ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ရုက္ခစိုး၏ ညောင်ပင်အောက်သို့ ရောက်လာသည်။ ဦးရုက္ခစိုးက သူတို့နှစ်ယောက်ကို ကြောင်ပြီး ကြည့်နေသည်။
ကြွက်စုတ်။ ။ ဗျို့ … ဦးရုက္ခစိုးရေ၊ ကျန်းခန့်သာလို့ မာပါစ။

ရုက္ခစိုး။ ။ မာပါတယ် ကွ၊ မာပါတယ်။ ဒီအထိ တကူးတက လာရတယ်လို့ကွာ၊ မင်းတို့ဆီ ငါ လာလည်း ရပါတယ်။
ဖိုးရှုပ်။ ။ ဟိုဟို ဒီဒီ လျှောက်မသွားချင်ပါနဲ့။ ရုက္ခစိုးက ရုက္ခစိုးလို နေသင့်တာပေါ့ ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ လိုအပ်ရင်တော့ သွားရမယ် သတင်း ထောက်ရေ။ ငါလည်း ဥပုသ်စောင့်၊ သက်သတ်လွတ် စားပြီး ခြေငြိမ်နေပါတယ်ကွ။ Rehabilitation ပြန်လုပ်နေတယ် ဆိုပါတော့ကွာ။ ဒါနဲ့ … မင်းတို့ ဒေ၀ါလီ သတင်း ဌာန က ရေဒီယိုတွေ ဘာတွေ လုပ်နေပြီဆို။
ဖိုးရှုပ်။ ။ ရေဒီယိုလို့တော့ ပြောလို့ မရပါဘူးဗျာ။ စကားဝိုင်းဖွဲ့ပြောတာတွေကို အသံသွင်းပြီး အင်တာနက်ပေါ် တင်ထားတာပါ။
ကြွက်စုတ်။ ။ သြော် … အယ်ဒီတာက မင်းတို့ သတင်းထောက်တွေ အသံလွှင့်ဌာန တခုခုမှာ ၀င်လုပ်တဲ့အခါ အဆင်ပြေအောင် ကြိုတင် ပြင်ဆင်ပေးတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့အသံနဲ့ဆို အလုပ်ရမယ့်ပုံ မပေါ် ပါဘူးကွာ။
ဖိုးရှုပ်က ကြွက်စုတ်ကို ဘုကြည့် ကြည့်သည်။ ထို့ကြောင့် ဦးရုက္ခစိုးက ကြားဝင်ပြီး စကားလမ်းကြောင်း ပြောင်း လိုက်ရသည်။
ရုက္ခစိုး။ ။ ကဲ … ကဲ … ဖိုးရှုပ် ဘာသတင်းတွေ ရှိသလဲ။
ဖိုးရှုပ်။ ။ (မျက်နှာ ရှုံ့မဲ့ပြီး) ဟာ … ဒီမေးခွန်း မမေးစမ်းပါနဲ့ဗျာ။ အလုပ်ထဲမှာလည်း ကျုပ်ကို ဒါပဲ မေးတယ်။ အပြင်မှာလည်း ဘာသတင်းထူးလဲလို့ အမေးခံနေရတယ်။ ဒီနေ့ အနားယူတဲ့နေ့မှာ ဒီမေးခွန်း မကြားပါရစေနဲ့ ။
ကြွက်စုတ်။ ။ ဟိုက် … သတင်းထောက်က တခြားလူတွေကို ဟိုမေး ဒီမေး မေးပြီးတော့၊ သူ့ကို မေးခွန်း ထုတ်မိရင် တယ်မကြိုက်ချင်ဘူး။
ရုက္ခစိုး။ ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ သတင်းထောက်ကို သတင်းမေးလို့ မရရင် နာဂစ်ဒေသကို ရောက်တတ်တဲ့ အန်ဂျီအိုသမား ကြွက်စုတ်ကို မေးရမယ်၊ နာဂစ်မုန်တိုင်း တနှစ်ပြည့်ပြီ၊ ကဲ … ဘာထူးလဲ။
ကြွက်စုတ်။ ။ ဟိုက် … ငါ့ဘက် လှည့်လာပဟ။ အင်း … ဟိုတလောက ဘန်ကောက်မှာရှိတဲ့ နိုင်ငံခြား သတင်း ထောက် ကလပ်မှာ နာဂစ် ၁ နှစ်ပြည့် ပွဲတခု လုပ်တယ်။ မြန်မာပြည်ထဲက မြန်မာအန်ဂျီအိုသမားတွေကတော့ ဒီပွဲကို မလာရဲဘူး တဲ့။ လာတဲ့ အဖြူတွေကတော့ အားလုံးကောင်းပါတယ်ဆိုပြီး ပြောသွားတာ ကြားလိုက်ရတယ်။
ဖိုးရှုပ်။ ။ အင်း … ငါလည်း ကြားတယ်။ ရန်ကုန်က အော်ချာ ဆိုတဲ့ အဖွဲ့ကြီးကလည်း အစည်းအဝေးတွေပဲ လုပ်ပြီး အားလုံးကောင်းပါသည်ခင်ဗျားပဲ ပြောနေလို့ အော်ချာ ဆိုတာ နာမည်နဲ့လိုက်အောင် တော်တော်ချာ တာပဲလို့ ပြောနေကြပြီ။
ကြွက်စုတ်။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ပြီးတော့ … ထူးခြားတာ တခု ရှိသေးတယ်၊ နာဂစ်ဒေသက လူတွေ အခု ဆိုရင် မိုးပေါ်ကို မော့မကြည့်တော့ဘူး ဦးရုက္ခစိုးရေ။
ရုက္ခစိုး။ ။ ဟင် … ဘာဖြစ်လို့လဲ။
ဦးရုက္ခစိုး ကဲ့သို့ပင် ဖိုးရှုပ်လည်း အံ့သြသွားသည်။
ကြွက်စုတ်။ ။ ဒီလို ဗျ။ မုန်တိုင်း တိုက်ပြီးတော့ အမေရိကန် စစ်သင်္ဘောတွေ မြန်မာ ရေပိုင်နက်နားကို ရောက်လာတယ်လေ။ အဲဒီတုန်းက စစ်သင်္ဘောကနေ ရဟတ်ယာဉ်တွေ လွှတ်ပြီး လာကူတော့မယ်လို့ တချို့က ထင်ပြီး မိုးပေါ်ကို မော့ကြည့်ကြတယ်၊ ဘယ်အချိန်များ ရေပုလင်း နဲ့ ထမင်းထုတ် ကျလာမလဲပေါ့ဗျာ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေက မီးစိမ်းမပြတဲ့အတွက် အမေရိကန်က ၀င်မလာဘူး။ မိုးပေါ်ကနေ ဘာမှ ကျမလာဘူး။
ရုက္ခစိုး။ ။ သြော် … နိုင်ငံတော်ကြီး အေးချမ်း သာယာနေတယ်၊ အားလုံးကောင်းပါသည်ခင်ဗျား ပေါ့လေ။
ကြွက်စုတ်။ ။ ဘာလဲဗျ အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာ။
ရုက္ခစိုး။ ။ သြော် … ဗိုလ်ချုပ်ကြီးများက အများတကာကို နိုင်ငံတော်ကြီးက အေးချမ်း သာယာနေတယ် ဆိုတဲ့အကြောင်း သိနားလည်စေချင်တယ်လေကွာ။ အမေရိကန်တွေကို အ၀င်မခံဘူးပေါ့။ ကဲ … ဆက်ပြောပါဦး၊ နောက်ထပ် ဘာတွေ ထူးသေးလဲ။
ကြွက်စုတ်။ ။ မုန်တိုင်းကြောင့် သေကြရတဲ့ လူ အရေအတွက်က တသိန်းကျော် မယ်လို့ ကနဦးပိုင်းမှာ ကယ်ဆယ်ရေး အဖွဲ့တွေက တွက်ထားကြတယ်။ နောက်ပိုင်းမှာတော့ အရေအတွက် ဒီထက်မက များတယ်လို့ တွေ့ရတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေက တသိန်းကျော်ပဲ သေလို့ရမယ်၊ ဒီပမာဏကို မပြင်ရဘူးလို့ အမိန့်ပေးတယ်။
ရုက္ခစိုး။ ။ အားလုံးကောင်းပါသည်ခင်ဗျား ပေါ့လေ။
ကြွက်စုတ်။ ။ အင်း … ဒါပေမယ့် လူတွေ ဒီလောက်တောင် သေရတဲ့အတွက် ဗိုလ်ချုပ်ကြီးတွေက အင်မတန် ၀မ်းနည်းကြတယ်လို့ ဆိုတယ်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ် … သေချာရဲ့လားကွ။ မုန်တိုင်းတိုက်ပြီး ရက်ပိုင်းအတွင်းပဲ သူတို့က ဧရာဝတီတိုင်းကို မဲပုံးတွေ ပို့လိုက်တယ်လေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ဆိုပြီး၊ ငါတို့တောင် သတင်းရေး လိုက်ပါသေးတယ်။
ဦးရုက္ခစိုးကလည်း ဒီဗိုလ်ချုပ်ကြီးတွေ ၀မ်းနည်းကြသည် ဆိုသည်မှာ ဟုတ်ပါ့မလားဟု တွေးနေသည်။
ကြွက်စုတ်။ ။ ဟုတ်တယ်လေ၊ ထောက်ခံမဲတွေ သိန်းနဲ့ချီ လျော့သွားပါပြီကွာ ဆိုပြီး ဗိုလ်ချုပ်ကြီးတွေက ၀မ်းနည်းကြတာပေါ့ကွ။ နာဂစ်ကြောင့် သူတို့လည်း အင်မတန် ၀မ်းနည်း ကြေကွဲပါတယ်ပေါ့ကွာ။
ဖိုးရှုပ်။ ။ နာဂစ်ဆိုလို့ နာဂစ်မှာ ကူညီလို့ အဖမ်းခံရတဲ့ နီမိုလှိုင်၊ ယဉ်ယဉ်ဝိုင်း၊ တင်တင်ချို တို့လည်း ထောင် ပြောင်းသွားပြီဆို။
ကြွက်စုတ်။ ။ ဟိတ်ကောင်၊ သူငယ်ချင်း ဖိုးရှုပ် မင်းကို ငါ ခင်လို့ ပြောမယ်၊ ဖမ်းတာ ဆီးတာ ထောင်ပြောင်း တာတွေ ရေးမနေနဲ့။ နေ့တိုင်းလိုလိုဖြစ်နေတာတွေက သတင်းမဟုတ်ဘူး ကွ။
ကြွက်စုတ်စကားကြောင့် ဖိုးရှုပ် ရုတ်တရက် တွေဝေသွားသည်။
ဖိုးရှုပ်။ ။ အဲဒါတွေ မရေးရင် ငါက ဘာရေးရမှာလဲ။
ရုက္ခစိုး။ ။ ဗိုလ်ချုပ်မှူးကြီး အကြောင်းရေးပေါ့ကွ။
ကြွက်စုတ်။ ။ ဟုတ်တယ်၊ ဒီလူကြီး ဒီတပတ်လုံး ပျောက်နေတယ်၊ ဒီလူကြီး ဘာလုပ်နေလဲဆိုတာ ဟိုဟိုဒီဒီ လိုက်မေးပြီး လျှောက်ရေးပေါ့ကွ၊ ဒီလို စတိုင်မျိုး မင်း ရေးနေကျပဲ။ ဥပမာကွာ … နာဂစ်တနှစ်ပြည့် လှူလိုက်တဲ့ ပစ္စည်းတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစု ကောင်းမှု ဆိုတဲ့ စာရွက်တွေ လိုက်ကပ်နေတယ် ဘာညာ ပေါ့ကွာ။
ဖိုးရှုပ်။ ။ (မျက်နှာကြီး နီရဲလာပြီး ဆံပင်များ ထောင်လာကာ) ဟေ့ကောင် … ငါက ဒေ၀ါလီ သတင်းထောက် ဖိုးရှုပ်ကွ၊ နာမည်တလုံးနဲ့ နေတာကွ။
ရုက္ခစိုး။ ။ ကဲ … တော်ကြပါတော့၊ တော်ကြပါတော့။ မြန်မာပြည်မှာ ၀မ်းပျက်ပြီး ရှောဘရားသား ဖြစ်နေကြတယ်ဆို။ အန်ဂျီအိုသမား ကြွက်စုတ် ဘာသိသလဲ၊ ပြောပါဦး။
ဖိုးရှုပ်က ဒီအဘိုးကြီးက ငါ့အယ်ဒီတာနဲ့ တူလိုက်တာ၊ မေးခွန်းတွေ သိပ်မေးတာပဲ ဟူသောအကြည့်ဖြင့် ရုက္ခစိုးကြီးကို ကြည့်လိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရေ … ကျနော်တို့ သိတာတွေကတော့ အများကြီးပဲ။ အစိုးရကလည်း သိတယ်။ သတင်းသမားတွေလည်း သိတယ်။ ဒါပေမယ့် လူတွေ အများစုက မသိကြသေးဘူး။ မီဒီယာတွေမှာ ၀မ်းရောဂါဖြစ်ပြီး သေတဲ့သတင်း အတင်မခံဘူး။ ဆေးရုံရောက်တဲ့ သတင်းတောင် မတွေ့ရဘူး။
ရုက္ခစိုး။ ။ သြော် … နိုင်ငံတော်ကြီးမှာ အားလုံး ကောင်းပါသည် ခင်ဗျား ပေါ့လေ။ အင်း … အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရော အထူး အစည်းအဝေး လုပ်နေတယ်ဆို။ ခါတိုင်းလို အစုလိုက်အပြုံလိုက် ဖမ်းခံရပြီး ပွဲပျက်တာမျိုး ဖြစ်မယ်ထင်တယ်။
ကြွက်စုတ်။ ။ ဒီတခါတော့ အဲသလိုမဟုတ်ဘူး ဦးရုက္ခစိုးရဲ့။ ခရီးဝေးကနေ အစည်းအဝေး တက်မယ့် သူတွေကိုတောင် အစိုးရက သယ်ယူပို့ဆောင်ရေး စီစဉ်ပေးသဗျ။ ဗိုလ်ချုပ်ကြီးတွေက ဒီအစည်းအဝေးကို ဖြစ်စေချင်နေတာ။ အဖွဲ့ချုပ်က လာမယ့်နှစ် ရွေးကောက်ပွဲဝင်မလား မ၀င်ဘူးလား သူတို့လည်း သိပ်သိချင်နေတာလေ။
ရုက္ခစိုး။ ။ ရွေးကောက်ပွဲက ရှေ့နှစ် မတ်လထဲမှာ လုပ်မယ်ဆို။ အဲဒီသတင်း မင်း ကြားသေးလား။
ကြွက်စုတ်။ ။ ဟုတ်ကဲ့၊ စက်တင်ဘာအထိ ရွှေ့လိုက်ပြီလို့လည်း ကြားတယ်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ်၊ စက်တင်ဘာဆိုတာ ပွင့်လင်းရာသီမှ မဟုတ်တာ၊ မိုးရွာထဲမှာ ခြေခင်း လက်ခင်း မသာတော့ ရွေးကောက်ပွဲ လုပ်ပါ့မလား ကွ။
ရုက္ခစိုး။ ။ ဆန္ဒခံယူပွဲကို မနှစ်က နာဂစ်အလောင်းပုံတွေကြားမှာ လုပ်ပြီး ရေအောက်မှာ မဲထည့်ခိုင်းတာ မမှတ်မိဘူးလား။ သတင်းထောက်ကြီး တယ်မေ့တတ်တာကိုး။
ဖိုးရှုပ်က ဒီနေ့ ကံမကောင်းပါလား၊ ငါ့ကို ၀ိုင်းပြီး နှိပ်ကွပ်နေကြပြီ ဟု တွေးမိပြီး သက်ပြင်းချလိုက်မိသည်။
ရုက္ခစိုး။ ။ အင်း … ဗိုလ်ချုပ်ကြီးတွေကလည်း အားလုံးကောင်းပါသည်ခင်ဗျား လို့ လူတွေကို ထင်စေချင်နေတာ ပြဿနာရှိတယ်။ ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေး ပါတီတွေ ရန်မဖြစ်ဖို့၊ စည်းကမ်းရှိကြဖို့တောင် ဟိုတလောက ကြိုပြောနေပြီ။
ဖိုးရှုပ်။ ။ နိုင်ငံရေးပါတီတွေ တဖွဲ့နဲ့တဖွဲ့ ချစ်ချစ်ခင်ခင် နေကြတာတော့ ဟုတ်ပါပြီ၊ ဗိုလ်ချုပ်ကြီးတွေ ထောင်မယ့် ပါတီတွေကို လူတွေက မဲမပေးကြဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
ကြွက်စုတ်။ ။ သတင်းထောက်ကြီးရယ် … ၊ ဗိုလ်ချုပ်ကြီးတွေက ဆန္ဒခံယူပွဲမှာတောင် ထောက်ခံမဲ ၉၀ ရာခိုင် နှုန်းကျော် ရအောင် လုပ်သေးတာပဲ မဟုတ်လား။ ငါ နောက်ဆုံး သိရတာက ရွေးကောက်ပွဲကို တွံတေးသိန်းတန် ရဲ့ ပျင်းတောင် ပျင်းသေးတယ် ဆိုတဲ့ သီချင်းနဲ့ ကျင်းပဖို့ စီစဉ်နေတယ် တဲ့။ ကဲ … အားလုံး ကောင်းပါသည် ခင်ဗျားပေါ့ကွာ။ ။

No comments:
Post a Comment