မိုးမခ ၀င်း
စက်တင်ဘာ ၁၆၊ ၂၀၀၈
စက်တင်ဘာလ ၂၀၀၇ ခုနှစ် ၂၆ ရက်။ အဲသည်နေ့က ဖုန်းတခုဝင်လာတယ်။ ဘုန်းကြီးကျောင်းတွေ သူပုန်တပ် ၀င်စီးသလို ၀င်စီးခံရတယ် ညက တုတ်တွေနဲ့ ဘုန်းကြီးတွေကိုရိုက်တယ်။ ရှိရှိသမျှ လူတွေကို ဒူးတုတ်ထိုင်ခိုင်း၊ ကြိုးတုပ်၊ မော့ကြည့်ရင်ရိုက်၊ ဘုန်းကြီးတွေ ဆရာတော်ကြီးတွေမရှောင် ဆွဲတယ် ရိုက်တယ်။ တညလုံး အုံးမောင်းခေါက်သံတွေ ကြားရတယ်။
ပြောတဲ့သူရဲ့အသံတွေ တုန်နေတယ်။ဘုန်းကြီးကျောင်းတွေဆိုတာ ဒီလို ၀င်လုပ်ရဲတဲ့မြေမှ မဟုတ်တာ …။ မယုံဘူး။ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေဟာ အဖြစ်မှန်တွေဖြစ်ခဲ့ရတယ်။ ဘုန်းကြီးကျောင်းမြေ ဆိုတာ ဖိနပ်တောင်ချွတ်ပြီး ၀င်ရတဲ့မြေ။ အဲသည်လို ဘာလို့ လုပ်ရဲတာလဲ ဆိုတာ မတွေးဝံ့ပါဘူး။
ဘုန်းကြီးကျောင်းကသူတွေအားလုံး အေးအေးဆေးဆေး ဖမ်းရင်တောင် အားလုံးက ခေါင်းငုံ့ အဖမ်းခံမယ့်သူတွေပါ။ သို့ပေမယ့် သူတို့လုပ်ရဲတယ်။ အငြိုးတကြီးနဲ့။
ဘာကြောင့်လဲဆိုတော့ … “၈ ၈ ၈ ၈” နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တာ။ ဘုန်းကြီးတွေကနေ စပြီး နောက်ပိုင်းမှာ လူထုက ပါဝင် လာခဲ့တာ။
ဘုန်းကြီးကိုတော့ မလုပ်ကောင်းပါဘူး လို့ တွေးခဲ့ကြတယ်။ ဘုန်းကြီးတွေက အလယ်ကနေပြီး ရပ်တည်ပေးမယ် ဆိုရင် ပြဿနာတွေဖြေရှင်းနိုင်မယ်လို့ တွက်ခဲ့ကြတယ်။
ဒါပေမယ့် ဒီစစ်အစိုးရက အာဏာကို လက်လွှတ်ရတော့မှာကို ကြောက်ရွံ့စိတ်ကြီးမားစွာနဲ့ လက်နက်နဲ့ ဖြေရှင်းခဲ့တယ်။ ဟုတ်လည်း ဟုတ်ခဲ့တယ်လေ။ ဒါကို ရင်နာနာနဲ့ပဲ ပြောရတော့မယ်။
ဘာလဲ ကမ္ဘာက သိသွားသတဲ့လား … နိုင်ငံတကာရဲ့ ဖိအားတဲ့လား။
မြန်မာပြည်သားတွေ အယုံအကြည် မရှိတော့ဘူး။ ၈ ၈ ၈ ၈ ထဲက အဖြူ အမည်း သဲကွဲခဲ့တဲ့ အခြေအနေကို အနှစ် ၂၀ ကြာပြီးတဲ့တိုင် ဒီအတိုင်း ကြည့်နေခဲ့ကြတာပဲ။ အဲဒါကိုမြင်တယ် လို့ ခပ်ရိုင်းရိုင်းပဲ ဆိုလိုက်တော့မယ်။
အခုဆို တဖြေးဖြေးနဲ့ မြန်မာစစ်အစိုးရဲ့ လုပ်ရပ်တွေကို အားကျနေတဲ့ နိုင်ငံတွေ ပေါ်လာပြီ။ အချိန်ဆွဲတာတို့၊ ဖမ်းထားတဲ့သူတွေကို သူတို့ အကြပ်အတည်း ရောက်လာရင် တစ်ယောက်လောက် ဟန်ပြ လွှတ်ပြလိုက်တာတို့၊ ဓားစာခံလုပ်ဖို့ သူတို့ဖမ်းထားသူတွေထဲက အရေးမပါတဲ့သူတွေကို လွှတ်ပြလိုက်တော့ တကယ် လွတ်ရမယ့် ဦးဝင်းတင်တို့က နောက် ရောက် ရောက်သွားရော။
ကိုကိုကြီးတို့မင်းကိုနိုင်တို့ဆို … သူတို့ အကျဉ်းထဲ အကြပ်ထဲ ရောက်ရင် လွှတ်ဖို့ ထား ထား တာ။
ကိုကိုကြီး ကိုယ်တိုင်တောင် ၀န်ခံ ပြောသွားဖူးပါရဲ့။
“ကျနော်တို့က ဓားစာခံတွေ ဖြစ်ခဲ့ရပြီဗျာ … ”တဲ့။
ဒီ စစ်အစိုးရ လုပ်ရပ်တွေ ရိုးနေပြီလို့ ဆိုချင်ပေမယ့် စစ်အစိုးရရဲ့ လုပ်နည်း လုပ်ဟန်တွေကို လေ့လာ စောင့်ကြည့်ပြီး ကမ္ဘာက အားကျနေကြပြီ။ သူတို့လည်း လိုက် လုပ်ချင်နေကြပြီ။
ဘာလဲ ဂန်ဘာရီ။ ဘာလဲ ပီညဲရိုး ။ ဘာလဲ ကုလသမဂ္ဂ။ ဘာလဲ အီးယူ ။ ဘာလဲ ယူအက်စ်။
မယုံပါဘူး။ အလကား …
သူတို့ တကယ်ပဲ မြန်မာပြည်သားတွေအပေါ် မေတ္တာရှိရင် မကြာပါဘူး။ အဖြေ တခုတော့ ထုတ်ပြီး လောက်ပြီ။ အခုလည်း မဒမ် ဘွတ်ရှ်က နယ်စပ်က ဒုက္ခသည်တွေနဲ့သွားတွေ့သလေး ဘာလေး လုပ်ပြ နေပြန်ပြီ။
တွေ့မှာပေါ့… မြားဦးက သူတို့ဘက် လှည့်လာပြီကိုး။ နည်းနည်း ဟန်ပြတော့ လုပ်ပြမှာပေါ့။ ပြီးရင် တရုတ် အိုလံပစ်ပွဲကို ဆက်သွားပြီး ချီမြှင့်အုံးမှာ ဆိုတော့ …။ ဒီက မြန်မာတွေခင်မျာ သာဓုသာ နာနာ ခေါ်ပြီး ကျန်ရစ်ရတာပေါ့။ ဒီက လူတွေမှာတော့ … လေသံ မိုးသံတွေ နားစွင့်ပြီး ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလားတောင် မသိတတ်တော့ပါ။
ကဲ ဘယ်လိုမျိုး ခရီးဆက်ကြရမှာလဲ။ ဘယ်သူမှလည်း အားကိုးလို့ မရမှတော့ မရမယ့်အားလည်း ကိုးကွယ်ပြမနေတော့ပါဘူးနော်။ စစ်အစိုးရရဲ့ စစ်ဖိနပ်အောက်ထဲမှာ ဘယ်လို နေမှာလဲ။ ဘယ်လို အသက်ရှင်မှာလဲ။ ဘယ်လို ခရီးကိုရောက်အောင် ချီတက်ကြမှာလဲ။
သူတို့ကြောင့် အသက်တိုအောင် မနေနဲ့တဲ့။ သူတို့ကြောင့် အသက်ရှည်အောင်နေ … တဲ့။ မိတ်ဆွေ တဦးက မှာတယ်။ အဲသည်လို သစ္စာမဖောက်တဲ့ အမှန်တရားကိုသာ ဖက်တွယ်တဲ့ မိတ်ကောင်းဆွေကောင်းများနဲ့သာ ရွေးချယ်ပေါင်းသင်းနေထိုင်ပါတော့မယ်။ သူတို့အရေး ကိုယ့်အရေးကို ညီညွတ်ချစ်ခင်စွာနဲ့သာ ရိုင်းပင်းပါတော့မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့အတွက်ကြောင့်၊ ထောင်ထဲက သူရဲကောင်းများကို လေးစားတဲ့အတွက်ကြောင့်၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အသက်စွန့်ခဲ့တဲ့ ရဟန်းတွေ၊ လူငယ်တွေ၊ မိသားစု အာဇာနည်တွေကို အလေးဂရုပြုတဲ့ အတွက်ကြောင့် ငါတို့ရဲ့ ဘ၀နဲ့ လူမှုဝန်းကျင်ကို သူတို့နဲ့သာ တည်ဆောက် ရှင်သန်ပါတော့မယ်။
ကလေး သူငယ်များကို မကောင်းမှုကို မလုပ်ဖို့၊ အားမကျမိဖို့ ငါတို့ ပြောပြမယ်။ သူတို့ အမှန်တရားအတွက် ရပ်တည်ရဲလို့ ထိခိုက်နာကျင် ပြိုလဲတဲ့အခါတိုင်းမှာ ငါတို့တတွေ သူတို့ရှေ့က ကာကွယ်တားဆီးရဲတဲ့ သတ္တိ မရှိခဲ့ရင်တောင် သူတို့ကို ငါတို့ ထွေးပိုက်ကြင်နာမှု မေတ္တာကို ပြကြမယ်။
စစ်ဘီလူးတွေ ဖျက်ဆီးလိုက်တဲ့ ဘုန်းကြီးကျောင်းတွေ၊ အိမ်ယာတွေ၊ မိသားစုတွေ၊ ဘ၀တွေ၊ အသက်လိပ်ပြာတွေ အားလုံးဟာ ငါတို့ရဲ့ မိတ်ကောင်းဆွေကောင်း မိတ်စစ်ဆွေစစ်တွေရဲ့ အရာအားလုံးအဖြစ် သဘောထားပြီး သူတို့တွေကို တစစီ ပြန်ကောက်လို့ သူတို့တွေနဲ့ ငါတို့ ပတ်ဝန်းကျင်ကို ပြန်ထူထောင်ကြမယ်။
ဒီလိုပဲ တွေးမိပါတယ်။
ငါတို့တတွေ မင်းတို့ကြောင့်တော့ အသက်တိုအောင် မနေပါဘူး။ အသက်ရှည်အောင် နေကြမယ်။
အမှန်တရားကို ချစ်တဲ့ မိတ်ဆွေစစ်များကိုသာ ရွေးချယ်ပေါင်းသင်းခြင်းနဲ့ …။
စစ်တပ်အလိုတော်ရိတွေနဲ့ သူရဲဘောကြောင်သူတွေအတွက် ငါ့မှာ အချိန်ပေးစရာ မရှိပါ။
ငါတို့က လူ့ဘ၀မှာ တခါပဲ ရှင်သန်ခွင့်ရတယ်။ ငါတို့ တခါပဲ သေမယ်။ ခဏ ခဏတော့ မသေဘူး။
ရှက်လွန်းလို့ …။
မိုးမခဝင်း
မိုးမခဘလော့မှကူးယူဖေါ်ပြသည်။
9.16.2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment