ပီတာအောင်/၂၉ စက်တင်ဘာ ၂၀၀၈။ ။
သံလွင်ရေကာတာစီမံကိန်းသည် ကရင်ပြည်နယ်အတွင်းရှိ အပင်နှင့်သတ္တ၀ါ ဇီဝမျိုးစိတ်ပေါင်း (၄၀၀) နီးပါးကို ခြိမ်းခြောက်အန္တရာယ်ပြုနေကြောင်း ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအဖွဲ့ (KESAN)၏ အစီရင်ခံစာ၌ ဖော်ပြသည်။
သံလွင်မြစ်ကိုဖြတ်၍ ရေအားလျှပ်စစ်ထုတ်ယူမည့် ၀ဲကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအနီးရှိ ကရင်ပြည်နယ် ခိုးကေးဒေသ၌ ကရင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ချင်းမိုင်တက္ကသိုလ်မှ ကျွမ်းကျင် သူပညာရှင်များ၏ အကူအညီဖြင့် (၃) လ ကြာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် “ခိုးကေး ဒေသမှ ဇီဝမျိုးစိတ်များ အန္တရာယ်ကျ ရောက်နေပြီ” အမည်ရှိ အစီရင်ခံစာကို ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရေကာတာတည်ဆောက်မှုကြောင့် အမွေးရှည်လင်းနို့နှင့် အခွံပျော့လိပ်မျိုးများကဲ့သို့ ကမ္ဘာတွင်မျိုး တုံးတော့မည့် ဇီဝမျိုးစိတ် (၄၂) မျိုး အပါအ၀င် သတ္တ၀ါ မျိုးစိတ်ပေါင်း(၂၀၀)၊ အပင်မျိုးစိတ်ပေါင်း(၁၉၄) မျိုး စုစုပေါင်း (၃၉၄) မျိုးတို့ ထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
အစီရင်ခံစာပြုစုသည့် ကရင်သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှကိုရွှေက “သံလွင်မြစ်ဟာ ဇီဝမျိုးပေါင်းတွေ တော်တော်ကြွယ်ဝတဲ့ နေရာဖြစ်တယ်။ သုတေသန တွေ့ရှိချက်အရ တချို့ ငါးတော်တော်များများဟာ လုံးဝ သံလွင်မြစ် ထဲမှာပဲတွေ့ရတယ်။ တခြား ဘယ်မှာမှ ရှာလို့မရဘူး။ တချို့ အကောင်တွေဟာ ကမ္ဘာ့ မျိုးတုန်းခါနီး သတ္တ၀ါတွေထဲမှာ ပါတယ်။ အဲဒီနေရာမှာ ရေကာတာ ဆောက်လိုက်မယ်ဆိုရင် သစ်တောတွေနဲ့တကွ အဲဒီနေရာက ဒေသခံပြည်သူလူထုတွေ တချိန်လုံး အသက် မွေးဝမ်းကြောင်း နေရာတွေ အကုန်လုံး ပျက်စီးသွားပြီးတော့ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ပျက်စီးဆုံးရှုံး သွားမှာဖြစ်တယ်” ဟုပြောသည်။
ဇီဝမျိုးပေါင်းကြွယ်ဝလှသည့် သံလွင်မြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ရေကာတာစီမံကိန်း ရပ်တံ့သွားစေရန်အတွက် စစ်အစိုးရနှင့် ဖက်ဆပ်လုပ်ကိုင်နေသည့် ထိုင်းနှင့် တရုတ် အစိုးရတို့အား နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်ဝန်းဖိအား ပေးလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကရင် သဘာဝ ပတ်ဝန်းကျင်အဖွဲ့က ပြောသည်။
နအဖစစ်အစိုးရသည် ရေအားလျှပ်စစ်ထုတ်ယူရန်အတွက် သံလွင်မြစ်ပေါ်၌ ရေကာတာစီမံကိန်း (၅) ခု တည်ဆောက်ရန် စီစဉ်နေပြီး ကရင်ပြည်နယ် ခိုးကေးဒေသ၌ တည်ဆောက်မည့် ၀ဲကြီး ရေကာတာ စီမံကိန်းသည် ရှမ်းပြည်နယ်၌ တည်ဆောက်မည့် တာဆန်း ရေအားလျှပ်စစ် စီမံကိန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်သည်။
Oil rises after attacks on ships in Hormuz, Bab el-Mandeb
56 minutes ago

No comments:
Post a Comment