4.12.2009

နာဂစ်လွန် ၁ နှစ် အနီး ခရီးမဆုံးနိုင်သေးသည့် မုန်တိုင်းဒုက္ခသည်များ

နာဂစ်လွန် ၁ နှစ် အနီး

ခရီးမဆုံးနိုင်သေးသည့် မုန်တိုင်းဒုက္ခသည်များ

ဝင်းမြတ်

ဧပြီ ၁၁၊ ၂၀၀၉

နာဂစ်ဆိုင်ကလုန်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အတွင်းရှိ ရွာများတွင် ယခင်နှင့် မတူသော ပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲများ၊ နေထိုင်စားသောက်ပုံ အပြောင်းအလဲများ တွေ့လာ ရသည်ဟု ၄င်းဒေသများသို့ မကြာသေးမီက သွားရောက် ခဲ့သော ပြည်တွင်း သတင်းသမားများက ပြောကြသည်။

ကြွက်များအဆမတန် ပေါက်ပွားလာ

“အခုတစ်ခေါက်ခရီးစဉ်မှာ ထူးထူးခြားခြား တွေ့ခဲ့ကြရတာတော့ ကြွက်တွေပေါလာတဲ့ကိစ္စပဲ။ ကြွက်တွေ က အကောင်အကြီးကြီးတွေ ဆူဆူ ဖြိုးဖြိုး ကြီးတွေ” ဟု လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများသို့ သွားရောက် ခဲ့သော ပြည်တွင်း သတင်းထောက်တစ်ဦးက သူ၏ အတွေ့အကြုံကိုပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ကြွက်ကိုစားသော မြွေအများအပြား သေကြေခဲ့သောကြောင့် ယခုကဲ့သို့ ကြွက်များ ပေါများ လာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်ဟု ဆိုသည်။ ကြွက်နှင့်အတူ ဖားများလည်း ယခင်ကထက် ပိုမိုများပြားလာသည်ဟုဆိုသည်။

ကြွက်များမှာလည်း ယခင်က ရှိခဲ့သော ကြွက်များထက် အကောင် ပိုကြီးလာကြပြီး ဒေသခံ အချို့က လည်း ကြွက်များကို နှစ်ခြိုက်စွာ စားလာကြသည်ဟု သိရသည်။

ကြွက်များ ပေါများလာခြင်းကြောင့် စပါးနှင့် အခြားသီးနှံအချို့ ဖျက်ဆီးခံရသော်လည်း အခြေအနေ ဆိုးရွား ခြင်းမရှိသေးဟု ၄င်းဒေသသို့ သွားရောက်ခဲ့သော ပြည်တွင်းဂျာနယ် သတင်းထောက်များက ပြောကြ သည်။

“သီးနှံခင်းတွေကိုတော့ ကြီးကြီးမားမား ဖျက်ဆီးတာတော့ မရှိသေးပါဘူး။ ကြွက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါ တွေလည်း လောလောဆယ် ဘာမှ မဖြစ်သေး ဘူးလို့ ဒေသခံတွေကပြောကြပါတယ်” ဟု ပြည်တွင်းက ဂျာနယ်သတင်းထောက် တစ်ဦးကပြောသည်။

လပွတ္တာမြို့နယ် အတွင်း ကျေးရွာများတွင် စပါး၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ဖရဲ စသည့် သီးနှံပင်များ စိုက်ပျိုး ကြသည်။

ရေလုပ်ငန်း ကျဆင်း

နာဂစ်မုန်တိုင်းပြီးခါစမှာ ငါးဖမ်းဆီးရရှိမှု အတော်အတန် မြင့်တက်လာသော်လည်း ပြီးခဲ့သော ငါးဖမ်း ရာသီ တစ်လျှောက်တွင်မူ ငါးဖမ်းဆီးရရှိမှု ယခင်နှစ်များ ကထက် နည်းပါးလာသည်ဟု ဆိုသည်။

“အရင်နှစ်တွေကလောက် ပုစွန်တွေ ဖမ်းလို့ မရတော့ဘူးလို့ လေယာဉ်ကွင်းရွာက တံငါတွေက ပြောကြ တယ်ဗျ။ သူတို့ရွာမှာ ငါးပိကောင်လုပ်တဲ့ ငါးသေးသေးလေးတွေလည်း အရင်လောက် မရတော့ဘူးတဲ့” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

ငါးဖမ်းရာသီအတွင်း ငါးဖမ်းဆီး ရရှိမှုနည်းပါးပြီး ၀င်ငွေနည်းပါးခဲ့သောကြောင့် လာမည့် မိုးရာသီအတွင်း စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်မည်ကို တံငါများကစိုးရိမ်နေသည်ဟုဆိုသည်။

နာဂစ် မုန်တိုင်းကြောင့် ပျက်ဆီးသွားသော ငါးဖမ်းပိုက်များ ပြန်လည် မ၀ယ်ယူနိုင်သေးသည့် အတွက် လည်း လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲများ ရှိနေသေးသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဦးစီးပြီး ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ ငါးဖမ်းပိုက် နှင့်လှေများ ကူညီပေးသည့် အစီအစဉ် ရှိခဲ့သော်လည်း ကူညီသည့် ပိုက်များနှင့် အမှန်တကယ် ရေလုပ်သားများ လိုအပ်သည့် ပိုက်များ မကိုက်ညီခြင်း၊ တကယ် လိုအပ်သည့် ပမာဏကို လိုက်မှီအောင် မပေးဝေနိုင်ခြင်း တို့ကြောင့် မုန်တိုင်း တိုက်ပြီး တနှစ်တာ ကာလအထိ လိုအပ် ချက်များ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

လေယာဉ်ကွင်းကျေးရွာသည် အိမ်ခြေ ၆၅၀ ကျော်ရှိ ရွာကြီးတစ်ရွာ ဖြစ်ပြီး ကပ္ပလီပင်လယ်နှင့် ထိစပ် နေသော ကျွန်းကြီးတစ်ခုပေါ်တွင် တည်ရှိသည်။ လူဦးရေ နှစ်ထောင်ကျော်ရှိပြီး နာဂစ်မုန်တိုင်းကြောင့် ၆၀၀ ခန့် သေဆုံးခဲ့ရသည်။

သောက်သုံးရေ အခက်အခဲ

နာဂစ်မုန်တိုင်းအပြီး မြစ်ချောင်းများအတွင်း ရေချိုရရှိနိုင်သောနေရာများမှာ အထက်ကုန်းတွင်းပိုင်းသို့ ပိုမိုရောက်ရှိသွား ကြခြင်းကြောင့် ရေချိုရရှိနိုင်ရန် ပိုဝေးဝေး သွားလာရသည် ဟုဒေသခံများကပြောကြသည်။ ယခင်က မြစ်ညာဖက်သို့ ငါးမိုင်ခန့် သွားလျှင်ရေချိုရရှိနိုင်သောနေရာ များမှာ ယခုအခါ ခုနစ်မိုင်ခန့်သွားမှ ရေချိုရရှိနိုင်သည်ဟုဆိုသည်။

အချို့ရွာများမှာ ယခင်ကတည်းက သောက်သုံးရေကန်၊ ရေတွင်း များမရှိဘဲ တခြားရွာများမှ သွားရောက် ခပ်ယူကြရသည်။ နာဂစ် မုန်တိုင်းအပြီး ဒေသအတွင်းရှိ သောက်သုံး ရေကန်များအတွင်းသို့ ရေငန်နှင့် အမှိုက်သရိုက်များ ၀င်ရောက်သွားသောကြောင့် သောက်သုံးရေ မျှဝေသုံးစွဲကြရန် အခက်အခဲ ဖြစ်လာသည်။

လောလောဆယ်အခြေအနေတွင် မုန်တိုင်းဒဏ်သင့်ဒေသများအတွင်း သောက်သုံးရေ ရရှိရေးအတွက် အကူအညီ ပေးနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နည်းနေသေးသည်ဟု ၄င်းဒေသများသို့ သွားရောက်ခဲ့သော ပြည်တွင်း သတင်းသမားများက ခန့်မှန်းကြသည်။

“လပွတ္တာမှာတော့ မာလင် Merlin (နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း) က သောက်သုံးရေအတွက် လူတစ်ဦးကို တစ်နေ့စာ ကျပ် ၁၄၀ နှုန်းနဲ့ ကျေးရွာ ရေပေးဝေရေးကော်မတီကို ပေးထားတယ်။ ကျေးရွာက အဲဒီ ပိုက်ဆံတွေနဲ့ သောက်ရေ၀ယ်ပေးရတယ်” ဟု ပြည်တွင်းသတင်းသမားတစ်ဦးကပြောသည်။

လုံခြုံသော အမိုးအကာ မရှိ

အရေးပေါ်နေထိုင်ရန် တာပေါ်လင်စဖြင့်ပြုလုပ်ထားသော တဲငယ်များမှာ လာမည့် မိုးရာသီအတွက် လုံခြုံသော အမိုးအကာများ မဟုတ်တော့ကြောင်း ပြည်တွင်း သတင်းထောက်များက ပြောကြသည်။

ကျေးရွာများအတွင်း အများစုသောနေအိမ်များမှာ တာပေါ်လင်စဖြင့်ပြုလုပ်ထားသော ခပ်သေးသေး တဲအိမ်များသာ ဖြစ်ကြသည်။

“မြစ်ကမ်းဘေးကကြည့်လိုက်ရင် အိမ်သာလေးတွေ တန်းစီထားတယ်လို့တောင် ထင်ရတယ်။ တဲလေး တွေက သေးသေးလေးတွေ။ တာပေါ်လင်စတွေနဲ့ ဆောက်ထားတော့ အခုလို ပူတဲ့ရာသီမှာ ဘယ်လိုနေကြလဲ မသိဘူး” ဟု ပြည်တွင်း သတင်းသမား တစ်ဦးက ပြောသည်။

နေ့စဉ်ထုတ် သတင်းစာများနှင့် ရုပ်မြင်သံကြားတွင် တွေ့မြင်ကြရသော မုန်တိုင်းသင့်ဒေသ အတွင်း ဆောက်လုပ် လှူဒါန်းသည်ဆိုသော တန်ဖိုးနည်း အိမ်ရာများမှာ အစိုးရအရာရှိကြီးများ လာရောက်တတ်သည့် ကျေးရွာများတွင်သာ ဟန်ပြ ဆောက်လုပ်ထားကြသည်ဟု ဆိုသည်။ အမှန်တကယ် နာဂစ်ဒဏ် ခံစားခဲ့ရသည့် ကျယ်ပြန့်လှသည့် ဧရိယာနှင့် နှိုင်းစာလျင် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် အပြသဘော တည်ဆောက် သော တန်ဖိုးနည်း အိမ်ရာမှာ အလွန်နည်းပါးလှသည့် အရေအတွက်ဟုလည်း ဆိုသည်။

၎င်းအိမ်ယာများကိုလည်း အချို့ကျေးရွာလူကြီးများ၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများကိုသာ ဦးစားပေး ချထားခြင်းဖြစ်ပြီး အိမ်ယာ နေထိုင်ခွင့် ရရှိရန်အတွက်လည်း အာဏာပိုင်များထံသို့ လာဘ်ငွေ ကျပ်နှစ်သောင်းမှ ခြောက်သောင်းအထိ ပေးခဲ့ရသည်ဟု ပြောကြ သည်။

ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦ

လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အဦများ ခိုင်ခိုင် မာမာ မတွေ့ရှိရသေးကြောင်း လည်း ပြည်တွင်းသမားများက ပြောကြသည်။ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများမှာ စစ်အစိုးရထိပ်ပိုင်း အရာရှိကြီးများ လာရောက် စစ်ဆေးတတ်သည့် ရွာများတွင်သာရှိပြီး အချို့မှာ သုံးပုံတစ်ခန့်သာ ပြီးဆုံးသေး ကြောင်း ဆိုပါသည်။

“ကျေးရွာတွေမှာ မုန်တိုင်းလာရင် ခိုဖို့ ဆိုပြီး ကုန်းလေးတွေ လုပ်ပေးထားတယ်။ ဘေးနားက မြေကြီး တွေကို ကုန်းဖြစ်အောင် ယက်တင် ထားတာပါပဲ။ ရေတက်လာရင် မြေကြီးတွေ စားသွားပြီး ပြိုသွားနိုင်တယ်။ နောက်ပြီး ကုန်းပေါ်တက်ဖို့ လှေကားလည်း မတွေ့ရဘူး” ဟု လပွတ္တာအောက်ပိုင်း ကျေးရွာများသို့ သွားရောက် ခဲ့သည့် ပြည်တွင်း သတင်းသမားတစ်ဦးက ပြောပါသည်။

မုန်တိုင်းဒဏ်ခံ အဆောက်အဦများ၊ အသက်ကယ် တောင်ကုန်;ျးားမှာ လူဦးရေနှင့်စာလျှင် ငါးပုံတစ်ပုံ ခန့်သာ အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်ဟု ပြည်တွင်းသတင်းသမားများက ပြောသည်။

လူတန်းစားညီ

နာဂစ်မုန်တိုင်းဒဏ်မခံရမီက ကျေးရွာအတွင်း ချမ်းသာ ကြွယ်ဝခဲ့သူများမှာ မုန်တိုင်းဒဏ်ကြောင့် ပစ္စည်း ဥစ္စာများ ဆုံးရှုံးခဲ့ကြပြီး ယခင်က ဆင်းရဲခဲ့သူများမှာ နာဂစ် မုန်တိုင်းအပြီး ၀င်ရောက်လာသော အကူအညီ ပေးရေး အဖွဲ့ အစည်း များကြောင့် အတော်အသင့် အဆင်ပြေခဲ့သူများ တွေ့ရှိရသည်။

“အရင်က ပိုက်သူဌေးတွေ လယ်သူဌေးတွေက နာဂစ်ကြောင့် အကုန်လုံး ကုန်သွားကြပြီ။ သူတို့က ပိုက်ဆံရှိခဲ့တော့ ဝေခြမ်းရေး (ကယ်ဆယ်ရေးအဖွဲ့ အစည်းများ) တွေကို သွားဖို့လည်း ရှက်ကြတယ်။ အရင် ကတည်းက မရှိခဲ့တဲ့လူတွေကတော့ ဝေခြမ်းရေးက ပေးတာလေးတွေနဲ့ အဆင်ပြေနေတာ ရှိတယ်” ဟု ပြည်တွင်း သတင်းသမားတစ်ဦးက ပြောသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ ရောက်ရှိလာကြခြင်းကြောင့် ကျေးရွာအတွင်းရှိ ရေပေးဝေရေး၊ ဝေခြမ်းရေး စသော အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင်လည်း အမျိုးသား အမျိုးသမီး မျှတ စေရန် (Gender balance) ဂရုစိုက် ဖွဲ့စည်းတတ်လာသည်ကို တွေ့ရကြောင်းဆိုသည်။

စိတ်ဒဏ်သင့်နေဆဲ

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်နီးပါးရှိလာသည့်တိုင်အောင် မုန်တိုင်းဒဏ်ကို ကိုယ်တိုင်တွေ့ ကြုံခံစားခဲ့ရသောသူများမှာ ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိုးရိမ်သောကများ မပျောက်သေးသည်ကို တွေ့ရသည် ဟု သတင်းထောက်များကပင် ပြောဆိုသည်။

“အမျိုးသမီးတစ်ယောက်ဆိုရင် စကားပြောနေရင်းကနေ မျက်ရည်တွေထွက်လာပြီး ဒေါသတကြီး ဖြစ်လာတယ်။ ကိုရင်လေးတစ်ပါးဆိုလည်း ဒီအတိုင်းပဲ။ ပြောရင်းနဲ့ တဖြည်းဖြည်း ခံစားချက်တွေ မာန်တွေပါ လာတယ်” ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာမှ ပြန်လာသည့် သူကပင် ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် နှစ်သိမ့် ဆွေးနွေးမှုကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်းမတွေ့ခဲ့ရပေ။ စိတ်ကျန်းမာရေး အထူးကုဆရာဝန် တဦးက ပြောဆိုခဲ့ရာတွင် မြန်မာနိုင်ငံတွင် ထိုသို့သော သဘာဝဘေး အန္တရာယ် ဆိုင်ရာ စိတ်ဒဏ်သင့်မှု အတွက် ဆွေးနွေးတိုင်ပင်မှု လေ့ကျင့်ပေးထားသည့် ဆရာဝန် မရှိသေးကြောင်း ၊ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်အရေအတွက်လည်း နည်းပါးနေသေးပြီး ထိုသို့သော ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ကောက်ချက်ချသည်။

မြန်မာလူမှု အဖွဲ့အစည်း၏ ရှေးရိုးအစဉ်အလာအတိုင်း စိတ်ဒဏ်သင့်ခံရသူများအား ကျေးရွာ၏ ဘာသာရေး လူမှုရေးအရ ဦးဆောင်သည့် ဘုန်းတော်ကြီးများက ဘာသာရေးရှုထောင့်မှ နှစ်သိမ့် ဆုံးမခြင်း တို့ကိုသာ ကျယ်ကျယ် ပြန့်ပြန့် မြင်တွေ့ခဲ့ရသည် ဟုလည်းသိရသည်။

တစ်နှစ်ပြည့်ဆွမ်းကြိုသွပ်

မတ်လဒုတိယပတ်အတွင်း ရွာသွန်းခဲ့သောမိုးကြောင့် ဒေသခံအချို့ အစိုးရိမ်လွန်ခဲ့ကြသေးသည်ဟု ဆိုသည်။ ပင်လယ်နှင့် နီးစပ်သော ရွာများမှလူအချို့မှာ နာဂစ်ကြောင့် သေဆုံးခဲ့သော ဆွေမျိုး သားချင်းများကို ရည်စူး၍ တစ်နှစ်ပြည့် ဆွမ်းသွပ်ခြင်းများကို ကြိုတင် ဆောင်ရွက်ပြီး လပွတ္တာမြို့ပေါ်နှင့် ရေတက်လျှင် လွတ်နိုင်မည့် နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ အောက်ဖက်ဆင်းတော့ ရွာကလူတွေက ဘာသွားလုပ်မှာလဲ၊ ရွာတွေမှာ လူတွေ မရှိတော့ဘူး အန္တရာယ်များတယ်၊ မသွားကြနဲ့ လို့ ပြောကြတယ်။ သူတို့က လာမယ့် မိုးဦးကျကို တော်တော် ကြောက်နေကြတဲ့ပုံပဲ” ဟု ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

မုန်တိုင်းလာမလာကို သိရှိနိုင်ရန် ဒေသခံများက ရိုးရာနည်းများဖြင့် ခန့်မှန်းကြသည်ဟု ဆိုသည်။ ပျံလွှားငှက်တွေ သစ်ပင်ခြေရင်းမှာ အသိုက်လုပ်လျှင် လေပြင်း တိုက်နိုင်ပြီး ဖားပျံများ အိမ်အမြင့်တွင် တက်နေလျှင် ရေကြီးနိုင်သည် စသဖြင့် ခန့်မှန်းကြသည်။

မုန်တိုင်းနှင့် ပတ်သက်သည့် သတင်း အချက် အလက်အတွက် ရေဒီယိုကို အဓိက အားကိုးကြကြောင်း ဒေသခံ များက ပြောသည်ဟု ပြည်တွင်းသတင်း သမားများက ဆိုသည်။

“မေ ၂-၃” နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦး သေဆုံး၊ ၅၃၈၃၆ ဦး ပျောက်ဆုံး ခဲ့ပြီး လူပေါင်း ၂.၄ သန်းခန့် မုန်တိုင်းရဲ့ဒဏ်ကို ခံခဲ့ရသည်ဟု ကုလသမဂ္ဂ က ခန့်မှန်းသည်။

No comments:

Post a Comment