ထိုသို့ ထုတ်ပြန်ကြေငြာချက်အရ လာမည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်ကို လက်ခံကြားနာပြီး အပြီးပြတ် အမိန့်ချမည့် နေ့ကို ထုတ်ပြန် ကြေငြာ လိမ့်မည်ဖြစ်ရာ ယခုနှစ်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသော အမှုနှင့်ပါတ်သက်သည့် ဥပဒေကြောင်းအရ နောက်ဆုံး အခွင့် အရေးနှင့် ပါတ်သက်သော အကြောင်းအကျိုးကို သိရမည်ဖြစ်ပါသည်။
နေအိမ် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ကျူးကျော် ဝင်ရောက်သည့် ကိစ္စနှင့် ပါတ်သက်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃နှစ်ချမှတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ထောင်ဒဏ် ၁၈လသို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။
ထို့အတူ ထိုအမှုနှင့်ပါတ်သက်သော အယူခံ လျှောက်လဲချက်ကို ရန်ကုန်တိုင်း တရားရုံးက ၂၀၀၉ အောက်တို ဘာလ နှစ်ရက်နေ့က ပယ်ချခဲ့ပါသည်။


