သူတို့အတွေး သူတို့ အမြင်
၂၈ ဇူလိုင် ၂၀၀၉ ဥစ္စာဓန မက်မောသူများလို့ ဆိုလိုက်တော့ ဥစ္စာဓန မမက်မောတဲ့လူ ဘယ်မှာရှိလို့လဲလို့ မေးစရာရှိပါတယ်။ မက်မောတယ်လို့ ဆိုရာမှာ ဥစ္စာဓနကိုရယူဖို့ လမ်းစရှိသူတွေ တနည်းအားဖြင့် ရယူနိုင်ဖို့ အနေအထားရှိသူတွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ကုန်ကုန်ပြောရရင် ကုန်းကောက်စရာ ဘာတခုမှမရှိလောက်အောင် ဆင်းရဲနုံချာရှာလွန်းသူတွေကိုတောင် “ဥစ္စာဓနတွေ မလိုချင်ဘူးလား” လို့ ပေါ့ပေါ့တန်တန်လေးမေးရင် “လိုချင်တာပေါ့” လို့ ပြန်ဖြေရုံမက မေးသူကိုပါ “ဒီလို အရည်မရ အဖတ်မရတဲ့ မေးခွန်းကို ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေသေးလဲ” လို့ အပြစ်တင်တဲ့အကြည့်နဲ့ပါ ပြန်ကြည့်လိုက်ပါဦးမယ်။ ဒါ့ကြောင့် ဥစ္စာဓန မက်မောတယ်ဆိုတာ အဲဒီလို ဘ၀နင်းပြား ဖြစ်နေရှာရသူတွေနဲ့ မဆိုင်ဘူးလို့ ကျနော်ဆိုလိုပါတယ်။
မိဘလက်ထက်က လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်း သို့မဟုတ် အရင်းအနှီး တစုံတရာ သို့မဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အကြားအမြင် အတွေ့အကြုံ၊ အဆက်အသွယ် အသိုင်းအ၀ိုင်း တစုံတရာရှိသူတွေ အစရှိတဲ့ အနေအထားမျိုးကို ရရှိပိုင်ဆိုင်ထားသူတွေကလည်း ဥစ္စာဓနကို ‘မက်မောအား’ ရှိကြပါတယ်။ ဒီဆောင်းပါးမှာ သူတို့တတွေ ဥစ္စာဓန မက်မောတဲ့ အကြောင်းကိုလည်း ဆွေးနွေးစရာမရှိပါ။
နောက်တမျိုးဖြစ်တဲ့ ဗိုလ်သန်းရွှေတို့လို အတုလံအတုမရှိတဲ့ အာဏာ (ကိုယ့်တိုင်းပြည် ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာပါ) ပိုင်စိုးထား သူတွေအဖို့တော့ ‘ဥစ္စာဓနမက်မောအား’ အရှိဆုံးဖြစ်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပါပဲ၊ မက်မောလွန်းအားကြီးလို့ ရာဇဣနြေ္ဒတောင်မဆည်နိုင်ကြဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာတွေ။ ‘ရွှေလက်တို့ ဘုရင်ကြီး’ လို သူတို့လက်နဲ့တို့ရာ ရွှေဖြစ်နေကြတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ထပ်နေပါပြီ။ မီဒီယာမှာ မကြားချင်၊ မဖတ်ချင်အဆုံးပါ။
ကျနော်ဆွေးနွေးတင်ပြချင်တာက ‘သန်း ၄၀ (ခုတော့ သန်း ၅၀၊ ၆၀ လောက်ရှိနေပြီလို့ ထင်ပါတယ်) ပြည်သူတွေအတွက်’ တို့၊ ‘(---) လူမျိုးအတွက်လို့’ ဆိုတဲ့ စကားမျိုးတွေ တွင်တွင်ပြောပြီး ဥစ္စာဓန မက်မောတဲ့ လူတွေရဲ့ ထုတ်ဖော်ကြေညာထားတဲ့ စေတနာဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။
ဗမာပြည်ရဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ လူမျိုးရေးအခြေခံတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ အဲဒီ လူမျိုးရေးအဖွဲ့အစည်းတွေမှာ အများအားဖြင့် မိမိတို့လူမျိုးထဲမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြပါဘူး။ ဒီတော့ အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းရာမှာ မိမိတို့အဖွဲ့အစည်းဟာ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်း သို့မဟုတ် ပါတီလဲဆိုတာကို သတ်မှတ်ထားခြင်း မရှိကြပါဘူး။ တချို့အဖွဲ့အစည်းတွေကျတော့ အမျိုးသားရေး ကြွေးကြော်ပေမယ့် လူတန်းစားတည်ရှိမှုကို အသိအမှတ်ပြုပြီး မိမိအဖွဲ့အစည်းဟာ ဘယ်လူတန်းစားကို အခြေခံတယ်၊ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို သတ်မှတ်ဖော်ပြပါတယ်။ သာဓကအားဖြင့်ဆိုရင် တချိန်တုန်းက ရှိခဲ့ဖူးတဲ့ KNUP ပါတီ။
တကယ်တော့ (ဘုံစနစ်ကျင့်သုံးနေတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းအဆင့် လူ့အဖွဲ့အစည်းတွေကလွဲရင်) လူ့အဖွဲ့အစည်းမှာ လူတန်းစားတွေ တည်ရှိနေ တယ် ဆိုတာ ကို အသိအမှတ်ပြုကြတာချည်းပါပဲ။ လူတန်းစားတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအခြင်းအရာတွေမှန်သမျှဟာ လူတန်းစားနဲ့ ကင်းလွတ် တာရယ်လို့ ဘာတခုမှ မရှိပါဘူး။ ယဉ်ကျေးမှုမှာတောင်မှ အခွင့်ထူးခံ လူတန်းစား ရဲ့ ယဉ်ကျေးမှု (elite culture) နဲ့ အများပြည်သူ့ယဉ်ကျေးမှု (popular culture) ရယ်လို့ ကွဲပြားခြားနားပါတယ်။ အကျိုးစီးပွားချင်း အပြန်အလှန် ပဋိပက္ခ တွေဖြစ်နေပြီး အကျိုးစီးပွားချင်း လုနေ သို့မဟုတ် ထိန်းညှိနေရတဲ့ နိုင်ငံရေး နယ်ပယ်မှာ လူတန်းစားတည်ရှိမှုကို အသိအမှတ်မပြုတာဟာ ပကတိ အဖြစ်မှန်ကို မမြင်တာ သို့မဟုတ် တမင်ငြင်းကွယ်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိဘယ်လူ တန်းစားရဲ့ ပါတီလဲဆိုတာကို အသိအမှတ်ပြုရမှန်း မသိ သို့မဟုတ် အသိအမှတ်မပြုပေမယ့် အဲဒီပါတီဟာ လူတန်းစားတရပ်ရပ်ရဲ့ ပါတီဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။
ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက ပညာတတ်လူငယ်တယောက်က “ကျနော်တို့ပါတီက ဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးဆိုတော့ ဧကန္တ ဓနရှင် ပေါက်စလူတန်းစားပါတီလား၊ “ဓနရှင် လူတန်းစားပါတီလား တခုခုတော့ တခုခုပဲဗျ” လို့ ပြောခဲ့ဖူးပါတယ်။
ဗမာပြည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ကြည့်လိုက်ရင် အဲဒီလို အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်ဟာ ထုတ်ပြန်ကြေညာပြီး ပြဋ္ဌာန်းပေးစရာတောင်မလိုတဲ့ သန္ဓေပါ အခွင့်အရေး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်လိုက် ငယ်သားကနေ ခေါင်းဆောင်ထိပ်သီးပိုင်းအဆင့်အထိ စီးပွားရေးလုပ်ပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ခွင့်ရှိပါတယ်။ “ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပေါ့” လို့ ထိပ်တန်း ခေါင်းဆောင် အဆင့်ရှိသူတယောက်က ပြောပါတယ်။
ဒါဆိုရင် အဖွဲ့အစည်းက ရဲဘော်တဦးချင်းရဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူးလားလို့ မေးစရာရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထောက်ပံ့ပါတယ်။ ဒါကို ‘ကိုယ့်စားဝတ်နေရေးအတွက်’ လို့ နားလည်ထား ပုံမရပါဘူး။ အတိအကျပြောရရင် ‘တောမခိုခင်တုန်းက ရှိခဲ့ဖူးတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး သို့မဟုတ် သည့်ထက်မကတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး ရရှိရေးအတွက်’ လို့ အဓိပ္ပာယ်ရပါတယ်။
ကျောင်းသားလူငယ်ဘ၀ကတည်းက တောခိုလာခဲ့ပြီး ခု ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်နေသူတဦးက သူ့မှာပိုင်ဆိုင်ထားတဲ့ သားသားနားနား အိမ်တလုံးရယ်၊ သိန်းရာပေါင်းများစွာ ကာလတန်ဖိုးရှိတဲ့ စီးပွားရေး ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ “တော်လှန်ရေးထဲရောက်လာတုန်းက လက်ချည်း ဗလာသက်သက်ပဲဗျ။ ဒါတွေက နောက်မှ ဖြစ်လာတဲ့ ဟာတွေပါ” လို့ ရိုးရိုးသားသား ပြောပါတယ်။ (သူဒီလိုပြောတော့ ဥပဒေဘောင်ထဲက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ သိန်းတထောင်ကျော်တန် ဆိုင်ခန်းတခန်း စစ်အစိုးရရဲ့ အသိမ်းခံရကြောင်း သတင်းကို သွားသတိရမိပါသေးတော့တယ်။)
မိမိလူမျိုးအတွက် လုပ်နေပါတယ်လို့ ပြောရင်း မိမိလူမျိုးရဲ့ အများတကာ အများစုကြီးမှာတော့ ကဗျာဆရာ တယောက် ရေးခဲ့သလို ‘တွေ့ရာအနုပ်၊ ဟောင်းညစ်ပုပ်တဲ့၊ ရုပ်ပုံလွှာထဲ’ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေကြရှာတာကို လူချမ်းသာ ‘တော်လှန်ရေးသမား’ ပုဂ္ဂိုလ်ကြီးတွေ မမြင်လေရော့သလား၊ ဒါမှမဟုတ် ‘ဒို့ကောင်းစားတာ ဒို့လူမျိုး ကောင်းစားတာနဲ့ အတူတူပဲပေါ့။ ဒို့လူမျိုးတွေ ဂုဏ်ယူစရာပေါ့လို့ လူမျိုးရေးအမြင်နဲ့ ရိုးသားစွာ မြင်နေရော့သလားမသိပါ။
လူမျိုးရေးအမြင်လောက်ပဲရှိတာ၊ လူမျိုးတမျိုးထဲမှာ လူတန်းစားတွေ ရှိနေခြင်း၊ အဲဒီလူတန်းစားတွေရဲ့ အပြန်အလှန် ဆက်ဆံရေး၊ လူတန်းစားတရပ်ချင်းရဲ့ (တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့) အခန်းကဏ္ဍတွေကို အသိအမှတ်မပြုတာ သို့မဟုတ် အသိအမှတ်မပြုနိင်တာတွေကြောင့် လူမျိုးရေးအမြင်လောက်သာရှိတဲ့ အဖွဲ့ အစည်းတွေဟာ ကိုယ်ကျိုးစီးပွားရှာရင်း နိဂုံးချုပ်သွားခဲ့ကြတာကို သမိုင်းမှာ အထင်အရှားတွေ့ရပါတယ်။ သာဓကအနေနဲ့ ပြောရရင် မြန်မာ့သမိုင်းမှာ (၁၉၂၀) ခုနှစ် ပတ်ဝန်းကျင်လောက်က ပေါ်ထွက်လာခဲ့တဲ့ ၀ံသာနုအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်အများစုဟာ ငါးထောင်စား အမတ်ရာထူးနဲ့ ကျဆုံးသွားခဲ့ကြပါတယ်။ တရုတ်ပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသားရေးဝါဒီသက်သက်သာဖြစ်ခဲ့တဲ့ ချန်ကေရှိတ်ဟာ အဲဒီခေတ်က တရုတ်ပြည်ရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် (၄) ဦးထဲက တဦးအပါအ၀င်ဖြစ်သွားပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့ ပါတယ်။
ဗမာပြည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေမှန်သမျှ (ယူဂျီ လှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တရားဝင်ပါတီတွေထဲက လှုပ်ရှားသူတွေပဲဖြစ်ဖြစ်) အများသိကြတဲ့အတိုင်း၊ ကိုယ့် ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်ကြရပါတယ်။ သူတို့ကိုလည်း (ပြောမယ်ဆိုရင်) နိုင်ငံရေးလုပ်ရင်း ကိုယ့်စီးပွားရေး ကိုယ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ နိုင်ငံရေးလုပ်နေသရွေ့တော့ မချမ်းသာနိုင်ကြပါဘူး။ အတိုက်အခံတွေကို အငြှိုးတကြီးနဲ့ ဥပဒေလက်လွတ် ဖိနှိပ်နေတဲ့ စစ်အစိုးရအောက်မှာ ချမ်းသာလာဖို့ နေနေသာသာ မူလက ချမ်းသာခဲ့ကြသူတွေတောင် စီးပွားပျက်သွားကြတာကို တွေ့ရပါတယ်။ သူတို့စီးပွားရေးတွေကို ပံ့ပိုးပေးမယ့် သို့မဟုတ် ကာကွယ်စောင့်ရှောက်ပေးမယ့် အာဏာလက်ကိုင်မရှိတဲ့အပြင် နဂါးတို့မျက်စောင်းလို အကြောင်းသုံးပါးမရွေးတဲ့ စစ်အာဏာရဲ့ သံဖနောင့်အောက်မှာ နင်းသမျှ ကြေကြ ရပါတယ်။
တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက ခေါင်းဆောင်လုပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အာဏာနဲ့ဖက်ထား တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပဲလုပ်လုပ်၊ မိမိရဲ့သားမယားတွေကဘဲလုပ်လုပ် အနည်းဆုံးတော့ အာဏာရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုရှိနေပါတယ်။ မြေယာတွေဆိုရင် အလကားတောင် ရနိုင်တဲ့အပြင် ဘယ်သူမှ မျက်စောင်းတောင် ထိုးရဲကြတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းအချို့ရဲ့ အချို့သော ခေါင်းဆောင်များဆိုရင် စစ်အစိုးရနဲ့ နားလည်မှုယူပြီး မိမိအမျိုးသား ပြည်သူတွေရဲ့ မြေယာတွေကိုတောင် ကိုယ်ကျိုးအတွက် သိမ်းယူတဲ့ သတင်းတွေ ကြားနေရပါတယ်။ (ဥစ္စာဓန မက်မောလိုက်ပုံများ ကိုယ်ကြွေးကြော်ခဲ့တဲ့ လူမျိုးရေးဆိုတာကိုတောင် ဖွတ်မေ့ ပတတ်မေ့ မေ့နေတဲ့အထိပါပဲ)။
သည့်ထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကတော့ စစ်အစိုးရက သူ့ရဲ့အာဏာစက်ကို အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲ အထိ တိုးချဲ့လာပြီး မိမိပြည်သူတွေအပေါ် ထင်သလို ရမ်းကားနေပါလျက်နဲ့ လက်ပိုက် ကြည့်နေတာပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်ရင် ဥစ္စာဓန မက်မောမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့အနေနဲ့ သည်းခံနေရတယ်’ လို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ပြည်သူအတွက်လား၊ ပြည်သူက ‘ငြိမ်းချမ်းရေး’ အတွက် လည်စင်းခံပေးနေရ မှာလားလို့ ပြန်မေးရပါလိမ့်မယ်။
အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က ပြည်သူလူထုအတွက် အကာအကွယ်မပေးနိုင်တာကို လူသိရှင်ကြား ၀န်ခံတာ တွေ့ရပါတယ်။ အခု ကာကွယ်မပေးနိုင်ရင်လည်း နောင် ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲလို့ ကြည့်လိုက် တော့ ကိုယ့်စီးပွားရေးကိုယ် လုပ်နေတာကလွဲလို့ ဘာတခုမှမတွေ့ရတာ အမှန်ပါ။ “လူကြီးတွေ တယောက်နဲ့တယောက် ဆုံတဲ့အခါဗျာ၊ နိုင်ငံရေးအကြောင်းမပြောကြဘဲ သူတို့ စီးပွားရေး အကြောင်းပဲ သူတို့ပြောကြတယ်ဗျာ” လို့ ခေါင်းဆောင်တွေကို ကားနဲ့ မောင်းပို့ပေးရတဲ့ ကားဆရာတယောက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပြတာကို ကျနော်အမှတ်ရမိပါတယ်။
လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က နယ်မြေတခုမှာ ဘုရင်ကြီးတပါးလို မင်းမူနေတဲ့ နယ်မြတပ်မှူးတယောက်နဲ့ ကျနော် ဆုံဖြစ်ခဲ့ပါတယ်။ သူဟာ ဘုရင်ကြီးတပါးလို လူအများ သူ့ကို မော်မကြည့်ရဲလောက်အောင် အာဏာစက် စူးရှလှကြောင်းကို သူကိုယ်တိုင်လည်း သိပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေ လုပ်ပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ တချက်လွှတ် အာဏာရှိသူ စီးပွားရေးလုပ်ရင် အရင်းအနှီးငွေကြေး စိုက်ထုတ် စရာတောင် မလိုပါဘူး။ အမြတ်ကလည်း သေချာပါတယ်။ ဒီတော့သူဟာ ဗမာပြည်သူပုန်ထဲမှာ အချမ်းသာ ဆုံးသူပုန်တွေထဲက တယောက်ဖြစ်ပါကြောင်း ထိုင်းဗိုလ်ချုပ်တဦးရဲ့ (ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားတော့ ကျနော် မဝေခွဲတတ်ပါ) အသိအမှတ်ပြု ပြောကြားတာကို ခံရသူတဦးလည်း ဖြစ်ပါတယ်။ အဲဒီတပ်မှူးကပဲ ပြောပြလို့ သိရတာပါ။ သူနဲ့ပတ်သက်လို့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တယောက်ကတော့ “ဒီကောင် သိပ်မကြာပါဘူး၊ ဒို့ဆီ ရောက်လာမှာပါ” လို့ ပြောပါတယ်တဲ့။ (အဲဒီရန်သူ့တပ်ကနေ တော်လှန်ရေးထဲကို ကူးပြောင်းလာတဲ့ စစ်သားတယောက်က ပြောပြလို့ သိရတာပါ။) အဲဒီမှန်သော သစ္စာစကားနဲ့ လျော်ညီစွာပဲ အဲဒီတပ်မှူးဟာ မကြာခင်ကာလမှာ သစ္စာဖောက် လက်နက်ချသွားခဲ့ပါတယ်။
မကြာသေးခင် နှစ်များအတွင်းကပဲ အဖွဲ့အစည်းတခုထဲက အလတ်တန်း ခေါင်းဆောင်အဆင့်ရှိသူတဦးက သူ့ကိုယ်သူ မလုံတာကြောင့်ဘဲလားတော့ မသိပါ။ “ကျနော်တော့ဗျာ၊ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ငန်းတခုလုပ်ထားတယ်” လို့ နိုင်ငံရေးအကြောင်းပြောရင်း ကျနော့်ကို ပြောပြပါတယ်။ စားဝတ် နေရေး အတွက်ဆိုတာ ဘယ်အဆင့်အတန်းလောက်ရှိတဲ့ စားဝတ်နေရေးလဲလို့ မေးစရာရှိပါတယ်။ အသက်တချောင်း ရှင်သန်ရုံ စားဝတ်နေရေးလား၊ တောသူဌေးတယောက်ရဲ့ အဆင့်အတန်းရှိတဲ့ စားဝတ်နေရေးလား။ သူ့ဇနီးက လည်း ပြည်တွင်းနဲ့ နယ်စပ်ဒေသမှာ ကုန်ကူးနေတာပါ။ ဒီလောက်နဲ့ အားမရသေးလို့ သူဌေးဖြစ်လုပ် နေတယ်လို့ပဲ ကျနော်နားလည်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ (ဟိတောပဒေသပုံပြင်ထဲကလား၊ ရာမာခရစ်ရှနာ ပုံပြင်ထဲကလား မမှတ်မိတော့ပါ) ပုံပြင်တပုဒ်ကို ပြေးသတိရ မိပါတယ်။ ပုံပြင်ရဲ့ လိုရင်းအချက်ကတော့ …
ရှေးရှေးတုန်းက ရသေ့ကြီးတပါးက တောထဲမှာ အရည၀ါသီ တောမှီသတင်းသုံးဖို့ တောထွက်လာရာမှာ တပည့်တယောက်က သူလည်းအတူလိုက်ပြီး တရားအားထုတ်လိုပါတယ်တဲ့။ ရသေ့ကြီးက အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်တဲ့အနေနဲ့ ရွာနဲ့ မနီးမဝေးတောစပ် မှာ အစမ်းသဘောနဲ့ တရားအားထုတ်ဖို့ နေရစ်ခဲ့ပြီး နှစ်ဘယ်၍ ဘယ်မျှကြာပြီးမှ တောနက်ထဲကို လိုက်ခဲ့ဖို့ မိန့်ခြွေခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ အဲဒီရသေ့သစ်ဟာ ဆရာရသေ့ကြီးရဲ့ စကားအတိုင်း တောစပ်မှာ တရားအားထုတ်နေရစ်ခဲ့ပါတယ်တဲ့။ နေ့တိုင်းရေချိုးပြီး ချုံပေါ်တင်လှန်းထားတဲ့ သင်းပိုင်ဟာ ကြွက်ကိုက်ခံရပါတယ်တဲ့။ ကြွက်ရန်ကို ကာကွယ်ဖို့အတွက် ရွာထဲမှာ ကြောင်တကောင် အလှူခံပါတယ်။ ကြောင်တကောင်ရတော့ ကြောင်အတွက် နွားနို့အလှူခံရပြန်ပါရော။ နွားနို့ နေ့တိုင်း အလှူခံရတော့ ရွားသားတွေက သူ့အတွက် နွားမတကောင် လှူရပြန်ပါတယ်။ ဒီတော့ နွားမအတွက် မြက်လိုလာပြန်ရော။ ရွာသားတွေကလည်း နွားအတွက် မြက်ခင်းလုပ်ပေးရပြန်ပါတယ်။ နောက်တခါ နွားတွေ ပေါက်ပွားလာပြန်တော့လည်း နွားတွေကို စောင့်ရှောက်ထိန်းကျောင်းဖို့ လူတယောက် လိုလာပြန်ပါတယ်။ ဒါနဲ့ သူ့အတွက် မိန်းမတယောက် ရှာပေးရပြန်ပါတယ်တဲ့။ ဆရာရသေ့ကြီးက အစမ်းသဘော သတ်မှတ်ထားတဲ့ နှစ်ရောက်လို့ တောစပ်ကို ထွက်လာပြီး ကြည့်လိုက်တဲ့အခါ မူလနေရာမှာ အိမ်ရာ၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ ကလေးသူငယ်တွေနဲ့အတူ သူ့တပည့်ကို လူဝတ်ကြောင်အဖြစ်နဲ့ ပြန်တွေ့လိုက်ရပါတော့ တယ်တဲ့။ ပုံပြင်ရဲ့လိုရင်းကတော့ ဒါပါပဲ။
တော်လှန်ရေးထဲက ဥစ္စာဓနမက်မောတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တတွေ မူလက ပြောခဲ့တဲ့၊ သန်း (၄၀) ပြည်သူအတွက်တို့၊ မိမိအမျိုးသားလွတ်မြောက်ရေးတို့၊ ဘာပြည်၊ ညာပြည်ရရှိရေးတို့ ဆိုတာတွေနဲ့ ပတ်သက်လို့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား’ လို့ ဆိုနေပုံရပါတယ်။
တကယ်အရင်းစစ်ကြည့်လိုက်ရင် တော်လှန်ရေးသမားနဲ့ တောပုန်းဓားပြရဲ့ကြားမှာ ခြားထားတဲ့ စည်းကတော့ တော်လှန်ရေးအသိရယ်၊ အဲဒီတော်လှန်ရေးအသိက လမ်းညွှန်ပြထားတဲ့ တော်လှန်ရေးလုပ်ဆောင်ချက်ပါပဲ။ အများပြည်သူတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးပါပဲ။ ဖိနှိပ်သူဆိုတာ ဘယ်လူမျိုးကပဲ ဖိနှိပ်ဖိနှိပ်၊ မိမိအမျိုးသားချင်းပဲ ဖိနှိပ်ဖိနှိပ် အတူတူပါပဲ။ လူမျိုးတမျိုးရဲ့ ဖိနှိပ်မှုကို မိမိလူမျိုးထဲက လူတန်းစားတစားရဲ့ ဖိနှိပ်မှုနဲ့ အစားထိုးတာကို တော်လှန်ရေးလို့ မခေါ်နိုင်ပါဘူး။ တချိန်တည်းမှာပဲ မိမိအမျိုးသားကို မိမိကိုယ်တိုင်က ဖိနှိပ်နေပြီး တခြားလူမျိုးရဲ့ ဖိနှိပ်မှုကိုသာ လက်ညှိုးထိုးပြနေရုံနဲ့ မိမိပြည်သူက မိမိကို ထောက်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။
လက်ရှိ မြင်နေရတဲ့အတိုင်းပါပဲ။ ရန်သူက သူ့နည်းသူ့ဟန်နဲ့ သူ့အင်အားကို ကြီးထွားအောင် လုပ်နိုင်ခဲ့ပေမယ့် မိမိမှာတော့ မိမိအင်အားကြီးထွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ အခု လယ်ပြင်မှာ ဆင်သွားသလို မြင်နေရတယ် မဟုတ်ပါလား။ မိမိဘာတွေလုပ်နေမိသလဲ၊ မိမိရဲ့ လုပ်ရပ်တွေကကော မိမိအကျိုးစီးပွားအတွက်လား မိမိပြည်သူအတွက်လား ဆိုတာကို ပြန်သုံးသပ်မှသာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ် ရောက်မှာပါ။ တော်လှန်ရေးလုပ်နေပါတယ်လို့ပြောပြီး ဥစ္စာဓန မက်မောသူတွေကို တော်လှန်ရေးသမားလို့ ခေါ်နိုင်မှာတဲ့လား။
တောတွင်းတော်လှန်ရေးသမားတွေဆိုတာ လက်နက်ကိုင်ပြီး မိမိနယ်မြေက ပြည်သူတွေကို အုပ်ချုပ်နေကြ ရသူတွေပါ။ ကျနော် တွေ့ဖူးကြုံဖူးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် တောတွင်းလက်နက်ကိုင် တယောက်ဟာ တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နက်နက်နဲနဲ နားမလည်ရင် (ဆိုလိုတာက တော်လှန်ရေးဆိုတာ ရန်သူဘက်လှည့်ပြီး သေနတ်ပစ်ဖောက်တာ လောက်ပဲ ဆိုတာလောက်သာ နားလည်ထားခြင်းပါပဲ) သို့မဟုတ် နားလည်အောင် ပညာမပေးရင် သို့မဟုတ် အများပြည်သူအပေါ် လက်နက်အားကိုးနဲ့ အနိုင်မကျင့်နိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းနဲ့ဖြစ်စေ၊ ဖန်တီးထားတဲ့ အခြေအနေတရပ် (ဆိုလိုတာက ပြည်သူကို အာဏာအပ်နှင်း ထားတဲ့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး) နဲ့ဖြစ်စေ ထိန်းချုပ် ချွန်းအုပ်မထားရင် အဲဒီလက်နက်ကိုင်ကို တောပုန်းဓားပြ တယောက်လို့သာ ဆိုနိုင်ကြောင်းပါ။

ခေတ်ပြိုင်ဝဘ်ဆိုက်မှ
No comments:
Post a Comment