(ဒီ/ချုပ်) ဘာလဲ ဘယ်လဲ
အောင်သာငယ်
ဇွန် ၃၊ ၂၀၀၉
ယနေ့ထက်ထိ မပြီးဆုံးနိုင်သေးသော ထိုတိုက်ပွဲစဉ်ကြီး တလျှောက်လုံးတွင် တပ်ဦးမှ ရွပ်ရွပ်ချွံချွံ ဦးဆောင် ပါဝင်ခဲ့သူများမှာ ပြည်သူလူထု၏ ရင်သွေးဖြစ်သော ကျောင်းသားလူငယ်များသာ ဖြစ်သည်ကို မည်သူမျှ ငြင်းဆိုနိုင်မည် မဟုတ်ချေ။
ဤအချက်ကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ် ဦးသန့် အရေးတော်ပုံ၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတို့တွင် အထင်အရှား တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပေသည်။
လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများမှသည် ယနေ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး တိုက်ပွဲများအထိ အဆင်ဆင့်သော တိုက်ပွဲများအားလုံးတွင် ပြည်သူ့အကျိုးအတွက် ကိုယ်ကျိုးစွန့်ရင်း ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူကာ တပ်ဦးမှ ချီတက်ခဲ့သော ဗိုလ်အောင်ကျော်မှသည် ယနေ့ခေတ် မိုးသီးဇွန်၊ မင်းကိုနိုင် အထိ ခေတ်အဆက်ဆက်သော ကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းကို ဤနေရာတွင် အကျယ်တ၀င့် ထပ်မံ မပြောလိုပါ။
သို့သော်လည်း ဤကျောင်းသားထုတို့က စတင်ခဲ့သော တိုက်ပွဲများကို အဆုံးသပ်အောင်ပွဲဆီသို့ သယ်ဆောင်ရန် တာဝန်မှာ မြန်မာပြည်သူပြည်သား မှန်သမျှတွင်ရှိကြောင်း ဤနေရာတွင် ဖော်ပြလိုပါသည်။ တနည်းအားဖြင့် ပြောရလျှင် ဤတိုက်ပွဲများအားလုံးကို ကျောင်းသားထု တခုတည်းဖြင့် အဆုံးသတ် အောင်ပွဲဆီသို့ ရောက်သည်အထိ သယ်ဆောင်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်ပေသည်။ လက်တွေ့ သမိုင်း အဖြစ်အပျက်များအရလည်း ကျောင်းသားထု တခုတည်းဖြင့် မသယ်ဆောင်နိုင်ခဲ့ပါ၊ မသယ်ဆောင်နိုင်ပါ၊ သယ်ဆောင်နိုင်လိမ့်မည်လည်း မဟုတ်ပါ။
ဥပမာ -၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက် အရေးတော်ပုံတွင် ကျောင်းသားထုသည် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မရယူနိုင်ခဲ့ပဲ အချေမှုန်း ခံခဲ့ကြရသည်။ ထိုစဉ်က ကျောင်းသားလူငယ်များအားလုံး ကစဉ့်ကလျား ၀ရမ်းပြေးသူကပြေး၊ တောခိုသူကခို၊ ပုန်းရှောင်သူကပုန်း၊ သေသူသေ၊ အဖမ်းခံရသူက အဖမ်းခံရ။ အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားခဲ့ကြရဖူးသည်။ ဤသင်ခန်းစာအရ ကျောင်းသားထု၏ တိုက်ပွဲသည် လူထုတိုက်ပွဲနှင့် ဆက်စပ်နေရမည် ဆိုသည်ကို သင်ကြား နာယူခဲ့ကြရသည်။
ထို့အတူ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ နှစ်များအတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားလှုပ်ရှားမှုများနှင့် အလုပ်သမား လှုပ်ရှားမှု၊ လူထု လှုပ်ရှားမှုများ တစုံတရာ ဆက်စပ်နိုင်ခဲ့ကြသော်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်သော လူထု တိုက်ပွဲကြီး တခုအဖြစ်သို့ မရောက်ရှိလာခဲ့သောကြောင့် အောင်မြင်သော အဆင့်သို့ မရောက်ရှိနိုင်ခဲ့ပဲ ရန်သူ၏ ရက်ရက်စက်စက် ချေမှုန်းမှုကို ခံခဲ့ကြရလေသည်။
၁၉၈၈ ခုနှစ် မတ်လ ဖုန်းမော် အရေးအခင်းမှ စတင်ခဲ့သော ရှစ်လေးလုံး အထွေထွေအရေးတော်ပုံကြီးမှာမူ စစ်အာဏာရှင်စနစ်အောက်တွင် ၂၆ နှစ်ကြာ သည်အထိ မရှိခဲ့ဖူးသော တနိုင်ငံလုံး အတိုင်းအတာအရ ကြီးမားကျယ်ပြန့်သော လူထုတိုက်ပွဲကြီးအဆင့်သို့ ရောက်ရှိခဲ့လေသည်။ သို့သော်လည်း ဤလူထုတိုက်ပွဲကြီးအား အဆုံးသတ်တိုက်ပွဲဆီသို့ ဆိုက်ရောက်သည်အထိ သယ်ဆောင်နိုင်ခဲ့သော ခေါင်းဆောင် (သို့မဟုတ်) ခေါင်းဆောင်မှု မရှိခဲ့ချေ။
၁၉၈၈ ခုနှစ်တွင် လူထုတိုက်ပွဲများ အမြင့်မားဆုံး ရေချိန်သို့ ရောက်နေသည့် အချိန်မှာပင် စစ်အာဏာရှင် စနစ်အား လက်နက်ကိုင်တော်လှန်ရေးနည်းအားဖြင့် အဆုံးသတ်ရန် ကြိုးပမ်းနေခဲ့ကြသော လက်ကိုင် အဖွဲ့အစည်းပေါင်းစုံကလည်း လူထုတိုက်ပွဲကို လက်နက်ကိုင်တိုက်ပွဲနှင့် လက်တွေ့ကျကျ မဆက်စပ်နိုင်ခဲ့ကြပေ။ သည်လိုနှင့် အသက်သွေးချွေးများစွာ ရင်းနှီးခဲ့ရသော ၁၃၅၀ ပြည့် အရေးတော်ပုံကြီးသည် လျှောမွေးဘ၀သို့ ရောက်သွားခဲ့သည်မှာ မည်သူမျှ မငြင်းနိုင်သော သမိုင်း အချက်အလက်တခုသာ ဖြစ်လေသည်။
သို့သော်လည်း သည်အရေးတော်ပုံကြီး၏ အသီးအပွင့်အဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်ုပ်တို့ ရရှိခဲ့သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီ/ချုပ်)ကို ကျွန်ုပ်တို့ ရရှိခဲ့သည်။ လူထု တရပ်လုံး အတွက် မျှော်လင့်ချက်ရောင်ခြည်များ သမ်းခဲ့သည်။ သည်လိုနှင့် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် (ဒီ/ချုပ်)က ပြည်လုံးကျွတ် အောင်နိုင်ခဲ့ပါသည်။ ပြည်သူလူထုက အပ်နှင်းလိုက်သော ယုံကြည်မှုကို (ဒီ/ချုပ်)က ရရှိခဲ့ပေသည်။
သို့တိုင်အောင် ခေါင်းမာသလောက် ကောက်ကျစ်လှသော ရန်သူ စစ်အုပ်စုက အာဏာကို မလွှဲပေး။ နည်းမျိုးစုံဖြင့် အရှက်မဲ့စွာ လိမ်လည်လှည့်ဖျားနေသည်မှာ ယနေ့အထိပင်။ ယခုဆိုလျှင် ၁၉ နှစ် ရှိခဲ့ပြီ။
သည်အခါ ကျွန်ုပ်တို့မှာ မေးစရာ မေးခွန်းများ ရှိလာသည်။ (ဒီ/ချုပ်)က ဘာလုပ်မည်လဲ။ (ဒီ/ချုပ်)က ဘာလုပ်နေသည်လဲ။ ပြည်သူလူထုက ယုံကြည်သောအားဖြင့် အပ်နှင်းထားသော အခွင့်အာဏာကို (ဒီ/ချုပ်)က ရရှိပြီး ဖြစ်ပါသည်။
လွန်ခဲ့သော ၁၉ နှစ်လုံးလုံး ပြည်သူလူထု တရပ်လုံးက (ဒီ/ချုပ်)ကို စောင့်ကြည့်နေကြသည်။ ဤ ၁၉ နှစ်လုံးလုံး ကြေငြာချက် ထုတ်ပြန်ခြင်းအားဖြင့်သာ (ဒီ/ချုပ်)က ပြည်သူလူထုအား ဦးဆောင်နေခဲ့သည်။
ယနေ့အခါ ရန်သူ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲအားဖြင့် သူတို့၏ ရာဇပလ္လင်ကို နောက်ဆုံး အုတ်တချပ် တင်တော့မည့် အချိန်ဖြစ်လေသည်။ သည့်အတွက် နောက်ဆုံး အခုအခံဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အပြီး ဖယ်ရှားဖို့ အားထုတ်နေပြီဖြစ်လေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ တရပ်လုံး ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် ထောင်သွင်း အကျဉ်းချခံရခြင်းသည် ပြည်သူတရပ်လုံး ထောင်သွင်း အကျဉ်းချခံရခြင်းသာ ဖြစ်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မရှိလျှင် ပြည်သူတို့ မရှိ။ ပြည်သူတို့ မရှိလျှင် (ဒီ/ချုပ်) ရှိတော့မည် မဟုတ်ချေ။
ယခုအချိန်သည် (ဒီ/ချုပ်)အတွက် နောက်ဆုံး မေးခွန်းတခုသာ ရှိပါတော့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့သည့် -မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ- ဆိုသည့် လမ်းညွှန်ချက်အား ကိုင်ဆောင်ပြီး နောက်ဆုံးတိုက်ပွဲဆီသို့ ပြည်သူလူထုကြီး တရပ်လုံးအား ရဲရဲဝံ့ဝံ့ ဦးဆောင်မည်လော။ သို့မဟုတ် နအဖ၏ လာလတံ့သော ဒေါ်အောင်ဆန်းစုကြည်အား ရာဇ၀တ်မှုဆိုင်ရာ မည်၍မည်မျှသော ပုဒ်မများနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း- ကဲ့သို့သော ကြေငြာချက်များအား ဆက်လက် ထုတ်နေမည်လော။
ပြည်သူလူထုသည် အဆင်သင့် ရပ်လျက်သား ရှိနေပါပြီ။ (ဒီ/ချုပ်)ကသာ ရှေ့မှ မားမား မတ်မတ် ရပ်ဖို့ လိုနေလေပြီ။ မကြာမြင့်သော အချိန်ကာလအတွင်း (ဒီ/ချုပ်)၏ သမိုင်းကို (ဒီ/ချုပ်)က ရေးရပါလိ့မ်မည်။
No comments:
Post a Comment