10.09.2009

အစွမ်းအစပြဖို့အချိန်ရောက်ပါပြီ အန်အယ်လ်ဒီ

ဒေါက်တာလွဏ်းဆွေ

၉ အောက်တိုဘာ ၂၀၀၉

မြန်မာ့နိုင်ငံရေးဇာတ်ခုံကို ကြည့်ရတာ အရူးပါးတယောက်က ကိုယ်တန်ဖိုးထားတဲ့ အရုပ်ကလေးတရုပ်ကို အလစ်အငိုက်ခိုးယူ၊ သူပိုင်သေတ္တာထဲထည့်ပြီး စိတ်လိုရင် ဆွဲထုတ်ကြည့်လိုက် မလိုရင် ပြန်ထည့်ထားလိုက် လုပ်နေတာကို လက်ပိုက်ကြည့် နေရသလို ဖြစ်နေတယ်။ အရူးပါးက လက်ထဲမှာ ဓားတရမ်းရမ်းနဲ့ဆိုတော့ စိတ်မထင်ရင် ခုတ်မှာလည်း စိုးရတဲ့ အခြေအနေ။ နအဖလုပ်နေပုံက အဲဒီအရူးပါးလိုပဲ။ နိုင်ငံတကာနဲ့ ပြည်သူလူထုကို ချွေးသိပ်ဖို့၊ နိုင်ငံရေးကျားကွက်ရွှေ့ဖို့ လိုအပ်လာပြီဆိုရင် နေအိမ်အကျယ်ချုပ်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ပြီး ဓာတ်ပုံတွေ တွဲရိုက်ပြလိုက်၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့လိုက်နဲ့ လုပ်ချင်သလိုကို လုပ်နေတော့တာ။

အဲဒါ အခုမှမဟုတ်ဘူး၊ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် အာဏာပါဝါကြီးစဉ်ကာလကတည်းက စပြီးလုပ်ပြနေခဲ့တာ။ အခုလည်း ရွှေဝါရောင်ပြီးကတည်းက ဆက်ဆံရေးဝန်ကြီးဆိုတာကို ခန့်ပြီး တွေ့ချင်ရင် ခေါ်တွေ့လိုက်၊ မတွေ့ချင်ရင် မတွေ့ဘဲထားလိုက် လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ခမျာ အရူးပါးရဲ့ သေတ္တာထဲက အရုပ်ကလေးတရုပ်လိုကို ဖြစ်လို့။ နအဖက အဲသလို လုပ်ချင်သလို လုပ်နေပေမယ့် အတိုက်အခံအင်အားစုတွေကတော့ နအဖလုပ်သမျှကို လက်ပိုက်ကြည့်နေရပြီး ဘာတွေဆွေးနွေးမှန်းလည်း မသိရတဲ့ တွေ့ဆုံမှုတွေအပေါ် ထင်ရာမြင်ရာ ဝေဖန်လေကန်တဲ့ အဆင့်မှာပဲ ရှိနေကြတာ တွေ့ရတယ်။

ဒါဟာ ဘာကိုပြနေသလဲဆိုတော့ နအဖ ပြုသမျှ နုနေရတယ်၊ နအဖ လုပ်သမျှ ခံနေရတယ်ဆိုတာကို ပြနေတာပဲဖြစ်တယ်။ ဘာဖြစ်လို့ အဲသလို ခံနေရတာလဲဆိုတော့ အတိုက်အခံတွေအနေနဲ့ နအဖ လုပ်ချင်သလို မလုပ်ရဲအောင် နအဖကို ဖိအားမပေးနိုင်လို့ဘဲဖြစ်တယ်။ ဘာကြောင့် ဖိအားမပေးနိုင်သလဲဆိုရင် အတိုက်အခံတို့ရဲ့ ဦးဆောင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီရဲ့အင်အား တဖြည်းဖြည်း ချည့်နဲ့လာတာကြောင့် အဓိကဖြစ်တယ်။ အဲဒီလို ချည့်နဲ့လာရခြင်းဟာ အပြင်မှာ တလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ ဘောင်းဘီချွတ် မျိုးချစ်ရဲဘော်ဟောင်း (CEC) တွေရဲ့ ဦးဆောင်မှုအပိုင်း အားနည်းခဲ့မှုကြောင့်ဖြစ်တယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့် နေပြီဖြစ်တဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ရဲ့ အတိုက်အခံခေါင်းဆောင် မပီသတဲ့ လုပ်ရပ်တွေကြောင့်ဆိုရင် ပိုမှန်ပါမယ်။ မြန်မာပြည်သူလူထုအကျိုးအတွက်ပဲ ကြည့်ပြီးပြောရတာမို့ အပြစ်ပုံချတယ်ထင်ရင်လည်း ခံပါ့မယ်။ အဖြစ်အပျက်ကိုက ဒီအတိုင်းဖြစ်ခဲ့၊ ဖြစ်နေဆဲမို့ ဒီလိုပဲပြောရတာပါ။

၉၀ ရွေးကောက်ပွဲအနိုင်ရပြီးကာစ ပူပူနွေးနွေးအချိန်မှာ အစိုးရဖွဲ့ပြီး ကိုယ်ကစတိုက်ဖို့ တွန့်ဆုတ်ခဲ့လို့ နအဖက ပိုဖိ၊ ပိုဖိတော့ လုပ်ရကိုင်ရတာ ပိုကျပ်လာ (လှုပ်ရှားနိုင်တဲ့ space ပိုကျဉ်းလာ)၊ ပိုကျပ်လာတော့ တိုက်ပွဲဝင်ရမှာ ပိုရွံ့၊ ပိုရွံ့ပြီး နအဖက ဈေးမဆစ်ရသေးခင် ကိုယ့်ဘက်က တခုပြီးတခု အလျှော့ပေးရင်းနဲ့ အန်အယ်လ်ဒီဟာ ဒီကနေ့လို အဆင့်ကို ရောက်ခဲ့ရတာပဲဖြစ်တယ်။ ၉၀ မှာ မဲပေးခဲ့ကြတဲ့ ပြည်သူလူထုအတွက်တော့ တကယ်ကို ရင်ကျိုးစရာပါ။

ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရစဉ် ကာလတွေမှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေအနေနဲ့ ပြည်သူလူထုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်မှုပေးတာမျိုး တခါမှ မတွေ့ခဲ့ရပါဘူး။ ဘာတိုက်ပွဲမှ မဖော်ဆောင်ခဲ့သလို ပြည်သူလူထု စိတ်ဓာတ်တက်ကြွစေမယ့် ပြောဆိုလုပ်ဆောင်မှုမျိုးလည်း တခါမှ မကြားခဲ့ဖူးဘူး။ ဗိုလ်သန်းရွှေ စကားပြောတဲ့အသံကို မကြားဖူးသလို မီဒီယာကတဆင့် ဥက္ကဋ္ဌ ဦးအောင်ရွှေ ပြည်သူလူထုကို အားတက်ဖွယ် စကားမျိုး ပြောကြားတာလည်း တခါမှ မကြားဖူးခဲ့ဘူး။ ပါတီတွင်းမှာတော့ အာဏာရှင်ဆန်ဆန် ပြုမူပြောဆိုတတ်တယ် ဆိုတာမျိုးလောက်ပဲ ကြားဖူးတယ် (နအဖ အလိုကျ အမျိုးသားညီလာခံကို ပြေးတက်တာမျိုးတော့ ဦးအောင်ရွှေ လုပ်ခဲ့ပါတယ်)။

နောက်ပြီးတော့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကြက်ပေါက်စ ခွေးဆွဲသလို အဆွဲခံနေရတဲ့အပေါ်လည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအနေနဲ့ နအဖကို တခါမှ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုတာမျိုးမရှိခဲ့ဘူး။ ကြေညာချက်ထုတ် တောင်းဆိုတာလောက်နဲ့ ငြိမ်နေခဲ့တယ်။ အကာအကွယ်ပေးနိုင်ဖို့လည်း တိုက်ပွဲမ၀င်ခဲ့ဘူး၊ မကြိုးစားခဲ့ဘူး။

အဲဒီတော့ အန်အယ်လ်ဒီကို မားမားမတ်မတ် ရဲရဲရင့်ရင့်လည်း ဦးမဆောင်နိုင်၊ ပါတီဝင်တွေက နုတ်ထွက်ပေးဖို့ တောင်းဆိုတာကိုလည်း မသိချင်ယောင်ဆောင်နေပြီး အသက် (၉၀) ကျော်အရွယ်အထိ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတွေကို အတင်းဖက်တွယ်ထားတာဟာ အကြီးအကျယ်ကို စဉ်းစားစရာဖြစ်လာပါတယ်။ တကယ်ဆိုရင် အသက် (၉၀) တန်းဆိုတာ အနားယူသင့်နေပါပြီ။ ပါတီတခုရဲ့ ခေါင်းဆောင်အဖြစ် ကြားလို့ကောင်းတဲ့ အသက်အရွယ်တွေ မဟုတ်တော့ပါဘူး။ ထက်ထက်မြက်မြက် တက်တက်ကြွကြွ ဦးဆောင်နိုင်တဲ့ အရွယ်တွေလည်း မဟုတ်တော့ပါဘူး။ အဲဒါကြောင့် ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ပြည်နယ်/တိုင်းစည်း စုံညီအစည်းအဝေးမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး နုတ်ထွက်ဖို့ အဖွဲ့ဝင်တချို့ တောင်းဆိုခဲ့တာဟာ မလွန်ဘူးလို့ ဆိုရပါမယ်။

ဆရာကြီး ဦးဝင်းတင်လို ရဲရဲတောက် တွေးခေါ်ပြောဆို ဦးဆောင်နေနိုင်သေးရင်တောင်မှ အသက်အရွယ်အရ (၈၀) တန်းဆိုတော့ မူဝါဒရေးရာ ဦးဆောင်မှုပေးသူ အဖြစ်လောက်ပဲနေပြီး တကယ်နင်လားငါလား တိုက်ပွဲဝင် အလုပ်လုပ်ရမယ့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတွေကို ပါးရည်နပ်ရည်ရှိပြီး ထက်ထက်မြက်မြက် ရဲရဲရင့်ရင့် ဦးဆောင်မှုပေးနိုင်မယ့် ပုဂ္ဂိုလ်မျိုးတွေကို လက်ဆင့်ကမ်း တာဝန်ပေးသင့်ပါပြီ။ ဒါမှလည်း အန်အယ်လ်ဒီအနေနဲ့ နုပျိုတက်ကြွပြီး နိုင်ငံရေးပါတီနဲ့တူတဲ့ လှုပ်ရှားမှုမျိုးတွေကို လုပ်ဆောင်လာနိုင်မှာပါ။ မဟုတ်ရင်တော့ လူထုစိန်ဝင်းပြောသလို ဆွံ့အနားမကြားကျောင်းနဲ့ပဲ တူနေမှာပဲ။ နိုင်ငံရေးတိုက်ပွဲ မဟုတ်ဘဲ သာရေး နာရေးအဆင့်လုပ်တဲ့ လူမှုရေးအသင်းအဖွဲ့လောက်ပဲ ဖြစ်နေမှာပဲ။ (ဗိုလ်သန်းရွှေက အဲသလောက်အနေ အထားပဲ မြင်ချင်လို့ ဦးအောင်ရွှေတို့က အဲသလောက် အနေအထားပဲ ပုံဖော်ပေးထားတာဆိုရင်တော့လည်း ကျနော်မျိုး မလျှောက်တတ်တော့ပါပေါ့ခင်ဗျာ)။

ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအသစ် ရွေးချယ်တာ ပါတီတွင်းကိစ္စသာဖြစ်လို့ နအဖဆီက အမိန့်ကို စောင့်နေစရာမလိုပါဘူး။ နအဖဆီကို အကြောင်းကြားနေစရာလည်း မလိုပါဘူး။ ကိုယ့်ပါတီအတွက် လုပ်စရာရှိတဲ့အလုပ်ကို ကိုယ်ပါတီဝင်အချင်းချင်းသာ အားသွန်ခွန်စိုက် ပုံဖော်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီက လူထုရဲ့ (Mandate) ရထားတဲ့ ပါတီဖြစ်လို့ ခံယူစရာရှိရင် အန်အယ်လ်ဒီပေးတဲ့ အမိန့်ကိုသာ နအဖ (စစ်ဝန်ထမ်း) တွေက ခံယူရဖို့ရှိပါတယ်။ အဲဒီလို စိတ်သွင်းပြီး လုပ်ဆောင်ဖို့လိုပါတယ်။ ဖိလစ်ပိုင်မှာတုန်းကလည်း ကိုရာဇန်အကွီနိုက အာဏာရှင် မားကို့စ်အမိန့်ကို စောင့်နေခဲ့တာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာကို လူထုနဲ့ပူးပေါင်းပြီး ရဲရဲတောက် တိုက်ပွဲဝင်ခဲ့လို့ ဖိလစ်ပိုင်စစ်တပ်ကပါ ထောက်ခံလာပြီး အောင်ပွဲခံခဲ့တာပါ။

အဲဒီတော့ ပါတီကို ဦးဆောင်မှုလည်း မပေးနိုင်၊ တိုက်ပွဲလည်း မ၀င်ရဲ၊ ဆင်းလည်း ဆင်းမပေးတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာကို ပြည်နယ်နဲ့ တိုင်းအသီးသီးက အန်အယ်လ်ဒီအဖွဲ့ဝင်အများစု လက်ခံနိုင်မယ့် ပုဂ္ဂိုလ်တွေနဲ့ အစားထိုးဖို့ အချိန်ကျရောက်နေပါပြီ (ဘယ်လိုလုပ်ရမလဲဆိုတော့ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။ တပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ ခေါင်းတွေ အများကြီးပဲ။ တိုင်းပြည်ချစ်စိတ်နဲ့ ကြံစည်ရင် သေချာပေါက် ဖြစ်လာမှာပါ)။ ဘာဖြစ်လို့ အစားထိုးဖို့ လိုတာလဲဆိုတော့ အန်အယ်လ်ဒီအနေနဲ့ ရဲရဲတောက် ဦးဆောင်မှုပေးပြီး တိုက်ပွဲဝင်မှ ရမယ့်အနေအထားတွေ ရှိနေလို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့အတူ နိုင်ငံရေးတိုက်ပွဲဖော်ဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဆွဲထုတ်လို့ ရနိုင်မယ့် အနေအထားဖြစ်နေလို့ပါ။

နို့မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံပွဲ အကြိမ်တရာသာ ကျော်သွားပါလိမ့်မယ်။ အန်အယ်လ်ဒီ စီအီးစီတွေလည်း တယောက်ပြီးတယောက်သာ ကြွေသွားပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လာမှာ မဟုတ်ဘူး။ ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖိအားပေးနိုင်မှသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံမှုဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာ ဖြစ်ပါတယ်။ ဖိအားပေးနိုင်ဖို့က အန်အယ်လ်ဒီအနေနဲ့ လူထုပါဝင်တဲ့ နိုင်ငံရေးတိုက်ပွဲ ဖော်ဆောင်ရုံမှတပါး အခြားနည်းလမ်းမရှိပါဘူး။ (Engage လုပ်ပေးမယ်ဆိုတဲ့ အမေရိကန်ကြီးလည်း တတ်နိုင်မယ်မထင်ပါ။ တတ်နိုင်မယ်ဆိုရင်တောင် နောက် (၁၀) နှစ်၊ အနှစ် (၂၀) ကြာမှဆိုရင် ဒုက္ခကို ခါးစည်းခံနေကြရတဲ့ မြန်မာပြည်သူလူထုရဲ့ နောင်ရေး မတွေးဝံ့စရာပါ)။

၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ မ၀င်ဖို့ဆိုတာကိုလည်း အန်အယ်လ်ဒီအနေနဲ့ အချိန်ကုန်ခံ မစဉ်းစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘက်က ဘာဖိအားမှမပေးနိုင်ဘဲ အန်အယ်လ်ဒီတောင်းထားတဲ့ ရွှေဂုံတိုင်တောင်းဆိုချက်ကို နအဖက လိုက်လျောမှာ မဟုတ်လို့ပါပဲ။ ရွှေဂုံတိုင်တောင်းဆိုချက်ကို မရဘဲ ရတဲ့ဈေးနဲ့ ရွေးကောက်ပွဲဝင်ရင်လည်း အန်အယ်လ်ဒီအနေနဲ့ သမိုင်းအကြီးအကျယ်ကွေးမှာဖြစ်သလို ပြည်သူလူထုရဲ့ ထောက်ခံမဲလည်း ၉၀ တုန်းကလို ထပ်ရနိုင်လိမ့်မယ် မထင်ပါ။ နောက်တချက်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တမတ်သားနုတ်ထားတဲ့ အခြေခံဥပေဒကြီးမှန်း သိသိကြီးနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အတင်းဝင်ခိုင်းနေတာလည်း အန်အယ်လ်ဒီလူကြီးမင်းများ သတိပြုမိမှာပါ။

ဘာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက နအဖ လိမ်ညာအတည်ပြုထားတဲ့ ၂၀၀၈ ညောင်နှစ်ပင်ဖွဲ့စည်းပုံကို ပြင်ဖို့မတိုက်တွန်းတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ပဲ တိုက်တွန်းတာလဲဆိုရင် အဓိကက မြန်မာအတိုက်အခံအင်အားစုတွေရဲ့ တိုက်ပွဲဝင်တဲ့ အစွမ်းအစအပေါ် ယုံကြည်မှုမရှိတော့လို့ပါ။ နအဖကို အန်တုနိုင်စွမ်း၊ အနိုင်တိုက်နိုင်စွမ်း မရှိတော့ဘူးလို့ သူတို့ယူဆလို့ နအဖပေးတဲ့ ကြေးနဲ့ပဲ အတင်းဝင်ပြိုင်ခိုင်းနေတဲ့ သဘောပါ။ တနည်းအားဖြင့် အတိုက်အခံကို အထင်အမြင် သေးခြင်းဟာ ပြည်သူလူထုဆီက Mandate ရထားတဲ့ ဦးဆောင်ပါတီ အန်အယ်လ်ဒီရဲ့ အစွမ်းအစကို အထင်သေးလို့ ဖြစ်ပါလိမ့်မယ်။ အနှစ် (၂၀) အတွင်းမှာ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ နအဖအလိုကျ ငြိမ်ကုတ်နေခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေအများစု ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီဗဟိုကော်မတီကို စိတ်ပျက်တာ အဓိကဖြစ်ပါလိမ့်မယ်။

အဲဒီမကောင်းတဲ့ပုံရိပ်တွေကို အန်အယ်လ်ဒီအနေနဲ့ ပြောင်းပြန်လှန်နိုင်ဖို့ အလျင်အမြန် ကြိုးပမ်းရမယ့်အချိန် ရောက်ပြီဖြစ်ပါတယ်။ ဒါမှ ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အတိုက်အခံတွေအပေါ် အထင်ကြီးအားပေးလိုမှုကို ပြန်လည်ရရှိနိုင်မှာဖြစ်သလို ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုလည်း အရင်ကလို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီအခြေအနေ ပြန်ရောက်မှလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာခေါင်းဆောင်တွေက ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင် ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ နအဖစစ်အုပ်စုကို ဖိအားပေး တိုက်တွန်းချင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို ဖိအားပေးတိုက်တွန်းဖို့ဆိုတာ အန်အယ်လ်ဒီပါတီအနေနဲ့ လိမ္မာပါးနပ်ပြီး ထက်ထက်မြက်မြက် ဦးဆောင်မှုပေးနိုင်မယ့် ခေါင်းဆောင်သစ်တွေ အမြန်ရွေးချယ်ဖို့လိုပါတယ်။ ရွေးချယ်ပြီးရင် နအဖစစ်အုပ်စုကို ဖိအားပေးနိုင်ရေးအတွက် လူထုတိုက်ပွဲဖော်ဆောင်ပြီး ရဲရဲတောက် တိုက်ပွဲဝင်ဖို့လိုပါတယ်လို့ အလေးအနက် တိုက်တွန်းရေးသားလိုက်ရပါတယ်။


No comments:

Post a Comment