9.27.2009

စာပေဟောပြောပွဲ ဘန်ကောက်တွင်ကျင်းပ

Photobucket

စက်တင်ဘာ ၂၈

ယမန်နေ့နေ့ လည်က ထိုင်းနိုင်ငံဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေထခမ်းရပ်ကွက် ရှိဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အလုပ်သမား အစည်းရုံးတို့က ဦးဆောင်ပြီး စာပေဟောပြောပွဲ တစ်ခုကို စီစဉ်ကျင်းပခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် သမိုင်းပါမောက္ခ ဒေါက်တာအေးကျော် ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိလာစဉ် အတွင်း ဘန်ကောက်မြို့ အခြေစိုက် စာရေးဆရာ ဦးဇင်လင်းကို ဖိတ်ကြားပြီး အလုပ်နား ရက်နေ့တွင် စာပေဟောပြောပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်က “ရည်မှန်းချက်ကို တစိုက်မတ်မတ်လုပ်ကြပါ ၀ီရိယစိုက်ထုတ် ပြီးလုပ်ကြပါ။ ရေရှည် ကောင်းမွန်နိုင်မယ့် အစီအမံတွေကို လုပ်ကြပါ။ တစ်ဦးကောင်း တစ်ယောက်ကောင်း မလုပ်ကြပါနဲ့။ ပြည်သူတွေ၊ နိုင်ငံရေး သမားတွေ ညီညွတ်မှုမရှိကြခြင်းဟာ အာဏာရှင်ကို သက်ဆိုးရှည် စေပါတယ်။ ကြာလေ ဆိုးလေ ဖြစ်လာနေတယ်။ ပိုပြီးကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဌ စာရေးဆရာ ဦးဇင်လင်းက “ကျနော် ပြည်ပမှာ စာပေ ဟောပြောပွဲရယ်လို့ သတ်သတ် မှတ်မှတ်တော့ မလုပ်ဖူးလို့ ပြောလို့ရပါတယ်။ ခုလို လူအင်အား နှစ်ရာကျော် သုံးရာလောက် ရောက်အောင် တက်တက်ကြွကြွ လာရောက်ကြတဲ့ မြန်မာ အလုပ်သမား တွေကိုကော၊ ဒီလို အခမ်းအနားမျိုး ဖြစ်အောင် ညီညီညွတ်ညွတ် ဖြစ်အောင် စီစဉ်နိုင်ကြတဲ့ ရခိုင်လူငယ်ခေါင်းဆောင်တွေကို ကျနော်လေးစားတယ်လို့ ပြောချင်ပါတယ်။ အထူး ပြောချင်တာကတော့ ကျနော်တို့ ဒီနိုင်ငံကို ရောက်လာခဲ့ကြတဲ့ လူငယ်တွေဟာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေထက် အခွင့်အလမ်းသာပါတယ်။ အင်တာနက်ကို အလွယ်တကူ သုံးလို့ရတယ်။ ကွန်ပျူတာကို လွယ်လင့်တကူ သင်ယူတတ်မြောက် နိုင်တယ်။ အချိန်ကို တန်ဘိုးရှိရှိ အသုံးချကြစေချင်ပါတယ်။ ပင်ပန်းမှုကို အကြောင်းပြ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို အကြောင်းပြပြီးတော့ အလုပ်နားရက်တွေမှာ အရက်သေစာ သောက်စားတာတွေကို ရှောင်ရှားပြီးတော့ စာဖတ်တာတွေ၊ ကွန်ပျူတာပညာကို လေ့လာ ခြင်းတွေကို လေ့လာလိုက်စားကြပါ။ ခေတ်မှီ နည်းပညာတွေ တတ်မြောက်သွားလို့ ရှိရင် ခေတ်သစ် တည်ထောင်ရေးမှာ အသုံးဝင်နိုင်ပါတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဟောပြောပွဲသို့ လာရောက် နားထောင်ခဲ့ကြသော မြန်မာအလုပ်သမားများမှာ စိတ်ဝင်စားမှု အထူးရှိသည်ကို တွေ့ရှိရသည်။ အလုပ်သမား နိုင်ထွန်းလင်းနှင့် မအေးတို့အား သီးခြားစီ မေးမြန်းကြည့်ရာ “မကြားဖူးတဲ့ အကြောင်းအရာတွေ ဗဟုသုတတွေကို ရပါတယ်။ ဒီစာပေဟောပြောပွဲမျိုး မကြာမကြာ ဖြစ်စေချင်ပါတယ်။ အလုပ်သမားတွေ အတွက် အထူးအကျိုးရှိပါတယ်” ဟု တပြိုင်တည်း ပြောဆိုသွားကြသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ပါမောက္ခဒေါက်တာအေးကျော် က ဘုန်းကြီးကျောင်းသားမှ ပါမောက္ခဘ၀ ဆီသို့ ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဇင်လင်းက နိုင်ငံရေးနှင့် စာပေဆိုသော ခေါင်းစဉ်နှင့် ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာဌေးဝင်း က ကျနော်သတင်းသမားဟူသော ခေါင်းစဉ်တို့ဖြင့် ဆွေးနွေး သွားကြသည်။

အခန်းအနားကို ဦးဆောင် စီစဉ်သူများဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပြည်ပထိုင်းဌာန ဥက္ကဌ ဦးခိုင်အံ့မောင်နှင့် ရခိုင်အလုပ်သမား အစည်းအရုံး ဥက္ကဌ ကိုအချိုင်တို့က ကျေးဇူးတင်စကားများ ပြောကြား ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ပါတီ အတွင်းရေမှူး ကိုအောင်မြင့်သိန်းက ဆောင်ရွက်သွားခဲ့သည်။

အစီအစဉ်အရ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော အလုပ်သမား ပရိတ်သတ်များက သိရှိလိုသော သမိုင်းဆိုင်ရာ မေးခွန်းများကို သမိုင်းပါမောက္ခ ဒေါက်တာအေးကျော် အားမေးမြန်းခဲ့ကြသည်။ လူငယ်များ သိလိုသော သမိုင်းဆိုင်ရာ အချက်အလက်များကို ဆရာကြီးက စိတ်ရှည်ရှည်ဖြင့်ဖြေကြား ပေးခဲ့သဖြင့် စာပေဟောပြောပွဲလာ လူငယ်များက အထူးကျေနပ် အားရကြကြောင်း သိရှိရသည်။ အခမ်းအနားကို နေ့လည် ၁နာရီတွင် စတင်ကျင်းပခဲ့ပြီး ညနေ ၃နာရီကျော်တွင် ပျော်ရွှင် အောင်မြင်စွာဖြင့် ပြီးစီးခဲ့သည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။

No comments:

Post a Comment