9.11.2010

ဝ အရေး ဝ ကိစ္စနဲ့ ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်

“ရှဲရှဲနီ”
“ဝေါ်ပို့ကျိသောက်”
“အိစံကွားလား ဘိုစံကွားလား ကွိစိ ကွစ”
“ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ”
“ကျန်ကျောင်း ကုန်းစွန်း ပေါင်ချိန်”
“ဟုတ်ကြည် ကျင်စိန် စွန်ပေါက် ဟုန်ကျင်းထန် ဝမ်ကျားပေါင်”
“တီလုံး ဒေးဗစ်ချန်း ဂျက်လီ ဂျက်ကီချန်း ဂေါင်လီ”
“ရှီးဖော ရှီးဖော”
မှန်ရှေ့တွင်ရပ်ရင်း အထက်ပါ စကားများကို တတွတ်တွတ်ပြောနေသူမှာ ဒေဝါလီမဂ္ဂဇင်း အယ်ချုပ် ကိုဂေါ်ကြီး မြှောက်ပေးသဖြင့် ပိုးတမျိုးဝင်သွားသူ ဖိုးရှုပ်ဖြစ်သည်။ သူ့ပိုးက တခြားပိုးတော့မဟုတ် … VJ ပိုး ခေါ် ဗီဒီယို ဂျာနယ်လစ် ပိုးဖြစ်၏။ သူ့နားတွင်တော့ ကင်မရာကြီး တကားကားဖြင့် ကြွက်စုတ်ကို မြင်ရလေသည်။
ရုက္ခစိုး။     ။ မင်းတို့ကောင်တွေ ရူးကုန်ကြပြီလား၊ ဘာတွေဖြစ်ကုန်ကြပြီလဲကွာ။
ဖိုးရှုပ်။     ။ ဝလို့ မီရူးဘူး ဦးရုတ်ခီစိုး … ဝ အီခု ဗီလီယို ဂျာနယ်လစ် လုပ်နီတာလေ။
ရုက္ခစိုး။     ။ ရိုးရိုးပြောစမ်းပါကွာ။ ဗီဒီယို ဂျာနယ်လစ် လုပ်တာတော့ လုပ်ပေါ့။ အခုတော့ ဘယ်ကဘယ်လို တီရုတ် … အဲလေ ငါတောင်ယောင်သွားပြီ … ဘယ်ကဘယ်လို တရုတ်ပိုးပါ ဝင်လာရပြန်တာလဲ။
အမှန်မှာ သူတို့ သုံးဦးစလုံး တရုတ်ပြည်သို့ ရောက်နေကြခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာမည် ဆိုသည့် သတင်းကြောင့် ဖိုးရှုပ်က သတင်းယူရန် ရောက်နေခြင်း ဖြစ်ပြီး ကြွက်စုတ်က ကင်မရာမင်းအဖြစ် လိုက်ပါလာခဲ့သည်။ ဦးရုက္ခစိုးကတော့ သူတို့ ၂ ဦး ကောင်းမှုဖြင့် ကန့်လန့်ကန့်လန့် ပါလာခြင်း ဖြစ်၏။
ကြွက်စုတ်။     ။ စိတ်လေတယ် ဦးရုက္ခစိုးရေ။ သူ့ဘာသာ အရူးထတာက အကြောင်းမဟုတ်ဘူး။ ကျနော်လည်း မနေရဘူး။ ဒီ အမြီးမှန်း အမောက်မှန်း မသိတဲ့ ကင်မရာကြီးနဲ့ သူ့ကိုရိုက်ပေးပါဆိုလို့ ရိုက်ပေးနေရတာသာ ကြည့်တော့။
ဖိုးရှုပ်က ဂျယ်များဖြင့် သထားသည့် သူ့ဆံပင် ပုံမှန် ရှိမရှိကို မှန်ထဲတွင် သေချာစွာကြည့်ရင်း ကြွက်စုတ်ကို ဘုကြည့် ကြည့်လိုက်သည်။
ဖိုးရှုပ်။     ။ ဟကောင်ရ … ကံကောင်းရင် မင်းကော၊ ငါကော ကမ္ဘာကျော်မှာလေ။ အခုဆို ငါ့မျက်နှာက ဒေဝါလီ အင်တာနက် စာမျက်နှာကို ဝင်ကြည့်တဲ့သူတိုင်း မသိသူမရှိ မဟုတ်ဘူးလား။ မင်းလည်း ကင်မရာမင်းဆိုတဲ့ နာမည် ရမှာလေ။ အခု ခေတ်က မာလ်တီမီဒီယာခေတ် ဖြစ်နေပြီ။ သူများ ဗီဂျေဆို ကိုယ်လည်း ဗီဂျေရမယ်။ သူများ တွီတာဆို ကိုယ်လည်း တွီ နိုင်ရမယ်၊ သူများ ဖေ့စ်ဘုဆို ကိုယ်လည်း ဖေ့စ်ဘု အမီလိုက်ရမယ် ဟုတ်တယ်မဟုတ်လား။
ဖိုးရှုပ်က ကိုဂေါ်ကြီးပြောနေကျ လေအတိုင်း တသဝေမတိမ်း ကြွက်စုတ်ကို ပြောလိုက်သည်။
ဖိုးရှုပ်။     ။ အခုဆို ငါတော်လို့ ကိုဂေါ်ကြီးလည်း ဆုတွေဘာတွေ ရသွားတယ်မဟုတ်လား။
ကြွက်စုတ်။     ။ အလကားနေရင်း ပဏ္ဍာက ဝင်ယူပြန်ပြီ။ သူ့ဘာသာဆုရတာ မင်းနဲ့ ဘာဆိုင်လဲ။
ဖိုးရှုပ်။     ။ ဆိုင်တယ်လေ … သူပဲ ပြောတာပဲ။ သူ့ဝန်ထမ်းတွေလည်း တော်လို့ အခုလို ဆုရတာပါတဲ့။ သူ့ဝန်ထမ်း ဆိုလို့ ငါတယောက်တည်းရှိတဲ့ဟာ … ငါတော်လို့ပေါ့ကွ။
ရုက္ခစိုး။     ။ ကဲပါ တော်ကြပါတော့။ မင်းတော်တာ သိပါတယ်။ ဒါပေမယ့် ခုနက မင်း ပွစိပွစိ လုပ်နေတာတွေက ဘာတွေလဲ။ ဝမ်ချောင် မာဟန့် တွေကော၊ ကျန်းလုံ ကျောက်ဟူတွေကော။
ဖိုးရှုပ်။     ။ တရုတ်ပြည် ရောက်နေတာလေ။ အဲဒီတော့ တရုတ်လို ကျင့်နေရတာပေါ့ ဦးရုက္ခစိုးရဲ့။ ယောင်းမရောက်ရင် ယောင်းမလို ကျင့်ရတယ်ဆိုတဲ့ စကားလည်း ရှိသားပဲ။
ရုက္ခစိုး။     ။ ရောမရောက်ရင် ရောမလို ကျင့်ပါကွာ၊ မင်းလုပ်မှပဲ ...။ ဒါနဲ့ … ကျန်ကျောင်း ပေါင်ချိန် တို့ ကုန်းစွန်း တို့က တရုတ်စကားလည်း မဟုတ်ဘဲနဲ့။
ဖိုးရှုပ်။     ။ ဒါက တရုတ်ကားတွေထဲက ကြားကြားသမျှကို မှတ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ ဦးရုက္ခစိုးရယ်။
ကဲ ကဲ ကြွက်စုတ် အဆင်သင့် ဖြစ်ရင် သွားရအောင်။ ဦးရုက္ခစိုးလည်း လိုက်ခဲ့နော်။
ရုက္ခစိုး။     ။ ငါက ဘာလိုက်လုပ်ပေးရမှာလဲ။
ဖိုးရှုပ်။     ။ (မျက်နှာကို ခရင်ပတ်နှင့် တို့ရင်း) ဦးရုက္ခစိုးက ကျနော် ဗီဒီယို ရိုက်တဲ့အခါကျရင် မျက်နှာမှာ ချွေးစို့နေလား၊ ဆံပင်ပုံပျက်နေလား ဆိုတာ ကြည့်ပေးလေ။
ရုက္ခစိုး။     ။ တော်စမ်းပါကွာ၊ ဟိုက ချိုကုပ်ဒူးကြီးလုပ်သမျှ မျက်စိလည်ရတဲ့အထဲ … မင်း မျောက်မူးလဲ လျှောက်လုပ်တာ ကြည့်ပြီး နတ်သက် စောစောကြွေနေပါ့မယ်။
ကြွက်စုတ်။     ။ ဟာ မျောက်မူးလဲဆိုလို့ အခုမှ သတိရတယ် ဦးရုက္ခစိုး … အခု ချိုကုပ်ဒူးကြီးရဲ့ ခရီးစဉ်မှာ သူ့မြေး မျောက်မူးလဲ ဖိုးလောက်လန်းလည်း ပါတယ်ဗျ။
ရုက္ခစိုး။     ။ ကြည့်ရတာ တရုတ်ပြည်ကို မိသားစုလိုက်လာပြီး မြန်မာပြည်က ထွက်ပြေးရတဲ့ အချိန်ကျရင် အောင်းဖို့ ဂူ လာ ရှာတာထင်တယ်။
ဖိုးရှုပ်။     ။ ကဲကဲ ဦးရုက္ခစိုး၊ ဘာမှ ပြောမနေနဲ့တော့၊ လိုက်ခဲ့ဗျာ။ ဟိုတယ်မှာ တပါးတည်း ယောင်ချာချာ ဖြစ်နေမယ်။
ဦးရုက္ခစိုးမှာ ငြင်းပင် ငြင်းနေရသော်ငြားလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆွဲခေါ်သည့်နောက်သို့ ဒရွတ်ဆွဲ ပါသွားခဲ့ပြီ ဖြစ်သည်။ သူတို့ လေဆိပ်သို့အရောက်တွင် ချိုကုပ်ဒူးကြီးတို့ စီးလာသည့် လေယာဉ်လည်း ဆိုက်လာသည်။ လေယာဉ်ပေါ်မှ နေ၍ ချိုကုပ်ဒူးကြီးနှင့် အပေါင်းအပါများ ဆင်းလာကြသည်။
ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်၊ ၎င်းတို့၏ မြေး မျောက်လောင်း ခေါ် ဖိုးလောက်လန်း တို့၏ နောက်မှ ကပ်လျှက်သား လူတဦး ပုဆိုးကွင်းသိုင်းနှင့် ဆင်းလာသည်။ ထိုသူမှာ မနေ့တနေ့ကမှ ချိုကုပ်ဒူးကြီး လူဝတ်လဲပေးလိုက်သည့် ချိုကုပ်မက ဦး မကျ ရွှေပန်း ဖြစ်သည်။ ဖိုးရှုပ်က ရွှေပန်းနားသို့ ကပ်သွားသည်။
ဖိုးရှုပ်။     ။ ချိုကုပ်ရွှေပန်း … အဲ … ဦးရွှေပန်း။ ဘယ်လိုဖြစ်ပြီး ပုဆိုးကွင်းသိုင်းလာတာလဲဗျ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အမျိုးသားဝတ်စုံ ဝတ်ခဲ့ရမယ် ဆိုလို့လေ။ ရန်ကုန်က အထွက်မှာတော့ မိန်းမက ပုဆိုးကို သေချာစည်းပေးလိုက်တာပဲ။ ဒါပေမယ့် လေယာဉ်ပေါ်က အဆင်းမှာ မျောက်လောင်းလေးက ပုဆိုးစ တက်နင်းလိုက်လို့ ကျွတ်သွားတယ်လေ။ ပြန်မဝတ်တတ်တော့တာနဲ့ အခုလို ကွင်းသိုင်းထားတာပါ။
ဖိုးရှုပ်နှင့် ဦးရွှေပန်းအမေးအဖြေကို ကြွက်စုတ်က မှတ်တမ်းတင်နေသည်။ ဖိုးရှုပ်က ဦးရွှေပန်းပုံများထက် သူ့ပုံကို များများရိုက်ရန် ကြွက်စုတ်ကို အချက်ပြသည်။ ကြွက်စုတ်က ကင်မရာမင်း အစစ်မဟုတ်သောကြောင့် ခေါင်းပြတ် ခြေပြတ်ရုပ်ပုံများသာ ရိုက်ယူနိုင်သည်ကို ဖိုးရှုပ်မသိပေ။
ဖိုးရှုပ်။     ။ အခုဆိုရင် လူဝတ်မလဲတာဆိုလို့ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်ကြီးမောင်ကွေးတို့ပဲ ကျန်တော့တယ်နော်။ ဘာဖြစ်လို့ အခုလို လုပ်တယ်လို့ ဦးရွှေပန်း ထင်ပါသလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက သူ့လက်အောက် ငယ်သားတွေ အပေါ် သိပ်အနစ်နာခံတယ်ဗျ။ ဝမ်းတွင်းမှာ ပုဆိုးတွေ မှာထားတာ အကုန် မရသေးတော့ သူက အနစ်နာခံတဲ့အနေနဲ့ ကျုပ်တို့ကို အရင်ပေးလဲတာပါ။ သူက နောက်မှ လဲမယ်လို့ ပြောပါတယ်။
ဖိုးရှုပ်။     ။ ဒါဆို ချိုကုပ်ကြီး မောင်ကွေးကကော ဘာလို့ ပုဆိုးမလဲတာလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အနစ်နာခံတော့ ချိုကုပ်ကြီးမောင်ကွေးကလည်း အားကျမခံ သူလည်း ပုဆိုး မလဲသေးဘူး ဆိုပြီး နံစော်နေတဲ့ စစ်ဘောင်းဘီကြီးကို ဆက်ဝတ်ထားတာပါ။ တော်တော့်ကို ခေါင်းဆောင်ပီသတဲ့ သူတွေပါ ခင်ဗျာ။ နှစ် ၂၀ ကျော်ဝတ်ထားတဲ့ ဒီ စစ်ဘောင်းဘီကြီးတွေကို အနစ်နာခံပြီး ဘယ်လို ခေါင်းဆောင်မျိုးက ဝတ်မှာတဲ့လဲဗျာ။ ကျုပ်တော့ အရမ်းကို လေးစားတယ်။
ဦးရွှေပန်းက ပြောရင်းဝမ်းနည်းလာပြီး မျက်ရည်များပင် ကျလာလေသည်။ ချိုကုပ်ဒူးကြီးကတော့ သူ့ကိုလာကြိုသည့် တရုတ်ခေါင်းဆောင်များနှင့် လေပေးဖြောင့်နေလေသည်။
“ရှဲ့ရှဲ့ … ကျဲ့ကျဲ့ … ရှိဖော ...”
“အိစံ … ကွစံ … ပေါက်စီ … ခေါက်ဆွဲကျော် … ကြာဆံကျော်”
“ဆံပြုတ် … ဆုတ်ပြန် … ဒင်းဆန်း”
ဖိုးရှုပ်က ချိုကုပ်ဒူးကြီးနားသို့ ပြေးကပ်သွားပြန်သည်။
ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာတာ ဝ ကိစ္စလို့ ပြောနေကြတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ချိုကုပ်။     ။ မှန်လယ် မှန်လယ် … ဝ ကိစ္စကလွဲလို့ ဘာရှိဦးမှာလဲ။ ဝ ကိစ္စက အများကြီး ရှိလယ်လေ။ ဝ က … ဟိုတခါက အိန္ဒိယကို တွားလိုက်တော့ ထောင်ကဲတွေက ဝ ကို မုန်းလယ်လေ။ အဲဒါ လာချော့ရတာပေါ့။ ဒါမှ ထောင်ကဲတို့က ဝ ကို ချစ်မှာလေ။
“ဟိုက် … သူပြောတဲ့ ဝ ဆိုတာ သူ့ကိုယ်သူ ပြောတာကိုး” ဟု ဦးရုက္ခစိုး စိတ်ထဲက ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ဟုတ်ကဲ့ … ဝ ကိစ္စ အပြင် ဘာရှိသေးလဲ ခင်ဗျ။
ချိုကုပ်။     ။ ဝ ကိစ္စ အပြင် ဘာမှ မရှိပါဘူး။ ဝ ကိစ္စ၊ ဝ မိန်းမ ကိစ္စ၊ ဝ မြေး ကိစ္စ၊ ဝ သမီးတွေ ကိစ္စ … ဒါတွေက အရေး အကြီးဆုံးလေ။
ဖိုးရှုပ်။     ။ သြော် ချိုကုပ်ဒူးကြီးတောင် တော်တော် တရုတ်သံ ပေါက်နေပြီပဲ။
ချိုကုပ်။     ။ ဒါကတော့ ထောင်ကဲတို့၊ ပေါက်ဖော်တို့ ကျေနပ်အောင် ဝဲပြရတာလေ။ စူတို့ ချစ်အောင် လုပ်ရမယ်လေ။ ဟုတ်တယ် မီဟုတ်လား။ ရှဲရှဲနီ ရှဲရှဲနီ ...။
ဖိုးရှုပ်။     ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ဒီခရီးစဉ်မှာ ဘာလို့ ဖိုးလောက်လန်း ကိုပါ ခေါ်လာရတာလဲ ခင်ဗျာ။
ချိုကုပ်။     ။ ဝ က အီခု တိုင်းပြည်ကို … ပြောင်းလဲဖို့ လုပ်နေတယ် မီဟုတ်လား။ တိုင်းပြည်ပြောင်သွားရင် … အဲ … တိုင်းပြည် ပြောင်းသွားရင် … တီရုတ်က အစုတ်ပလုတ်တွေ အရင်ထက် ပိုသွင်းမယ်၊ ဝတို့ဆီက ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေ၊ ဓာတ်ငွေ့တွေ အရင်ထက် ပိုထုတ်မယ်။ ထောင်ကဲတို့အကြိုက် လုပ်ရမယ်လေ။ အဲလို လုပ်တဲ့အခါမှာ စီးပွားရေးလောကထဲ ဝင်ရှုပ်တတ်အောင် ဖိုးလောက်လန်းကို အခုကတည်းက လေ့လာဖို့ ခေါ်လာတာပါ။
ဖိုးရှုပ်။     ။ ဒါထက် ချိုကုပ်ဒူးကြီးက လုပ်ငန်း တော်တော်များများကို ပုဂ္ဂလိကပိုင် အဖြစ် ပက်ပက်စက်စက် ပေးနေတယ်နော်။
ချိုကုပ်။     ။ ပုဂ္ဂလိကပိုင် မီဟုတ်ဘူးလေ။ တေဂွပိုင်လို့ ပြောပါ။ အားလုံး တေဂွကို ပေးတာ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပဲလေ။
ဖိုးရှုပ်။     ။ နောက်ထပ်ကော တေဂွကို ဘာတွေ ထပ်ပေးဦးမှာလဲ ခင်ဗျ။
ချိုကုပ်။     ။ အခု ထပ်ပေးဖို့ စီစဉ်ထားတာကတော့ ဝ မိန်းမ ကွိုင်ကွိုင်နဲ့ သမီးတွေပါ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲ။
ဖိုးရှုပ်။     ။ ဒါဆို အခုတလော အသုံးအစွဲ အရမ်းကြီးတယ်လို့ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မလေးတယောက် ကကော … သူလည်း တေဂွပိုင်လို့ ကြားတယ်နော်။
ချိုကုပ်။     ။ သြော် တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲဆို ...။
ထိုစဉ် ရုတ်တရက် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ ချိုကုပ်ဒူးကြီး၏ အဖြေစကားကို ဒေါ်ကွိုင်ကွိုင်ကြားသွားပြီး ဒေါသ ထွက်သွားသဖြင့် ၎င်းကိုင်ဆောင်လာသော လက်ကိုင်အိတ်ကြီးဖြင့် ချိုကုပ်ဒူးကြီးကို လှမ်းထုလိုက်သောကြောင့် ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင့်ဒေါသကို သိသော ချိုကုပ်ဒူးကြီးက ထွက်ပြေးလေရာ ၎င်းနောက်က လူအုပ်ကြီးလည်း တသီတတန်း လိုက်ပါရလေသည်။
ထိုသို့ ပြေးကြလွှားကြရင်း တရုတ်သိုင်းဝတ္ထုထဲကအတိုင်း မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ကြွက်စုတ်လက်ထဲက ကင်မရာကြီးမှာ ပြုတ်ကျပြီး တစစီ ကျိုးပဲ့ ကွဲကြေသွားလေတော့သည်။
ထို့ကြောင့် ဖိုးရှုပ်၏ “ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်” အင်တာဗျူး ရုပ်သံမှတ်တမ်းကို ဒေဝါလီ ပရိသတ်တို့ ကြည့်ရှုခွင့် မရနိုင်ကြောင်း တောင်းပန်အပ်ပါသည်။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

No comments:

Post a Comment