်မြောက်ရေးကို ဦးတည်နေခြင်း၊
(၄)မိမိ လူမျိုးနွယ်စုတို့၏ လေးစားချစ်ခင်မှုကို မရခြင်း။
(၅)အပြောနဲ့ အလုပ် လွဲမှားနေခြင်း
(၆)အတတ်ပညာပြည့်ဝသောခေါင်းဆောင်မရှိခြင်း
(၇)လူမျိုးနွယ်စု အချင်းချင်း လေးစားမူ မရှိခြင်း။
(၈)နေထိုင်ဆင်းရဲမူ ဒဏ်ကို ရေရှည်မခံနိုင်ခြင်း။
(၉)အမျိုးသားရေးနှင့် တစ်မျိုးသားလုံးရေးကို ခွဲခြားနေကြခြင်း
(၁၀)မျိုးဆက်သစ်များ မမွေးထုတ်နိုင်ခြင်း တို့ ကြောင့် ဖြစ်ပါသည်။
(ကျနော့်၏အမြင်သက်သက်သာဖြစ်ပါသည်။)
အီးမေးမှ ပေးပို့လာခြင်း ဖြစ်ပါသည်။
သူတို့အတွေး သူတို့ အမြင်တွင် ရေးသားချက်များသည်
ဤဘလော့၏ အာဘော်မဟုတ်ပဲ
ကာယကံရှင်များ၏ တွေးမြင်ယူဆချက်များသာ ဖြစ်ပါသည်။