ဒီဇင်ဘာ ၁၆
ဟုတ်ကဲ့ ကျနော်ရန်ကုန်သား ပါ။ ကိုရန်ကုန်ပဲဆိုပါစို့ ။ကျနော်ယာယီပတ်စပို့ လုပ်ပြီးတာ ၂၇က်ပဲရှိ ပါသေးတယ်။ လုပ်ငန်းစဉ်တွေကို အလုပ်သမားတွေ သိစေချင်လို့ ပါ။ ဘန်ကောက်မြို့ ဖက်က ဆင်လမ်းမကြီးမှာရှိတဲ့ ဖူးချား ကုန်တိုက်မှာ သွားပြီးတော့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အစိမ်းရောင်ကဒ်ပြား သွားလုပ်ရပါတယ်။ဘတ်ငွေ ၂၅၀ ကုန်ကျပါတယ်။
အဲဒီလို လျှောက်လွှာတင်ထားပြီးတော့ ၃လ စောင့်၇ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကတော့ အရပ် တိုင်းပြီး ကွန်ပျူတာနဲ့ ရိုက်ထားတဲ့ ထော်ရော ၃၈/၁စာရွက်နှင့် အလုပ်အကိုင် ရှာဖွေရေးရုံးတွင် ဘတ်၁၉၀၀ ပေးသွင်းကြောင်းပေးထားတဲ့ ငွေပြေစာနဲ့ အတူ လုပ်ငန်းရှင် သူဌေးရဲ့ ဘိုင်ကိုတလို့ခေါ်တဲ့ မှတ်ပုံတင်နဲ့ လုပ်ငန်းရှိကြောင်း အထောက်အထား စာရွက်မိတ္တူ ရလို့ရှိရင် သူဌေးလိုက်စရာမလိုဘူး ။ ကိုယ့်ဟာကိုယ် သွားလုပ်လို့ ရပါတယ်။
ရုံးကပြောပါတယ်။ အစိုးရ အသိအမှတ်ပြု စာရွက်တွေ ရောက်တဲ့အခါ အကြောင်းကြားပေးမယ်တဲ့ ။ တကယ့် တကယ်တန်း ကျတော့ အကြောင်းမကြားဘူး။ ကျနော်တို့ သွားရောက် စုံစမ်းတဲ့ အခါကျတော့ ကျလာပြီ ဆိုတာသိတယ်။ သိပြီဆိုတာနဲ့ ကုန်တိုက်မှာ ဘတ်၃၁၀၀ ပေးရတယ်။ ပြီးတော့ ကားလက်မှတ် ရက်ချိန်းကို ယူခဲ့ရပါတယ်။ လမ်းခရီးစရိတ်လို့ ပြောပါတယ်။
ဖေါင်ဖြည့်တဲ့အခါ မိဘနေရပ်လိပ်စာ အပြည့်အစုံအပြင် မိမိတို့ မိသားစုဝင်တွေ၊ အလုပ်အကိုင်တွေ အဘိုးအဘွားတွေကို စာရင်းပေးရပါတယ်။ မှတ်ပုံတင်မရှိရင်လည်း မရှိဘူး၊ ရှိရင်လည်းရှိတယ်၊ ပညာ အရည် အချင်း၊ အားလုံးဖြည့်ပြီးတော့ ကားစီးရမယ့် နံပတ်တစ်ခုပေးပါတယ်။ ကားကတော့ည နေ ၄နာရီကျော် ၅နာရ်ီလောက်မှာ ထွက်လေ့ရှိပါတယ်။ တစ်ပတ်ကို သုံးလေးရက်လောက်တော့ သွားပါတယ်။
VIP ၂ထပ်ကားနဲ့  ညနေကတည်းက ကားစီးလာလိုက်တာ မနက် ၆နာရီကျော်ဆိုရင် မယ်ဆိုင်ကို ရောက်ပါတယ်။ ထမင်းမကျွေးပါဘူး။ ဘာမှမကျွေးပါဘူး။ မယ်ဆိုင် ဘန်ကောက် အဝေးပြေးကားဂိတ်မှာ ရုံး ရှိပါတယ်။ အဲဒီရုံးမှာ ထမင်းတစ်ယောက် တစ်ထုတ်စီကျွေးပါတယ်။ အဲဒီရုံးမှာ ဘာဆိုင်းဘုတ်မှ ရေးထားတာ မရှိပေမယ့် လူတွေကတော့ မြန်မာ လ၀ကနဲ့ ထိုင်းလ၀က တွေပေါင်းထားတဲ့အဖွဲ့တွေ ပါပဲ။
အဲဒီမှာ တုံကင်နံပတ်တွေ ကြည့်ပြီးတော့နာမည်တွေကို ခေါ်ပါတယ်။ ပြီးတော့ ဘတ်၁၅၀၀ တောင်းပါတယ်။ ဘာအတွက်လို့တော့ မသိပါဘူး၊ ပိုက်ဆံမပေးရင် ပတ်စပို့ လုပ်မရဘူးလို့ တော့ ပြောပါတယ်။ ထိုင်းဘာသာ စကားနဲ့ ပြောတာပါ။ အဲဒီရုံးရှေ့မှာ “မြန်မာအလုပ်သမားများ ကူညီလား၊ကာကွယ်လား စောင့်ရှောက်ရေးအဖွဲ့ ”ဆိုပြီး ဟိုင်းလတ်ကား နောက်မှန်မှာ ရေးထားတယ်။ အဲဒီနေရာမှာ ကျနော်သတိပြုမိတာ တစ်ခုရှိတယ်။
အဲဒီကားက သူဌေးတစ်ဦးတည်း အလုပ်သမားတွေ ထင်တယ်။ သူဌေးက သူ့မာစီဒီးကားနဲ့ လိုက်လာတာ အဲဒီလို တစ်ယောက်စီ ဘတ်၁၅၀၀ စီတောင်းနေတဲ့အချိန်မှာ သူတို့ အဖွဲ့ကငယ်သားတွေက သွားပြောတော့ ပိုက်ဆံတောင်းတဲ့ အဖွဲ့ခေါင်းဆောင် မြန်မာမ ကရပ်လိုက်တယ်။ အဲဒီသူဌေး ပြန်သွားပြီးမှ သူတို့ ပိုက်ဆံပြန်တောင်းတယ်။ ကျနော်ကတော့ ထိုင်းအစိုးရ အယင်သတ်မှတ်ထားသလို ဘတ်၂၀၀၀ ကို ၁၅၀၀ ပဲယူတယ် ငါးရာ သက်သာတယ်ထင်နေတာ။ ဘယ်ဟုတ်မလဲ ဒီအတိုင်း ပေးရတာ။ ဘတ်၁၅၀၀ ပေးပြီးတော့မှ သူတို့ လိုအပ်တာတွေကို ဖြည့်ပေးတယ်။ အသက်၁၄နှစ်အရွယ်ရှိတဲ့ မိန်းကလေးကိုလည်း ၁၈နှစ်ဆိုပြီးသူတို့ ဖြည့်ပေး ပါတယ်။ ထိုင်းဘက်က လုပ်ပေးလိုက်တာပါ။ အသက်၁၄နှစ်ဆိုတော့ မြန်မာလ၀က လုပ်ပေးချင်မှ လုပ်ပေးမှာလေ။ အဲဒါကြောင့် ဖြည့်ပေး လိုက်တာ။
ပြီးတော့ မူဆလင်ကုလားတွေ၊ ဂေါ်ရခါးကုလားတွေ အဘိုးအဘွားနာမည်လည်း မသိဘူး။ မှတ်ပုံတင်လည်း မရှိဘူး၊ ဒါလည်းရတာပဲ။ အဲဒီပေါင်းထားတဲ့အဖွဲ့ ဆီမှာပိုက်ဆံ ၁၅၀၀ ဘတ်ပေး ဖေါင်ဖြည့်ပြီးတော့ ထိုင်းလ၀က ရုံးမှာ ဖေါင်ထပ်ဖြည့်ရပါတယ်။ လက်မှတ်ထိုးရတယ်။ ပြီးတော့ လူပြန်စုလိုက်တယ်၊ ပြီးတော့ပြောတယ်။ဒီပတ်စပို့  လုပ်တာဟာ ထိုင်း/မြန်မာ ချစ်ကြည်ရေးအတွက် လုပ်တာပေါ့။
ရွာမှာလည်း ငွေမကောက်ဘူး။ ဖမ်းလည်းမဖမ်းဘူး။ ဗမာဘက်ကမ်းမှာ ဘတ်၇၀၀ ပေးရတာ စရိတ်စကတွေ အတွက်ပေါ့။ မယ်ဆိုင်ကနေ တာချီလိတ်ကိုကားခ နဲ့ အခြားကိစ္စလို့ ပြောတယ်။ ဒါပေမယ့် စောစောက ကျနော်တို့ ပေးရတဲ့ ဘတ်၁၅၀၀ ကိစ္စကို သူတို့ ဘာမှမပြောဘူး။
မြန်မာဘက်မှာဘတ် ဘတ်၇၀၀ ယူတာကိုတော့ ဓါတ်ပုံခ ဘယ်လောက်၊ စာအုပ်ဖိုး ဘယ်လောက် အဲဒါမျိုး ပြောပါတယ်။ စာရေးထားတာတော့ မြန်မာကျပ်ငွေ သုံးထောင်လို့ ရေးထားပါတယ်။ ပြီးတော့ ကျနော်တို့ ကို စုပြီးမှာပါတယ်။ လည်ပင်းမှာ ကဒ်ဆွဲထားတဲ့ သူတို့ လူမေးတာကိုသာ ဖြေပြီးတော့ ကဒ်မဆွဲထားတဲ့ လူလာမေးရင် ဘာမှပြောဖို့ မဖြေဖို့ လာမေးရင် သူတို့ ကို လာပြောဖို့ ပြောထားပါ တယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျနော့်ကို လူတစ်ယောက် လာမေးပါတယ်။ လ၀ကရုံးရှေ့မှာ ကွမ်းစားရင်း ထိုင် နေတဲ့ အခါမှာပေါ့၊ ၀တ်စားထားတာ စုတ်စုတ်ပြတ်ပြတ်ပါပဲ။ ညီလေး ဒီပတ်စပိုလုပ်တာ ဘယ်လောက်ကုန်လဲတဲ့။ ဘယ်လို လူမှန်းလည်းမသိ ကြောက်တာပေါ့နော်။ မကုန်ဘူးပဲ ပြောလိုက်တာပေါ့။ အဲဒီ တစ်ခွန်းပဲ မေးပြီး ပြန်သွားတယ်။
ပတ်စပို့ ရပြီး ထိုင်းဘက်ကိုပြန်လာ။ ပြီးတော့ ထိုင်းလ၀က ရုံးကိုပြန်ဝင်ရတယ်။ တုံးထုရတယ်။ ဘတ်ငွေ ၅၀၀ ပေးရတယ်။ ဘောင်ချာပေးတယ်။ ကျန်တဲ့နေရာတွေမှာတော့ ဘာဘောင်ချာမှမရှိဘူး။
ကျနော်တို့ လုပ်တဲ့နေ့ က မြန်မာအလုပ်သမား ၁၀၀ လောက်ရှိတယ်။ မနက် ကတည်းက လုပ်လိုက်တာ ညနေ ၆နာရီကျော်မှာ အားလုံးပြီးတယ်။ အားလုံးပေါင်း ဘတ်၇၀၀၀နီးပါး ကုန်ကျခဲ့ပါတယ်။ အရစ်မရှည်ပဲ ချောချောမောမော ရလာလို့ တော့ ကျေနပ်မိတယ်လေ။၂နှစ် သက်တမ်း အတွက်လို့ တော့ ပြောပါတယ်။
နောက်တခုက ဘန်ကောက်ကို ရောက်ရောက်ချင်း တစ်ပတ်အတွင်း ဆေးရုံမှာသွေးသွားစစ်ရင် ဘတ်၆၀၀ မပေးရဘူး။ ၇ ရက်လွန်သွားရင်တော့ ဘတ်၆၀၀ ပေးရပါမယ် ဆိုတော့ အလုပ်လုပ်ကိုင်ခွင့် ပါမစ်အတွက် နောက်ထပ် ဘတ်၁၉၀၀ ၊ ကျမမ္မာရေးစောင့်ရှောက်ခ ဘတ်၁၉၀၀ ကုန်ကျအုံးမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကို ပြန်မယ်ဆိုရင် နယ်စပ်သုံးနေရာက မြန်မာလ၀ကရုံးမှာ ပတ်စပို့ကို သိမ်းချင်လည်း သိမ်းထားမယ်။ ထောက်ခံစာ ပေးလိုက်မယ်။ အဲဒီအတွက် ကျပ်တစ်ထောင်ယူမယ် ပြောတယ်။ တစ်လခွဲ အချိန်ပေးတယ် ပြောတယ်။ ပြန်လာရင် စာအုပ်ပြန်ယူလာပြီးတော့ ဘန်ကောက်ပြန်တက်ပေါ့။
အခွန်က မြန်မာဘက်ကတော့မယူဘူးလို့ ပြောတယ်။ ထိုင်းဘက်က ကြေညာတဲ့စာရွက်တွေမှာ ၇ရာခိုင်နှုန်းယူမယ်လို့ ပြောတယ်။ အဲဒီမှာ သူဌေးက ထက်ဝက် အလုပ်သမားက ထက်ဝက်လို့ ရေးထားတယ်။ ဒီအထဲမှာ အိမ်ဖေါ်တွေ ငါးဖမ်းအလုပ်သမားတွေ မပါဘူးလို့ ပြောတယ်။

No comments:
Post a Comment