ပြည်တွင်းတွင် အင်တာနက် သုံးစွဲနိုင်မှု အကန့်အသတ် ကြောင့် အင်တာနက်နှင့် ယဉ်ပါးမှုနည်းခြင်း၊ ပြည်ပရောက် မြန်မာ များအဖို့မှာ မြန်မာစာ ရိုက်ရန်အခက်အခဲနှင့် ဘလော့ဂ် နည်းပညာ ထိတွေ့မှုနည်းခြင်း တို့ကြောင့် မီဒီယာသစ်တွင် မြန်မာတို့ ပါဝင်စီးမျောမှု အရှိန်နည်းနေသည်ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက တွန်းအားပေးလိုက်သည်။
မြန်မာဘလော့ဂ်နှင့် ဖိုရမ်များ၊ ပုဂ္ဂိလိက ဝက်ဘ်ဆိုက်များ ထိုအချိန်မှစ၍ ဝုန်းခနဲ တိုးပွားလာခဲ့သည်။ နိုင်ငံတကာသုံး စနစ်ကို မလိုက်နိုင်သည့်တိုင် ဇော်ဂျီဖောင့်ကလည်း မြန်မာဘာသာဖြင့် ဝက်ဘ်စာမျက်နှာများကို ပွားများအောင် ထောက် ကူပေးသည်။
ပြည်တွင်းမီဒီယာများအနေဖြင့် ဝက်ဘ်ဆိုက်များ ထူထောင်လာခြင်းသည်လည်း ထိုကာလနောက်ပိုင်းတွင် ပိုများလာခဲ့ သည်။ အစောပိုင်းတွင် ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်သည် အချိန်မီ သတင်းရယူရန်နှင့် ပုံများ ရှာဖွေရန်သာ ဖြစ်ခဲ့သည်။ ဂျာနယ်များအတွက် ဒေသတွင်းသတင်း၊ နိုင်ငံတကာသတင်း ဆောင်းပါးနှင့် ပုံများအတွက် အင်တာနက်ကို သာ အားကိုးရသည်။ ထို့ထက်အစောပိုင်းကာလ အင်တာနက် မတွင်ကျယ်သေးခင်က နိုင်ငံတကာ သတင်း၊ ဆောင်းပါး နှင့် ရုပ်ပုံများအတွက် နိုင်ငံတကာ လေယာဉ်ဖြင့် ပါလာသော သတင်းစာများ၊ လစဉ်ထုတ် နိုင်ငံတကာ စာစောင်များကိုသာ အားကိုးခဲ့ရသည်။
အင်တာနက်နှင့် ထိတွေ့လာပြီးနောက် အချိန်မီ သတင်းရယူခြင်းဖြင့် အလုပ်အဖြစ်ဆုံးမှာ အားကစားဂျာနယ် အမည်ခံ ဘောလုံးလောင်းကစား အားပေး ဂျာနယ်များဖြစ်ပြီး နိုင်ငံတကာ သတင်း ဂျာနယ်များက ဒုတိယလိုက်သည်။
ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင်ကာလက အင်တာနက်ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားသည့် ဝက်ဘ်စာမျက်နှာ များမှာ အနည်းငယ်သာရှိခဲ့သည်။ ယခုအချိန်တွင် ဂူဂယ် ရှာဖွေရေးစနစ်၌ တော်လှန်ရေးဟူသော စကားလုံးအတွက် ၂ သောင်းကျော်၊ အချစ်ဟူသော စကားလုံးအတွက် ၇ သောင်းနီးပါး၊ နိုင်ငံရေးဟူသော စကားလုံးအတွက် ၁ သိန်းကျော် မြန်မာဝက်ဘ်စာမျက်နှာများ ရှိနေပေသည်။
ရွှေဝါရောင်တော်လှန်ရေးကာလမှ စ၍ မြန်မာ ဘလော့ဂါ၊ ဖိုရမ်သမား မြောက်မြားစွာတို့က သတင်းများ၊ စာများ၊ ပုံများကို အင်တာနက်ပေါ် တင်လာခဲ့ကြသည်။ ယင်းသတင်းများ၊ စာများ၏ တိကျမှု၊ လက်ခံနိုင်မှုအပေါ် မေးခွန်းထုတ်စရာ ရှိ သည့်တိုင် မြန်မာသတင်းအချက်အလက် စီးဆင်းမှုတွင် ၄င်းတို့၏ အရှိန်အဟုန်မှာ မသေးငယ်လှပေ။ ဆိုက်ဘာဂျာနယ် လစ်၊ နိုင်ငံသားဂျာနယ်လစ် စသည်ဖြင့် ပုံဖော် အမည်ပေးခံရသော ဘလော့ဂါများနှင့် ရှိနှင့်ပြီး ပြည်တွင်းနှင့် ပြည်ပ အခြေစိုက် မြန်မာအွန်လိုင်းမီဒီယာကြီးများ သဟဇာတဖြစ်မှုများရှိသလို ပဋိပက္ခများလည်း ပေါ်ပေါက်လာသည်ကို တွေ့ ရသည်။
ဘလော့ဂါများက မီဒီယာများကို ပွင့်လင်းစွာ ဝေဖန်ကြသလို ဘလော့ဂါများက ရေးသားလိုက်သော အတွေ့အကြုံ၊ အချက်အလက်များသည်လည်း မီဒီယာများအဖို့ နောက်ဆက်တွဲ သတင်းများဖြစ်လာကြသည်။ ဤနေရာတွင် မြန်မာ ဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ သဟဇာတ ဖြစ်မှုများနှင့် အသံမထွက်သော ထိပ်တိုက်တွေ့မှုများကိုသာ မီးမောင်းထိုးပြချင်ပါသည်။
တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရသော မြန်မာ ပြည်တွင်းမီဒီယာများအဖို့ နိုင်ငံတကာရေးရာ သတင်းများကို အချိန်မီ ရယူရန်အတွက် အင်တာနက်သည် အရေးပါသော ကဏ္ဍတွင်လုံးဝရှိနေသည်ကို ယခုနှစ် မတ်လနှောင်းပိုင်းနှင့် ဧပြီလ အစောပိုင်း သီတင်းပတ်ရှည်ကြာသော ပြည်တွင်းအင်တာနက်လိုင်း ပြတ်တောက်မှု(သို့) ဆက်သွယ်နိုင်မှုနှုန်း အလွန် အမင်း နှေးကွေးခဲ့ခြင်းက တပ်လှန့်ပေးလိုက်သည်။
ပြည်ပရှိ ယုံကြည်ရသော မိတ်ဆွေ အသိုင်းအဝန်းများထံ ပြည်တွင်း အယ်ဒီတာအချို့က သတင်းများ ရှာဖွေစုဆောင်း ပေး ပို့ရန် မေတ္တာရပ်ခဲ့ရသည်။ မိတ်ဆွေ အယ်ဒီတာ၏ အကူအညီတောင်းမှုကြောင့် ဂျာနယ် တပတ်စာ ပြည်ပသတင်းများ၊ ဆောင်းပါးများ စုစည်း ပေးပို့ခဲ့ရသည်ဟု ပြည်ပ တက္ကသိုလ်တခုမှ ဘလော့ဂါ ကျောင်းသား တယောက်က ဆိုသည်။
ပြည်တွင်းတွင် ဆင်ဆာထိသော၊ ထုတ်ဝေခွင့်မပြုနိုင်သော ဆောင်းပါးများ၊ ကြေညာချက်များ၊ ပေးစာများသည် ဘလော့ဂ် များတွင် ပေါ်ထွက်လာကြသည်။ ပြည်တွင်းမှ အယ်ဒီတာများ၊ သတင်းထောက်များကို နာမည်ဝှက်များဖြင့် ဘလော့ဂ်များ၊ ဖိုရမ်များတွင် ပိုမိုတွေ့လာရသည်။ သတင်းထောက်တဦးက သူဂျာနယ်လစ်ဖြစ်သည်ကို ဘလော့ဂ်တွင် လူသိမခံကြောင်း၊ ဂျာနယ်တိုက် ပိုင်ရှင်သိလျှင် ငြိုငြင်မည်စိုး၍လည်း ပါကြောင်း ပြောသည်။
ဆိုက်ဘာဂျာနယ်လစ်၊ စီတီဇင် ဂျာနယ်လစ်ဖြစ်သော မြန်မာဘလော့ဂါများနှင့် ပြည်တွင်းမီဒီယာတို့၏ ထိပ်တိုက်တွေ့မှု များကိုလည်း အသံတိတ် တွေ့နေရသည်။ နိုင်ငံတကာ သတင်းဌာနများ၏ ပုံများ၊ သတင်းများကို အင်တာနက်မှ တဆင့် အမြဲတစေ မှီခိုသုံးစွဲနေရသော ပြည်တွင်းမီဒီယာများသည် မြန်မာဘလော့ဂါတို့ တင်ထားသော ပုံများ၊ မြန်မာစာသားများကို ခွင့်မတောင်းမိဘဲ ယူငင်သုံးစွဲမိမှုများ ပေါ်ပေါက်လာသည်။ အများအားဖြင့် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင် ဓာတ်ပုံများ တင်ထား သည့် မြန်မာဘလော့ဂ်များသည် ယင်းတို့၏ ဖန်တီးမှုများကို စီးပွားရေးအရ မသုံးစွဲရန် တားမြစ်ကြောင်း ဖော်ပြထားကြ သည်။
ထို့အပြင် ဘလော့ဂါအချို့၏ ဆောင်းပါးများ၊ စာများသည် အမည်တမျိုးဖြင့် ပြည်တွင်းမီဒီယာများတွင် ပါရှိလာသည့် အဖြစ် များလည်း ပိုများလာသည်။ မိန်းကလေးဘလော့ဂါတယောက်က သူမ ရှာဖွေရေးသားထားသည့် အလှအပရေးရာ ဆောင်း ပါး ၂ ပုဒ်သည် အနည်းငယ် ပြင်ဆင်ထားသည်မှအပ သူမရေးထားသည့်အတိုင်း အမည်တမျိုးဖြင့် မဂ္ဂဇင်းတခုတွင် ပါလာ သည်ဟု ပြောပြသည်။ ထို့အတူ ဆောင်းပါးတပုဒ်သည် ရေးသူ ဘလော့ဂါမသိဘဲ နာမည်တမျိုးဖြင့် မန္တလေးမြို့အခြေစိုက် ဂျာနယ်တစောင်တွင် ပါလာခဲ့ဖူးသည်။ အင်တာနက်မှ ရသည်ဟုဆိုကာ ရေးသူအမည်မပါဘဲ မြန်မာဘာသာဖြင့် တိုက်ရိုက် ကူးယူ ဖော်ပြထားသော စာအချို့ကိုလည်း ပြီးခဲ့သည့်လထုတ် မဂ္ဂဇင်းတစောင်တွင် တွေ့ရသည်။
ထိန်းချုပ်ကန့်သတ်မှုများလွန်းသော ပြည်တွင်းမီဒီယာများအဖို့ အင်တာနက်ပေါ်မှ သူတို့နှင့် ကိုက်ညီမည့် စာများ ပုံများရရှိ သည့်အတွက် အလုပ်သက်သာကောင်း သက်သာမည်။ သို့သော် မြန်မာအင်တာနက်သုံးစွဲသူ အသိုင်းအဝန်းသည် ကြီးမား ကျယ်ပြန့်နေသည်နှင့်အမျှ ထိုသို့ ပုံများ၊ စာများ အမှုမဲ့ အမှတ်မဲ့ ရယူသုံးစွဲရာတွင်လည်း သတိချပ်သင့်သည့် အချိန်ရောက် ပေပြီ။ ပြည်တွင်း အယ်ဒီတာများသည်လည်း အင်တာနက်နှင့် ပို၍ အကျွမ်းဝင်သင့်သည့် အချိန်ဖြစ်သည်။ မသင်္ကာသည့် ဆောင်းပါး၊ စာထဲမှ အဓိကစာလုံးတလုံးကို ဂူဂယ်အင်ဂျင်တွင် ထည့်ရှာရုံမျှဖြင့် ခြေရာအလွယ်ခံနိုင်ပါသည်။
"ဆောင်းပါးကို ကွန်ပျူတာနဲ့ ရိုက်ပြီး တိုက်ရိုက်ရေးတယ်၊ အင်တာနက်ပေါ်မှာလည်း စာလိုက်ဖတ်တယ်၊ မဟုတ်ရင် နောက်ကျကျန်ခဲ့ဖို့ မြင်တယ်"ဟု မြန်မာစာရိုက် လေ့ကျင်နေသူ ပြည်တွင်း ဆောင်းပါးရှင်တဦးက ဆိုသည်။
မီဒီယာသစ် လမ်းကြောင်းကို ခြေချလာသူများလာသည့်နည်းတူ အစိုးရက ပိုမိုထိန်းချုပ်လာနေသော်လည်း အင်တာနက် တွင် မြန်မာပရိသတ် အားကောင်း ကျယ်ပြန့်လာသည်နှင့်အညီ ပြည်တွင်းမီဒီယာများ ထိုကွန်ယက်နှင့် ချိတ်ဆက် မိနေဖို့ လိုသည်ဟု ထင်မြင်မိသည်။
အင်တာနက်နှင့် ယဉ်ပါးနေသောခေတ်တွင် သတင်းစီးဆင်းမှု ထိန်းချုပ်ရန် အမြဲကြံစည်နေသော စစ်အာဏာပိုင်များကား ရေကို ယိုဖိတ်မကျအောင် လက်ခုပ်နှင့် ခပ်ရန် ကြိုးပမ်းနေသူများသာဖြစ်သည်ဟူသော ဘလော့ဂါတယောက်၏ မှတ်ချက် ကိုလည်း မျှဝေလိုက်ပါသည်။
စာရေးသူသည် ထိုင်းနိုင်ငံ တက္ကသိုလ်တခုမှ လူမှုသိပ္ပံ ဘွဲ့လွန် ကျောင်းသားတစ်ဦး ဖြစ်သည်။

No comments:
Post a Comment