အကြောင်းကြောင်းကို ထောက်ထားပြီး ဘယ်သူမှ မပြောမဆိုခဲ့တဲ့ အင်အားစုတွေအကြောင်းကို ရေးမယ်ကြံတိုင်း ချီတုံချတုံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြောချိန်တန်ပြီလို့ ယူဆမိတာကြောင့် ဒီဆောင်းပါးကို ကျနော်အရဲစွန့်ရေးလိုက်ပါတယ်။ တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာလာတော့ အထက်တန်းကျောင်းသားဘဝ၊ နိုင်ငံရေးသဘောတရားတွေ၊ ဘာတွေ ဘာတခုမှ နားမလည်သေးတုန်းက ဖတ်ခဲ့ဖူးတဲ့ ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ် (၂ဝ) ဆိုတဲ့ စာအုပ်မှာရေးထားတဲ့ ကောက်နုတ်ချက်ကို ခဏခဏ သတိရမိပါတယ်။ တိုင်းပြည်အတွက် အနှစ် (၂ဝ) လုပ်ခဲ့ပြီးတဲ့နောက် မိမိကိုယ်ကို ပြန် ကြည့်တဲ့အခါ ကြိုးတိုက်ထဲမှာ တွေ့ပါတယ်တဲ့။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စာအုပ်ကို ရေးသားတဲ့ ဗိုလ်မှူးချစ်ကောင်းကို စာနာမိပါတယ်။ လေးလည်းလေးစားမိပါတယ်။ သူ့အတွက်လည်း ရင်နာမိပါတယ်။ ဒီခံစားမှုတွေဟာ ကျနော် တော်လှန်ရေးသမားတယောက် ဖြစ်လာရေးအတွက် ဖြည့်ဆည်းပေးခဲ့တဲ့ အချက်အလက်တွေထဲမှာ တခုအပါအဝင်ဖြစ်ခဲ့ တယ်ထင်ပါရဲ့။ အုပ်စိုးသူလူတန်းစားတွေကို ကျနော်မုန်းတီးလို့ မဆုံးခဲ့ပါဘူး။ ခုတော့ တော်လှန်ရေးထဲမှာ သက်တမ်းနှစ် (၂ဝ) ကြာပြီးတဲ့အခါ မိမိကိုယ်ကို မိမိပြန်ပြန်ကြည့်မိ (မကြာ၊ မကြာ ပြန်ကြည့်မိတာကို ပြောခြင်းဖြစ်ပါတယ်။ အထူးသဖြင့် တရေးနိုးလို့ ငါ ဘယ်ရောက်နေပါလိမ့်လို့ ဇဝေဇဝါဖြစ်မိတဲ့အခါ မျိုးမှာပါ) တော့ နယ်စပ်တနေရာမှာ တကိုယ်တည်းဖြစ်နေတာကို တွေ့ရပါတယ်။ အရာရာကို စွန့်လွှတ်စတေးထားခဲ့ရလို့၊ မိမိဆီမှာမြဲနေတာ အသက်တချောင်းပဲ ရှိနေပါတယ်။ အုပ်စိုးသူလူတန်းစားကို မုန်းတီးတဲ့အမုန်းကတော့ သေရာပါမယ်ထင်ပါရဲ့။ ဒါပေမယ့် အမုန်းတခုပါတိုးလာခဲ့ပါတယ်။ တော်လှန်ရေးသမားအမည်ခံသူတွေရဲ့ သီလကြောင် အကျင့်ပျက်မှု၊ (တနည်း) ကိုယ်ကျိုးရှာစိတ်ဓာတ်ပါပဲ။ စစ်အစိုးရရဲ့ထင်သလိုရမ်းကားနေတာ၊ ပြည်သူကို စော်ကားနေတာ၊ တိုင်းပြည်ကို ရောင်းစားနေတာတွေကို ကြားရတိုင်း လက်နက် တွေ ကိုင်ထားပါရက်နဲ့ နှစ်ဆယ်စုပေါင်းများစွာ ပြည်သူ့ဆီက အခွန်ကောက် (ခုတော့ အုပ်စိုးသူအဆက်ဆက်က ပြောတဲ့အသုံးအနှုန်းအတိုင်း ‘ဆက်ကြေး’ ကောက်တယ်ဆိုတဲ့ စကားကိုပဲ သုံးရတော့မလိုဖြစ်နေပါတယ်။)၊ မြေပေါ်မြေအောက်သယံဇာတတွေကို ရောင်းစားခဲ့ပြီး၊ ပြည်သူ့မျက်နှာမထောက် စစ်အစိုးရရှေ့မှောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ဒူးထောက်နေကြသူတွေဟာလည်း စစ်အစိုးရရဲ့ ကြံရာပါတွေဖြစ်ကုန်ကြပြီလို့ မြင်မိပါတယ်။ သူတို့ပြောပြောနေတဲ့ တော်လှန်ရေးဆိုတာ လက်နက်ကိုင် အကြမ်းဖက်နေတာ လောက်ပဲရှိတာကို တွေ့ရပါတယ်။ ဒီလောက်ကတော့ လက်နက်ကိုင်ပြီး ဗိုလ်ကျ စားသောက်ချင်တဲ့ လူတွေလည်း လုပ်နိုင်ပါတယ်။ လူမှုတော်လှန်ရေးဖြစ်စဉ်တွေမှာ တွေ့ရတဲ့အချက် (၂) ချက်ရှိပါတယ်။ တော်လှန်ရေးရည်မှန်းချက်ပေါက်မြောက်ဖို့အတွက် အကြမ်းဖက်နည်းကို သုံးရခြင်းနဲ့၊ တည်ဆဲလူမှုဆက်ဆံရေးစနစ်၊ တည်ဆဲ လူတန်းစားအုပ်စိုးမှုအနေအထားကို အခြေအမြစ်ကနေ ဖယ်ရှားပစ်ပြီး၊ တော်လှန်ရေးရဲ့ တွန်းအားဖြစ်တဲ့ အများပြည်သူတွေ အတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှု စနစ်သစ်ကို ဆောင်ကျဉ်းပေးဖို့ပါပဲ။ ဒီလိုမှ လူနေမှုစနစ်သစ်ကို အာမမခံနိုင်ဘူးဆိုရင် ပြည်သူကလည်း လိုက်ပါလာမှာမဟုတ်ဘဲ ‘တော်လှန်ရေး’ ဆိုတဲ့ အင်အားစုတွေဟာ ရန်သူကို ချေမှုန်း အနိုင်ယူနိုင်လောက်တဲ့အင်အား တွေ ဖြစ်မလာဘဲ လုံးပါး ပါးသွားတာပါပဲ။ ခု လက်နက်ကိုင် အင်အားစုတွေမှာ ဖြစ်နေတဲ့ အတိုင်းပါပဲ။ ဒို့ပြည်သူတွေက ဒို့ကို ထောက်ခံနေသားပဲလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ကိုယ့်အဖွဲ့အစည်း ဘာဖြစ်လို့ ဘယ်အခြေအနေ၊ ဘယ် သောင်ဘယ်ကမ်းကို ဆိုက်နေတယ်ဆိုတာကို မသိတာတွေအများကြီးပါ (အဖွဲ့အစည်းအနေ နဲ့ ခြုံပြောခြင်းဖြစ်ပါတယ်။ တဦးချင်းအနေနဲ့ သိမြင်တတ်သူတွေရှိပါတယ်။ သိတဲ့အတိုင်းပါပဲ၊ အဖွဲ့အစည်းတွင်းမှာ ဒီမိုကရေစီမရှိ၊ ကော်မတီစနစ်ဆိုတာကလည်း ကော်မတီဆိုတာတွေကို ဖွဲ့ထားရုံလောက်သာရှိတော့၊ သိနားလည်တဲ့ပုဂ္ဂိုလ်တွေမှာ ဘာမှ မစွမ်းသာပါဘူး) ဒီလိုအဖွဲ့အစည်းမျိုးတွေဟာ ပြည်သူက ကိုယ့်ကို ထောက်ခံနေသလား၊ လက်နက်ကို ကြောက်ပြီး ခိုင်းတာလုပ်၊ တောင်းတာပေးနေရတာလားဆိုတာကို ရဲရဲ ကြည့်သူတွေ မဟုတ်ပါဘူး။ အင်မတန် ရက်စက်ယုတ်မာလှတဲ့ သန်းရွှေစစ်အုပ်စု အောက်မှာ နေနေရတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် ဆိုးရွားရက်စက်ပုံတွေကို မီဒီယာမှာ ပြောင်ပြောင်တင်းတင်း ပြောရဲနေကြပေမယ့် တောတွင်းလက်နက်ကိုင် အင်အားစုတွေရဲ့ အုပ်ချုပ်ခံပြည်သူတွေဟာ ဒီလိုမပြောရဲပါဘူး။ တဖက်က လက်တုံ့ပြန်မှုက မြန်လည်းမြန် ကိစ္စတုံးလောက်တဲ့ အထိလည်းဖြစ်တတ်လို့ပါ။ မကြာသေးခင်ကဘဲ၊ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက အလယ်အလတ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တယောက်က သူ့အဖွဲ့အစည်းနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို ကျနော့်ဆီမှာ လာပြီး ညည်းပါတယ်။ “ပြောစရာရှိတာကို အစည်း အဝေးမှာ ပြောပါလား” လို့ သူ့ကိုပြောတော့ “ဒီလိုပြောရင် ကျနော့်ကို ရက်ရက်စက်စက် လုပ်မှာပေါ့” တဲ့။ အရပ်သား ပြည်သူတွေအနေနဲ့ ပြောရဲဆိုရဲရှိဖို့တော့ ဝေးရောပဲ။ ဒီအဖွဲ့အစည်းတွေဟာ သူတို့အခြေစိုက်ရာနယ်မြေ ပြည်သူတွေအတွက် မရေရာတဲ့ ပန်းတိုင်တွေ ညွှန်ပြထားတာတွေတော့ရှိပါတယ်။ (စာရေးသူအနေနဲ့ အဲဒီပန်းတိုင် တွေရဲ့အမည်တွေကို အတိအကျ မဖော်ပြဘဲ ထားတာကောင်းမယ်လို့ ထင်ပါတယ်)။ အဲဒီပန်းတိုင်ကို ရောက်ရင် ပြည်သူတွေက ဘယ်လိုအခွင့်အရေးမျိုးတွေ ရရှိခံစားရမယ်၊ ဘယ်လို ဖော်ဆောင်ပေးမယ်ဆိုတာကို တိတိကျကျရေရေရာရာ ရှင်းလင်းပြတာ၊ ပြဋ္ဌာန်း ထားတာတွေ မရှိပါဘူး။ ခုလက်တွေ့မှာတောင် ဒါတွေကို လက်တွေ့ (အဖွဲ့အစည်းထဲမှာရော၊ အုပ်ချုပ်ရေးနယ်မြထဲမှာပါ) လုပ်နိုင်တာမဟုတ်တော့၊ ရေးပြထားလည်း အပိုပါပဲ။ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလို ဖြစ်သွားမယ် မဟုတ်ပါလား။ ဗမာပြည် စစ်အာဏာ ရှင်များရဲ့ ဖခင်ကြီး ဗိုလ်နေဝင်းတောင် ကတိတည်တာမတည်တာ အပထား၊ “ပြည်သူလူထု အပေါင်းအား အစားဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခ၊ အူမမတောင့်နိုင်၍ သီလမစောင့် နိုင်သော ဒုက္ခတည်းဟူသော လူမှုဒုက္ခ အပေါင်းမှ လွတ်မြောက်စေ” ရမယ်။ “သာယာဝပြောသော ဆိုရှယ်လစ်လောကသို့ မရောက်ရောက်အောင် ချီတက်မည်” လို့ ကတိပေးရဲခဲ့ပါတယ်။ (၄) နှစ် (၅) နှစ်သာ အာဏာယူထားခွင့်ရှိတဲ့ ပါလီမန် ရွေးကောက်ပွဲဝင် ပါတီတွေတောင် ကတိကဝတ်တွေ အတိအကျပေးပါတယ်။ ဥပမာ အခွန်ရှော့ပေါ့မယ်။ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးမယ် စသည်ဖြင့်။ ဒီနေရာမှာ၊ ၁၉-ရာစုအလယ်လောက်က တရုတ်ပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ တိုင်ပင်းသူပုန် (Taing Ping Rebellion-1855-1873) နဲ့ နှိုင်းယှဉ်ကြည့်စေချင်ပါတယ်။ အဲဒီကာလတုန်းက တော်လှန်ရေး သဘောတရားတွေတောင် တရုတ်ပြည်ကို ရောက်မလာသေးပါဘူး။ ၁၉၁၁-ခုနှစ် သမ္မတနိုင်ငံ တည်ထောင်ရေး တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ဆွန်ယက်ဆင်လက်ထက်ကျမှသာ (ဒါတောင် ၁၉၁၇-ခုနှစ် ရုရှပြည် မဟာအောက်တိုဘာ တော်လှန်ရေးနောက်ပိုင်းမှာ မပြီးဆုံး သေးတဲ့ တော်လှန်ရေးအတွက် နည်းလမ်းရှာရင်း) တော်လှန်ရေးသဘောတရားတွေကို တင်သွင်းခဲ့တာပါ။ ဒီ သူပုန်လှုပ်ရှားမှုမှာတောင် ပုဂ္ဂလိကပိုင်ပစ္စည်း ဖျက်သိမ်းရေး၊ မြေယာမြေချမ်းရေးတွေကို ဆောင်ရွက်တဲ့အပြင် လူတန်းစားတွေနဲ့ ယောက်ျား၊ မိန်းမ တန်းတူညီမျှခွင့်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အရင် ဘယ်ခေတ်တုန်းကနဲ့မှ မတူဘဲ၊ အ မျိုးသမီးတွေကို စာမေးပွဲဝင်ဖြေခွင့်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ယိုယွင်းသွားခဲ့တယ်ဆိုပေမယ့် ဒီသူပုန်လှုပ်ရှားမှုဟာ ဒီပေါ်လစီတွေကို အကောင်အထည်ဖော်ခဲ့တာတော့ အမှန်ပါပဲ။ ကျနော်တို့ရဲ့ တော်လှန်ရေးအမည်ခံထားတဲ့ အဖွဲ့အစည်းအများစုဟာ အဲဒီသူပုန်လှုပ်ရှားမှု လောက်မှ အဆင့်ရှိပါရဲ့လား။ “လူမျိုးရေး၊ လူမျိုးရေး” လို့ ပြောကြပါတယ်။ အဲဒီလူမျိုးတွေထဲမှာ လူတန်းစားတွေ ရှိနေတာကို မမြင်မတွေ့နိုင်တာ မဟုတ်ပါ။ (“ဒို့က ဒို့လူမျိုးဆိုတာပဲ သိတယ်။ လူတန်းစားတွေ ဘာတွေ နားမလည်ဘူး” လို့ ပြောမယ်ဆိုရင် အဲဒီခေါင်းဆောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅ဝ) လောက်က တိုင်ပင်သူပုန်ခေါင်းဆောင် ဟောင်ဇူကွမ်း (Hong Xiuquan) လောက်တောင်မှ အမြင်မရှိဘူးလို့ ပြောရပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်က အပေါ်စီးလူတန်းစားနေရာမှာ နေနေတာကို မမြင်ရအောင် ကိုယ့်ပြည်သူတွေရဲ့ မျက်လုံးထဲ ‘လူမျိုးရေး’ သဲပက်ထားတာလား။ ဒါပေမယ့် လူထုက အဲဒီ ခေါင်းဆောင်တွေ ချမ်းသာနေတာကို မေးငေါ့ တာဟာ လူတန်းစားအမြင်ပါပဲ။) ကျနော်တော်လှန်ရေးထဲ ရောက်စတုန်းက လူမျိုးစုအဖွဲ့ အစည်းထဲက အလတ်တန်း အထက်ဆင့် ခေါင်းဆောင်တယောက်က “လူလူချင်း ဆက်ဆံနေ တယ် ဆိုပေမယ့် တကယ်တော့ လူတန်းစားချင်း ဆက်ဆံနေရတာပါ” လို့ ပြောဖူးပါတယ်။ ဒါက သူ့တဦးချင်းရဲ့အမြင်ပဲ ဖြစ်ပါတယ်။ သူ့အဖွဲ့အစည်းမှာတော့ ဒီအမြင်မျိုးကို တညီတညွတ်တည်း လက်ခံထားကြတာ မဟုတ်ပါဘူး။ ‘လူမျိုးရေး’ ကိုပဲ အလွယ်ပြောနေ ကြပါတယ်။ သူတို့ ပြည်သူတွေအပေါ် သူတို့ဆက်ဆံနေပုံကို ထောက်ပြီးပြောရရင် “ဗမာတွေ အုပ်ချုပ်တာကို ဒို့လက်မခံဘူး” ဆိုတာပဲဖြစ်ပါတယ်။ ဒီထက် ပိုပြီး ပြောရရင် “ဗမာတွေမဖိနှိပ်စေရဘူး၊ ဒို့ပဲဖိနှိပ်မယ်” ဆိုတာပါပဲ။ တကယ်တော့ လူမျိုးစုပြည်သူတွေဟာ ဘယ်သူ့ဖိနှိပ်မှုကိုမှ ခံလိုကြမယ်မဟုတ်ပါဘူး။ ဗြိတိသျှနယ်ချဲ့၊ ဂျပန်ဖက်ဆစ်နယ်ချဲ့တွေရဲ့ ဖိနှိပ်မှုကို ခေါင်းငုံ့မခံခဲ့ကြတဲ့ ဗမာပြည် ပြည်သူတွေဟာ ဗမာအမျိုးသား အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကိုလည်း ခေါင်းငုံ့မခံခဲ့ကြတာ ဒီနေ့ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒို့လူမျိုးအတွက် ဒို့လုပ်နေကြတာပဲဆိုတဲ့ အမြင်လောက်ပဲရှိတော့၊ တဖက်က တော်လှန်ရေးလို့ ပြောပြီး တဖက်မှာတော့ ကိုယ်ကျိုးလုပ်ကြပါတယ်။ ဒီလိုကိုယ်ကျိုးလုပ်တာဟာ တရားတယ် လို့ မြင်နေပုံရပါတယ် (“တော်လှန်ရေးအတွက် ငါ ဒီလောက်နှစ်ပေါင်းများစွာ လုပ်ခဲ့တာပဲ၊ ဒီလောက်တော့ ငါခံစားခွင့်ရှိတာပေါ့” ဆိုတဲ့ ကိုယ်တရားကိုယ် ထူထောင်၊ ကိုယ့်ကိုယ်ကိုယ် ဆုချတတ်တဲ့ လူစားမျိုးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အတော်များများတွေ့ရ ပါတယ်။) တောမှာလည်းတော၊ အာဏာအလျောက် ရထားတဲ့အာဏာကို အသုံးချပြီး စီးပွားရေးလုပ်ပါတယ်။ အောင်မြင်ကြပါတယ်။ မအောင်မြင်ဘဲ ဘယ်ရှိပါ့မလဲ။ အရှင်သခင်တယောက်လို အာဏာရှိပြီး၊ အလွယ်ရတဲ့ ငွေကြေးကလည်းရှိပြန်တော့၊ နှုတ်က အသံမထွက်တာတောင် အကျေနပ်ကြီးကျေနပ်နေပြီပေါ့။ စစ်အစိုးရရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ လုယက်မှုစော်ကားမှုတွေကို အလူးအလဲခံစားနေရတဲ့ပြည်သူတွေအဖို့ ဒီစစ်အစိုးရကို ခါးသည်းနာကြည်းပါတယ်။ စစ်အစိုးရအပေါ်မှီခိုပြီး စီးပွားဖြစ်ထွန်းနေကြတဲ့ အဖွဲ့အစည်းတွေ (အောက်ခြေငယ်သားတွေကို မဆိုလိုပါ) ကတော့ သူတို့ပါးစပ်က ဘာပြောပြော လက်ရှိ အခြေအနေကို ကြိတ်ပြီး ကျေနပ်နေကြပါတယ်။ လက်ရှိအခြေအနေလို့ ဆိုရာမှာ အတိအကျ ပြောရရင်၊ အခု ၂ဝဝ၉-ခုနှစ် ဆန်းပိုင်းအခြအနေပဲဆိုပါတော့။ ကိုယ့်အိမ်၊ ကိုယ့်စီးပွားရေး လုပ်ငန်းတွေကို မြို့ရွာတွေမှာ အခြေစိုက်ထားတဲ့ (တချိန်က တောတွင်း) လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုတွေ၊ သာယာနေတဲ့ ဘဝအ ခြေအနေတွေ အရာယွင်းသွားမှာ သို့မဟုတ် ဆုံးရှုံးသွားမှာစိုးလို့ လက်ရှိအခြေ အနေပြောင်းသွားမှာကို မျက်ကလဲဆန်ပြာ စိုးရိမ်နေကြတာ မျက်မြင်ထင်ရှားပါပဲ။ ဒီတော့၊ သူတို့တလျှောက်လုံး ပြောလာခဲ့တဲ့ အမျိုးသားရေးဆိုတာကို ဘေးချိတ်ပြီး စစ်အစိုးရ ပြုသမျှနုကြတော့မှာပါ။ ဒီနေရာမှာ စစ်အစိုးရရဲ့ အာဏာစက်နဲ့ဝေးရာ သို့မဟုတ် အိမ်နီးနားချင်းတိုင်းပြည်တွေထဲမှာ အခြေချထားသူတွေအနေနဲ့ စစ်အစိုးရကို ဆက်လက် အန်တု (ဒီစကားလုံးပဲ သုံးချင်ပါတယ်။ တော်လှန်ဆိုတဲ့စကားနဲ့မထိုက်တန်ပါဘူး) မယ်ဆိုရင် ဆက်လက် အန်တုလာစရာရှိပါတယ်။ ဒါပေမယ့် ပြည်သူအတွက် မရေရာတဲ့ ကတိတွေ ပေးပြီး၊ ကိုယ်ကျိုးရှာနေသရွေ့တော့၊ အိမ်နီးချင်းနိုင်ငံတွေက စစ်အစိုးရနဲ့ ပလဲနံပသင့်ပြီး ဖိအားပေးလို့ဖြစ်စေ၊ အခြားသော အကျပ်အတည်းများကြောင့်ဖြစ်စေ၊ ခံနိုင်ရည်မရှိတော့ရင်၊ (နဂိုမူလက ရှိနေတဲ့ ကိုယ်ကျိုးကြည့်စိတ်ဓာတ်ကြောင့်) ကိုယ်လွတ်ရုန်းသွား ကြစရာရှိပါတယ်။ အရင်းစစ်က အမြစ်မြေက ဆိုသလို ဒီအဖွဲ့အစည်းတွေဟာ (ဒီနေရာမှာလည်း ဒီအဖွဲ့အစည်းတွေထဲက လွှမ်းမိုးနေတဲ့ အင်အားစုကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ မှန်မှန်ကန်ကန်နားလည်တဲ့ ပုဂ္ဂိုလ်တွေကို သိမ်းကျုံးပြောမိရာ ရောက်မှာစိုးလို့ပါ) မတရားသဖြင့် အုပ်စိုးတဲ့ အစိုးရအဆက်ဆက်ကို တွန်းလှန်ဖြိုချပြီး၊ ငြိမ်းချမ်းသာယာတဲ့ အမျိုးသားနိုင်ငံတော်တရပ် (စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့လည်း ပြောနိုင်ပါတယ်) တည်ဆောက်လိုတဲ့ဆန္ဒ အမှန်တကယ်မရှိဘဲ၊ အစိုးရအာဏာစက် အလှမ်းမမီရာ ကိုယ့်နယ်မြေ၊ ကိုယ့်တောတောင်ထဲမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံလေးတွေရဲ့ အစိုးရ တွေ (တချို့အဖွဲ့အစည်းတွေဆိုရင် အစိုးရဆိုတဲ့ အမည်ကို မြိန်ရေရှက်ရေသုံးပါတယ်။ နောက်ပိုင်းမှာ အခြေမလှတော့မှ မသုံးတော့တာကို တွေ့ရပါတယ်)၊ သို့မဟုတ် တဘက်နိုင်ငံရဲ့ နယ်စားလေးတွေ၊ သို့မဟုတ် ဟိုးရှေးရှေး ဘုရင့်နိုင်ငံတော် (Kingdom) ခေတ်က ဘုရင်လေးတွေလို ‘စိုးစံ’ နေလိုကြတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုပြောရပါသလဲ။။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းအသီးသီးက သူတို့ကိုယ်စားပြုထားသယောင်ယောင်ပြောနေတဲ့ သို့မဟုတ် သူတို့ကိုယ်စားပြုထားတယ်လို့ အထင်ရောက်နေတဲ့ ဒေသခံပြည်သူအသီးသီးက တော့၊ စစ်အစိုးရဖိနှိပ်မှုကို တွန်းလှန်ဖြိုဖျက်ရေးအတွက် တတိုင်းပြည်လုံး သွေးစည်းညီညွတ်စွာ တိုက်ပွဲဝင်ရမယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်ထားကြပါ တယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေလို သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်နေကြတာမဟုတ်ပါဘူး။ ဒီအချက်ကိုကြည့်ရင် ဒီအဖွဲ့အစည်းတွေရဲ့ (ခေါင်းဆောင်တွေရဲ့) အကျိုးစီးပွားနဲ့ သူတို့ကိုယ်စားပြုပါတယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားဟာ တခြားစီပဲလို့ ဆိုနိုင်ပါတယ်။ ဒီတော့ သူတို့ဟာ သက်ဆိုင်ရာလူမျိုးစုပြည် သူတွေကို ကိုယ်စားပြုသူတွေမဟုတ်ပါဘူး။ လူမျိုးအမည်ခံထားရုံနဲ့ ဒီလူမျိုးကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာအစိုးရလို့ အမည်တပ်ပြီး ကုလသမဂ္ဂမှာ ပါဝင်နေရုံနဲ့ မြန်မာပြည်တပြည်လုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုသူတွေလို့ မဆိုနိုင်သလိုပေါ့။ သာဓကဆောင်ပြပါမယ်။ သူတို့တတွေက စစ်အစိုးရရဲ့ ရန်က ဝေးရာမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြစ်နေကြတော့ စစ်အစိုးရရဲ့တပ်တွေ ကိုယ့်နယ်မြေထဲ ဝင်လာတဲ့အခါ တိုက်ရုံကလွဲလို့ တတိုင်းပြည်လုံး သွေးစည်းညီညွတ်ပြီး၊ တိုက်ပွဲဝင်ဖို့ စိတ်မဝင်စားခဲ့ကြပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်လိုတဲ့ ဒေသခံပြည်သူအသီးသီးကတော့၊ (အဲဒီ လက်နက်ကိုင် အဖွဲ့အစည်း တွေရဲ့ ခေါင်းဆောင်မှုမပါဘဲ) တတိုင်းပြည်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲ တွေမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ လူမျိုးရေးစကား၊ သွေးခွဲရေးစကားတွေနဲ့ အကြောင်းပြပြီး ရှောင်ဖယ်မနေကြပါဘူး။ ထင်ရှားတဲ့ ဖြစ်ရပ်တွေကတော့၊ တတိုင်းပြည်လုံးမှာရှိတဲ့ ဒေသအသီးသီးပြည်သူတွေ တခဲနက်နဲ့ တက်တက် ကြွကြွပါဝင်ခဲ့ကြတဲ့ (၈) လေးလုံး အရေးတော်ပုံ ဒီမိုကရေစီရရှိရေးတိုက်ပွဲ၊ ၂ဝဝ၇ ခုနှစ် သံဃာလှုပ်ရှားမှုအကြို ကျောင်းသား လှုပ်ရှားမှု၊ သံဃာလှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရှားမှုတွေမှာ ဒေသအသီးသီး ပြည်သူတွေ ပါဝင်ခဲ့တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုတွေနဲ့ ပါဝင်ခဲ့တာ မဟုတ်ပါဘူး။ သံဃလှုပ်ရှားမှုအကြို ကျောင်းသားလူငယ်လှုပ်ရှားမှုကာလမှာ ရှမ်းလူငယ်အဖွဲ့ ခေါင်းဆောင်က ဘီဘီစီနဲ့တွေဆုံမေးမြန်းခန်းမှာ သူတို့လည်း ပူးပေါင်းပါဝင်မယ်။ မိမိတို့အမျိုးသား အပစ်အခတ်ရပ်စဲရေးအဖွဲ့ရဲ့ သဘောထားကို ဂရုစိုက်မနေနိုင်ပါဘူးလို့ ပြောခဲ့တာကိုကြည့်ရင် သိသာပါတယ်။ ဒါ့အပြင် လူမျိုးစုပြည်သူများရဲ့ ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ စီအာပီပီထဲမှာ ပူးပေါင်းပါဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေးခရီးစဉ်တလျှောက်လုံးမှာ လူမျိုးစုပြည်သူအသီးသီးက သောင်းသောင်းဖြဖြကြိုဆိုကြတာတွေဟာ အထင်အရှားပါပဲ။ စစ်အစိုးရကို တိုက်ဖျက်ရေး တတိုင်းပြည်လုံးသွေးစည်းရေးကိစ္စမှာ စုစည်းလို့ မရလောက်အောင် ရှောင်ဖယ်ဖယ် လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ (အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေ) ဟာ စစ်အစိုးရက သံဃာ့လှုပ်ရှားမှုကို နှိပ်ကွပ်လို့ ကောင်းတုန်းအချိန်မှာလုပ်တဲ့ သံဃာ့လှုပ်ရှားမှု တန်ပြန်ရေး ‘အခြေခံဥပဒေကြိုဆိုထောက်ခံပွဲ’ မှာ တညီတညွတ်တည်း တက်ရောက်ပြီး စစ်အစိုးရအတွက် (ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) အင်အားပြပေးခဲ့ကြပါတယ်။ တချို့ထိပ် သီးခေါင်းဆောင်တွေဆိုရင် မျက်နှာပြောင်ပြောင်နဲ့ စင်မြင့်ပေါ်တက်၊ မိန့်ခွန်းပြောပေးတဲ့အထိ စစ်အစိုးရအလိုကျ လူထုဆန့်ကျင်ရေး လုပ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဃာ့လှုပ်ရှားမှုဟာ သူတို့ပြောတဲ့ ‘မဟာဗမာ’ သံဃာတွေ သက်သက်ရဲ့ လှုပ်ရှားမှုမဟုတ်ဘဲ၊ ဘုန်းတော်ကြီးကျောင်းများရှိရာ ဒေသအားလုံးက ရဟန်း သံဃာတော် မှန်သမျှ (ရခိုင်၊ မွန်၊ ရှမ်း၊ ကရင် အစရှိတဲ့ လူမျိုးပေါင်းစုံ ရဟန်းသံဃာတော်များ) ပါဝင်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားနောက်ကို လိုက်ခဲ့ကြပြီး၊ ပြည်သူလူထုအကျိုးကို ကိုယ့်အကျိုးရဲ့ အစွန်းထွက်လောက်ပဲ သဘောထားတဲ့ တောတွင်းအဖွဲ့အစည်းတွေဟာ ခုတော့ ပြည်သူလူထုရဲ့ စိတ်ရောကိုယ်ပါလိုက်ပါမှု မရှိတော့တဲ့အဆုံးမှာ စစ်အစိုးရရဲ့ ရှေ့မှောက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဒူးထောက်နေကြရပါပြီ။ ရှေ့အလားအလာကိုကြည့်ရင် စစ်အစိုးရရဲ့ သူခိုးသေဖော်ညိရာမှာ စစ်အာဏာရှင်ဇာတ်ဝင်တွေ ဖြစ်ကုန်ကြဖို့ပဲ ရှိပါတော့တယ်။ (လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်တုန်းက အပစ်အခတ်ရပ်စဲရေးအဖွဲ့ထဲက အလတ်တန်းအဆင့် ခေါင်းဆောင်တယောက်ကို ကျနော်က “စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို သူတို့ ဇာတ်ထဲသွင်းဖို့ ကြိုးစားနေပုံရတယ်” လို့ပြောတော့ အဲဒီပုဂ္ဂိုလ်က “ဝင်တောင်ဝင်နေပြီ” လို့ ပြန်ပြောခဲ့ပါတယ်။) အထက်ပါအချက်တွေကို ခြုံပြီးပြောရရင် တော်လှန်ရေးဆိုတာကိုလုပ်ပြီး ကိုယ်ကျိုးဖက် တယ်ဆိုရင် ကျဆုံးမယ့်လမ်းကို သွားနေတာဖြစ်တယ်။ မိမိတို့ အပြောကြီးပြောခဲ့တဲ့ ရန်သူ့လက်အောက်မှာ ကိုယ်ကျိုးစီးပွားအတွက် ရှိုဝင်၊ ဒူး ထောက်ရတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေ ဘာကိုလိုတယ်ဆိုတာကို စစ်အစိုးရက ကောင်းကောင်းကြီး နား လည်တယ်ထင်ပါရဲ့။ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို လက်နက်ကိုင်တိုက်ပွဲ ကာလတုန်းကလို မဟုတ်ဘဲ မြို့ရွာတွေမှာ စီးပွားရေးလုပ်ခွင့်တွေသာမက ဘိန်းကုန်ကူးခွင့်ပါပေးပါတယ်။ အပစ်အခတ်ရပ်စဲရေးမလုပ်တဲ့ အဖွဲ့တွေကိုတော့ စီးပွားရေးလုပ်ခွင့် လုပ်ငန်းလိုက်စင်၊ အခွန်- ဒါကိုတော့ ဆက်ကြေးလို့ ကျနော်ရဲရဲပြောဝံ့ပါတယ်။ ကောက်ခွင့်တွေ ပေးပြီး ခွဲထုတ်စည်းရုံးပါတယ်။ ဒီလိုနဲ့ စစ်အစိုးရက တောထဲက အတိုက်အခံအင်အားစုတွေကို အညှာကိုင်ပြီး ချိုးနှိမ်ပစ်ပါတယ်။ မြို့ပေါ်က အင်အားစုတွေကိုတော့ လက်နက်အားကိုးနဲ့ ထင်သလိုရမ်းကားဖိနှိပ်နိုင်ပြီပေါ့။ ဒါ ကြောင့်လည်း ဒီလက်နက်ကိုင်အင်အားစုတွေဟာ စစ်အစိုးရရဲ့ ကြံရာပါတွေလို့ အထက်မှာ ကျနော်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံ ကျဆုံးသွားတာတော့ မဟုတ်ပါ။ စစ်အာဏာရှင်စနစ်က ကျဆုံးရမှာပါ။ ဘယ်သူတွေ သစ္စာဖောက်သွားပါစေ၊ ပြည်သူလူထု ကတော့ ဆက်လက်တိုက်ခိုက်သွားမှာ မုချပါပဲ။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်က ဝံသာနု လှုပ်ရှားမှုကိုသာ အမှတ်ရစရာဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသား ပြည်သူ တွေရဲ့ အခွင့်အရေးတွေကို ကျောခိုင်းပြီး ဝံသာနုခေါင်းဆောင်အများစုက ဗြိတိသျှတွေပေးတဲ့ ငါးထောင်စားအမတ် ရာထူးနောက်ကို ငန်းငန်းတက် လိုက်သွားခဲ့ကြပေမယ့် ဝံသာနုတွေ တောင်းဆိုခဲ့တဲ့ ဟုမ္မရူး (ကိုယ်ပိုင်အုပ်ချုပ်ရေး) ထက်တောင် အဆင့်မြင့်တဲ့ အမျိုးသား လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပေါ်လာခဲ့တယ်မဟုတ်ပါလား။ ဒီနေရာမှာ ကျနော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို တင်ပြလိုပါတယ်။ လူလတ်ပိုင်းအရွယ် ပညာတတ်တယောက်ဟာ (၈) လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး တောခိုလာခဲ့ပါတယ်။ သားမယားတွေကို ပစ်ထားခဲ့ရသူပါ။ နဂိုက တော်လှန်ရေးသမားဖြစ်ဖို့ တည်ဆောက်ထား ခဲ့တာ မဟုတ်တော့ တောတွင်းအဖွဲ့အစည်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ညစ်ပြီး လက်နက်ချသွားခဲ့ပါတယ်။ သူ့ကို စစ်ကြောမေးမြန်းတဲ့ ရန်သူ့ထောက်လှမ်းရေးက သူ့ကို အပေါ်စီးနဲ့ “ခုတော့ ခင်ဗျားတို့ ဘာတတ်နိုင်တော့လဲ” လို့ မေးပါတယ်တဲ့။ ဒီတော့ သူက “အင်းလေ ဒီတပွဲတော့ ကျနော်တို့ ရှုံးသွားပြီပေါ့ဗျာ” လို့ ပြန်ပြောပါတယ်တဲ့။ ပြည်တွင်းကလာတဲ့ သူနဲ့သိသူတယောက်က ပြောပြတာပါ။ သူပြောတာမှန်ပါတယ်။ ရိုးရိုးသားသားနဲ့ ရဲရဲဝန်ခံရမယ်ဆိုရင် ဒီတပွဲ ဒီတကွေ့မှာ ကျနော်တို့ စစ်ရှုံးခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရှိနေသရွေ့ ကျနော်တို့တော်လှန်ရေးက နိဂုံးချုပ်သွားမှာမဟုတ်ပါဘူး။ အမေရိကန်လို အင်အားကြီးနိုင်ငံကြီးရဲ့ ဝင်ရေက်ကယ်တင်ပေးမှုကို မျှော်နေလို့လည်း မရပါဘူး။ အမေရိကန်က အီရတ်အရေးနဲ့တောင် မထွေးနိုင်မအန်နိုင်ဖြစ်နေတာကို အားလုံးအသိပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြားဝင်ပေးမှုကို အားထားရအောင်လည်း ကုလသမဂ္ဂက (သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းပြောသလို) သွားမရှိတဲ့ ကျားကြီးပါ။ လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ စစ်အစိုးရကို ရှင်းပစ်စရာ တခြားနည်းလမ်းမရှိပါဘူး။ ဒါပေမယ့် တိုင်ပင်း သူပုန်လို သူပုန်မျိုးလောက်တောင်မှ အဆင့်မရှိဘဲနဲ့ ဆက်စခန်းသွားနေ ရင် တိုင်းပြည်နဲ့ ပြည်သူတွေ ဒုက္ခရောက်ရုံပဲရှိမှာပါ။ စစ်မှန်တဲ့ တော်လှန်ရေးတရပ်ကို အတွေး အခေါ်သစ်၊ နည်းလမ်းသစ်တွေနဲ့ ကိုယ်ကျိုးမဖက်ဘဲ ဆက်လက်ဆင်နွှဲ သွားဖို့လိုတာအမှန်ပါ။ |
1.08.2009
သွားပေအုံးတော့ ဒီတကွေ့
အညတြတော်လှန်ရေးသမားတဦး / ၅ ဇန်န၀ါရီ ၂၀၀၉
Subscribe to:
Post Comments (Atom)
No comments:
Post a Comment