12.04.2009

ပုဒ်မ ၁၂၄ နဲ့ ၄၂၁ တို့ ဆုံကြရာဝယ်


ပုဒ်မ ၁၂၄ နဲ့ ၄၂၁ တို့ ဆုံကြရာဝယ် …
လူရွှင်တော်တဦး
ဒီဇင်ဘာ ၃၊ ၂၀၀၉
(မင်းသမီး ကပြီး လူရွှင်တော်၂ ဦး ပြက်လုံး ပြက်ရန်ထွက်လာ …)
လူရွှင်တော် ၁- မင်းသမီးလေးရဲ့ အကအလှလေး ရှုစားပြီးတဲ့နောက်မှာ ကျနော်တို့လူရွှင်တော်တွေက လာရောက်အားပေးတဲ့ ပရိသတ်ကြီးကို အမောအပမ်းတွေ ဖြေဖျေက်နိင်ဖို့ ရယ်မောစရာ ဟာသလေးတွေနဲ့ တင်ဆက်ရမယ့် အချိန်ကာလလေးပါပဲဗျာ။
လူရွှင်တော် ၂- မှန်ပါ့ဗျား။
(ထိုစဉ်တိုက်ပုံနှင့် လူကြီးဝင်လာ)
လူကြီး - ဟိုးထား … ဟိုးထား … ခဏလေး ရပ်ထား။


လူရွှင်တော် ၁ - ဘာလဲဗျာ။ ဒီမှာ ပြက်လုံးပြက်ဖို့ အားယူနေတာ။ ဘာ လာနှောက်ယှက်နေတာလဲ။

လူကြီး - လာပြီး နှောက်ယှက်တာ မဟုတ်ဘူး။ သတိ လာပေးတာ။

လူရွှင်တော် ၂- အဖွဲ့ကိုလည်း ကြည့်လိုက်အုံး။ သီးလေးသီး ဆေးရောင်စုံ။ တည်ထောင်ထားတဲ့သူက ပြည်သူအချစ်တော် ဇာဂနာ။ အောက်လုံး မပြက်ဘူး။ မပါစေရဘူးဗျာ။

လူကြီး - အေး… ဇာဂနာဖွဲ့ ထားတဲ့ အဖွဲ့မို့ အထူး သတိပေးတာ။

လူရွှင်တော် ၁- ဘာဆိုင်လို့လဲဗျာ။

လူကြီး - ဆိုင်တာမှ ဟိုဘက်ကမ်းတောင် လွန်သေးတယ်။ မင်းတို့ အဖွဲ့က ကမ္ဘာလှည့်ပြီး ဒို့အစိုးရ မကောင်းကြောင်း အဖြစ်မှန်တွေ လိုက်ပြောနေတာ … မင်းတို့အဖွဲ့က အဆိုးဆုံးပဲ။

လူရွှင်တော် ၂ - မှန်တာ ပြောတာပဲဗျာ။ ဘာ စိတ်ဆိုးစရာ ရှိလို့လဲ။

လူကြီး - မှန်တာတွေပြောလို့ စိတ်ဆိုးတာပေါ့ကွ။ မင်းတို့ပြောမှပဲ တကမ္ဘာလုံးက တန်ဖိုးမရှိတဲ့ ငါတို့ကို ၀ိုင်းပြီး ပြစ်တင် ဝေဖန်နေကြတာပေါ့ကွ။

လူရွှင်တော် ၁- ဗုဒ္ဓဘာသာတရားအရဆိုရင် ကိုယ်ပြုတဲ့ ကံ ကိုယ်ပဲ ခံရမယ် မဟုတ်လားဗျာ။

လူကြီး - ဗုဒ္ဓတွေ မုတ်ဒတွေ ငါတို့ မသိဘူး။ ငါတို့ကို ငရဲကအစ လက်မခံတော့၊ ဘာသာရေးလည်း မသိဘူး။ သာသနာရေးလည်း နားမလည်ဘူး။

လူရွှင်တော် ၂ - မိစ္ဆာဒိဋ္ဌိတွေထက်တောင် ပိုဆိုးနေပါလား။

လူကြီး - ဆိုးတာ ကောင်းတာ မင်းတို့အလုပ် မဟုတ်ဘူး။ ဒီနေ့ကနေစပြီး နိင်ငံတော်လူကြီးတွေ၊ နိင်ငံတော်အဖွဲ့အစည်းတွေကို ဇာတ်ခုံပေါ်ကနေ ထိကပါး ရိကပါး ပြောဆိုနေကြတဲ့အတွက် အထက်လူကြီးများက မမှန်ကန်တဲ့ သဘောထားတွေနဲ့ လူရွှင်တော်တွေအတွက် သီးသန့်ဥပဒေပုဒ်မ တခု ထုတ်ပြန်လိုက်ပြီ။ နားထောင်။ ဥပဒေပုဒ်မ ၁၂၄ (က)
နိုင်ငံတော်နှင့်ပတ်သတ်သော အဖွဲ့အစည်းများ၊ အကြီးအကဲနှင့်တကွ အထက်လူကြီးများနှင့် ဇနီးများ၊ သားသမီး မြေးမြစ် တီတွတ်၊ ကျွတ် ဖွတ် မကျန်၊ ဆွေတော် မျိုးတော်အပေါင်းတို့အား ထိကပါး ရိကပါး ပြောဆို ပြက်လုံး ထုတ်ပါက ထောင်ဒဏ် ၃ နှစ်မှ တသက်တကျွန်းထိ သော်၎င်း၊ အားပေး ကူညီ ပံ့ပိုးပေးသည့် တူရိယာပညာရှင်၊ အသံဖမ်းပညာရှင်၊ မီး အလင်း အမှောင် ပညာရှင်များနှင့်တကွ နေ့စားအလုပ်သမားများပါမကျန် အရေးယူ ခံရမည့်အပြင် အထောက်အကူပြုပစ္စည်းများ အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းယူမည့်အပြင် အားပေး လက်ခုပ်တီးသည့် ပရိတ်အားလုံးကိုလည်း ကြံဖွတ်အသင်းဝင်များအဖြစ်သို့ ရောက်ရှိစေပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်မည့် အသင်းကြီး၏ ဖြူဖြူမည်းမည်း ကျက်သရေမဲ့သော အမတ်လောင်းများအား ထောက်ခံမဲပေးမည့် အမာခံများအဖြစ် သတ်မှတ်မည်။
ပုံ
အမိန့်ရ
အပေါင်ဆိုင်
အဲ ဟုတ်ပါဘူး (ရဲရဲသွားမယ့် မယ်မယ်ဘုရား)

လူကြီး - (လူရွှင်တော်များဘက် လှည့်ပြီးပြော) နားလည်ပြီလား။

(လူရွှင်တော်များ မဲ့ရွဲ့ပြ)

လူကြီး - အေး ... သဘောပေါက်တယ် ဆိုရင် ပွဲ ပြန်စလို့ ရပြီ။

(လူရွှင်တော် ထိုင်ရာမှ ရုတ်တရက် ထပြော)

လူရွှင်တော် ၁ - ၀မ်းသာစရာ သတင်ထူးပဲ ဗျို့ ။

လူရွှင်တော် ၂ -ဘာ ၀မ်းသာစရာ ရမှာလဲ။ ကိုယ့်ကိုယ်ကို ပြန်ပြီး မသာချရမယ့် ဥပဒေ ထုတ်ပြန်တာကို ၀မ်းသာစရာသတင်းထူးလို့ မင်းမို့ ပြောရက်တယ် လေကွာ။

လူရွှင်တော် ၁ - သွားစမ်းပါ။ နားလိုက်စမ်းပါ။ အကိုင်းကြီးကြီးမှာ။ ငါပြောတာ အလေလွင့်သတင်းကို ပြောတာမဟုတ်ဘူး။ မြန်မာနိင်ငံမှာ အကြီးဆုံးရေအားလျှပ်စစ်စက်ရုံ ရဲရွာရေတံခွန်ကနေ ဒီနှစ် ဒီဇင်ဘာလမှာ စတင် စမ်းသပ်ပြီး ရေအားလျှပ်စစ်တွေ ထုတ်လွင့်တော့မယ်ဆိုတဲ့ သတင်းထူးကိုပြောတာ။

လူရွှင်တော် ၂- အဲဒါနဲ့ ငါတို့တို့က ဘာဖြစ်လို့ ၀မ်းသာရမှာလဲ။ ဘာဆိုင်လို့လဲ။

လူရွှင်တော် ၁ - ဆိုင်တာပေါ့ ငတုံးရဲ့။ တို့တနိုင်ငံလုံး မီးထိန်ထိန်လင်းတော့မယ်ဆိုတာ ၀မ်းသာစရာပေါ့။

လူရွှင်တော် ၂ - သေချာလား။ သေချာတယ် ဆိုရင် ဖယောင်းတိုင်တွေ ကြိုတင် စုထားရမယ်။

(လူကြီး ၀င်လာ)

လူကြီး - ဖမ်းမယ်၊ ဆီးမယ်။ အာသာပြေ ၀ါးရင်းဒုတ်နဲ့ ၄ ချက် လောက် ကျွေးမယ်။

လူရွှင်တော် ၁ - ဘာများ ပြောမှား ဆိုမှား ရှိလို့လဲ ဗျာ။

လူရွှင်တော် ၂ - နိုင်ငံတော်ကြီးမှာ မီးတွေ ထိန်ထိန်လင်းတော့မယ်လို့ ပြောတာလေ။ တိုးတက်လာပြီလို့ ပြောတာလေ။ ထိခိုက်တာ တခုမှ မပါဘူးလေ။

လူကြီး - ထိခိုက်တာမှ အကြီးကြီးကို ထိခိုက်တယ်။ ရဲရွာက ထုတ်တဲ့ လျှပ်စစ်တွေကို ပြည်တွင်းကို ပေးမှာ မဟုတ်ဘူးလေ။ ထိုင်းတို့ တရုတ်တို့ကို ရောင်းပြီး ပိုမှ လျှံမှ ပြည်တွင်းကို အနည်းအကျဉ်းပဲ ပေးမှာကို ရွဲ့ပြီး ပြောတာကို ငါတို့ သိတယ်။ နောက်တယောက်က ဖယောင်းတိုင် ကြို စုထားရမယ် ဆိုတာကလည်း ငါတို့ကို အာခံတာလား။

လူရွှင်တော် ၂ - ဘာ ဆိုင်လို့လဲ ဗျာ။

လူကြီး - ဆိုင်တာမှ အကုန် ဆိုင်တယ်။ တတိုင်းပြည်လုံး အမှောင်ချထားတာကို ဖယောင်းတိုင် ထွန်းမယ် ဆိုတော့ အာခံတဲ့သဘော သက်ရောက်တဲ့အတွက် ဟောဒီလို ဖမ်း။ ဟောဒီလို ရိုက်ပြီး။ ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးတယ်ကွာ။

လူရွှင်တော် ၁ - နဲနဲတော့ လျှော့ပါအုံးလား။

လူကြီး - နဲနဲမှကို မလျှော့နိုင်ဘူး။ ဒါက ကြမ်းခင်းဈေးပဲ။ ရှေ့လဆို ပိုတက်ဦးမှာ။

(လူကြီးက လူရွှင်တော် ၂ ဦးကို ဖမ်းပြီး ထွက်သွား)

(လူရွှင်တော် ၃ နှင့် ၄ ထွက်လာ)

လူရွှင်တော် ၃-- ပြောသားပဲ။ မလွတ်မကင်းတာတွေ မလုပ်ပါနဲ့ လို့။့ ပြောထားတာကို ဂရုမစိုက်ဘဲ လုပ်တော့ ထိသွားပြီ။ ထိတာတောင် ရိုးရိုးထိတာ မဟုတ်ဘူး။ ဖါးပြုတ်ဖြစ်သွားတာ။

လူရွှင်တော် ၄ - ဘယ်လို ဖါးပြုတ် ဖြစ်သွားရတာလဲ။

လူရွှင်တော် ၃- အ … န … ထုံ … ထိုင်း … လှချေလား ငါ့လူရာ။ သူတို့အစိုးရကို ဖါးပြီး ပြောပေးတယ်။ ဒီကြားထဲ ငတိတွေက ရမယ်ရှာပြီး ဖြုတ်လိုက်တော့ ပြုတ်သွားတယ် မဟုတ်လား။ ဒါကြောင့် ဖါးပြုတ်လို့ ပြောတာပေါ့။

လူရွှင်တော် ၄ - အပြောမကြီးနဲ့ ကိုယ့်လူ။ ကိုယ်တို့လဲ ဘယ်နေ့လဲ ဆိုတာ ကြိုပြင်ထား။

လူရွှင်တော် ၃ - ဟဲ့ လွဲပါစေ။ ဖယ်ပါစေ။ ဘယ်နှယ့် ပါးစပ်ပုတ်ကြီးနဲ့ လာပြောနေတာလဲ။ လွတ်လွတ်ကင်းကင်း ပြက်လုံးထုတ်ရင် ဘာဖြစ်စရာလိုလဲကွာ။

လူရွှင်တော် ၄ - ကဲ … ဒါဖြင့်လည်း စ ဗျာ။

လူရွှင်တော် ၃- ကမ္ဘာကြီးကို ရင်ဘောင်တန်းနိင်ဖို့ မြန်မာနိင်ငံကို စက်မှုနိင်ငံ ထူထောင်မယ်လို့ နိုင်ငံတော်အကြီးအကဲက လမ်းညွန်ချက် ပေးလိုက်ပြီဗျား။

လူရွှင်တော် ၄ - ၀မ်းသာစရာပေါ့ဗျာ။ အလုပ်အကိုင်တွေလဲ ပေါများလာတော့မှာပေါ့။

လူရွှင်တော် ၃ - ခုဆို စက်မှု ၁ က လောင်စာဆီမလိုဘဲ မောင်းလို့ရတဲ့ကားတွေကို စတင် ထုတ်လုပ်နေပြီ။

လူရွှင်တော် ၄ - မင်းဟာက နဲနဲတော့ များသွားပြီ ထင်တယ်။ အချိန်မီသေးတယ်။ ပြန်လျှော့ပြော …

လူရွှင်တော် ၃ - မင်းကလဲ ခုထိ အ န နေသေးတယ်။ မြန်မာကြံရင် အီးအီးကုံးတဲ့ စက္ကုစုတ်တောင် မလိုင်ဖြစ်သေးတာပဲ။ ဒီလောက်တော့ အပျော့ပေါ့။

လူရွှင်တော် ၄ - ဟုတ်ပါ့မလားကွာ။ ဓါတ်ဆီ ဒီဇယ်ဆီ သဘာဝဓါတ်ငွေ့တွေ မလိုပဲနဲ့ ကားကို ဘယ်လိုမောင်းလို့ ရမှာလဲ

လူရွှင်တော် ၃- အင်ဂျင်မှ မပါဘဲ။ လောင်စာဆီ မလိုတော့ဘူးလေ။

လူရွှင်တော် ၄- ပိုဆိုးပြီ။ အင်ဂျင်မပါဘဲ မောင်းလို့ရတယ်လို့ တခါမှ မကြားဘူးပါဘူး။

လူရွှင်တော် ၃- တုံးပြန်ပြီ။ အဲဒီ အင်ဂျင်မပါတဲ့ကားကို လမ်းမှာ ရပ်ထား၊ လူကြီးတွေက တက်ထိုင်၊ နီးစပ်ရာရပ်ကွက် ဒါမှဟုတ် နီးစပ်ရာရွာတွေက လူတွေကိုခေါ်ပြီး လိုရာခရီးကို တွန်းခိုင်းရင် … လောင်စာမလိုတဲ့ကားပေါ့ကွာ။ ဟားဟားဟား …။

(လူကြီး ၀င်လာ)

လူကြီး - ဖမ်းတယ်။ ဆီးတယ်။ အယားပြေ ၀ါးရင်းဒုတ်နဲ့ ၁၀ချက်လောက် ကျွေးမယ်။

လူရွှင်တော် ၃- ကျနော်တို့ ဘာများ မှားသွားလို့လဲဗျာ။

လူကြီး - မှားတာမှ အကြီးကြီးကို မှားတယ်။

လူရွှင်တော် ၄ - မဟုတ်ဘူးလေဦးလေးရယ်။ စက်မှုနိင်ငံဖြစ်ပြီလေ။ လောင်စာဆီ မလိုဘဲနဲ့လဲ ကားတွေ မောင်းလို့ ရပြီလေ။ နောက်ပြီး လူတွေလဲ အလုပ်လက်မဲ့ မရှိတော့ဘူးလေ။

လူကြီး - အဲဒါတွေကတော့ မှန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတခုမှာ လူကြီးတွေစီးတဲ့ကားကို ပြည်သူပြည်သားတွေက မျိုးချစ်စိတ်ဓါတ် ထက်သန်စွာဖြင့် အလိုက်တသိ တွန်းပေးကြတယ်ဆိုတဲ့ စကားလုံးမပါတဲ့ အတွက် လက်ရှိ နိင်ငံတော်က လုပ်ဆောင်နေတဲ့ အတင်းအဓမ္မ စေခိုင်းမှုတွေကို ပေါ်လွင်စေတဲ့အတွက် ဖမ်းတယ်။ ထောင်ဒဏ် ၁၀၆
နှစ် ချတယ်။


လူရွှင်တော် ၃ - မိနစ်တောင် မခြားသေးဘူး။ ရှေ့ကလူရွှင်တော်တွေက ၆၅ လေ။ ခု ဘာဖြစ်လို့ ၁၀၆ ဖြစ်သွားရတာလဲ။

လူကြီး - ဒို့နိင်ငံရဲ့ ထောင်ဒဏ်က နိုင်ငံတကာ စတော့ရှယ်ရာ ဈေးကွက်နဲ့ အပြိုင်ပဲ။ စက္ကန့်တိုင်း မိနစ်တိုင်းမှာ အပြောင်းအလဲရှိတယ်။ အတက်ကို ပြောတာနော်။

လူရွှင်တော် ၄- ဆက်မပြောနဲ့တော့။ တော်ကြာ ၁၀၆ ကနေ ၂၀၆ ဖြစ်သွားအုံးမယ်။

လူရွှင်တော် ၃ - တော်သေးတာပေါ့။ ၁၀၆ မို့လို့။ ၂၀၆ ဆိုရင် လေတောင် လည်နိင်မှာ မဟုတ်ဘူး။

(လူကြီး လူရွှင်တော် ၃ နှင့် ၄ ကို ဖမ်းပြီး ထွက်သွား)
(လူကြီး ပြန်ဝင်လာ)

လူကြီး - လူရွှင်တော်တွေလဲ ကုန်ပြီ ဆိုတော့ … ကျနော်ကပဲ ဆက်ပြောတော့မယ်။ လိုရင်း တိုရှင်း ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲကို အသိမှတ်ပြုကြပါ။ ကျနော်တို့ကိုပဲ မဲ ပေးကြပါ။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြည်သူပြည်သားအားလုံးကို လမ်းတွေကလဲ ကောင်း၊ မီးတွေကလဲ ထိန်ထိန်လင်း၊ လူအခွင့်ရေးတွေ အပြည့်အ၀ ရှိတဲ့ တတိယနိုင်ငံတွေဆီကို ပြည်တွင်းမှာပဲ ဒုက္ခသည်စခန်းတွေဖွင့်လှစ်ပြီး ပို့ဆောင်ပေးပါမယ်။ လောလောဆယ် အဖွဲ့ဝင်သူတိုင်း လူတဦချင်းကို အရင်း ၃ သောင်း ကျပ် ထုတ်ပေးပါမယ်။ အတိုး အနေနဲ့ တော ၃ ကျပ် တိုး ပဲ ယူပါမယ်။ ရွေးကောက်ပွဲမှာနိင်ရင်တော့ အရင်းရော အတိုးပါ အလာကားပေးမယ် နော်။ ကဲ… ဘယ်လောက် ခွေးဖြစ်မယ့် အစီစဉ်လဲဗျာ။

( ထိုစဉ် အစိမ်းရောင် နတ်ဝတ်နတ်စားနှင့် မိန်းမတဦး ၀င်လာ)

နတ် - ဖမ်းမယ်။ ဆီးမယ်။ အယားပြေ မိုးကြိုးနဲ့ ပွတ်မယ်။

လူကြီး - မိုးကြိုး ပစ်မယ် လုပ်ပါ။

နတ်- ငါက မိန်းမသား ဆိုတော့ အား သိပ်မရှိဘူးလေ။ ဒါကြောင့် မပစ်နိင်လို့ ပွတ် တာ။

လူကြီး - နေစမ်းပါအုံး။ ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ ဖမ်းတာလဲ။

နတ်- ပြည်သူလူထုတရပ်လုံးကို ဟိန်းဟောက် ခြိန်းချောက်ပြီး ယုံကြည်အောင် လိမ်လည်လှည့်ဖျား ပြောဆိုစည်းရုံးတဲ့ အတွက် ပုဒ်မ ၄၂၁ နဲ့ အရေးယူမယ်။

လူကြီး - ပုဒ်မ ၄၂၀ ဖိုးတွမ်တီး ပဲ ရှိပါတယ်။ ၄၂၁ လို့ တခါမှ မကြားဖူးပါဘူး။

နတ်-- ဟဲ့ … နင်တို့ လက်တလုံးခြား လိမ်တဲ့ နေရာမှာ နံပတ်တစ်။ ဒါကြောင့် သူများတွေထက် တစ် သာတဲ့အတွက် ၄၂၁ နဲ့ ဖမ်းတာ ရှင်းပြီလား။

လူကြီး - ကျုပ်ကို ဖမ်းရအောင် ခင်ဗျားက ဘာ မို့လို့လဲ။

နတ် - မကောင်းသူကို ပယ်၊ ကောင်းသူကို ကယ်တဲ့ သိုက်က မြနန်းနွယ် …

(လူကြီး စာရွက်ထုတ်ပြီး ချက်ချင်း ကြေငြာ)
လူကြီး - အထူးအရေးပေါ် ကြေငြာချက် ဥပဒေကဲ့ သို့ အာဏာတည်သည့် အမိန့် 
သိုက်မှလာသော အစီမ်းရောင်ဝတ် မြနန်းနွယ်သည် လူကြီးမင်း၏ အိပ်မက်ထဲတွင်သာမက ပြင်ပတွင်ပါ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ဆောင်ပါသောကြောင့် တရားခံ မြနန်းနွယ်နှင့် ရုပ်ထုအားလုံးကို ည ၁၀နာရီ အချိန် မှ မနက် ၄ နာရီ အထိ လက်ထိပ်ခတ်ပြီး ယတြာချေ အပြစ်ပေးလိုက်သည်။

မြနန်းနွယ် - အောင်မယ်လေး …။ အစိမ်းရောင်ဝတ်တာချင်း အတူတူ သူတို့ရဲ့ ပါးစပ်ဥပဒေကြီးနဲ့ ကိုင်ပေါက်လိုက်တာ အခုတော့ ကိုယ်ကျိုးနည်းရပြီပေါ့။

(ပျော်ရွှင် ရယ်မောနိင်ကြပါစေ)

No comments:

Post a Comment