Tue 12 Jan 2010, ပန်းချီပန်းပု ယမဓော အောင်စိန်
၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာနဲ့ဗမာအသုံးနှစ်မျိုးကို ဆွေးနွေးချင်တယ်။ အမှန်မှာက ဒီဝေါဟာရနှစ်မျိုးကို လူတိုင်းထဲထဲဝင်ဝင် သိထားသင့်တယ်။ စာပေအမြင်နဲ့ပဲ ဖြစ်ဖြစ်၊ သဘောတရားအမြင်နဲ့ပဲ ဖြစ်ဖြစ် ဒီအသုံးနှစ်မျိုးကို လေ့လာသင့်တယ်။ တော်လှန်ရေးကောင်စီ မတိုင်မီအထိ မြန်မာအသုံးဟာ နေရာသိပ်မဝင်သေးဘူး။ ကုန်းဘောင်ခေတ်က စပြီး ဗမာအသုံး အားကောင်းလာရာမှ တို့ဗမာအစည်းအရုံးမှာ ဗမာစာသည် တို့စာ စသည်ဖြင့် ကြွေးကြော်ကြရာ ဗမာအမည်ကို တစ်ပြည်လုံး သုံးကြတယ်။ ဗမာအမည်က ဗမာလူမျိုးတစ်မျိုးတည်းကို ဆိုလိုပေမယ့် လူမျိုးစုံကို ကိုယ်စားပြုသယောင် ထင်မှတ်ရလောက်တဲ့အထိ အသုံးတွင်ကျယ်ခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်မှန်း မသိရဘဲ လွတ်လပ်ရးရလာတဲ့ အခါမှာတော့ ပြည်ထောင်စု ကြီးကို ပြည်ထောင်စုဗမာနိုင်ငံလို့ ပေါ်မလာပဲ ပြည်ထောင်စုမြန်မာနိုင်ငံလို့ပဲ ခေါ်ကြတော့တယ်။
ပြည်ထောင်စုကြီးကို မြန်မာလို့ ခေါ်ကတည်းက ဗမာ့ခေတ်က ရခဲ့တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဟာလည်းပဲ တဖြည်းဖြည်း ပြိုကွဲလာတယ်။ အမည်အပြောင်းအလဲကြောင့် တိုင်းရင်းသားတွေနဲ့ ဗမာကြားမှာ လည်း ဆက်ဆံရေး ပြောင်းလဲသွားတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလိုပါပဲ နာမည်ပြောင်းသွားလို့ တို့ အပေါ်ထားတဲ့ ဒီဗမာတွေရဲ့ သဘောထားတွေလည်း ပြောင်းများပြောင်းသွားပြီလား သံသယမီးစများ ပွားခဲ့ လေသလား တွေးစရာ ရှိပါတယ်။ ပုံစံက လူမျိုးကို ဗမာလို့ ခေါ်ပြီး နိုင်ငံကိုတော့ မြန်မာလို့ သတ်မှတ်တယ်လို့ ဒီလိုယူဆရင် မြန်မာဆိုတဲ့ အမည်အနွတ္ထက ဒေသကို စွဲတာလား စိစစ်ရဦးမယ်။ မြန်မာနဲ့ဗမာ အရတူမတူ ဒီနေရာမှာ ဆွေးနွေးဖို့ လိုအပ်လာတယ်။
သိကြတဲ့အတိုင်း ဒီမိုကရေစီ လှုပ်ရှားသူတွေက မြန်မာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ကြတယ်။ ဒါကလည်း အကြောင်း ရှိရပါတယ်။ ကြောင်းကျိုးမဆီလျော်လို့လား၊ ဒါမှမဟုတ် သက်သက်မကြိုက်လို့လား။ ဒီပြဿနာက ရှင်းဖို့ သိပ်ခက်မယ် မထင်ဘူး။ ကျနော်တို့ စာဖတ်ပရိတ်သတ်ကိုပဲ မေးရတော့မယ်။ ကျနော်တို့ စာဖတ် ပရိသတ်မှာ မြန်မာတွေပါလားမေးရင် ဗမာတိုင်း ပါတယ်လို့ ဖြေမှာပဲ။ ဗမာတွေမရှိဘူးလားဗျာဆိုတော့ အခုနက လူတွေပဲ ရှိတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒီလို တူနေမှတော့ မြန်မာပဲခေါ်ခေါ် ဗမာပဲခေါ်ခေါ် မထူးပါဘူးဗျာ ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဒီအထဲမှာ လျို့ဝှက်ချက်တစ်ခုခုတော့ ရှိနေပြီ။ အဲဒီလျှို့ဝှက်ချက်က ဘာလဲ။ ဒီလျှို့ဝှက်ချက်ကို ဘယ်သူက ဖော်ထုတ်ပေးမလဲ။ ဒီပဟေဠိကို ဖြေနိုင်ရင် ၂၁ရာစုရဲ့ သူရဲကောင်း ဖြစ်ရုံတင် မကဘူး၊ လက်ရှိမြန်မာနိုင်ငံရဲ့ ကယ်တင်ရှင်လည်း ဖြစ်လာပါလိမ့်မယ်။
ကျနော်က သူရဲကောင်း လုပ်ချင်ပါတယ်၊ ကယ်တင်ရှင်လည်း ဖြစ်ချင်ပါတယ်။ ခက်တာက ဒီလျှို့ဝှက်ချက်ကို ကျနော်ကလည်း ဖော်ထုတ်မပေးနိုင်ဘူး။ ဒါပေမယ့် ကြိုးစားပမ်းစား ကြံဖန်ပြီး သဲလွန်စလေး ပေးထားခဲ့ ချင်တယ်။ အရင်တုန်းက ကွန်မြူနစ်ပါတီဟာ ဗမာပြည်မှာ နံပါတ်တစ်ပဲ။ ဒါပေမယ့် လူတန်းစားပြဿနာ ဖြေရှင်း ရေးဘက်မှာ အောင်မြင်မှု အတန်အသင့် ရှိခဲ့ပေမယ့် ချမှတ်ခဲ့တဲ့လမ်းစဉ်ကို အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားအားလုံး ပါဝင်လာစေဖို့ စည်းရုံးတဲ့နေရာမှာ အခက်အခဲများ ရှိခဲ့တယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက (၆၄) လမ်းစဉ်အတိုင်း တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံခဲ့ပြီး ဖြစ်တယ်။ အတည်ပြုခဲ့တဲ့အပြင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုအချို့နဲ့လည်း လက်တွဲ တိုက်ခဲ့ကြတယ်။ ဒါပေမယ့် အားလုံးစုစုစည်းစည်း တိုက်ပွဲမဝင်နိုင်ခဲ့လို့ စစ်အာဏာရှင်ကို ရှုံးခဲ့ရတယ်။
ဦးနု ဦးလောရုံတို့တုန်းကဆို ပြည်ပအကူအညီတွေ တိုက်ရိုက်ရနေရဲ့သားနဲ့ ဘာကြောင့် မအောင်မမြင် ဖြစ်ခဲ့ရ သလဲ။ တိုက်တိုက်ဆိုင်ဆိုင် ဦးနုတို့ကလည်း ဦးနေဝင်းပြုတ်ကျရေးကိုပဲ ဦးတည်ခဲ့တယ်။ ပါလီမန်ဒီမိုကရေစီ ပြန်ရှင်သန်ရေးကိုပဲ လုံးပမ်းနေခဲ့တယ်။ ဒါကြောင့် ပါလီမန်ခေတ်ကတည်းက လူမျိုးစုအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို မရရှိဘဲ လုံးပါးပါးသွားရတာ တွေ့ရတယ်။
ရှစ်လေးလုံးအရေးအခင်းတုန်းကလည်း စစ်အာဏာရှင်ဆိုတဲ့ ဘုံရန်သူကို ဦးစွာ အပြုတ်တိုက်ပြီး ဒီမိုကရေစီရရင် လူမျိုးစုံတန်းတူပြဋ္ဌာန်းခွင့်လည်း ရှိလာမှာပဲလို့ တို့တတွေ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးဟာ မျှော်တိုင်းဝေးဆိုသလို ဖြစ်နေပြီ။ ဒါဘာပြောနေလဲဆိုရင် တိုင်းရင်းသားတွေရဲ့ အားကို မရယူ နိုင်ရင် တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ မလွယ်ဘူးဆိုတာ ပြသနေပါတယ်။
အခုလက်ရှိနိုင်ငံရေးအခြေအနေမှာ နအဖက မြန်မာလို့ပြောရင် တိုင်းရင်းသားအားလုံး ပါဝင်ပြီးသားလို့ မြန်မာ အနွတ္ထကို ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုလို့ တိုင်းရင်းသားတွေနဲ့ ဗမာတွေကြားမှာ သံသယပွားစရာတွေ ပိုများ လာပါတော့တယ်။ တို့ဗမာအစည်းအရုံးခေတ်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ဗမာ လို့ပြောရင် မင်းတို့တိုင်းရင်းသားတွေ အကုန်ပါတယ်ကွလို့ ပြောပြီး မစည်းရုံးခဲ့ပါဘူး။ ဘာသာစကား မတူပေ မယ့် နှစ်ပရိစ္ဆေဒပေါင်း များစွာ အတူစုပေါင်းနေထိုင်ခဲ့တာကိုပဲ လူမျိုးတစ်မျိုးလို့ သတ်မှတ်ကြောင်း စည်းရုံးခဲ့တာ ဖြစ်တယ်။
ဒီနေ့ဒီအချိန်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို အမှန်တကယ် အေးချမ်းသာယာ ဝပြောစေချင်တယ် ဆိုရင် ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါတယ်။ မြန်မာခေတ်မဟုတ်ဘဲ လွတ်လပ်ရေး အရတိုက်တုန်းက ရှိခဲ့တဲ့ဗမာ့ခေတ်တစ်ခု အမှန်တကယ် လိုအပ်နေပါတယ်။ ဗမာဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် ဒီနာမည် နှစ်လုံးနဲ့ တိုင်းပြည်ကို သွားစည်းရုံးလို့ အဆင်မပြေဘူး။ ဘာကြောင့်ဆိုတော့ မြန်မာဆိုတဲ့အမည်က ပုဂံခေတ် ကတည်းက သုံးခဲ့တာကို တွေ့ရသလို ဗမာဆိုရင်လည်း ကုန်းဘောင်ခေတ်မှာ အရမ်းကို အားကောင်း ခဲ့တာကို တွေ့ရတယ်။ ကျောက်စာ၊ ပေစာ၊ ပေပုရပိုဒ်စာများမှာ ဒီအမည်နှစ်လုံး အရတူတယ်ဆိုတာ ငြင်းကွက် မရှိဘူး။
ဒီတော့ကာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ တိုင်းရင်းသားတွေနဲ့ ရင်းနှီးပြီးသား ဗမာဝေါဟာရ ကို နအဖတို့ သုံးတဲ့ မြန်မာကို အံတုရာကနေ နိုင်ငံရေးအမြတ်ထုတ်တတ်ဖို့ လိုအပ်ပါတယ်။ ၂၀၁၀ ခု နအဖ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ဆိုရင် ဒီဝေါဟာရနှစ်ခုကနေစပြီး တိုက်ပွဲစရပါ့မယ်။ မြန်မာနိုင်ငံမှာ အာဏာ တည်မြဲရေးအတွက် လုပ်တဲ့အဖွဲ့၊ လူ့အခွင့်အရေးအတွက် တိုက်တဲ့အဖွဲ့၊ လူမျိုးတန်းတူရေးအတွက် တိုက်တဲ့ အဖွဲ့ ရှိပါတယ်။ နအဖစစ်အစိုးရတို့က မြန်မာအသုံးကို ကြိုက်တယ်၊ ဒုတိယအုပ်စုက ဗမာအသုံးကို နှစ်သက် တယ်၊ တတိယအုပ်စုက သူတို့နဲ့ မဆိုင်သလို နေတယ်။
ပထမအုပ်စုက အခြေခံဥပဒေကို ကိုင်ပြီး အတိုက်အခံတွေကို အကာအကွယ်မဲ့တဲ့ စစ်မြေပြင်ကို မျှားခေါ်ဖို့ အကွက်ဆင်တယ်၊ ဒုတိယအုပ်စုက နအဖရဲ့ လှည့်ကွက်ကို သိလို့ ဒီအခြေခံဥပဒေကိုပဲ အဓိကထား တိုက်တယ်၊ တတိယအုပ်စုက မြန်မာသုံးမလား၊ ဗမာသုံးမလားမှာ စိတ်မဝင်စားပေမယ့် အခြေခံဥပဒေအကြောင်းပြောရင် မဖြစ်မနေ ပါဝင်လာမှာပဲ။ ဒီတော့ မြန်မာပြည်ပြဿနာဆိုတာ မြန်မာလား ဗမာလားဆိုတဲ့ပြဿနာ မဟုတ်ဘူး၊ အခြေခံဥပဒေရဲ့ ပြဿနာ ဖြစ်တယ်။ ဒီမျှအရေးကြီးတဲ့ အခြေခံဥပဒေကို နအဖက တဖက်သတ်ရေးဆွဲပြီး ကျန်နှစ်ဖွဲ့ကို ဆွဲသွင်းဖို့ဆိုရင် မြန်မာဆိုတဲ့ အသုံးကို ဇွတ်အတင်းသုံးတာနဲ့ တူတူပါပဲ။
နောက်ဆုံးပြောရရင် မြန်မာလား ဗမာလား တစ်နွယ်ငင်တစ်စင်ပါအတွေးကနေ မြန်မာလားဗမာလားဆိုတဲ့ လျှို့ဝှက်ချက်ဟာ အခြေခံဥပဒေဖြစ်မယ်လို့ မဝံ့မရဲ အဆိုပြုချင်ပါတယ်။ ဒီအခြေခံဥပဒေပဲ အဖွဲ့သုံးဖွဲ့ကို ကိုယ်စားပြုနိုင်ပါတယ်။ ဒါကို သဘောပေါက်မယ်ဆိုရင် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျနော်တို့က လူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားရဲ့ ထောက်ခံမှုကို မဖြစ်မနေ လိုအပ်နေတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ တိုင်းရင်းသားလူမျိုးများကို မစည်းရုံးနိုင်ဘူးဆိုရင် ကျနော်တို့က တစ်ဖွဲ့၊ နအဖတို့က နှစ်ဖွဲ့ ဖြစ်သွားရင် ကျနော်တို့က နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲ ရောက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲအကြောင်းကို လိုအပ်ပေမယ့် လက်ရှိအင်အားချိန်ခွင်လျှာအရ နအဖက စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ ဒီတိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရ မယ်၊ ဖက်ဒရယ်ပြည်ထောင်စု အစိုးရတစ်ခုနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်နိုင်မှသာ နအဖကို နိုင်ငံရေးအရ စစ်ရေးအရ စင်ပြိုင် တိုက်ခိုက်နိုင်မယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြု ဝိုင်းဝန်းလုပ်ဆောင်ပေးခြင်းဖြင့် ကျနော်တို့ရဲ့ လိုရာပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မှာဖြစ်တယ်။
အမှန်ကို ပြောရရင် ကျနော်တို့နဲ့ တိုင်းရင်းသားတို့ရဲ့ အနေအထားဟာ လွတ်လပ်ရေးအကြို ဟိုတို့ဗမာ အစည်းအရုံးခေတ်က ပုံစံမျိုး ဖြစ်နေတယ်။ ဒုတိယလွတ်လပ်ရေးအတွက်ပဲ ဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီနိုင်ငံတော်တစ်ခုကို ထူထောင်ဖို့ပဲ ဖြစ်ဖြစ် ဘုံရန်သူနအဖ ပြုတ်ကျဖို့ဆိုရင် ဒီတိုင်းရင်းသားတွေနဲ့ ကျနော်တို့ ပူးပေါင်းနိုင်ရမယ်။
ပထဝီနိုင်ငံရေးအရ ပြည်နယ်တွေရဲ့ ဧရိယာက တိုင်းပြည်ရဲ့ ငါးပုံသုံးပုံမျှ ရှိတယ်၊ ပြီးတော့ နယ်စပ်ဒေသတွေ ဖြစ်တယ်၊ ဒါကြောင့် အရေးကြီးတယ်။ ဒီအင်အားတွေကို ရယူနိုင်မှ ဒီမိုကရေစီအနှစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စု ဗမာနိုင်ငံတော်ကို ထူထောင်နိုင်မှာ ဖြစ်တယ်။ နဝတ တဖြစ်လဲ နအဖတို့ဟာ ဒီနယ်စပ် ဒေသတွေကို အာရုံနှစ်ပြီး တိုက်ပွဲဝင်နေတာ ကြာပါပြီ။ ပြောရရင် ၈၈ အရေးအခင်းကတည်းကပဲ။ ဒီမိုကရေစီ တိုက်ပွဲဟာ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပစ်ရပ်ကတည်းက အခြေယိုင်ခဲ့တယ်ဆိုတာ လေ့လာသူတိုင်း သိကြပါတယ်။
ဒါကြောင့် မြန်မာလား၊ ဗမာလားဆိုတာ နိုင်ငံရေးမကစားတော့ဘဲ ဒီမိုကရေစီတိုက်ပွဲအတွက် အရေးပါတဲ့ နယ်စပ် ဒေသတွေကို စည်းရုံးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုဥပဒေကို အသက်သွင်းဖို့ အချိန်တန်ပြီ။ ဖက်ဒရယ် အစိုးရနဲ့ ဖက်ဒရယ်တပ်မတော်တစ်ခု ထူထောင်ခြင်းဖြင့် သံလွင်မြစ်အရှေ့ဘက်ကမ်းကို အမာခံနယ်မြေ လုပ်ကာ နအဖတို့ကို ဘက်ပေါင်းစုံ ထိုးစစ်ဆင်နိုင်မှသာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ခေါ်ဖို့ နအဖကိုယ်နှိုက်က တိုက်တွန်း မေတ္တာရပ်ခံလာမှာကို မြင်ယောင်မိကြောင်း တင်ပြရင်း ကျနော့်ရဲ့စာတမ်းကို နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါတယ်။

ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်။
No comments:
Post a Comment