မေ ၎
ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်းရှိ ပုဇွန်လုပ်ငန်းခွင် အလုပ်သမားများနှင့် ခြုံဘူရီဒေသရှိ ဆန်စက် အလုပ်သမားများ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံနေရသည်။
မဟာချိုင် ဒေသအတွင်းရှိ Ongkorn C.O.Ltd-ကုမ္ပဏီ၊ မြန်မာအလုပ်သမားများ အခေါ် OCS(လိမ္မော်)ရောင်ရုံ ပုဇွန်ရုံမှ ၃နှစ်မှ ၆နှစ်အတွင်း လုပ်သက်ရှိသူ မြန်မာအလုပ်သမား(၇)ဦးတို့အား နှစ်သစ်ကူး ကာလက အလုပ် ရပ်နားခဲ့သည်။
အသက်၄၆ နှစ်အရွယ် အဆိုပါအလုပ်ရုံတွင် ငါးနှစ်ကျော်ကြာ ဆက်တိုက်အလုပ်လုပ်ကိုင်ခဲ့သူ ဦးသောင်းက “ကျနော် ပီမိုင်မတိုင်ခင် ဆေးခွင့်ယူပါတယ်။ နေကောင်းသွားတော့ ဆေးရုံက စာရွက်စာတမ်းတွေနဲ့ သွားပြ ပါတယ်။ ပီမိုင်ပြီးတော့ တရုတ်နှစ်သစ်ကူးပြီးရင် ပြန်ခေါ်မယ် ပြောပါတယ်။ ထပ်သွားတော့ သင်္ကြန်ပြီးလာခဲ့၊ ပြီးတော့ မေဒေးနေ့လာခဲ့ ဒီလိုပဲ ခေါ်လိုက်သွားလိုက်နဲ့ ကျနော်တို့ကို အလုပ်ပြန်မခန့်တော့ဘူး။ အစတုန်းက ကျနော်တို့လူ(၇)ယောက်ပါ။ ခုအခြားကို အလုပ်ဝင်သွားကြပြီ။ ခု ကျနော်တို့လေးယောက် ကျန်သေးတယ်။ အလုပ်ပြန်ရမယ် ထင်လို့ စောင့်နေတာ ကျနော်တို့ လေးလကျော်သွားပြီး အခက်အခဲတွေ ဖြစ်နေကြရတာပေါ့။ ကျနော်တို့ကို လူဟောင်းတွေ မယူတော့ဘူးလို့ ပြောတယ်။ ဘတ်လည်း ကျနော်တို့ အဲဒီမှာလုပ်ထားတယ်။ ခုစာရွက်စာတမ်းသွားတောင်းလည်း မရဘူး’’ ဟု ပြောသည်။
လူဟောင်း အလုပ်သမားများကို မည်သည့်အကြောင်းကြောင့် လက်မခံသည်ကို မသိရှိရသော်လည်း စနေ တနင်္ဂနွေမှ လွဲ၍ ကျန်နေ့များတွင် လူသစ်များကို အမြဲလက်ခံလျှက်ရှိကြောင်း သူကပြောသည်။ အလားတူ ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီခရိုင်။ တန်ဘွန်နမ်ကယောက်၊ အန်ဖေ ဘိုထာလန် အမှတ်၅၀/၁ ရှိ ဖွိုင်ချော့ ဖိုင်စစ် ဆန်စက်တွင် မြန်မာ အလုပ်သမား၁၄ဦး အလုပ်သမား အခွင့်အရေးချိုးဖေါက်မှုကို ခံနေရသည်။ ဆန်စက် အလုပ်သမား ကိုအောင်ကျော်က “ကျနော်တို့ မနက်၇နာရီခွဲကနေ နေ့လည် ၁၂နာရီထိ လုပ်ပြီး နေလည် ၁၂နာရီ မိနစ်၄၀ဆိုရင် ပြန်ဆင်းရတယ်။ ညနေ ၆နာရီမှ အလုပ်ပြီးပါတယ်။ မနက်ပိုင်းမှာ နာရီဝက်၊ နေ့လည်ထမင်းစားချိန် မှာ မိနစ်၂၀ ညနေပိုင်းမှာ ၁နာရီ အပိုလုပ်ပေးနေရတယ်။ လုပ်အားခက ပိုမပေးပါဘူး။ လူသစ်ကို တစ်နေ့ ၁၅၀ လူဟောင်းဆိုရင် ၁၈၀ ပဲရပါတယ်။ အဆိုးဆုံးက လုပ်အားခ ၁၅ ရက်စာ ထုတ်မပေးဘူး။ ရက်ပေါင်ထားရတယ်။ ထွက်မယ် ဆိုရင် အဆုံးခံပြီး ထွက်ရတယ်။ သွားတောင်းရင်ပဲဖြစ်ဖြစ် အလုပ်ထွက်မယ် ဆိုရင်ပဲဖြစ်ဖြစ် သူဌေးကို သွားပြောရင်ပုလိပ်ကို အဖမ်းခိုင်းလိုက်တော့တာပဲ’’ဟု ပြောသည်။
အဆိုပါ ဆန်စက်တွင် မြန်မာအလုပ်သမား ၁၄ဦးရှိပြီး မမြင့်မြင့်အေးမှာ လုပ်ငန်းရှင်၏ နေအိမ်တွင် အိမ်အလုပ် လုပ်ရသည်ဟု ဆိုသည်။ သူမက “ကျမမနက်၅နာရီမှာ ထပြီး သူဌေးအိမ်ကို သွားရပါတယ်။ အလုပ်သမားတွေ ထမင်းစားဖို့ ချက်ရပါတယ်။ ဒီအိမ်မှာ လူ၆ ယောက်ရဲ့  အ၀တ်အစားတွေကို လက်နဲ့ လျှော်ရပါတယ်။ အ၀တ်လျှော်စက်လည်း မရှိဘူး။ တနေ့ကို ထမင်းသုံးကြိမ်ချက်၊ အ၀တ်လျှော်၊ နေ့လည်ဘက် ကြမ်းတိုက်၊ မီးပူတိုက်၊ အပင်တွေရေလောင်း၊ညနေ ၈နာရီမှပြန်ရပါတယ်၊တစ်နေကုန် နားရတယ်မရှိဘူး။ တနေ့လုပ်အားခ ၁၁၀ ဘတ်ပေးပါတယ်၊ နေမကောင်းလို့ နားလို့ မရဘူး၊ ကျမ ပင်ပန်းလွန်းလို့ တော်တော် စိတ်ပျက်မိပါတယ်’’ဟု ပြောသည်။
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း ၏ အမျိုးသမီးရေးနှင့် စည်းရုံးရေးမှူး ဒေါ်သက်သက်ဦးက“အလုပ်သမားတွေ အနေနဲ့ ထိုင်းအလုပ်သမားရုံးမှာ သွားပြီး အမှုရင်ဆိုင်မယ်ဆိုရင် လိုအပ်တဲ့ အထောက်အထားတွေ ပြည့်စုံရပါမယ်။ ပြီးတော့ ကျမတို့ အနေနဲ့ နယ်မြေခြားပြီး သွားရောက်ကူညီလို့ မရနိုင်ပါဘူး၊ နယ်မြေအခြေစိုက် အလုပ်သမား အရေးဆောင်ရွက်တဲ့ အင်ဂျီအိုတွေ ထိထိရောက်ရောက် ကူညီပေးမှု လိုအပ်တယ်။ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ချိန် သတ်မှတ်ထားသလို လုပ်ခလည်း သတ်မှတ်ထားပေမယ့် မြန်မာ အလုပ်သမားတွေဟာ နေရာတိုင်းမှာ အခွင့်အရေး ချိုးဖေါက်မှုကို ခံနေကြ ရပါတယ်။ ကျမတို့ကိုယ်တိုင်က လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မရတော့ အလုပ်သမားတွေ အတွက် ပိုပြီး အကာအကွယ်မဲ့ပါတယ်’’ဟု ပြောသည်။
ဆန်စက် လုပ်သားများ အပါအ၀င် အိမ်အလုပ်လုပ်သူများ ထံမှ ပုလိပ်ကြေးဆိုပြီး တစ်လကို ဘတ်၅၀၀စီ ဖြတ်ကြောင်း၊ အချိန်ပိုအခမဲ့ လုပ်ပေးရမှု မနားမနေခိုင်းစေ ခံရရုံသာမက ကျေးကျွန်သဖွယ် ဆဲဆိုခံရမှုနှင့် ရက်ပေါင်ကြေး ၁၅ ရက် အလကား လုပ်ပေးရမှုတို့ကိုမကြေနပ်၍ အလုပ်သမားများ ထွက်သွားကြသော်လည်း အဆိုပါအလုပ်ရုံသို့ လူလိုသလောက်ကို မွန်လူမျိုး ကိုမောင်မြင့်က လူလာသွင်းပေးလေ့ရှိကြောင်း နှစ်ရှည် ကရင်အလုပ်သမား ကိုထူးအံ့ကပြောသည်။

ကိုကျော်သောင်းမှ ပေးပို့ပါသည်။
No comments:
Post a Comment