အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံဥပဒေအရ ပါတီစုံရွေးကောက်ပွဲကျင်းပ၍ တရားဝင်အစိုးရဖွဲ့သည်မှာ လုပ်ရိုးလုပ်စဉ်ဖြစ်၏။ တိုင်းပြည်၏ အရေးကိစ္စ၌ အဆုံးအဖြတ်ပေးမည့် ပုဂ္ဂိုလ်များကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၌ ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးချယ်လိုက်သည်ကို ဒီမိုကရေစီဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤပုံစံအတိုင်း ရှေ့နှစ်တွင် ပါတီစုံရွေးကောက်ပွဲကျင်းပ၍ “စည်းကမ်းရှိ” ဒီမိုကရေစီကို ဗမာစစ်ခေါင်းဆောင်များက တည်ထောင်မည်ဟုဆို၏။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပတိုင်း ဒီမိုကရေစီမရနိုင်ပါ။ လွတ်လပ်မှုအတိုင်းအတာနှင့် သိက္ခာရှိမှုသည် အလွန်အရေးကြီး၏။
ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးလွတ်လပ်မှုရှိမရှိ၊ အတိုက်အခံကို လေးစားမှုရှိမရှိ၊ ယှဉ်ပြိုင်သူအားလုံး တန်းတူရည်တူ အခွင့်အရေးရှိမရှိ၊ ရွေးကောက်ပွဲအမှုထမ်းများ မျှမျှတတလုပ်မလုပ်၊ မဲဆန္ဒရှင်များ လွတ်လပ်စွာ မဲပေးနိုင်မပေးနိုင်၊ ပေးထားသောဆန္ဒမဲနှင့် ရွေးကောက်ပွဲရလဒ်ကိုက်ညီမညီ စသည်များကို ဆန်းစစ်ရန်လို၏။ ရွေးကောက်ပွဲနိုင်သောပါတီက ဖွဲ့စည်းလိုက်သည့်အစိုးရသည် စစ်တပ်နှင့် အာဏာရှင်လူတန်းစားကို ကိုယ်စားပြု၍ အုပ်ချုပ်သည့်ပုံစံမျိုးရှိသည်။ ရုရှားနိုင်ငံရေးစနစ်ကို ‘ရွေးကောက်ပွဲအာဏာရှင်စနစ်’ ဟု သတ်မှတ်သူများရှိသည်။ စင်ကာပူသည် ဒီမိုကရေစီနိုင်ငံမဟုတ်ပါ။
ပါတီစုံရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းလိုက်သော အစိုးရများသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ပုံစံအမျိုးမျိုးဖြင့် စခန်းသွားနေသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားသည်မှာ မြန်မာပြည်သူပြည်သားများအတွက် အလွန်အရေးကြီးသည်ဟု ယူဆပါသည်။ ဒီမိုကရေစီနှင့် အာဏာရှင်စနစ်၏ အသွင်လက္ခဏာများကို ရောစပ်သုံးစွဲနေသည်မှာ ကြာပြီဖြစ်၏။ လွန်ခဲ့သော အနှစ် (၄၀) ကျော်ကတည်းက ပါတီစုံရွေးကောက်ပွဲကျင်းပ၍ အာဏာရှင်စနစ်ကျင့်သုံးသော နိုင်ငံများရှိခဲ့၏။ စင်ကာပူနှင့်မလေးရှားသည် ရွေးကောက်ပွဲအာဏာရှင်စနစ် ကျင့်သုံးနေတုန်းဖြစ်၏။ ဤနိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် အစိုးရပြောင်းလဲရန်မဟုတ်ပါ။
အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းသောနိုင်ငံများတွင် ပြည်တွင်းပြည်ပက တောင်းဆိုသည့်အတိုင်း ဒီမိုကရေစီပြုပြင်ရေး လုပ်ဟန်ဆောင်ကြသည်။ အာဏာရှင်စနစ်ကို ဒီမိုကရေစီဖြင့် အရေခြုံပေးလိုက်ခြင်းဖြစ်၏။ ရွေးကောက်ပွဲ အတိုက်အခံ သတင်းမီဒီယာ စသည်များကို အဖြည့်ခံအဖြစ် ကျွမ်းကျင်စွာ အသုံးပြုခြင်းပင်ဖြစ်သည်။
အာဏာရအစိုးရကို ဝေဖန်ရှုတ်ချခြင်းမပြုသော အတိုက်အခံပါတီနှင့် စာနယ်ဇင်းကို ရပ်တည်ခွင့်ပေးထားပြီး အာဏာရှင်လူတန်းစား အကျိုးစီးပွားကို ထိခိုက်အောင်လုပ်သော အတိုက်အခံနှင့် စာနယ်ဇင်းကို ချေမှုန်းပစ်တတ်ပါသည်။ ဤသို့ ဒီမိုကရေစီအရေခြုံသော အစိုးရများလာပြီး အာဏာရှင်စနစ်ကို ဗြောင်ကျင့်သုံးသူ နည်းပါးလာသည်။ စစ်အာဏာရှင်စနစ် ကျင့်သုံးနေသော ဗမာစစ်အစိုးရသည်လည်း ဒီမိုကရေစီအရေခြုံ၍ သက်ဆိုးရှည်ရန် ကြိုးပမ်းနေသည်။
အင်အားရှိသောအဖွဲ့အစည်းက မိမိ၏ပြိုင်ဘက်ကို အကြမ်းဖက်သည်မှာ အာရှရွေးကောက်ပွဲဓလေ့ကဲ့သို့ ဖြစ်နေပါသည်။ ၀ါရင့်ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ၌ပင် ရွေးကောက်ပွဲရာသီ ရောက်ပါက သတ်ကြဖြတ်ကြ အကြမ်းဖက်ကြပါသည်။ သို့သော် အကြမ်းဖက်မှုအနည်းငယ်ကြောင့် ဒီမိုကရေစီမကျဟု မပြောနိုင်ပါ။ အပြစ်အနာအဆာ လုံးဝကင်းစင်သော နိုင်ငံရေးစနစ် မရှိသေးသည့်အတွက် ပြည်သူ့ကိုယ်စားလှယ်မှတဆင့်အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို အမြဲတမ်းသတိဖြင့် စောင့်ကြည့်ရန်လိုသည်။
ထို့ကြောင့် နိုင်ငံခြားသားများကို ရွေးကောက်ပွဲကြီးကြပ်သူနှင့် လေ့လာသူတွေအဖြစ် အသုံးပြုနေခြင်းဖြစ်သည်။ ပါတီစုံရွေးကောက်ပွဲကို ဟန်ပြအဖြစ် ကျင်းပသော တိုင်းပြည်များတွင် အစိုးရပါတီကသာ အနိုင်ရသည်။ စင်ကာပူတွင် လွှတ်တော်အမတ်နေရာ (၉၅) ရာခိုင်နှုန်းကို အာဏာရပါတီကသာ အမြဲတမ်းအနိုင်ရနေသည်။ ကမ္ဘောဒီးယား၌လည်း ဟွန်စန်၏ပြည်သူ့ပါတီသည် ဆန္ဒမဲ (၇၀) ရာခိုင်နှုန်းကို ချုပ်ကိုင်ထားနိုင်၏။ အီဂျစ်သမ္မတသည် ရွေးကောက်ပွဲတိုင်းနိုင်ပြီး အာဏာရနေသည်မှာ အနှစ် (၂၀) ကျော်ပါပြီ။ ဇင်ဗာဗွေသမ္မတ ရောဘတ်မူဂါဘီလည်း ရွေးကောက်ပွဲနည်းဖြင့် အာဏာရထားသည်မှာ အနှစ် (၂၀) ကျော်နေပြီဖြစ်သည်။
သမ္မတ ရောဘတ်မူဂါဘီသည် မြန်မာ့ကြံ့ဖွံ့ကဲ့သို့သော လက်မရွံ့ခါးပိုက်ဆောင် အရပ်သားအဖွဲ့ကိုသုံးပြီး ပြိုင်ဘက်ကို အကြမ်းဖက်သည့်နေရာတွင် နာမည်ကြီး၏။ ရွေးကောက်ပွဲ၌ ပြိုင်ဆိုင်မှုများလေလေ အာဏာရှင်၏တုံ့ပြန်မှု ကြမ်းတမ်းခက်ထန်လေလေဖြစ်လာသည်။ အာဏာရှင်ကြီးစိုးသော စနစ်တခုနှင့်တခု အသွင်တူကြသည်မဟုတ်ပါ။ ပညာမရှိသော အာဏာရှင်ကြီးစိုးသည့်နိုင်ငံ ရှိသကဲ့သို့ ပညာတတ်အာဏာရှင် ကြီးစိုးသောနိုင်ငံလည်းရှိပါသည်။ ထို့ကြောင့် နိုင်ငံရေးစနစ်တခုတွင် ဒီမိုကရေစီကျသောအချက်နှင့် မကျသောအချက်ကိုသာ လေ့လာသင့်သည်ဟု ယူဆသူများလည်းရှိ၏။
တပါတီအာဏာရှင်စနစ်များတွင် နိုင်ငံရေးလွပ်လပ်မှုမရှိသော်လည်း တိုင်းပြည်အကျိုးနှင့်ပတ်သက်သည့်ကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ရှိတတ်သည်။ ဥပမာ တရုတ်ပြည်၌ ဒီမိုကရေစီမရှိသော်လည်း ဒေသဆိုင်ရာ အမှုထမ်းများ အာဏာအလွဲသုံးစားမလုပ်နိုင်ရန် အရေးယူဆောင်ရွက်မှုမျိုးလုပ်လာပါသည်။ အစိုးရပေါ်လစီလမ်းစဉ်ချွတ်ခြုံကျပြီး အဂတိလိုက်စားမှုများသည့်ဒဏ်ကို တိုင်းသူပြည်သားများ ခံနေရသည့်အတွက် အာဏာကိုကန့်သတ်သော နိုင်ငံရေးပြုပြင်မှုများ ရှိနိုင်သည်ကို တရုတ်ပြည်က သက်သေပြနေပါသည်။ ထို့ကြောင့် ဟန်ပြရွေးကောက်ပွဲလုပ်မည့်အစား ပြုပြင်ပြောင်းလဲရေး လုပ်သည်က ပို၍ အကျိုးသက်ရောက်မှုရှိသည်ဟု ပြောဆိုကြခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ ကျန်းမာရေးလမ်းစဉ် ချွတ်ခြုံကျနေ၍ လူဦးရေတ၀က်ကျော်ခန့် ဆေးမကုနိုင်သည့်အဖြစ် ရောက်နေသည်ကို ပြင်ဆင်လိုက်ပုံသည် စိတ်ဝင်စားစရာကောင်းပါသည်။ တရုတ်ပြည်၌ ဈေးကွက်စီးပွားရေးကျင့်သုံးစဉ်မှစ၍ ငွေရှိမှ ဆေးကုနိုင်သည်။ ငွေကြေးတတ်နိုင်သူနှင့် အစိုးရအမှုထမ်းများသာ ဆေးကုနိုင်ပြိး တောင်သူလယ်သမား သန်း (၇၀၀) ကျော်သည် ဆေးရုံမတက်နိုင်ကြပါ။ ငွေရှိမှ အသက်ရှင်မည့်သဘောမျိုး ဖြစ်နေပါသည်။
ထိုကြောင့် ဈေးကွက်ခေတ် ကျန်းမာရေးစနစ်ကို ပြုပြင်ရန် အစိုးရအကြံပေးအဖွဲ့တခုသည် ၂၀၀၅ ၌ အစီရင်ခံစာတင်သွင်း၍ ပြည်သူ့ကျန်းမာရေးကို ဂရုမစိုက်ပါက အစိုးရကို အပြင်းအထန်ဝေဖန်ရှုတ်ချသည်အထိ ပြည်သူလူထုက တုံ့ပြန်လာနိုင်ကြောင်း ဖော်ပြလိုက်၏။ နောက်မကြာမီ တိုင်းသူပြည်သားတိုင်း တက်နိုင်မည့် အခြေခံပြည်သူ့ကျန်းမာရေးစနစ်ကို စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာသည်။ နိုင်ငံသူနိုင်ငံသား (၉၀) ရာခိုင်နှုန်းကို (၃) နှစ်အတွင်း ဆေးကုသပေးနိုင်မည့် စီမံကိန်းပင်ဖြစ်သည်။
ဈေးကွက်ခေတ်တွင် တရုတ်နိုင်ငံသားများ အလုပ်လုပ်နိုင်သည်မှာ ကျန်းမာသန်စွမ်းသောကြောင့်ဖြစ်၏။ ဤသည်မှာ မော်စီတုန်းခေတ်၌ ပြည်သူ့ကျန်းမာရေးကို အာမခံချက်ပေးပြီး အခမဲ့ဆေးကုသပေးခဲ့၍ဖြစ်၏။ ထိုကြောင့် တရုတ်အစိုးရသည် ဒေါ်လာသန်းပေါင်း (၈၅,၀၀၀) မတည်၍ ပြည်သူ့ကျန်းမာရေးစနစ်ကို အကောင်အထည်ဖော်နေပါသည်။ ဒီမိုကရေစီ မကျင့်သုံးသော်လည်း ပြည်သူလူထုအကျိုးစီးပွားကို ဂရုစိုက်ကြောင်း တရုတ်ကွန်မြူနစ်က ပြသလိုက်ခြင်းပင်ဖြစ်သည်။
ဗမာစစ်အစိုးရသည်လည်း အတုအယောင်ဆောင် ရွေးကောက်ပွဲဖြစ် ဒီမိုကရေစီအရေခြုံမည့်အစား ပြည်သူ့ဘ၀သာယာဝပြောရေးကို ဦးစားပေးလုပ်ကိုင်ပါက ပြည်သူ့ထောက်ခံမှု ရရှိနိုင်ပါသည်။ လူ့အခွင့်အရေး လေးစားသောအစိုးရသည် ဒီမိုကရေစီအရေခြုံ၍ လူ့အခွင့်အရေးချိုးဖျက်သော ရွေးကောက်တင်မြှောက်ခံအစိုးရထက် သာသည့်သဘောပင်ဖြစ်၏။
No comments:
Post a Comment