12.23.2009

မြန်မာနိုင်ငံမှလူနာများ အထူးကုဆရာဝန်များ၏ စမ်းသပ်ခံဖြစ်နေ

Photobucket
မြန်မာပြည်၏ အကြီးဆုံး ရန်ကုန်ဆေးရုံကြီးပုံ(အင်္ဂလိပ်ခေတ် ကတည်းက တည်ဆောက်ခဲ့သော အဆောက်အဦးများ ဖြစ်ပါသည်။)
Photobucket
လူနာတဦးအား CT Scan ရိုက်ရန်ပြင်ဆင်နေပုံ
Photobucket
အမျိုးသမီး တဦးအား ဆေးထည့်ပေးနေပုံ

ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံ ပြည်သူလူထုများမှာ အထူးကု ဆရာဝန်ကြီးများနှင့် အခြားကျမ္မာရေး ၀န်ထမ်းများ၏ အစမ်းသပ်ခံ ဘ၀တွင် ကျရောက်နေကြောင်း မိခင်အား ဆေးဝါးကုသပေးရန် သွားရောက်ခဲ့သူ ဘန်ကောက်တွင် နေထိုင် အလုပ်လုပ်ကိုင်သူ မြန်မာအင်ဂျင်နီယာ တစ်ယောက်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ တွင် နာမကျန်းဖြစ်နေသော အသက် ခြောက်ဆယ်ကျော် အရွယ်မိခင်ကြီးအား သွားရောက် တွေ့ ဆုံခဲ့သူ မြန်မာအင်ဂျင်နီယာက “ ကျနော့် အမေ တစ်နေ့ကို ဆေးခန်းသွားပြတာ ကျပ်ငွေ လေးသောင်းကျော် ကုန်ပါတယ်။ ပထမတော့ ဒူးဂေါင်း နာတယ်ဆိုပြီး ဆေးထိုးတာပေါ့နော်၊ အထူးကုတွေက ဒီဆေးလူကြီးနဲ့ တည့်လား မတည့်လား မသိဘူး၊ ၃လလောက် ဆက်တိုက်ထိုးလိုက်တာ။ ဆေးကို အသက်ကြီးတဲ့ လူဆိုတော့ မချေနိုင်ဘူး။ အထဲမှာ သွားခဲနေတယ်။ တင်ပါးမှာ ပြည်တည်လာတဲ့ အတွက် ခွဲလိုက်ရတယ်” “အိန္ဒိယတို့၊ တရုတ်တို့က အပေါစား ဆေးကုမ္ပဏီတွေက ထိုးဆေးတွေ စားဆေးတွေကို ကြေညာပေးတာ ဖြစ် တယ်။ ဆရာဝန်တို့ ဆေးခန်းပိုင်ရှင်တို့က အဲဒီဆေးတွေကို ကုမ္ပဏီတွေက အခမဲ့ရတာ ဖြစ်တယ်။ ရောဂါကောင်း မကောင်း လူနာတွေနဲ့  စမ်းသပ်တယ်။ ရောဂါပျောက်ရင် အခြားလူတွေကို ညွှန်ပြတယ်၊ အဲဒီဆေး နာမည်ရ သွားရင် ဆရာဝန်တွေနဲ့ ဆေးခန်းပိုင်ရှင်တွေကို ကုမ္ပဏီတွေက

ပိုက်ဆံပေးတယ်၊ ရောဂါတခြား ဆေးတခြားဖြစ်တဲ့ လူကတော့ သေတာပေါ့ဗျာ။ သူတို့ အကျိုးအမြတ် ကိုပဲ ကြည့်ကြတယ်။ လူ့အသက် တစ်ချောင်း တန်ဘိုးထားရကောင်းမှန်း မသိကြတော့ဘူး”ဟု ပြောသည်။

ရန်ကုန် မန္တလေးနှင့် အခြားမြို့ကြီး တိုင်းတွင် အထူးကုဆေးခန်း၊ ဆေးရုံးများ မြန်မာ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ် ထားသော်လည်း ကျွမ်းကျင်သော ဆရာဝန်နှင့် အစွမ်းထက်သည့် ဆေးဝါးများ အထူးနည်းပါးကြောင်း လူနာရှင်များက ပြောပြကြသည်။

ကျမ္မာရေး၊ ပညာရေး ဗဟုသုတ နည်းပါးလွန်းသော မြန်မာလူမျိုးတို့မှာ ဆရာဝန်ပြောသမျှယုံ၊ ဆရာဝန် ပေးတာစား၊ အနေအထားဖြင့်သာ ရှိနေသဖြင့် လူနာအချို့မှာ ရောဂါများ ကျွမ်းခဲ့ကြရသည်။

အထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ချ မှားခြင်းကြောင့် ၂၀၀၄ ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင် စီမံကိန်း ဦးစီးမှူးတစ်ဦး သေဆုံးခဲ့ရခြင်းကို ဘန်ကောက်တွင် အလုပ်လုပ်နေသော ကိုဝဏ္ဏက ပြောပြသည်။

“ခရိုင်စီမံကိန်း ဦးစီးမှူး နာမည်က ဦးစံရွှေဦး ပါ၊ အရက်လည်း မသောက် ဆေးလိပ်လည်း မသောက်တတ်ဘူး၊ ပညာတော်လည်းတော်၊ တတ်လည်းတတ်တယ်၊ အသက် သုံးဆယ်ကျော် ကတည်းက ခရိုင်အဆင့် အရာရှိဖြစ်တာ။ အဲဒါဗျာ နေမကောင်းလို့  ရန်ကုန်မှာ ပုဂ္ဂလိက အထူးကု ဆေးရုံက အထူးကု ပါရဂူဆီမှာပြတာ။ အသဲခြောက်တဲ့ ရောဂါ ဆိုပြီး ဈေးကြီးတဲ့ အဆင့်မြင့်ဆေးတွေကို ၀ယ်သောက်ရတာ၊ ဓါတ်မှန်ရိုက်၊ အယ်ထရာဆောင်းရိုက်၊ အစုံပဲ တစ်လတစ်ကြိမ် ရန်ကုန်သွားပြရတယ်။ ၁နှစ်ကျော်လောက် ကုလာပြီးတော့ ရောဂါကျွမ်း လာပြီ။အဲဒီတော့မှ အဲဒီအထူးကုဆရာဝန်ကြီးက ကျောက်ကပ် ဆရာဝန်ကြီးဆီကို ပြောင်းပေးတယ်။ ကျောက်ကပ်အထူးကု လက်ထဲရောက်တော့ ကျောက်ကပ်တစ်ဖက်က လုံးဝမကောင်းတော့ပဲ သေခဲ့ရ တယ်ဗျာ”ဟု နီးနီးကပ်ကပ် နေထိုင်ဖူးသူ ကိုဝဏ္ဏကပြောပြသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်၊ ရန်ကုန်မြို့  ရွှေဂုံတိုင် SSC အထူးကုဆေးခန်းတွင် ဆေးကုသရင်း သေဆုံးခဲ့ရပြီး

နောက်ပိုင်း မြန်မာပြည် မြို့ကြီးများတွင် ဆေးရုံ ဆေးခန်းတို့ က လူနာများကို တော်ရုံနှင့် လက်မခံသကဲ့သို့ 

လူနာရှင်များကလည်း တော်ရုံ ဆရာဝန်တို့ အား မယုံကြည်ဝံ့ ဖြစ်နေကြကြောင်း လူနာရှင် မိသားစုဝင်များက ပြောကြသည်။ ရောဂါ ကျွမ်းလုကျွမ်းခင် အဆင့်ရှိသော လူနာများကို လက်ခံကုသရန်ငြင်းဆန်နေကြသည်။ အထူးကု ဆေးရုံနှင့် ဆေးခန်းတို့ တွင် လူနာတစ်ဦးလာရောက် ကုသမည်ဆိုပါက သတ်မှတ်ထားသော စရံငွေကို ကြိုတင်ပေးသွင်းထားမှ လက်ခံကုသ ကြကြောင်း မြန်မာအင်ဂျီနီယာက ပြောပြသည်။

အနီးစပ်ဆုံး ထိုင်းနိုင်ငံနှင့် ယှဉ်ပြပြောဆိုရာတွင် “ဗမာပြည်မှာ ငွေကိုပြမှ ကုပေးတာ ငွေကိုမပြနိုင်ရင် သေသွားပစေ ဆေးကုမပေးဘူး၊ ထိုင်းမှာတော့ လူ့အသက်တစ်ချောင်းက လူမျိုးဘာသာမ ရွေး မရ အရလုပြီး ကုပေးတာ။ သန့်ရှင်းမှုအပိုင်းမှာလည်း မိုးနဲ့ မြေလောက်ကို ကွာတယ်။ ထိုင်းက ဆေးရုံတွေမှာ ဆေးနံ့မနံဘူး၊ အိမ်သာအနံ့ အသက်လည်း မနံဘူး၊ ဗမာပြည်မှာရှိတဲ့ ဆေးရုံတွေကို သွားကြည့် ဆေးနံ့ ၊သေးနံ့  ကွမ်းတံတွေး အပုပ်နံ စုံနေတာပဲ၊ ဆေးရုံဘယ်နားမှာလည်း မေးစရာ မလိုဘူး ခပ်ဝေးဝေးကတည်းက အနံ့ပေါင်းစုံ နံနေတာပဲ၊ အိမ်သာလည်း စနစ်တကျမရှိ၊ အိမ်သာထဲမှာ အမှိုက်ပုံးလည်း မရှိတော့ မိန်းမတွေအသုံးပြုတဲ့ ပစ္စည်းတွေ အိမ်သာထဲမှာ ဒီအတိုင်းပစ်ခဲ့တာပေါ့၊ လက်ဆေးခန်းဆိုတာလည်း မရှိဘူး။ မြန်မာနိုင်ငံက ဆေးရုံတွေ ဆေးခန်းတွေ ထိုင်းမြန်မာ နယ်စပ်က မယ်တော်ဆေးခန်းကို မှီဖို့ နှစ်ဆယ်ချီပြီး လိုက်ရပါလိမ့်ဦးမယ်” ဟု မြန်မာ အင်ဂျင်နီယာက ပြောသည်။

No comments:

Post a Comment